တာအိုဂိုဏ်းသား
Vol. 62 Ch. 861
ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကိုးပါး နယ်မြေထဲမှ ထွက်ခွာလာပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်ကိုသာ သိရှိထားသေးသည်ဖြစ်ပြီး သူ တိုက်ပွဲထဲ၌ မည်မျှအထိ အစွမ်းထက်နေမည်ကို အတိအကျ သိရှိထားခြင်းမရှိပေ။ ထို့ကြောင့် သူသည် သူ၏ အတွေ့အကြုံဟောင်းများနှင့်သာ နှိုင်းယှဉ်၍ ခန့်မှန်းကြည့်နိုင်ခဲ့၏။ နောက်ဆုံးတွင်... သူသည် ဂြိုဟ်အဆင့်၌ ရှိမနေသေးသည့်တိုင်အောင် မည်သည့်ဂြိုဟ်အဆင့် ကျင့်ကြံသူကမှ သူ့အား အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူနှင့် ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကြားတွင် ကွဲပြားခြားနားချက်တစ်ခုသာ ရှိသောကြောင့်ပင်။ ၎င်းမှာ... သူ ဂြိုဟ်တစ်လုံးနှင့် ထိုဂြိုဟ်၏ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကို ပိုင်ဆိုင်ထားခြင်းမရှိသော အချက်သာ ဖြစ်သည်။ သူသည် ဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းမှု မပြုလုပ်ရသေးသောကြောင့် သူ၏ ဝိညာဉ်စွမ်းအင်မှာ ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေဆဲပင်။ သို့ဖြစ်ရာ သူ၏ ဝိညာဉ်စွမ်းအင်မှာ ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်စွမ်းအင်လောက် အားကောင်းနေမည် မဟုတ်ပေ။
ပုံမှန်အတိုင်းသာဆိုလျှင် ထိုကဲ့သို့သော စွမ်းအားပမာဏ ခြားနားမှုမျိုးကို ဖျောက်ဖျက်နိုင်ရန်မှာ မလွယ်ကူပေ။ သို့သော်... ဝမ်ပေါင်လဲ့မှာ စိတ်ကူးများနှင့် မှန်းဆ၍ မရနိုင်လောက်အောင် ပေါကြွယ်ဝသည့် ဝိညာဉ်စွမ်းအင်များကို ပိုင်ဆိုင်ထား၏။ သာမန် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် သူ့ဆီတွင် ရှိနေသည့် ဝိညာဉ်စွမ်းအင် ပမာဏ၏ တစ်ဝက်လောက်ကိုသာ ပိုင်ဆိုင်ထားမည်ဖြစ်သည်။ သူသည် သူ၏ ဝိညာဉ်စွမ်းအင်များအား ခုနစ်ဆယ်ရာခိုင်နှုန်းခန့် ထုတ်သုံးရုံနှင့် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။ ယခုတွင် သူသည် သူ၏ ဝိညာဉ်စွမ်းအင်များ အားလုံးကို ထုတ်လွှတ်လိုက်ပြီဖြစ်သည်။ ထို့အပြင် သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကသာမက သူ၏ နတ်ဆိုးမျက်လုံးပညာရပ်မှာလည်း သူ၏ စွမ်းအားများကို မြှင့်တင်ပေးထားသေးသည်။
ထိုသို့ဖြင့် သူသည် ဝိညာဉ်စွမ်းအင် အမြောက်အမြား ပိုင်ဆိုင်ထားသောကြောင့် ထို ဝိညာဉ်စွမ်းအင်များမှာ တစ်ဆင့်နိမ့်နေသည့်တိုင်အောင် သူသည် အဆင့်မြင့် ဝိညာဉ်စွမ်းအင်များကို ပိုင်ဆိုင်ထားသည့် ပြိုင်ဘက်တစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲပင်။
စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်၌ ပေါ်ပေါက်လာသော ဝဲကြီးအား စိုက်ကြည့်နေကြ၏။ ၎င်းမှာ ဂြိုဟ်အဆင့် လက်ဖဝါးကြီးနီးပါး အရွယ်အစားကြီးမားနေပြီး ဝမ်ပေါင်လဲ့အတွက် နောက်ခံပိတ်ကားကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူတို့အားလုံး ထိုကဲ့သို့ ငေးကြည့်နေကြစဉ် ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက်ကြီးမှာ အောက်သို့ ပြုတ်ကျလာသဖြင့် စကြဝဠာကြီးထဲ၌ မိုးခြိမ်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ဟင်းလင်းပြင်ကြီးမှာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားရတော့သည်။
ထိုအချိန်တွင် နတ်ဆိုးမျက်လုံးပညာရပ်မှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ဝိညာဉ်တစ်သန်းနှင့် ဧကရာဇ်ဆယ့်နှစ်ပါးကဲ့သို့ ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ လက်ဖဝါးကြီးပေါ်တွင် ပေါ်ပေါက်လာခဲ့သည့် မျက်လုံးများမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကြသဖြင့် ထိုလက်ဖဝါးကြီးမှာ ထပ်၍ တုန်ရီသွားရပြန်သည်။ သို့သော် ၎င်းမှာ ဘယ်လက်ရုံး အကြီးအကဲကြီး အစွမ်းကုန်သုံးကာ ထုတ်လွှတ်ခဲ့သည့် ဂြိုဟ်အဆင့် လက်ဖဝါးတိုက်ကွက်ကြီး ဖြစ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ နတ်ဆိုးမျက်လုံးပညာရပ်မှာ အစွမ်းထက်သည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ မြင့်မားနေခြင်း မရှိသောကြောင့် ထိုပညာရပ်မှာ ဂြိုဟ်အဆင့် လက်ဖဝါးကြီးအား အပြီးတိုင် ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိပေ။ ၎င်းမှာ ထို လက်ဖဝါးကြီးအား အနည်းငယ်မျှ အားပျော့သွားအောင်သာ လုပ်နိုင်ခဲ့သည်။
ထို လက်ဖဝါးကြီးမှာ ထစ်ချုန်းသံများနှင့်အတူ ရှေ့သို့ ဆက်လက် ရွေ့လျားလာနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ ထို လက်ဖဝါးကြီးဆီမှ ဆူနာမီ လှိုင်းလုံးကြီးနှင့်တူသည့် ဝိညာဉ်စွမ်းအင်များ အရှိန်အဟုန်ဖြင့် ပျံ့လွင့်လာနေသည်ကို အာရုံခံမိနေသည်။ ၎င်းတို့မှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို တိုက်စားပစ်ခဲ့၏။ ထို့ကြောင့် သူ၏ တန်ပြန်တိုက်ကွက်ကြီးပင်လျှင် သိသိသာသာ အားပျော့သွားရသည်။
ထိုစွမ်းအင်များမှာ ဝမ်ပေါင်လဲ့အား နောက်သို့တွန်းထုတ်လိုက်သဖြင့် သူ၏ နတ်ဘုရားလက်နက်ကြီးမှာ အောက်သို့ ကျမလာနိုင်တော့ပေ။ ထို့ကြောင့် သူသည် နောက်သို့ ဆုတ်ခွာသွားရပါသော်လည်း ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာမူ ရှေ့သို့ ဆက်လက်ဦးတည်လာနေဆဲပင်။
ထိုမြင်ကွင်းကြီးမှာ အံ့အားသင့်ဖွယ်ရာ ကောင်းလှပေသည်။ လူတိုင်းမှာ ရှေ့သို့ အဆက်မပြတ် ဦးတည်လာနေသည့် လက်ဖဝါးကြီးကြောင့် ဝမ်ပေါင်လဲ့ နောက်သို့ ဆုတ်ခွာသွားရသည့်မြင်ကွင်းအား မြင်လိုက်ရ၏။ သူတို့၏ အမြင်တွင် သူသည် တစ်စစီ ခြေမွှဖျက်ဆီးခံလိုက်ရတော့မည့်ပုံ ပေါက်နေသည်။
ထို ဂြိုဟ်အဆင့်လက်ဖဝါးကြီးမှာ ဝမ်ပေါင်လဲ့အား အစအန ရှာမရလောက်အောင် မီးလောင်တိုက်သွင်းပစ်ချင်နေသည့် မီးလုံးကြီးတစ်လုံးကဲ့သို့ပင်။
