အခန်း (၁၁၈၃)
Vol. 85 Ch. 1183
သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါပင် သူမ ရုပ်ရည်ကို တန်ဖိုးထားသည့် ဟန်ချင်းရုက လက်ရှိ မှိုန်ဖျဖျ မြေအောက်ခန်းထဲ၌ ခွေခေါက်နေလေသည်။ သူမ မျက်နှာတွင် အရည်ပြား ရှင်းရှင်းလင်းလင်း မရှိတော့ဘဲ တစ်ဝက်မှာ အနီရောင်သမ်းကာ ကျန်တစ်ဖက်မှာ အနက်ရောင် ဖြစ်နေ၏။ သူမ နားတစ်ဖက် တစ်ဝက်မှာလည်း မရှိတော့ချေ။
သူမ၏ အညင်သာဆုံးဖြစ်သည့် နူးညံ့ချောမွေ့လှသော လက်နှစ်ဖက်မှာ ယခုအခါ ကြမ်းတမ်းကာ ညိုမည်းနေလေ၏။
သူမရှေ့တွင် ရိုးရှင်းလှသည့် ရက်ကန်းစင် တစ်ခု ရှိနေပြီး ဘေးတွင် အနက်ရောင် သားမွေးအပုံလိုက် ရှိနေသည်။
ထိုအနက်ရောင် သားမွေးများသည် စောစောလေးက မြို့ကို လာရောက်တိုက်ခိုက်ကြသော သားရဲများ၏ အမွေးနှင့် အတူတူ ဖြစ်ပေသည်။
ဟန်ချင်းရုက အရုပ်တစ်ရုပ်အလား ရက်ကန်းစင်ဖြင့် သားမွေးများကို ရက်လုပ်နေသည်။
မိုဝူကျိက မြေအောက်အခန်းလေးဆီ ရောက်လာသည်နှင့် အနံ့ပြင်းပြင်းတစ်ခုကို ရရှိလိုက်သည်။ ထိုအနံ့များမှာ သားမွေးမှ ဖြစ်ကြောင်း သိသာလှ၏။
“ အစ်မချင်းရု … ” မိုဝူကျိက တစ်လှမ်းတည်းဖြင့် ရှေ့တိုးသွားကာ ဟန်ချင်းရုအား ဆွဲထူလိုက်၏။
အကယ်၍ သူသာ ဟန်ချင်းရုနှင့် အလွန်ရင်းနှီးမနေလျှင် သူမအား မှတ်မိမည် မဟုတ်ချေ။
ဟန်ချင်းရုက ကြောင်အမ်းသွားကာ ခေါင်းမော့ကြည့်လိုက်သည်။ သူမက မိုဝူကျိကို မြင်လိုက်ရသည့်အခါ သူမ မျက်ဝန်းရှိ ကြောင်အမ်းမှု ပျောက်ကွယ်သွားကာ မျက်ရည်များ စီးကျလာလေ၏။ အချိန်တစ်ချို့ကြာပြီးနောက် သူမက ပြောလိုက်သည် “ ဝူကျိ … ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ”
ဤနေရာ၌ ဟန်ချင်းရု ကုန်ဆုံးခဲ့သည့် ဆယ်စုနှစ်များအတွင်း ကျင့်ကြံသူတစ်ယောက်အတွက် ဤနေရာသို့ ရောက်လာခြင်းမှာ သေခြင်းတရားနှင့် မထူးကြောင်း ရှင်းရှင်းလင်းလင်း သိထားပေသည်။
ဤနေရာ၌ ကျင့်ကြံသူများက သူတို့၏ အင်မော်တယ် ဝိညာဉ်စွမ်းအားကို မကျင့်ကြံနိုင်ကြသလို စိတ်စွမ်းအားကိုလည်း အသုံးမပြုနိုင်ကြပေ။ အင်မော်တယ် ဧကရာဇ်များပင် ချွင်းချက် မဟုတ်ပေ။
