တိုင်းတပါးမြို့
Vol. 85 Ch. 1182
“ ဝုန်း ” ဓားစွမ်းအင်မြစ်ရှိ ဓားစွမ်းအင်က ရုတ်ချည်း မြင့်တက်လာသည်။ ဓားစွမ်းအင်မြစ်အတွင်း စိုက်ဝင်နေသည့် ဓားမှာလည်း ကောင်းကင်ယံသို့ မြှောက်တက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။
“ လော့က ကိုးခုမြောက် တာအိုစည်းမျည်းဆီ ပြန်သွားချင်နေတာ ….” ထိုအမျိုးသားက ဓားစွမ်းအင်မြစ်ကို ထွေထွေကြီး စိုက်ကြည့်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်။
ဤတစ်လျှောက်လုံး သူက လော့သည် ဤနေရာမှ ထွက်မသွားနိုင်ကြောင်း တွေးထားခဲ့၏။ သူသာ ကံကြမ္မာဓားကို သန့်စင်နိုင်သည်နှင့် အနည်းဆုံးတော့ ဝိဇ္ဇာအဆင့် ရောက်လာလိမ့်မည်ဟု ထင်မှတ်ထားသည်။ ယခုအခါ နောက်ဆုံးတွင် သူ မည်မျှ တုံးအနေကြောင်း သိလိုက်ရတော့သည်။
“ ဝုန်း ဝုန်း ဝုန်း ” ဓားအကျဉ်းထောင်အတွင်း ပြိုကျပျက်စီးသံများက တုန်ခါ ဖြစ်ပေါ်လာသည်။
“ ဝုန်း ” အင်မော်တယ်လောက၏ မိုးမြေ စည်းမျည်းက ကျရောက်လာလေ၏။ ထိုမိုးမြေဖိအားအောက်တွင် ထိုအရိုးခြောက် အမျိုးသားက တစစီ ဖြစ်သွားတော့သည်။
မိုဝူကျိက ဝိဇ္ဇာအလယ်အလတ်အဆင့် ရုပ်ခန္ဓာ ပိုင်ဆိုင်ထားသည့်အပြင် လော့ကျမ်းစာရွက်ဖြင့်လည်း ကာကွယ်ထားသေး၏။ ထိုသို့ဆိုလျှင်ပင် သူက ဓားအကျဉ်းထောင်မှ ထွက်လာပြီး မဟာဓားလမ်းစဉ်ဂိုဏ်း ပြန်ရောက်သွားသည့်အခါ သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားစွမ်းအင်ကြောင့် ဒဏ်ရာဆယ်ခုမက ဖြစ်ပေါ်နေသည်။
ထိုဓားစွမ်းအင် တိုင်လုံးကြီးလည်း အစအနမရှိ ပျောက်ကွယ်သွားလေပြီ။ အင်မော်တယ် ဖိအားသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
မိုဝူကျိက အင်မော်တယ်လောက၌ အဆင့်တက်လှမ်းမှု ပြန်လည် ရလာကြောင်း သိလိုက်သည်။ ယခင် လော့က ဖိနှိပ်ထားခြင်းသာ ဖြစ်၏။
သို့သော်လည်း သူက လုံးလုံး မပျော်နေမိပေ။ သူက ဝိဇ္ဇာတပိုင်း အဆင့် ၄ ဖြစ်၏။ သူ့စိတ်ထဲတွင် စကြဝဠာကြီးထဲ၌ ကိုယ့်ဘာသာ ကာကွယ်နိုင်တော့မည်ဟု သေချာတွေးထားခဲ့မိသည်။ သို့သော်လည်း သူ့အင်အား တစ်သောင်းပုံ တစ်ပုံပင် ပြန်မကောင်းလာသေးသည့် လော့က ထိုမျှ ကြောက်မက်ဖွယ် ကောင်းလွန်းနေပေသည်။ အကယ်၍ လော့သာ ကိုးခုမြောက် တာအိုစည်းမျည်းနှင့် အပြည့်အဝ ပေါင်းစပ်သွားပါက စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်မသွားနိုင်ဘူးလား။
