တာအိုရောင်းရင်း
Vol. 62 Ch. 862
ဝမ်ပေါင်လဲ့ ထိုသို့အမိန့်ပေးလိုက်သည်နှင့် သူ၏ ဦးခေါင်းအထက်တွင် ရစ်ဝဲနေသည့် ဂြိုဟ်အဆင့် လက်ချောင်းကြီးမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပသွား၏။ ၎င်းမှာ နေမင်းကြီး တစ်စင်းကဲ့သို့ အလင်းတန်းများကို ထုတ်လွှတ်လိုက်သဖြင့် ထာဝရဝိညာဉ်အဆင့်နှင့် အောက်တွင်ရှိနေသည့် ကျင့်ကြံသူများအားလုံးမှာ မျက်လုံးများ စူးခနဲ ဖြစ်သွားရပြီး အမြင်အာရုံများ ဝေဝါးသွားရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထို ဂြိုဟ်အဆင့်လက်ချောင်းကြီးအား အားဖြည့်ပေးနေခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်သည်။ ယခုတွင် ၎င်းမှာ စွမ်းအားများကို ထုတ်လွှတ်ရင်း မီးတောက်များ တဟုန်းဟုန်း တောက်လောင်လာသဖြင့် ၎င်းဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်များမှာ ပို၍ပင် တောက်ပလာရတော့သည်။
ကျင့်ကြံသူများ ရှင်းလင်းပြတ်သားစွာ ပြန်မမြင်နိုင်သေးခင်မှာပင် ထို လက်ချောင်းကြီးမှာ ကြယ်ပျံတစ်လုံးကဲ့သို့ စကြဝဠာကြီးအား ထိုးခွင်းသွား၏။ ၎င်းမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်လောက်အောင် မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ရှေ့သို့ ထိုးထွက်သွားပြီး ဂြိုဟ်အဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲထဲ၌ ပေါ်ပေါက်လာတော့သည်။
၎င်းမှာ ဘယ်လက်ရုံး အကြီးအကဲကြီးအား ပစ်မှတ်ထားကာ သူ၏ နဖူးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။ ထိုအဖြစ်အပျက်များ အားလုံးမှာ အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသည်။ ထို့ကြောင့် ဘယ်လက်ရုံး အကြီးအကဲကြီး၏ ဘေးနားတစ်ဝိုက်ရှိ ကျင့်ကြံသူများမှာ မည်သည့်အရာကိုမှ မမြင်လိုက်ရခင်မှာပင် ထို အကြီးအကဲကြီးဆီမှ အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်ကို ကြားလိုက်ရတော့သည်။
သူသည် ဂြိုဟ်အဆင့် လက်ချောင်းကြီးကြောင့် ထိုကဲ့သို့ အော်ဟစ်လိုက်ရခြင်းဖြစ်၏။ ၎င်းထဲ၌ ကိန်းအောင်းနေသည့် ဂြိုဟ်အဆင့်စွမ်းအားများမှာ အလွန်အင်မတန်မှ အားကောင်းနေသည့်အပြင် ထိုလက်ချောင်းကြီး၏ လောင်ကျွမ်းသွားမှုကြောင့် ထိုစွမ်းအားများမှာ ပို၍ မြင့်တက်လာရ၏။ သို့ဖြစ်ရာ နောက်ထပ် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးတစ်ယောက် ထို တိုက်ပွဲထဲသို့ တိတ်တဆိတ် ရောက်ရှိလာပြီး သူတို့အား အငိုက်ဖမ်းကာ တိုက်ခိုက်လိုက်သကဲ့သို့ပင်။