သဘာဝစွမ်းအား လှည့်ပတ်ဖို့ရာ ပြောနေဖို့ပင် မလိုတော့ပေ။ ကျန်းမာသန်စွမ်းသည့် အင်မော်တယ် ဧကရာဇ် ရောက်လာလျှင်ပင် ဘာမှထူးခြားနေမည် မဟုတ်ပေ။ ဤနေရာရှိ စစ်သည်တော်များက သာမာန် အင်မော်တယ် ဧကရာဇ်ထက် ပိုအားကောင်းကြသည်။
သူမအနေနှင့် ကြာရှည်တောင့်ခံနိုင်သည့် အကြောင်းအရင်းမှာ သူမဘာသာ ရုပ်ဖျက်ထားသောကြောင့် ဖြစ်၏။ သူမက ခန္ဓာကျင့်စဉ် ကျင့်ကြံဖူးသည် မဟုတ်ပါလော။ ယခင် ဓားအကျဉ်းထောင်အတွင်း မိုဝူကျိက သူမအား ရုပ်ခန္ဓာကျင့်စဉ်အား သင်ကြားပေးခဲ့သည်။ ထို့ကြောင့် ဤနေရာ၌ သူမ အသက်ဆက်ရှင်နေခြင်း ဖြစ်၏။ ထိုသို့ဆိုလျှင်ပင် သူမက မှိုန်ဖျဖျ မြေအောက်ခန်းထဲ ပုန်းကာ နေ့နေ့ညည ရက်ကန်း ယက်နေရသည်။
“ ဒီသားမွေးကို ဘာလို့ ယက်နေတာလဲ ” မိုဝူကျိက ဟန်ချင်းရု လက်များကို ဆုပ်ကိုင်လိုက်ရင်း မေးလိုက်သည်။ သူက အပြစ်ရှိစိတ် ခံစားနေမိသည်။ သူ အင်မော်တယ်လောကမှ ထွက်လာသည့်အခါ ဟန်ချင်းရု၏ နေရာအကြောင်း မမေးခဲ့ပေ။
ဟန်ချင်းရုက မိုဝူကျိ မျက်နှာကို ထိတွေ့လိုသော်လည်း တစ်ဝက်တပျက် လမ်း၌ ရပ်တန့်သွားသည့်အခါ သူမ လက်ရှိ ရုပ်ရည်ကို အမှတ်ရသွားသည့်အလား မြန်မြန် ခေါင်းငုံ့ထားလိုက်၏။
“ ဒီကို စိတ်လိုလက်ရ လာလုပ်တာပါ။ ဒီသားမွေးတွေကို ယက်ပေးမှ အသက်ရှင်နိုင်မှာလေ။ ဒီဟာကို မလုပ်ဘူးဆိုရင် သေတာထက် ဆိုးတဲ့ ဘဝမှာ နေရလောက်တယ် ” ဟန်ချင်းရု၏ အသံက နည်းနည်း တုန်တုန်ယင်ယင် ဖြစ်နေ၏။ သူမတွင် နှစ်သက်သဘောကျသည့် မှတ်ဉာဏ်များများစားစား မရှိခဲ့ပေ။
သူမ စတင်ကျင့်ကြံခဲ့ကတည်းက အမြဲတမ်း ရုန်းကန်နေခဲ့ရသည်။ အကယ်၍ သူမတွင် သဘောကျသည့် မှတ်ဉာဏ်မျိုး ချန်ရှိခဲ့သည့်သူကို ပြပါဆိုလျှင် မိုဝူကျိသာ ဖြစ်လိမ့်မည်။
ယုံရင်အစွန်းအဖျားကတည်းက မိုဝူကျိသည် သူမနှလုံးသား၌ နေရာယူထားခဲ့၏။ မိုဝူကျိက သူမကို ကယ်တင်ပေးခဲ့သလို အင်မော်တယ်လောကကို ခေါ်ဆောင်လာသူမှာလည်း မိုဝူကျိသာ ဖြစ်၏။ မိုဝူကျိက သူမကို ကယ်ဖို့ရန်အတွက် ဓားအကျဉ်းထောင်ထဲပင် ဝင်ရောက်ခဲ့သေး၏။ မိုဝူကျိက သူမအား ဖင်းဖန်ကို ခေါ်ဆောင်လာသူ ဖြစ်ပေသည်။
အကယ်၍ မိုဝူကျိက သူမကို သဘောမကျသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူမက မိုဝူကျိအား လက်လွှတ်ပေးမည် မဟုတ်ပေ။