သူ ကြိုးကြိုးစားစား ကျင့်ကြံသည့် အကြောင်းအရင်းမှာ လွတ်လပ်မှု လိုချင်၍ ဖြစ်၏။ သူက တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် မနေလိုပေ။ အကယ်၍ လော့သာ သူ့အား ထိန်းချုပ်နိုင်လျှင် သူ့အနေနှင့် အဘယ်ကြောင့် ကျင့်ကြံနေရဦးမည်နည်း။
သိပ်မကြာသေးခင်က သူသည် ဝိဇ္ဇာများကို စိတ်ထဲ မထည့်ခဲ့ပေ။ သို့သော် ယခုအခါ လော့ ပေါ်လာလေ၏။
ထို့အပြင် သူက စကြဝဠာကြီးထဲရှိ ကျန်ရှိနေသော တာအိုစည်းမျည်း ရှစ်ခုက ဝိဇ္ဇာရှစ်ပါး လက်ထဲ ရှိလား၊ မရှိလား မသိရသေးပေ။ အကယ်၍ ဝိဇ္ဇာရှစ်ပါး အရိုက်အရာသည် လော့၏ နည်းလမ်းတစ်ခု ဖြစ်နေခဲ့လျှင် စကြဝဠာတာအိုစည်းမျည်း ရှစ်ခုသည်လည်း လော့လက်အောက် ကျရောက်မသွားပေဘူးလား။ သူ မိုဝူကျိက လော့အား မည်သို့ ရင်ဆိုင်နိုင်တော့မည်နည်း။
သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်နဲ့လား ….
မိုဝူကျိက အသက်ပြင်းပြင်း ရှုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကံကြမ္မာဓား၏ ဓားစွမ်းအင် လွှမ်းမိုးမှုကို ခံထားရသော ထိုအမျိုးသား၏ စကားများမှာ အပြည့်အဝ မမှန်ကန်နိုင်သေးပေ။
လုပ်ဖို့ လိုအပ်နေသည့်အရာကို အရင်လုပ်ရမည်။ မိုဝူကျိက ထိုအတွေးကို ဘေးဖယ်ထားလိုက်သည်။ သူ့ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ကျိုးပျက်ကမ္ဘာဆီ ဦးတည်လိုက်၏။
…………..…
မိုဝူကျိက ကျိုးပျက်ကမ္ဘာသို့ အရင်က ရောက်ဖူးပေသည်။ ယခင် သူက ကျိုးပျက်ကမ္ဘာ တတိယအလွှာအထိ သွားခဲ့၏။
နှစ်တစ်သောင်းကျော် ကုန်ဆုံးသွားရုံမျှဖြင့် ကျိုးပျက်ကမ္ဘာ၏ စတုတ္ထမြောက်နှင့် ပဥ္စမမြောက်အလွှာတို့လည်း ပွင့်လာလေပြီ။
မိုဝူကျိက ရှေ့အလွှာများကို မသွားတော့ဘဲ ပဉ္စမမြောက်အလွှာဆီ တိုက်ရိုက်သွားလိုက်သည်။ သူ့လက်ရှိ ကျင့်ကြံဆင့်ဖြင့် ကျိုးပျက်ကမ္ဘာ၏ ပဉ္စမမြောက်အလွှာကို ရောက်ဖို့ ကူးသန်းရေး အစီအရင်ပင် သုံးဖို့ မလိုချေ။
ကျိုးပျက်ကမ္ဘာ၏ ပဉ္စမမြောက်အလွှာကို ဖွင့်ထားသည်မှာ အချိန်တချို့ ကြာမြင့်နေပြီ ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် ကျင့်ကြံသူတချို့က အင်မော်တယ်ဆေးပင်များနှင့် ရတနာများကို ဆက်လက် ရှာဖွေကြဆဲ ဖြစ်သည်။
လို့ယွဲ့ရွမ်း၏ ကျောက်စိမ်းပေလွှာအတိုင်း မိုဝူကျိက ကျိုးပျက်ကမ္ဘာ၏ ပဉ္စမမြောက်အလွှာအတွင်း ခန်းမကို အလွယ်လေး ရှာတွေ့ခဲ့သည်။