ထိုကဲ့သို့သော ချုံခိုတိုက်ကွက်တစ်ခုမှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် ပြင်းထန်နေမည်ဖြစ်သည်။ အသံကုန် အော်ဟစ်မြည်တမ်းနေသည့် ဘယ်လက်ရုံး အကြီးအကဲကြီးမှာ မန္တန်လက်ကွက်များ အလျင်အမြန်ဖော်ကာ သူ၏ နတ်ဘုရားစွမ်းရည်အား ထုတ်သုံးလိုက်၏။ သူ၏ ဂိုဏ်းချုပ်ကြီးမှာလည်း ထိုတိုက်ကွက်ကြီး ရောက်ရှိမလာနိုင်အောင် တားဆီးရန် အစွမ်းကုန်ကြိုးစားနေ၏။ သို့သော် သူတို့မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို လက်လွှတ်ခံမည်မဟုတ်ပေ။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်သုံးကာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးအား လျစ်လျူရှုလိုက်ပြီး ထို စွမ်းအားများအားလုံးကို ဘယ်လက်ရုံး အကြီးအကဲကြီးဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ထို့ကြောင့် ဘယ်လက်ရုံး အကြီးအကဲကြီးမှာ ချောင်ပိတ်သွားရပြီဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ဂြိုဟ်အဆင့်လက်ချောင်းကြီးမှာ သူ၏ရှေ့၌ မျက်စိတစ်မှိတ်အတွင်း ပေါ်ပေါက်လာ၏။ သို့သော် သူသည် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေဆဲ မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ အစွမ်းအစများကို လျှော့တွက်၍မဖြစ်ပေ။ ထို့ကြောင့် ထိုကဲ့သို့ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသည့် အချိန်တွင် ထို ဘယ်လက်ရုံး အကြီးအကဲကြီး၏ သွေးနီရောင် မျက်ဝန်းများထဲ၌ ရူးသွပ်မှုနှင့် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။ သူသည် သူ၏ဂြိုဟ်အား ထုတ်သုံးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ သူသည် ၎င်း၏ ပုံရိပ်ယောင်တစ်ခုကိုသာ မဟုတ်ဘဲ ဂြိုဟ်အစစ်အား ဆင့်ခေါ်တော့မည် ဖြစ်သည်။
ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အနီရောင်ဂြိုဟ်တစ်လုံး ထွက်ပေါ်လာ၏။ ၎င်းမှာ လက်သီးဆုပ်အရွယ်အစားသာ ရှိပါသော်လည်း ဂြိုဟ်တစ်လုံး ဖြစ်နေဆဲပင်။ ထိုအချိန်တွင် ဘယ်လက်ရုံး အကြီးအကဲကြီး၏ နောက်၌ အံ့အားသင့်ဖွယ်ရာ ပုံရိပ်တစ်ခု ပေါ်ပေါက်လာသဖြင့် စစ်မြေပြင်ထဲရှိ လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားရ၏။ ထို အကြီးအကဲကြီးမှာ ဤ တိုက်ပွဲထဲ၌ အစွမ်းကုန်ထုတ်ကာ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိနိုင်ပေသည်။
သာမန် ဂြိုဟ်အဆင့် တိုက်ပွဲတစ်ခုထဲတွင်ဆိုလျှင် ကျင့်ကြံသူများမှာ မိမိတို့၏ ဂြိုဟ်များ၏ ပုံရိပ်ယောင်များကိုသာ ဆင့်ခေါ်ကြမည် ဖြစ်သည်။ သူတို့မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် အခိုက်အတန့်များတွင်သာ သူတို့၏ ဂြိုဟ်အစစ်အား ထုတ်သုံးလေ့ရှိကြ၏။ ဂြိုဟ်အဆင့် ကျင့်ကြံသူသုံးယောက်ကြားမှ တိုက်ပွဲကြီးမှာ အချိန်အနည်းငယ်ခန့် ကြာမြင့်နေပြီဖြစ်သည့်တိုင်အောင် မည်သူကမှ သူတို့၏ ဂြိုဟ်အစစ်များကို ယခုအထိ ထုတ်သုံးခြင်း မရှိကြသေးပေ။ သို့သော် ယခုတွင်မူ ဘယ်လက်ရုံး အကြီးအကဲကြီးမှာ ထိုသို့ထုတ်မသုံးပါက သူသည် အသက်ရှင်နိုင်တော့မည်မဟုတ်ကြောင်း ရိပ်မိသွားသဖြင့် အခြေအနေများမှာ ပြောင်းလဲသွားရပြီဖြစ်သည်။