သို့သော်လည်း မကြာခင် သူမက တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ မိုဝူကျိက ဤနေရာသို့ ရောက်လာပြီ ဖြစ်ရာ သူမလိုမျိုး ဤနေရာမှ ထွက်သွားနိုင်တောမ့ည် မဟုတ်ချေ။
သူမက ရုတ်ချည်း တစ်ခုခုကို တွေးမိသွားသည့်အလား မျက်ဝန်း၌ အကြောက်တရားတချို့ ဖြတ်ပြေးသွားလေသည်။ သို့သော်လည်း ထိုအကြောက်တရားမှာ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားလေ၏။ သူမက ခေါင်းပြန်မော့လိုက်သည့်အခါ သူမ မျက်ဝန်းတို့က ကြည်လင်ရှင်းလင်းနေပြီ ဖြစ်၏။
မိုဝူကျိက ဟန်ချင်းရုအတွက် ဆေးလုံး ထုတ်ပေးတော့မည့်ဆဲဆဲတွင် သူမအသံကို ကြားလိုက်ရ၏ “ ဘာမှပြောနေဖို့ မလိုပါဘူး။ လာ … ကျွန်မနောက် လိုက်ခဲ့ … ”
မိုဝူကျိက ဟန်ချင်းရု ဘာလုပ်လိုသည်ကို မသိပေ။ သို့သော် သူက ဟန်ချင်းရုကို ရှာတွေ့ပြီ ဖြစ်၍ သူမအား ဤနေရာ၌ ဆက်နေဖို့ရာ ခွင့်မပြုနိုင်ပေ။
ဟန်ချင်းရုက မိုဝူကျိ လက်ကို ဆွဲခေါ်သွားလေ၏။ ခြေလှမ်းအနည်းငယ်ဖြင့် သူတို့က နံရံဆီ ရောက်ရှိလာကြသည်။ ထို့နောက် သူမက အသက်သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ ထိုနံရံ၌ အပေါက်တစ်ပေါက် ရုတ်ချည်း ပေါ်လာသည်။
မိုဝူကျိက အနည်းငယ် အပြစ်ရှိစိတ် ခံစားမိသွားသည်။ သူက ဟန်ချင်းရုအကြောင်း တွေးနေလေရာ ဤလျို့ဝှက်အစီအရင်အား သတိမထားမိခဲ့ပေ။ ဟန်ချင်းရု ခေါ်လာသည့်အခါမှ မြင်လိုက်ရ၏။
ဟန်ချင်းရုက မိုဝူကျိ စကားပြောသည့်အထိ မစောင့်နေတော့ဘဲ လက်ကို ဆွဲကာ အထဲဝင်လိုက်သည်။ ထို့နောက် သူမ လက်တစ်ချက် အဝေ့ဖြင့် ထိုအပေါက်က ပြန်လည် ပျောက်သွားလေသည်။
ထိုစဉ် မိုဝူကျိက လျို့ဝှက်အစီအရင်အကြောင်း မစဉ်းစားနိုင်တော့ပေ။ ထို့အစား သူက ဟန်ချင်းရုသည် ဤနေရာ၌ မည်သို့ အစီအရင်ခင်းကျင်းနိုင်ကြောင်း တွေးနေမိ၏။ သူက ဤအစီအရင်ကို ခင်းကျင်းခဲ့သူမှာ ဟန်ချင်းရု ဖြစ်ကြောင်း သေချာသိနေ၏။
သို့သော်လည်း ဟန်ချင်းရုတွင် သူ့လိုမျိုး စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝစွမ်းအား သိုလှောင်ရေး လမ်းကြောင်းလိုမျိုး မရှိချေ။ ဤနေရာ၌ သူမက မည်သို့ အစီအရင် ခင်းကျင်းနိုင်သနည်း။