ခန်းမဝန်းကျင်တွင် ကာကွယ်ရေး အစီအရင်ဖြင့် ကာရံထားလေသည်။ ထို့အပြင် ဆိုင်းဘုတ်တစ်ခုကိုလည်း ထောင်ထားသေး၏။ မည်သူမှ ခန်းမကို တိုက်ခိုက်ခွင့် မပြုသလို ခန်းမအတွင်း ဝင်ရောက်ဖို့ နည်းလမ်းလည်း မတွေးခိုင်းပေ။
အမြင်နှင့်တင် ခန်းမအတွင်း ပျောက်ကွယ်သွားသည့် လူများမှာ ဖန်မောင်နှမ နှစ်ယောက်တည်းသာ မကလောက်ပေ။
မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ ဝိဇ္ဇာတပိုင်း အဆင့် ၄ ဖြစ်ကာ အဆင့် ၅ ရောက်ဖို့ ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။ အကယ်၍ သူသာ အင်မော်တယ်လောကအတွင်းရှိ ခန်းမကို ကြောက်နေရမည်ဆိုလျှင် သူက ဟာသတစ်ခု ဖြစ်နေပေမည်။
ခန်းမဝန်းကျင်၌ ကာကွယ်ရေး အစီအရင် ရှိနေရုံသာမက အတွင်းကိုလည်း ပိတ်ဆို့ထားလေ၏။ အကယ်၍ လို့ယွဲ့ရွမ်း ရောက်လာခဲ့လျှင် ခန်းမအတွင်း ဝင်ရောက်နိုင်ဦးမည် မဟုတ်ပေ။
မိုဝူကျိက အတားအဆီးအားလုံးကို ဖျက်စီးကာ ခန်းမအတွင်း ဝင်ရောက်လိုက်သည်။
မိုဝူကျိ ခန်းမထဲ ဝင်လိုက်သည်နှင့် မြူခိုးများက သူ့ကို ရစ်သိုင်းလာလေ၏။
မြူများတွင် တိုက်စားစေသည့် ဂုဏ်သတ္တိတချို့ ပါဝင်နေသည်။ သို့သော်လည်း မိုဝူကျိအတွက် ထိုမြူများက သာမာန်ရေနှင့် မခြားသောကြောင့် သူ့အား ဘာမှမဖြစ်စေပေ။
မိုဝူကျိအား အံ့အားသင့်သွားစေသည်က ထိုခန်းမအတွင်း အိမ်တစ်အိမ်ကို မြင်လိုက်ရ၍ ဖြစ်သည်။ ပို၍ အတိအကျဆိုရလျှင် ရွှေရောင်အိမ်ကြီး ဖြစ်၏။
ယခင် သူ ကျိုးပျက်ကမ္ဘာ တတိယမြောက်အလွှာအတွင်း ရှိခဲ့စဉ်အခါက ထိုရွှေရောင်အိမ်ကြီးကို မြင်ဖူးခဲ့သည်။ ထိုရွေရောင်အိမ်အတွင်းရှိ ပစ္စည်းများမှာ ထိပ်တန်းအဆင့် ရတနာများသာ ဖြစ်၏။ ထိုအထဲတွင် အဆင့် ၁၂ ကံကြမ္မာ ကြာပန်းနီလည်း ပါဝင်ပေသည်။
ကံကြမ္မာကြာပန်းနီသည် တုံ့ဟွားလုံနှင့် စုရိုအာ လက်အတွင်း ရောက်ရှိသွားလေသည်။ စုရိုအာက လက်လျော့လိုက်သောကြောင့် ကြာပန်းနီသည် တုံ့ဟွားလုံလက်အတွင်း အဆုံးသတ်သွားလေသည်။ သူက ဖင်းဖန်ကို ပြန်လာစဉ်အခါက တုံ့ဟွားလုံကို မမြင်မိပေ။ အမြင်နှင့်တင် တုံ့ဟွားလုံလည်း ကံကြမ္မာ ကြာပန်းနီမှ အကျိုးကျေးဇူးရကာ အဆင့်တက်လှမ်းသွားခြင်းသာ ဖြစ်ရမည်။