သူသည် ဝမ်ပေါင်လဲ့၏ ဂြိုဟ်အဆင့်လက်ချောင်းကြီး တစ်ခုတည်းကြောင့်သာမဟုတ်ဘဲ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးကြောင့်ပါ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရခြင်းဖြစ်၏။ သူသည် ဒေါသတကြီး အော်ဟစ်မြည်တမ်းနေရင်း သူ၏ အနီရောင်ဂြိုဟ်ကြီးအား ရှေ့သို့စေလွှတ်လိုက်ပြီ ဖြစ်သည်။ ထို အနီရောင်ဂြိုဟ်ကြီး၏ လက်ချောင်းကြီးနှင့် ဝင်တိုက်သွားချိန်တွင် စကြဝဠာကြီးတစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွားရတော့သည်။
ထို့နောက် စကြဝဠာကြီးထဲတွင် ယခင်အကြိမ်များတုန်းကထက် အဆပေါင်းများစွာ ပို၍ကျယ်လောင်သည့် ထစ်ချုန်းသံများဖြင့် ပြည့်နှက်သွား၏။ လက်ချောင်းကြီးမှာ အစွမ်းထက်ပါသော်လည်း ဘယ်လက်ရုံး အကြီးအကဲကြီး သွေးရူးသွေးတန်းနှင့် ထုတ်လွှတ်လိုက်သည့် တန်ပြန်တိုက်ကွက်မှာလည်း အံ့သြမှင်တက်ဖွယ်ရာ ကောင်းနေဆဲပင်။ ထို ဂြိုဟ်ကြီးနှင့် လက်ချောင်းကြီးတို့၏ ရိုက်ခတ်မှုကြောင့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ စစ်မြေပြင်ထဲ၌ ပျံ့နှံ့သွားတော့သည်။ ထို့နောက် ထို လက်ချောင်းကြီးမှာ ချက်ချင်းဆိုသလိုပင် ကြေမွ ပျက်စီးသွားပြီး လွင့်ပါးပျောက်ကွယ်သွားရ၏။ ဘယ်လက်ရုံး အကြီးအကဲကြီးမှာလည်း သူ၏ တန်ပြန်တိုက်ကွက်အတွက် အများကြီး ပေးဆပ်လိုက်ရသည်။
လက်ချောင်းကြီး ကြေမွပျက်စီးသွားစဥ် သူ၏ အနီရောင်ဂြိုဟ်ကြီးမှာလည်း အပြင်းအထန် တုန်ရီလာပြီ ၎င်း၏ မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများ ပေါ်ပေါက်လာ၏။ ၎င်းမှာ တစ်စစီ ကွဲအက်သွားခြင်း မရှိသေးပါသော်လည်း အများကြီး ထိခိုက်ပျက်စီးသွားရပြီဖြစ်သည်။ ထို ဂြိုဟ်ကြီး၏ မျက်နှာပြင်ပေါ်မှ ကျောက်စကျောက်နများနှင့် မြေကြီးများ ကွာကျလာကြသလို အကြီးအကဲကြီး၏ ပါးစပ်ထဲမှလည်း သွေးများ စီးကျလာကြ၏။
အန္တရာယ်များမှာ ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ အော်ဟစ်မြည်တမ်းကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို နောက်ထပ်တစ်ကြိမ် ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ ထိုအခါ သူ၏ အနက်ရောင်ဆံပင်များမှာ ချက်ချင်းဆိုသလိုပင် အဖြူရောင်ပြောင်းသွားသလို သူ၏မျက်နှာပေါ်တွင်လည်း အရေးကြောင်းများ ပေါ်ပေါက်လာတော့သည်။ သူသည် ရုတ်ခြည်းဆိုသလို အိုစာသွား၏။ ၎င်းမှာ သူ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးအား တစ်ခဏမျှ ချုပ်တည်းထားနိုင်ရန် ပေးဆပ်လိုက်ရသည့် အဖိုးအခ ဖြစ်ပေသည်။ သူသည် ထိုအခွင့်အရေးကို အသုံးချကာ သူ၏ ညာဘက်လက်ကို မြှောက်၍ ဘယ်လက်ရုံး အကြီးအကဲကြီးအား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ ထစ်ချုန်းကြီးတစ်သံနှင့်အတူ ဧရာမ လက်ဗွေရာကြီးတစ်ခု ပေါ်ပေါက်လာ၏။ ဘယ်လက်ရုံး အကြီးအကဲကြီးမှာမူ ထို လက်ဗွေရာကြီး သူ၏အနီးသို့ ရောက်ရှိလာပြီး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော သူ၏ဂြိုဟ်ပေါ်သို့ ကျရောက်သွားသည်ကို ကြည့်ရင်း ဆွံ့အမှင်တက်နေတော့သည်။