မိုဝူကျိက တွေးတောနေစဉ် ဟန်ချင်းရုက သူ့အား ဆယ်ပေလောက်သာ ကျယ်ဝန်းသည့် အိမ်ထဲ ဆွဲခေါ်လာလေ၏။
အိမ်အတွင်းပိုင်း ပြင်ဆင်မှုမှာ နူးညံ့ပြီး ရနံ့သင်းသင်းလေး ဖြစ်နေသည်။ အပြင်ဘက် အနံ့ဆိုးများနှင့် လုံးလုံးမဆိုင်ချေ။ ထို့အပြင် အိမ်အလယ်၌ ကုတင်တစ်လုံး ရှိနေသည်။ ကုတင်ပေါ်၌ စာအုပ်နှစ်အုပ် ရှိနေ၏။
“ ချင်းရု … ဒီနေရာက သဘာဝစွမ်းအားနဲ့ စိတ်စွမ်းအားကို ဖိနှိပ်ထားတာလေ။ ဒီနေရာကို ဘယ်လိုလုပ် ဆောက်ထားတာလဲ ” မိုဝူကျိက စိတ်ထဲမှ မေးခွန်းကို ထုတ်မေးလိုက်သည်။ ယခုအခါမှ အသံထွက်လာခြင်း ဖြစ်၏။
“ ခဏ ” ဟန်ချင်းရုက ခေါင်းအုံးအောက်မှ ကျောက်စိမ်းပုလင်းလေးကို ဆွဲကာ ဆေးတစ်လုံး ထုတ်ပြီး မျိူချလိုက်သည်။
အသက်ဆယ်ရှိုက်စာအတွင်း ဟန်ချင်းရု၏ မျက်နှာပေါ်ရှိ အမာရွတ်မှာ ပျောက်ကွယ်သွားလေပြီ။ သူမ၏ မည်းနက်နေသော အရည်ပြားမှာ ကွာကျလာကာ နှင်းကဲ့သို့ ဖြူဆွတ်နေသည့် အသားရည် ထွက်ပေါ်လာသည်။ သူမ နားတစ်ဝက်မှာလည်း ပြန်လည် ကောင်းမွန်လာလေ၏။
မိုဝူကျိက သက်ပြင်းချလိုက်သည်။ အမြင်နှင့်တင် ဟန်ချင်းရုက လုံးလုံး ကူကယ်ရာမဲ့နေခြင်းတော့ မဟုတ်ချေ။
မိုဝူကျိအား အံ့အားသင့်သွားစေသည်က ဟန်ချင်းရုသည် ဆေးသောက်လိုက်ပြီးနောက် တစ်ဖက် လှည့်သွားကာ အဝတ်အစားများ ချွတ်ချလိုက်ခြင်း ဖြစ်၏။ ဟန်ချင်းရုက ရုပ်ခန္ဓာ လေ့ကျင့်ထားသောကြောင့် အဝတ်အစားများ ချွတ်လိုက်သည့်အခါ ပြီးပြည့်စုံသည့် ခန္ဓာကိုယ်အလှ ပေါ်လာ၏။
မိုဝူကျိက မြန်မြန် ခေါင်းလှည့်လိုက်ပြီး ဟန်ချင်းရုအား မကြည့်ရဲချေ။
ဓားအကျဉ်းထောင်ထဲတွင် ဟန်ချင်းရုက သူ့အား မတူကွဲပြားစွာ ဆက်ဆံကြောင်း သိထား၏။ သို့သော်လည်း သူ့နှလုံးသားထဲ၌ ချိန်စုယင် ရှိနေပြီ ဖြစ်ရာ ဟန်ချင်းရုအား ဘာအဖြေမှ ပြန်မပေးနိုင်ပေ။
မိုဝူကျိက ရေစီးကျသံကို ကြားလိုက်ရပြီးနောက် ရနံ့သင်းသင်းလေး ထွက်ပေါ်လာသည်။
အမွေးတိုင်ဝက်စာခန့် ကြာမြင့်သွားပြီးနောက် မိုဝူကျိက ခေါင်းပြန်မလှည့်ရဲသေးပေ။ သို့သော်လည်း သူ့နောက်ကျောဘက်၌ နူးနူးညံ့ညံ့ ထိတွေ့မှုကို ခံစားမိလိုက်၏။