ဝမ်ပေါင်လဲ့၏ ဝိညာဉ်စွမ်းအင်များမှာမူ အဆင့်မမြင့်သောကြောင့် မီးတောက်များအား ရေဖြင့်ငြှိမ်းသတ်သကဲ့သို့ ထို မီးလုံးကြီးအား ငြှိမ်းသတ်နိုင်စွမ်း မရှိဘဲ ဖြစ်နေရ၏။ သို့သော် သူ၏ ဝိညာဉ်စွမ်းအင်များမှာ ရေနှင့် မတူပါသော်လည်း မြူခိုးများနှင့် ဆင်တူပေသည်။ အကယ်၍ မြူခိုးအမျှင်အတန်းလေးများမှာ ထိုမီးလုံးကြီးအား ငြှိမ်းသတ်နိုင်စွမ်း မရှိပါက သူသည် မြူခိုးလုံးတစ်လုံးအား ဆင့်ခေါ်နိုင်ပေသည်။ ထိုမျှလောက်နှင့် မလုံလောက်သေးပါက သူသည် မြူခိုးပင်လယ်ကြီး တစ်စင်းလုံးကိုပါ ဆင့်ခေါ်နိုင်ဦးမည် ဖြစ်သည်။
သူ၏ ဝိညာဉ်စွမ်းအင်များမှာ သမုဒ္ဒရာကြီးကဲ့သို့ များပြားနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ၎င်းတို့အား ချက်ချင်းထုတ်လွှတ်လိုက်ပြီး မြူခိုးများအား မီးတောက်များ တဟုန်းဟုန်းတောက်လောင်နေသည့် ဂြိုဟ်အဆင့်လက်ဖဝါးကြီးဆီသို့ စေလွှတ်လိုက်၏။ ထိုအခါ ထိုမြူခိုးများမှာ ထို လက်ဖဝါးကြီးအား ချက်ချင်း လွှမ်းခြုံသွားကြသည်။ ၎င်းတို့မှာ အဆင့်နိမ့်နေသောကြောင့် ထို လက်ဖဝါးကြီးအား ထိသွားသည်နှင့် တစ်ပြိုင်နက် လွင့်ပါးပျောက်ကွယ်သွားရမည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ဝိညာဉ်စွမ်းအင်များကို အဆုံးအစမရှိလောက်အောင် ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေ၏။ သို့ဖြစ်ရာ သူ ပထမဆုံး ထုတ်လွှတ်လိုက်သည့် မြူခိုးပင်လယ်ကြီးမှာ လုံလောက်မှုမရှိပါက သူသည် ထိုကဲ့သို့သော မြူခိုးပင်လယ်မျိုး နောက်ထပ် အစင်းရေ တစ်ရာအထိ ထပ်၍ ထုတ်လွှတ်လိုက်မည်သာ ဖြစ်သည်။
ထိုသို့ဖြင့် သူ၏ ဝိညာဉ်စွမ်းအင်များမှာ ကောင်းကင်ယံထဲ၌ ပြည့်နှက်သွားတော့သည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာကြပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြ၏။
" ဖျက်ဆီးပစ်လိုက်စမ်း " ဝမ်ပေါင်လဲ့မှာ မျက်လုံးနီကြီးများဖြင့် အသံကုန်အော်ဟစ်ကာ ထို လက်ဖဝါးကြီးအား ခုခံတွန်းလှန်နိုင်ရန် အစွမ်းကုန်ကြိုးစားနေ၏။ ဝိညာဉ်စွမ်းအင်များမှာလည်း သူ၏ ခန္ဓာကိုယ်ထဲမှ အလုံးအရင်းနှင့် ထိုးထွက်လာနေကြပြီး အားကောင်းသော ဂြိုဟ်အဆင့်လက်ဖဝါးကြီးအား တွန်းလှန်တိုက်ခိုက်နေတော့သည်။
သို့ဖြစ်ရာ ထိုမြင်ကွင်းမှာ ဆင်ကြီးတစ်ကောင်နှင့် ပုရွက်ဆိတ်စစ်တပ်ကြီးတစ်ခု ထိပ်တိုက်ရင်ဆိုင် တွေ့နေသကဲ့သို့ပင်။ ထို ပုရွက်ဆိတ်များမှာ အရေအတွက် များပြားလွန်းလှသောကြောင့် ဆင်ကြီးမှာ ၎င်းတို့အား ယှဉ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ ထိုသို့ဖြင့် ဂြိုဟ်အဆင့်လက်ဖဝါးကြီး၏ မီးတောက်များမှာ တဖြည်းဖြည်းနှင့် အားပျော့လာရပြီး ထို လက်ဖဝါးကြီးမှာလည်း မှုန်ဝါးဝါး ဖြစ်လာရသည်။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏ ညာဘက်လက်ထဲမှ နတ်ဘုရားလက်နက်ကြီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နောက်ထပ်တစ်ကြိမ် ထပ်၍ တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားများ မြင့်တက်လာပြီး သူ့ဆီမှ စူးရှတောက်ပသော အလင်းရောင်များ ထွက်ပေါ်လာ၏။