ထိုအချိန်တွင် စကြဝဠာကြီးတစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွားပြီး အာကာသကြီးထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ ဘယ်လက်ရုံး အကြီးအကဲကြီး၏ အနီရောင်ဂြိုဟ်မှာ ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့သဖြင့် ခဏအကြာတွင် အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားရပြီး စစ်မြေပြင်ထဲသို့ မျောလွင့်သွားတော့သည်။
သူ၏ဂြိုဟ် ကြေမွပျက်စီးသွားသောအခါ ဘယ်လက်ရုံး အကြီးအကဲကြီးမှာ သွေးပျက်ချောက်ချားဖွယ်ရာ အသံကြီးဖြင့် အော်ဟစ်လိုက်၏။ ထိုကဲ့သို့ ပျက်စီးသွားရာမှ ပေါ်ပေါက်လာသည့် ဘေးထွက်ဆိုးကျိုးများကြောင့် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် ပိန်ချုံးသွားရသည်။ သူသည် လေများ စုပ်ထုတ်ခံလိုက်ရသည့် ပူဖောင်းတစ်လုံးကဲ့သို့ပင်။ သို့သော် သူ၏ဂြိုဟ် ပျက်စီးသွားရာမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ ဝမ်ပေါင်လဲ့နှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးတို့၏ ပူးပေါင်းတိုက်ခိုက်မှုအား တားဆီးနိုင်ခဲ့ခြင်းမရှိပေ။ သူတို့မှာ သူ၏ ဝိညာဉ်ကိုပါ ဖျက်ဆီးချေမှုန်းရန် ကြံရွယ်ထားကြခြင်းဖြစ်ပြီး အောင်မြင်တော့မည့် ပုံပင်။ သို့သော် ဘယ်လက်ရုံး အကြီးအကဲကြီးမှာ စိတ်ဓာတ်မာသူတစ်ယောက် ဖြစ်ပေသည်။ ထို့ကြောင့် သူသည် မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာပြီး ပိန်ချုံးသွားသည့် သူ၏အပြင်ခန္ဓာကိုယ်အား ဖောက်ခွဲပစ်လိုက်တော့သည်။
သူသည် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရာမှ ထွက်ပေါ်လာသည့် စွမ်းအားများကို အသုံးပြုကာ ထိုပူးပေါင်းတိုက်ကွက်ကြီးအား ခုခံတွန်းလှန်လိုက်သဖြင့် သူ၏ ဝိညာဉ်မှာ ထွက်ပြေးခွင့်ရသွား၏။ တစ်အောင့်ခန့်အကြာတွင် သူ၏ဝိညာဉ်မှာ သေမင်းခံတွင်းဝမှ သီသီကလေး လွတ်မြောက်လာပြီး စစ်မြေပြင်ကြီး၏ ဝေးရာသို့ သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားတော့သည်။
" လုံနန်ကျစ် " ဘယ်လက်ရုံး အကြီးအကဲကြီး၏ ဝိညာဉ်ဆီမှ မကျေမချမ်းဖြစ်ကာ အမျက်ချောင်းချောင်းထွက်နေသည့် အော်သံကြီးများ ထွက်ပေါ်လာ၏။ သူသည် အများကြီး ထိခိုက်နစ်နာဆုံးရှုံးလိုက်ရသည် မဟုတ်ပါလော။ သူ၏ ဝိညာဉ်မှာ အကောင်းအတိုင်း ရှိနေသေးသည့်တိုင်အောင် သူ၏ အပြင်ခန္ဓာကိုယ်မှာ ပျက်စီးသွားရပြီ ဖြစ်သည်။ ပို၍ဆိုးသည်မှာ သူ၏ဂြိုဟ် ပျက်စီးသွားခြင်းပင်။ ထိုအချက်ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ကျဆင်းသွားရပြီ ဖြစ်သလို သူသည် ဘယ်သောအခါမှ ဂြိုဟ်အဆင့်သို့ ပြန်ရောက်နိုင်တော့မည်မဟုတ်ပေ။
သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့အား စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် မျက်မုန်းကျိုးနေတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား လုံးဝ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။ ဘယ်လက်ရုံး အကြီးအကဲကြီး ထိုကဲ့သို့ ကျိန်ဆဲနေစဉ် ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူ၏ ဦးခေါင်းအထက်တွင် နောက်ထပ် အရာတစ်ခု ပေါ်ပေါက်လာပြန်သည်။ ၎င်းမှာ... ဒုတိယမြောက် လက်ချောင်းကြီး ဖြစ်၏။
" သတ္တိရှိရင် ကျုပ်ကို ထပ်ပြီးတော့ ကျိန်ဆဲကြည့်လိုက် "
ထိုအခါ ဘယ်လက်ရုံး အကြီးအကဲကြီး၏ ဒေါသတကြီး အော်ဟစ်သံများမှာ ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်သွား၏။ ထို့နောက် သူသည် သူ၏ နှလုံးသားထဲမှ အမျက်ဒေါသများနှင့် မကျေနပ်ချက်များကို မျိုသိပ်ကာ နောက်သို့ပင် လှည့်မကြည့်ဘဲ အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားလိုက်တော့သည်။ သူ၏ ပုံပန်းသွင်ပြင်မှာ အလွန်အင်မတန်မှ သနားစရာကောင်းလှပေသည်။
သူ၏ဂြိုဟ် ပျက်စီးသွားခဲ့ရာမှ ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များကို မြင်နေရပြီဖြစ်သည်။ ဖျက်ဆီးအားကောင်းသည့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ ရုတ်တရက်ဆိုသလို လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး စကြဝဠာကြီးထဲ၌ စတင်တိုက်ခတ်လာ၏။ ၎င်းမှာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် စစ်မြေပြင်ကြီးမှာ ရုတ်တရက်ဆိုသလို မှုန်ဝါးဝါး ဖြစ်သွားရ၏။ ထိုဂြိုဟ် ပျက်စီးသွားရာမှ ပေါ်ပေါက်လာသည့် နောက်ဆက်တွဲ အကျိုးဆက်များကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးတို့ နှစ်ယောက်စလုံးမှာလည်း နောက်သို့ ထွက်ပြေးဆုတ်ခွာသွားရပြီ ဖြစ်သည်။ သူတို့မှာ သူတို့၏ တိုက်ပွဲကြီးအား ဆက်လက်တိုက်ခိုက်နိုင်ကြတော့မည် မဟုတ်ပေ။ သူတို့မှာ ဘယ်လက်ရုံး အကြီးအကဲကြီး၏ဂြိုဟ် ပျက်စီးသွားရာမှ ထွက်ပေါ်လာသည့် ဖျက်ဆီးအားကောင်းသော တုန်ခါမှုလှိုင်းများ၏ ပြင်းအားများကို လျှော့ချနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြရပြီဖြစ်သည်။
သူတို့မှာ ထိုတုန်ခါမှုလှိုင်းများအား တောင့်ခံနိုင်စွမ်း ရှိနေလျှင်တောင် ၎င်းတို့မှာ အထိန်းအကွပ်မဲ့စွာ ပျံ့နှံ့သွားမည်ဆိုပါက စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူများထဲမှ ဆယ်ပုံပုံ ကိုးပုံခန့်မှာ လုံးဝတောင့်ခံနိုင်စွမ်းမရှိဘဲ သေဆုံးသွားကြရမည်သာ ဖြစ်သည်။