“ မလှုပ်နဲ့ ပြီးတော့ လှည့်မကြည့်နဲ့ …” မိုဝူကျိက ဘာလုပ်သင့်ကြောင်း စဉ်းစားနေစဉ် ဟန်ချင်းရု၏ အသံလေး ထွက်ပေါ်လာ၏ “ ဝူကျိ … ဒီအိမ်ကို ဘယ်လိုဆောက်နိုင်ခဲ့တာလဲဆိုတာ နောက်ကျရင် ပြောပြမယ်။ ကျိုးပျက်ကမ္ဘာ ပဉ္စမမြောက်ဆီ ရောက်လာကြတဲ့ ကျင့်ကြံသူတွေက အသတ်ခံရရင် အသတ်ခံရ မဟုတ်ရင် သေဆုံးသွားကြတာပဲ။ ကျွန်မ ဒီနေရာကို စရောက်လာခါစက ကြောက်နေမိခဲ့တာ … ဘယ်လိုဖြစ်ဖြစ် အခု ကျွန်မတို့နှစ်ယောက်လုံး ဒီနေရာကနေ ထွက်မသွားနိုင်တော့ဘူး။ ကျွန်မတို့ အချိန်တွေ သိပ်မရှိဘူး။ ရှင့်ရဲ့ တာအိုလက်တွဲဖော် မဖြစ်နိုင်မှန်း သိပေမဲ့ ကျွန်မလေ …. ”
“ ချင်းရု … ကျုပ်တို့ …. ”
ဟန်ချင်းရုက မိုဝူကျိ စကားကို ဖြတ်ပြောလိုက်သည်
“ ဒီနေ့ ကျွန်မဆီ တောင်းဆိုလို့ မရဘူးလားဟင် …. အရင် ဓားအကျဉ်းထောင်ကနေ ထွက်လာပြီးတော့ ရှင့်ကို ထားပစ်ခဲ့တယ်။ အဲဒီအချိန်ကတည်းက တာအိုကိုပဲ ရည်မှန်းချက်အဖြစ် သတ်မှတ်ထားခဲ့တယ်။ ဒီနေရာ မရောက်ခင်အထိပဲ ….
ဒီနေရာမှာ ဆယ်စုနှစ်ကြာ ပိတ်မိနေပြီးတော့ နောင်တရလာမိတယ်။ ဒီနေရာကို ရောက်လာတဲ့အတွက် နောင်တရတာ မဟုတ်ဘဲနဲ့ ကျွန်မရဲ့ မဝံ့မရဲစိတ်ကို နောင်တရလာမိတယ် …
ရှင်လည်း သိတဲ့အတိုင်း ကျွန်မက တိုက်ခိုက်နေရတာမျိုး သဘောမကျဘူး။ တိတ်ဆိတ်အေးချမ်းတဲ့ ဘဝမျိုးကိုပဲ လိုချင်မိတာ …. ဒါပေမဲ့ ဆက်ပြီး မကျင့်ကြံနိုင်တော့ လူတစ်ယောက်ကိုပဲ တွေးမိလာတယ်။ ဒီလိုအချိန်မျိုးမှာ တကယ်ကို ညှင်းပန်းနှိပ်စက်မှုတစ်ခုပဲ …. ”
ဟန်ချင်းရုက ရပ်လိုက်ပြီးနောက် မိုဝူကျိရှေ့ ရောက်လာသည်။ သူမက ကြည်လင်တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် မိုဝူကျိအား စိုက်ကြည့်လိုက်သည်
“ ဝူကျိ …. ကျွန်မဘာသာ ကျမ်းကျိန်ဆိုခဲ့တယ်။ ရှင့်ကို ထပ်တွေ့ရင် ဓားအကျဉ်းထောင်ကလိုမျိုး လုပ်မနေတော့ဘူးလို့ …. ဒီနေ့တော့ ရှင့်ကို လက်ထပ်ပါရစေ …. မနက်ဖြန်မှာ ကျွန်မတို့တွေ အဖမ်းခံရရင်တောင် ကျွန်မ ကျေနပ်ပါတယ်ရှင် … ”
ထိုသို့ပြောပြီးနောက် ဟန်ချင်းရုက မျက်လုံးကို ပိတ်ထားလိုက်ပြီး မိုဝူကျိနှင့် နှုတ်ခမ်းချင်း ထပ်တူကျစေလိုက်သည်။
မိုဝူကျိက သူ့စိတ်ထဲတွင် ဗလာင်ဆူလာသလို ခံစားနေရသည်။ သူ့စိတ်ထဲ၌ လျှပ်စီးဗို့ထ် သန်းပေါင်းများစွာ ဖြတ်စီးသွားဟန် ပေါ်သည်။