" ခုတ်ထစ်စေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ အော်ဟစ်ကာ ရှေ့သို့ ပြေးထွက်သွားလိုက်သဖြင့် သူ နတ်ဘုရား လက်နက်ကြီးမှာလည်း လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ထိုးခွင်းသွား၏။ နောက်ဆုံးတွင် စကြဝဠာကြီးထဲ၌ မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားပြီး တဖြည်းဖြည်းနှင့် မှုန်ဝါးဝါး ဖြစ်လာနေသည့် လက်ဖဝါးကြီးမှာလည်း ထက်ခြမ်းခွဲခံလိုက်ရတော့သည်။
ထို ဂြိုဟ်အဆင့်လက်ဖဝါးကြီး ပေါက်ကွဲပျက်စီးသွားချိန်တွင် နောက်ထပ် မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ၎င်း၏ ပျက်စီးသွားမှုကြောင့် ဝိညာဉ်စွမ်းအင် တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို တိုက်ပွဲကြီး၏ ဝေးရာသို့ ရှောင်တိမ်းသွားခဲ့ကြသည့် ကျင့်ကြံသူများပင်လျှင် ထို လက်ဖဝါးကြီး၏ ပျက်စီးမှုကြောင့် ထွက်ပေါ်လာသော တုန်ခါမှုလှိုင်းများဆီမှ မလွတ်မြောက်ခဲ့ပေ။ သူတို့မှာပါးစပ်ထဲမှ သွေးများအန်ထွက်လာရပြီး နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားရတော့သည်။ တစ်ချိန်ထဲမှာပင် စစ်မြေပြင်ကြီး၏ အလယ်၌ ကြီးမားကျယ်ပြန့်သော ဟင်းလင်းပြင်ကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့ တစ်ယောက်သာလျှင် ထို ဟင်းလင်းပြင်ကြီးထဲ၌ ရပ်နေသည်။ သူသည် တိုက်ခိုက်လိုစိတ် အရိပ်အယောင်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် အပေါ်မော့ကြည့်လိုက်၏။ စစ်မြေပြင်ကြီးထဲတွင် ရှိနေသည့် လူတိုင်းမှာ ထိုမြင်ကွင်းအား တစ်သက်လုံး မှတ်မိနေကြတော့မည် ဖြစ်သည်။
တာအိုရောင်းရင်းကူမော့၊ ဝန်ကြီးချုပ်နှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူကြီး နှစ်ယောက်မှာလည်း ဝမ်ပေါင်လဲ့အား အံ့ဩမှင်တက်နေသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေကြ၏။ ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ခြင်းမှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်အား ခုခံတွန်းလှန်ခြင်းနှင့် မတူပေ။ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအား သတ်ဖြတ်နိုင်ပါက လူများမှာ အံ့အားသင့်သွားရုံလောက်သာ ဖြစ်သွားကြမည် ဖြစ်ပါသော်လည်း ဂြိုဟ်အဆင့် တိုက်ကွက်ကြီးတစ်ကွက်အား ခုခံတွန်းလှန်နိုင်လျှင်မူ လူတိုင်းမှာ အံ့ဩမှင်တက်ကာ အထင်ကြီးလေးစားသွားကြမည်သာ ဖြစ်သည်။
သူတို့သာလျှင် ထိုကဲ့သို့ တွေးနေကြသည်မဟုတ်ပေ။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ ခေါင်းဆောင်ကြီးအပြင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် အကြီးအကဲကြီးတို့မှာလည်း အံ့ဩတုန်လှုပ်နေကြရပြီ ဖြစ်သည်။ သူတို့မှာ သူတို့မြင်လိုက်ရသည့် အရာများကြောင့် တစ်ခေါင်းလုံး ထူပူသွားကြရ၏။ အထူးသဖြင့် ဘယ်လက်ရုံး အကြီးအကဲကြီးမှာဆိုလျှင် သူ၏ အတွေးထဲ၌ ပေါ်ပေါက်လာသော ဒဏ္ဍာရီလာ ဂုဏ်ပုဒ်တစ်ခုအား မသိစိတ်မှနေ၍ အော်ဟစ်မိလိုက်တော့သည်။