ယခင် မိုဝူကျိက ထိုရွှေရောင်အိမ်နှင့် နီးနီးကပ်ကပ် မသွားရဲခဲ့ပေ။ အကြောင်းမှာ ရွှေရောင်အိမ်ထဲ ဝင်သည့်သူတိုင်း သေဆုံးကြရ၍ ဖြစ်သည်။ သို့သော် ယခုတွင် မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ထိုရွှေရောင်အိမ်ထဲ ဝင်ချလိုက်သည်။
အိမ်တစ်အိမ်လုံး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသည့်အပြင် ထိုအိမ်အတွင်း ရတနာ တစ်ခုတစ်လေမျှ မကျန်ရှိတော့ပေ။
သို့သော်လည်း ရွှေရောင်အိမ်အတွင်း ကူးသန်းရေး အစီအရင်တစ်ခု ရှိနေသည်။ မိုဝူကျိက လက်ရှိ အဆင့် ၉ နတ်ဘုရားအစီအရင် ဆရာတစ်ဦး ဖြစ်၏။ ဤကူးသန်းရေး အစီအရင်အား တစ်ချက်ကြည့်ရုံဖြင့် နတ်ဘုရားအစီအရင်မှန်း တန်းသိလိုက်သည်။
ခန်းမတစ်ခုလုံးအား စိတ်စွမ်းအားဖြင့် စစ်ဆေးပြီးသွား ထူးခြားမှု ဘာမှမရှိကြောင်း အတည်ပြုလိုက်ပြီးနောက် မိုဝူကျိက လက်ကို မြှောက်ကာ ထိုရွှေရောင်အိမ် ဝန်းကျင်၌ ကာကွယ်ရေး အစီအရင် ခင်းကျင်းလိုက်သည်။ ထို့နောက် သူက ကူးသန်းရေး အစီအရင်အတွင်း ဝင်ရောက်လိုက်သည်။
သူ ခင်းကျင်းလိုက်သော ကာကွယ်ရေး အစီအရင်မှာ အဆင့် ၉ နတ်ဘုရားအစီအရင် ဖြစ်၏။ အင်မော်တယ်လောကအကြောင်း ပြောနေဖို့ မလိုပေ။ အကယ်၍ နတ်ဘုရားကမ္ဘာမှ အဆင့်မြင့် ပညာရှင်များ ရောက်လာလျှင်ပင် သူ့ကာကွယ်ရေး အစီအရင်အား ချိုးဖောက်နိုင်မည် မဟုတ်ချေ။
မိုဝူကျိက ကူးသန်းရေး အစီအရင်ထဲ ဝင်လိုက်သည်နှင့် အစီအရင်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ မိုဝူကျိအား ခေါ်ဆောင်သွားလေ၏။
မိုဝူကျိ၏ လက်ရှိစွမ်းဆောင်ရည်ဖြင့် သူ့စိတ်စွမ်းအားက အာကာပြင် အစီအရင်တစ်ခုလုံးကို ဖြတ်မြင်နိုင်ပေသည်။ သူ့အား အံ့အားသင့်သွားစေသည်က ကူးသန်းရေး အစီအရင်သည် ဂြိုလ်တစ်ခုလုံးကို ဖြတ်သန်းသွားဟန် ပေါ်၏။
မိုဝူကျိက မြေပြင်ပေါ် ပြန်လည် ရောက်ရှိလာသည့်အခါ ကူးသန်းရေး အစီအရင် ဂိတ်ပေါက်ဆီ မဟုတ်ဘဲ မြို့တစ်မြို့ဆီ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
မိုဝူကျိက မှားယွင်းမြင်နေခြင်း မဟုတ်ကြောင်း အသေအချာ သိလိုက်သည်။ သူက အမှန်တကယ် မြို့တစ်မြို့အတွင်း ရောက်ရှိနေသည်။ ထို့အပြင် ဤမြို့က သက်ဝင်စည်ကားသိုက်မြိုက်ကာ လူများစွာ ရှိနေသည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအား မရှိဘဲ မိုးမြေ စည်းမျည်းများသည်လည်း ခြားနားဟန် ပေါ်သည်။