ထို ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး နှစ်ယောက်စလုံးမှာ ထိုကဲ့သို့သော ထိခိုက်နစ်နာဆုံးရှုံးမှုမျိုးကို လက်ခံနိုင်ကြမည် မဟုတ်ပေ။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ သူ၏ ဂိုဏ်းသားများအား ဤတိုက်ပွဲထဲသို့ ခေါ်ဆောင်လာခဲ့သည် မဟုတ်ပါလော။ ထို့အပြင် သူ၏ဂိုဏ်းမှာ ဤ ကျူးကျော်စစ်ကြီးထဲ၌ ပါဝင်သည့် ဂိုဏ်းပေါင်းမြောက်မြားစွာထဲမှ တစ်ခုသာ ဖြစ်ပေသည်။ သို့ဖြစ်ရာ သူတို့၏ ပထမဆုံး ကျူးကျော်စစ်ပွဲထဲ၌ အနိုင်ယူနိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ပါသော်လည်း ထိုကဲ့သို့ အနိုင်ရရှိရုံအတွက်လောက်နှင့် သူသည် သူ၏ လက်အောက်ငယ်သားများ၏ အသက်ပေါင်း မြောက်မြားစွာကို စတေးပစ်နိုင်မည် မဟုတ်ပေ။
ထိုသို့ဖြင့် ထိုခေါင်းဆောင်ကြီးနှစ်ယောက် စကြဝဠာကြီးထဲ၌ အရှိန်အဟုန်ပြင်းစွာ ပျံ့လွင့်နေကြသည့် အဖျက်စွမ်းအင်လှိုင်းများကို အားပျော့သွားအောင် ကြိုးစားနေကြစဉ် စစ်မြေပြင်ကြီးထဲ၌ ဆူညံသံများ ပဲ့တင်ထပ်နေတော့သည်။
အခြားသူများအားလုံးမှာ မကြာသေးမီကမှ အမြင်အာရုံများ ပြန်လည်ကြည်လင်ပြတ်သားကြခြင်း ဖြစ်၏။ သူတို့ အရင်ဆုံးမြင်လိုက်ရသည့် မြင်ကွင်းမှာ ဘယ်လက်ရုံး အကြီးအကဲကြီး၏ ဝိညာဉ် ကတုန်ကယင်နှင့် အဝေးသို့ ပြေးထွက်သွားသည့် မြင်ကွင်းပင်ဖြစ်သည်။
ထို့ကြောင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာ သွေးပျက်သွားကြပြီး တုန်လှုပ်ချောက်ချားသွားကြ၏။ ခဏအကြာတွင် ထို ကျင့်ကြံသူများမှာ ဝရုန်းသုန်းကား ဖြစ်သွားကြပြီး နောက်သို့ ချက်ချင်း ထွက်ပြေးဆုတ်ခွာသွားကြတော့သည်။
" ဘယ်လက်ရုံး အကြီးအကဲကြီး... "
" ဘယ်လက်ရုံး အကြီးအကဲကြီးရဲ့ ခန္ဓာကိုယ် ပျက်စီးသွားတာလား... "
" ငါတို့ရဲ့ဘေးက အနီရောင် ကျောက်စကျောက်နတွေကို ကြည့်လိုက်... ဘုရားရေ... အဲတာတွေက သူ့ရဲ့ ဂြိုဟ်များ ဖြစ်နေမလား "
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများမှာလည်း အံ့အားသင့်ကာ ဆွံ့အမှင်တက်နေကြရပြီ ဖြစ်သည်။ သို့သော် သူတို့မှာ ကျူးကျော်ခံနေကြရသည့် လူများဖြစ်ရာ တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားလာကြတော့သည်။ ထို့ကြောင့် သူတို့မှာ နောက်သို့ထွက်ပြေးဆုတ်ခွာသွားနေကြသည့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများ၏ နောက်သို့ အကြောက်အလန့်ကင်းမဲ့စွာ ပြေးလိုက်သွားနေကြပြီ ဖြစ်သည်။
တိုက်ပွဲကြီး၏ အခြေအနေမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားပြီ ဖြစ်သည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာမူ ဒေါသတကြီး အော်ဟစ်မြည်တမ်းနေ၏။ သူသည် မျက်လုံးနီကြီးများဖြင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ဝမ်ပေါင်လဲ့တို့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း ဝမ်ပေါင်လဲ့၏ ဦးခေါင်းအထက်တွင် ရစ်ဝဲနေသည့် လက်ချောင်းကြီးအား