" တာအိုဂိုဏ်းသားပါလား "
" တာအိုဂိုဏ်းသား ဟုတ်လား။ လုံးဝ မဖြစ်နိုင်တာ။ ဒါက ငါတို့ရဲ့ နယ်မြေဆယ့်ကိုးထဲက ချောင်ကျနေတဲ့ နေရာတစ်ခုပါဟ။ ဘယ်လိုလုပ်ပြီးတော့ ဒဏ္ဍာရီလာ တာအိုဂိုဏ်းသားတစ်ယောက်က ဒီလို ခေတ်နောက်ကျတဲ့ ကမ္ဘာတစ်ခုထဲမှာ ရောက်နေရတာလဲ " မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ ထိုစကားများကိုကြားလိုက်ရသောအခါ ပင့်သက်ရှိုက်ကာ ရေရွတ်မိလိုက်၏။ သူ၏ မျက်ဝန်များထဲတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။
ဂြိုဟ်အဆင့်တွင် တာအိုဂုဏ်ပုဒ်များ မရှိသောကြောင့် တာအိုဂိုဏ်းသားဆိုသည့် ဂုဏ်ပုဒ်မှာ ဂြိုဟ်အဆင့်သို့ ရောက်ခါနီး ကျင့်ကြံသူတစ်ယောက်ကိုသာ ပေးလေ့ပေးထ မရှိသည့် ဂုဏ်ပုဒ်တစ်ခုဖြစ်ကြောင်း သူက သိထား၏။ ထို ဂုဏ်ပုဒ်မှာ အဆုံးမဲ့တာအိုနယ်မြေထဲရှိ အချို့သော အင်အားကြီး အဖွဲ့အစည်းများနှင့် အဆုံးမဲ့မျိုးနွယ်စုထဲရှိ အချို့သော အင်အားကြီး မိသားစု မျိုးနွယ်စုများထဲမှ ပေါက်ဖွားလာကြသည့် ပါရမီရှင်များကိုသာ ပေးအပ်သည့် ဂုဏ်ပုဒ် ဖြစ်ပေသည်။
ထို ပါရမီရှင်များမှာ ထို အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများ ငွေကုန်ကြေးကျခံကာ သေသေချာချာ ပြုစုပျိုးထောင်ပေးထားရသော အဖိုးတန်ပညာရှင်များ ဖြစ်ကြပေသည်။ သူတို့မှာ အနာဂတ်တွင် သူတို့၏ အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများ၏ ခေါင်းဆောင်ရာထူးအား လွှဲပြောင်းယူကြရမည့် လူများလည်း ဖြစ်ပေသည်။ အဆုံးမဲ့တာအိုနယ်မြေထဲတွင် ထိုကဲ့သို့သော ပါရမီရှင်များအား... တာအိုဂိုဏ်းသားများဟု ခေါ်ကြ၏။
အဘယ်ကြောင့်ဆိုသော် သူတို့မှာ သာမန်ကျင့်ကြံသူများနှင့် အဆင့်အတန်း ကွဲပြားခြားနားနေကြသောကြောင့်ပင်။ သူတို့မှာ ကျင့်ကြံခြင်းအဆင့် ပိုမြင့်သည့် ရန်သူများကို တိုက်ခိုက်နိုင်စွမ်း ရှိကြသလို စိတ်ကူးနှင့်မှန်းဆ၍ မရနိုင်လောက်အောင် ပေါကြွယ်ဝသည့် ကျင့်ကြံခြင်းစွမ်းအားများကိုလည်း ပိုင်ဆိုင်ထားကြသေးသည်။ သူတို့မှာ အောင်မြင်စွာ အရွယ်ရောက်လာကြမည်ဆိုပါက သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများထဲတွင် တန်ခိုးအာဏာအကြီးဆုံး ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိသွားကြမည် ဖြစ်သည်။ ထိုအချိန်တွင် သူတို့မှာ တာအိုသူတော်စင်များအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများကို ပိုမိုတိုးတက်လာအောင် ဆောင်ရွက်ပေးကြမည် ဖြစ်သည်။
ထို့ကြောင့် သူတို့အား တာအိုဂိုဏ်းသားများဟု ခေါ်ဆိုရခြင်းဖြစ်ပေသည်။