မကြာခင် မိုဝူကျိက သူ့အသိစိတ်ပင်လယ်အတွင်းရှိ စိတ်စွမ်းအားကို အသုံးပြု၍ မရကြောင်း တွေ့ရှိသွား၏။ သူက သဘာဝစွမ်းအားများကိုလည်း လှုံ့ဆော်၍ မရပေ။ သို့သော်လည်း သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့မှာ သက်ရောက်ခြင်း မခံရချေ။
လက်တွေ့၌ သူ ဝိဇ္ဇာတပိုင်းအဆင့် ရောက်ရှိပြီးတကည်းက သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်း မရှိလျှင်ပင် သူကိုယ်သူ ကာကွယ်ဖို့အတွက် စိုးရိမ်စရာ မလိုတော့ပေ။
ထို့အပြင် သူက လူသားကမ္ဘာ ပိုင်ဆိုင်ထားသည့် တည်ထောင်သူ ဘိုးဘေး ဖြစ်နေသေး၏။ သူ့လူသားကမ္ဘာ ရှိနေသရွေ့ သူ့ကိုယ်ပိုင် စည်းမျည်းများ ရှိနေမည် ဖြစ်၏။ ပြင်ပကမ္ဘာရှိ စည်းမျည်းများက သူ့အား ဖိနှိပ်ထားသည် ဖြစ်စေ၊ မဖြစ်စေ အရေးမပါပေ။ ထိုစည်းမျည်းများက သူ့လူသားကမ္ဘာထက် မကျော်လွန်နေသရွေ့ သူသည် သူ့စည်းမျည်းများနှင့် တိုက်ကွက်များကို ထုတ်သုံးနိုင်ဦးမည် ဖြစ်၏။
မိုဝူကျိက လူသားတာအိုကို ကျင့်ကြံပေသည်။ ထို့ကြောင့် သူ မည်သည့်နေရာသို့ သွားသွား အာရုံစိုက်ခြင်း မခံရပေ။ သူ လမ်းဘေးတွင် ရပ်နေပြီး စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း၏ စိတ်စွမ်းအားကို ထုတ်လွှင့်လျှင်ပင် မည်သူမှ သတိထားမိမည် မဟုတ်ပေ။
မိုဝူကျိ စိတ်စွမ်းအားကို မဖြန့်ကျက်နိုင်ခင် သူ့နောက်မှ အော်သံများ ထွက်ပေါ်လာ၏။
မိုဝူကျိက လှည့်ကြည့်လိုက်သည့်အခါ စိတ်စွမ်းအား၌ မြောက်များစွာသော သားရဲများ ဤနေရာဆီ ချီတက်လာသည်ကို မြင်လိုက်ရသည်။
လမ်းမပေါ်တွင် ရှိနေကြသော လူများက နေသားကျနေဟန် ပေါ်သည်။ မြို့တံတိုင်းဆီ စစ်သည်တော်များ အပြေးအလွှား တက်လာကြ၏။ သူတို့၏ လေးမြှားဖြင့် မြို့ဆီ ချီတက်လာသည့် သားရဲများကို နှိမ်နင်းလိုက်ကြသည်။
တိုက်ပွဲကား မကြာခင် အရှိန်မြင့်တက်လာသည်။ ထိုစဉ် မြိုတံတိုင်းတွင် ဖြစ်စေ သူ့ခြေထောက်အောက်ရှိ မြေပြင်တွင် ဖြစ်စေ အပြင်းအထန် တုန်ခါလာပေသည်။
မိုဝူကျိက ဤနေရာတွင် ဝိညာဉ်စွမ်းအားနှင့် မိုးမြေ စည်းမျည်းများ မရှိသောကြောင့် သားရဲများသည် အားမကောင်းလောက်ကြောင်း တွေးထင်ခဲ့သည်။ သို့သော် သူ့စိတ်စွမ်းအားက ထိုသားရဲများဆီ ကျရောက်သွားသည့်အခါ သားရဲများကို လျော့တွက်မိသွားကြောင်း သိလိုက်၏။ သူက သားရဲများကို လျော့တွက်မိရုံသာမက စစ်သည်တော်များကိုလည်း လျော့တွက်မိလိုက်သည်။