သူက ချိန်စုယင်သာ တစ်ဦးတည်းသော တာအိုလက်တွဲဖော်ဖြစ်ကြောင်း သိသော်လည်း သူမနှင့် ရင်းရင်းနှီးနှီး မရှိလှပေ။ သူက ဝမ်ရှောင်ချီနှင့်ပင် ရုပ်ပိုင်းဆိုင်ရာ ဆက်နွယ်မှု ရှိခဲ့ဖူး၏။ သို့သော်လည်း ထိုအရာမှာ ယခင်ဘဝက ဖြစ်ပျက်ခဲ့သည့်အပြင် သူ လုံးဝ အသိစိတ်မကပ်နေသည့်အချိန်တွင် ဖြစ်၏။
ယခု ဟန်ချင်းရု၏ နူးညံ့လှသော ခန္ဓာကိုယ်လေးက သူ့ရင်ခွင့်အတွင်း ရောက်ရှိနေလေပြီ။ သူ့နှုတ်ခမ်းများမှာ ဟန်ချင်းရု၏ သွားမှတဆင့် တုန်ယင်မှုကိုပင် ခံစားနေမိသည်။ ဤသည်မှာ အအေးဓာတ်ကြောင့် တုန်ယင်နေခြင်း မဟုတ်ပေ။ ထို့အစား အကြောက်တရားကြောင့် ဖြစ်ပေါ်လာခြင်းမျိုး ဖြစ်၏။
မိုဝူကျိက သူ့ဘာသာ အတင်းကျပ် တည်ငြိမ်အောင် လုပ်လိုမိသည်။ တကယ်တော့ သူက အတင်းကျပ် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီးနောက် ထိုသို့ မလုပ်သင့်ကြောင်း သဘောပေါက်သွားပေသည်။
အကယ်၍ ဤအခြေအနေ၌ သူသာ ဟန်ချင်းရုကို ငြင်းဆန်ခဲ့ပြီး ဤနေရာမှ ခေါ်ထုတ်သွးနိုင်ကြောင်း ပြောလိုက်လျှင် ဟန်ချင်းရု၏ အကျင့်စရိုက်အရ ရလဒ်တစ်ခုသာ ထွက်ပေါ်လာနိုင်သည်။ သူမက သူနှင့် သေချာပေါက် ထွက်သွားမည် မဟုတ်ပေ။ သူမ ထွက်သွားလျှင်ပင် တစ်ယောက်တည်း အထီးကျန်စွာ သေဆုံးသွားပေလိမ့်မည်။
သူ တစ်ယောက်တည်းသာ ဟန်ချင်းရု၏ စိတ်အတွင်းရှိ မာနအကြောင်း သိထားပေသည်။
ဤအိမ်ငယ်လေးအတွင်းရှိ အပူချိန်မှာ စတင် မြင့်တက်လာသည်။ မိုဝူကျိက ဟန်ချင်းရု၏ အကြင်နာအနမ်းကို ဆက်လက် မငြင်းပယ်နိုင်တော့ပေ။ သူက ဟန်ချင်းရုအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်၏။ သူမ၏ နူးညံ့နွေးထွေးလှသော ခန္ဓာကိုယ်လေးက သူ့ပွေ့ဖက်မှုအတွင်း အရည်ပျော်တော့မည့်ဟန် ပေါ်နေသည်။ သူ့စိတ် လယ်ကွင်းထဲ၌ စမ်းချောင်းလေး စီးဆင်းလာသကဲ့သို့ ဖြစ်၏။
မိုဝူကျိက စတင်ဖက်ထားလိုက်သည့်အခါ နဂိုတုန်ယင်နေခဲ့သော ဟန်ချင်းရု၏ နှုတ်ခမ်းများက ပို၍ ပူပြင်းလာသည်။
တစ်ခါတစ်ရံ၌ တည်ငြိမ်တိတ်ဆိတ်နေတတ်သော အမျိုးသမီးသည် အရိုင်းဆန်တတ်၏။ ထိုစကားက လုံးဝ မမှားယွင်းပေ။ ထိုစဉ် နဂိုတည်ငြိမ်အေးဆေးသည့် ဟန်ချင်းရုက စိတ်ခံစားချက်ပြင်းစွာဖြင့် အရိုင်းဆန်နေပေသည်။
***