ဘယ်လက်ရုံး အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့ သူ၏တိုက်ကွက်အား အောင်မြင်စွာ ခုခံတွန်းလှန်လိုက်သည်ကို မြင်လိုက်ရသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့မှာ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေသေးသည် ဖြစ်ကြောင်းကိုလည်း အာရုံခံမိနေ၏။ သို့သော်ငြားလည်း ဝမ်ပေါင်လဲ့ ပိုင်ဆိုင်ထားသည့် ဝိညာဉ်စွမ်းအင်များမှာ အဆုံးအစ မရှိလောက်အောင် များပြားလွန်းနေသောကြောင့် ဘယ်လက်ရုံး အကြီးအကဲကြီးမှာ တုန်လှုပ်ချောက်ချားသွားရဆဲပင်။ ထို အခြင်းအရာများ အားလုံးကြောင့် သူသည် ထိုဂုဏ်ပုဒ်အား တွေးမိသွားခဲ့ခြင်း ဖြစ်၏။
နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း သူ့နည်းတူပင် အံ့သြတုန်လှုပ်နေရသည်။ သို့သော် သူ၏ အခြေအနေမှာ ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် မတူပေ။ သူသည် ကျူးကျော်စစ်တစ်ခုအား ခုခံတွန်းလှန်နေရသည်ဖြစ်ရာ သူ၏ဂိုဏ်း မပျက်စီးရန်ကိုသာ အာရုံစိုက်ထား၏။ ထို့ကြောင့် သူသည် အရင်ဆုံး သတိပြန်ကပ်သွားပြီး တိုက်ကွက်တစ်ကွက်အား ချက်ချင်း ထုတ်လွှတ်လိုက်တော့သည်။ ထို့ကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့မှာ တိုက်ပွဲထဲ၌ အာရုံပြန်စိုက်နိုင်ရန် ကြိုးစားလိုက်ကြရသည်။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ အားမာန်အပြည့်ဖြင့် တိုက်ခိုက်နေသည်ဖြစ်ရာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့မှာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်နိုင်စွမ်းမရှိကြတော့ပေ။
သို့သော်... ဝမ်ပေါင်လဲ့မှာမူ တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲဖြစ်ရာ ဘယ်လက်ရုံး အကြီးအကဲကြီး၏ ဖိနှိပ်ချုပ်တည်းမှုများကြောင့် ရပ်တန့်သွားမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး ခေါင်းမော့ကာ ဘယ်လက်ရုံး အကြီးအကဲကြီးအား လှမ်းကြည့်လိုက်တော့သည်။
" အသွားရှိရင် အပြန်ရှိရတယ်တဲ့ "
" ခဗျားက ဂြိုဟ်အဆင့်မှာ ရောက်နေရုံနဲ့ ဖေဖေကြီးက ခဗျားကို ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်မနေနဲ့ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး သူ၏ ညာဘက်လက်အား လေထဲသို့မြှောက်လိုက်၏။ ထိုအခါ သူ၏ ထာဝရကြယ်မီးတောက်ထဲ၌ ရှိနေသော ဂြိုဟ်အဆင့် လက်ဖဝါးကြီးမှာ စတင်တုန်ရီလာသောကြောင့် သူသည် အသိစိတ်တစ်ခုလုံး ဗြောင်းဆန်သွားရတော့သည်။ ထိုအချိန်တွင် ထို လက်ဖဝါကြီးပေါ်ရှိ လက်ချောင်းသုံးချောင်းထဲမှ တစ်ချောင်းမှာ ရုတ်တရက်ဆိုသလို ပြုတ်ထွက်လာပြီး ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက် သူ၏ဦးခေါင်းအထက်တွင် ပြန်လည်ပေါ်ပေါက်လာသည်။
ထို လက်ချောင်းကြီးမှာ ရဲရဲနီနေပြီး ၎င်း၏ ပတ်ပတ်လည်တွင် လျှပ်စီးတန်းများ ဝန်းရံနေကြ၏။ ထို့အပြင် ၎င်းမှာ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေသောကြောင့် ထိုမြင်ကွင်းအား မြင်လိုက်ရသူတိုင်းမှာ သွေးပျက်သွားရမည်သာ ဖြစ်သည်။