အင်အားအပြည့်နှင့် အင်မော်တယ် ဧကရာဇ်တစ်ယောက်ပင် သားရဲတစ်ကောင်ကို ယှဉ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ဤသည်မှာ အဆင့်နိမ့် သားရဲများ ဖြစ်ကြ၏။ အဆင့်မြင့် သားရဲများက ပိုအားကောင်းပေသည်။
မိုဝူကျိက မြို့တံတိုင်းကို ဘယ်လိုအရာနှင့် ဆောက်လုပ်ထားမှန်း မမြင်နိုင်ပေ။ သားရဲများသည် အားပြင်းပြင်းဖြင့် ဝင်တိုက်နေကြသော်လည်း မြို့တံတိုင်းသည် ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်၏။ မြိုတံတိုင်းပေါ်ရှိ စစ်သည်တော်များသည် ဆက်လက် တိုက်နေကြဆဲ ဖြစ်၏။ စစ်သည်တော် တစ်ယောက်က သူ့ဓားမော့ကြီးဖြင့် သားရဲတစ်ကောင်၏ ဦးနှောက်ကို ခြေမွပစ်နိုင်လိုက်သည်။
မိုဝူကျိက ယွမ်ကျန်းရီနှင့် သိုင်းပညာ တာအိုအကြောင်း မှတ်မိသွားသည်။ သူက ဤနေရာသည် သိုင်းပညာ တာအိုကို ကျင့်ကြံတာလားဟု သံသယဝင်လာမိသည်။ ထို့နောက် ယွမ်ကျန်းရီ သွားခဲ့သည့် ကုန်းမြေနှင့် ဆင်တူနေကြောင်း သိလိုက်သည်။
သွေးမြူများ ဖြစ်ပေါ်လာလေ၏။ စစ်သည်တော်များသည် သားရဲများ လက်ချက်ကြောင့် ဆက်တိုက် သေဆုံးနေပေသည်။ သို့သော် တစ်ချိန်တည်းတွင် သားရဲများသည်လည်း ဆက်တိုက် အသတ်ခံနေရ၏။
ဤသို့သော သားရဲမျိုးက ကြာရှည်ခံမည် မဟုတ်ပေ။ အမွေးတိုင်တစ်တိုင်စာကြာပြီးနောက် သားရဲများအားလုံးက နောက်ဆုတ်သွားကြ၏။ ကျန်ရှိနေခဲ့သည်က သားရဲအလောင်းများဖြင့် ပြည့်နေသည့် မြေပြင်သာ ဖြစ်ပေသည်။
မြို့တံခါး ပွင့်လာကာ စစ်သည်တော်များ ထွက်သွားကြ၏။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် မြို့ထဲ သားရဲအလောင်းများ ယူဆောင်လာကြသည်။
ဒါက ဘယ်လိုနေရာမျိုးလဲ ….
မိုဝူကျိက မျက်မှောင်အနည်းငယ် ကျုတ်လိုက်မိသည်။ သူက ဖန်မောင်နှမအတွက် အမှန်တကယ် စိုးရိမ်နေမိသည်။ ဖန်မောင်နှမသည် အားကောင်းလှသည့် ရုပ်ခန္ဓာကျင့်စဉ်ကို ကျင့်ကြံထားသော်လည်း စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားတို့မှာ ဖိနှိပ်ခံထားရဦးမည် ဖြစ်၏။ ဤသည်မှာ သေချာပေါက် မကောင်းလှချေ။
မိုဝူကျိက စိတ်စွမ်းအားကို အားပြင်းပြင်း ထုတ်လွှင့်လိုက်ပြီးနောက် ချက်ချင်းဆိုသလို ရင်းနှီးပြီးသား အငွေ့အသက်လေးကို သတိထားလိုက်မိသည်။ မိုဝူကျိက နှစ်ခါပြန် မစဉ်းစားနေတော့ဘဲ ချက်ချင်း ပြေးသွားလိုက်သည်။
ဤနေရာ၌ ဟန်ချင်းရုကို တွေ့ရလိမ့်မည်ဟု အမှန်တကယ် မထင်ထားမိပေ။
***