၎င်းမှာ ထိုသို့ပေါ်ပေါက်လာပြီးနောက် ရုတ်တရက်ဆိုသလို နောက်သို့ လှည့်သွားပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဘယ်လက်ရုံး အကြီးအကဲကြီးအား ချိန်ရွယ်ထားလိုက်တော့သည်။
ထိုအခါ စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး ဂြိုဟ်အဆင့်စွမ်းအားများ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသောကြောင့် ဟင်းလင်းပြင်ကြီးတစ်ခုလုံးမှာ တုန်ရီသွားရတော့သည်။ ထို့နောက် ထို ဂြိုဟ်အဆင့်စွမ်းအားများမှာ စကြဝဠာကြီးတစ်ခုလုံးအား လွှမ်းခြုံသွားသဖြင့် စစ်မြေပြင်ထဲရှိလူတိုင်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ တုန်လှုပ်ချောက်ချားသွားကြရပြန်သည်။
အဘယ်ကြောင့်ဆိုသော် ထို လက်ချောင်းထဲတွင် ဂြိုဟ်အဆင့်စွမ်းအား အစစ်အမှန်များ ကိန်းအောင်နေသောကြောင့်ပင်။ ၎င်းမှာ ဘယ်လက်ရုံး အကြီးအကဲကြီး ထုတ်လွှတ်ခဲ့သော လက်ဖဝါးကြီးထက်ပင် အနည်းငယ်ခန့် ပို၍ အစွမ်းထက်သည့်ပုံ ပေါက်နေ၏။
" အဲဒီ လက်ချောင်းကြီးက ဂြိုဟ်အဆင့်မှာ ရှိနေတာပဲ "
" ဘုရားရေ။ လုံနန်ကျစ်က ဘယ်လိုမျိုး အခွင့်အရေးတွေများ ရခဲ့လို့ အခုလောက်အထိ ဖောက်ထွက်သွားနိုင်ခဲ့ရတာလဲ။ သူက တစ်ချိန်လုံး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားခဲ့တာလား "
" သူက တော်ဝင်မျိုးနွယ်စုရဲ့ ကျင့်ကြံခြင်းပညာရပ်ကိုလည်း အသုံးပြုတတ်တယ်။ အဲဒီ မျိုးနွယ်စုရဲ့ ဝိညာဉ်တွေကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိတယ်။ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့်မှာပဲ ရှိနေသေးပေမယ့် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်စွမ်း ရှိခဲ့တဲ့အပြင် ဂြိုဟ်အဆင့်တိုက်ကွက်ကိုပါ ခုခံတွန်းလှန်နိုင်ခဲ့တာ။ အခုလည်း သူက ဂြိုဟ်အဆင့် လက်ချောင်းကြီးတစ်ချောင်းကို ဆင့်ခေါ်လိုက်ပြန်ပြီ "
နှစ်ဘက်စလုံးမှ ကျင့်ကြံသူများမှာ မည်သည့်အရာကိုမှ နားမလည်နိုင်ကြတော့ပေ။ နတ်သမီးလင်ယိုနှင့် အခြားသူများမှာလည်း ထိုနည်းတူပင်။ သူတို့အားလုံးထဲတွင် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၊ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးနှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့မှာ အခြားသူများနှင့် လုံးဝ မတူလောက်အောင် အံ့ဩတုန်လှုပ်သွားကြရ၏။ အထူးသဖြင့် ဘယ်လက်ရုံး အကြီးအကဲကြီးမှာဆိုလျှင် မျက်နှာအမူအရာ ပျက်ကာ ထိတ်လန့်ကြောက်ရွံ့နေရသလို တစ်ခေါင်းလုံး ထူပူနေရပြီဖြစ်သည်။
" သူ့ကို သတ်လိုက် " ဝမ်ပေါင်လဲ့မှာမူ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွားပြီး ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ ဘယ်လက်ရုံး အကြီးအကဲကြီးအား လက်ညှိုးထိုးလိုက်တော့သည်။