သတိထားမိသွားသဖြင့် မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် သူ၏ရင်ထဲမှ အမျက်ဒေါသများနှင့် မကျေနပ်ချက်များကို ချုပ်တည်းကာ သူ၏အင်္ကျီလက်အား ဝှေ့ယမ်း၍ လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားလိုက်ပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသား အားလုံးကို လွှမ်းခြုံကာ စစ်ပြေပြင်ထဲမှ ထွက်ပြေးဆုတ်ခွာသွားတော့သည်။
ခရမ်းရောင်ရွှေ လူမှုအဖွဲ့အစည်း၏ ပထမဆုံး ကျူးကျော်စစ်မှာ ကျရှုံးသွားပြီဖြစ်သလို သူတို့မှာ အများကြီး ထိခိုက်နစ်နာဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
သူတို့ ထိုကဲ့သို့ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်သွားခဲ့ရခြင်းမှာ... ဝမ်ပေါင်လဲ့ တိုက်ပွဲထဲ၌ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်ပေသည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများအား အလွယ်တကူ ထွက်ပြေးလွတ်မြောက်ခွင့် ပေးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး သူ၏ နတ်ဘုရားစွမ်းရည်ဖြင့် သူ၏ဂိုဏ်းသားများအားလုံးကို ပြန်ခေါ်မသွားနိုင်ခင် အချိန်အထိ သူတို့၏ ရန်သူများအား သဲကြီးမဲကြီး လိုက်လံဖမ်းဆီးကာ တိုက်ခိုက်နေကြ၏။ သူတို့အားလုံး စစ်မြေပြင်ကြီးထဲမှ ထွက်ခွာသွားသောအခါမှသာ သူတို့မှာ ရပ်တန့်သွားကြသည်။ ထိုအခါ အရာအားလုံး တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် စစ်မြေပြင်ကြီးထဲ၌ ကြွေးကြော်သံများ ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ သေမင်းခံတွင်းဝမှ လွတ်မြောက်သွားခဲ့သောကြောင့် စိတ်နှလုံး လှုပ်ရှားနေကြသည့် လူများ၏ အော်ဟစ်သံများ ဖြစ်ကြပေသည်။
တိုက်ပွဲအစမှ ယခုအထိ တောင့်ခံထားခဲ့ရသည့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဆက်လက် ဟန်ဆောင်နိုင်စွမ်း မရှိတော့ပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် မျက်နှာတစ်ချက် တွန့်သွားခြင်း မရှိဘဲ ပါးစပ်အပြင်ဘက်သို့ ပန်းထွက်လာလုမတတ် ဖြစ်နေသည့် သွေးများအား မျိုချလိုက်၏။ ထို့နောက် သူသည် ရိုးသားဖြူစင်သော အပြုံးတစ်ခုဖြင့် သူ၏ ရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့်တို့ကိုပင် ထည့်တွက်နေခြင်းမရှိဘဲ သူ၏ဂိုဏ်းသားများ၏ ရှေ့၌ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" အခုလို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း လုံနန်ကျစ်။ ငါနဲ့ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက မင်းအပေါ်မှာ အမြဲတမ်း ကျေးဇူးကြွေး တင်နေတော့မှာပါ "
ယခင်တုန်းကဆိုလျှင် သူသည် လုံနန်ကျစ်အား တာအိုရောင်းရင်းဟု ခေါ်ဆိုခဲ့မည် မဟုတ်သလို သူနှင့်တန်းတူသဘောထား၍ ပြောဆိုဆက်ဆံခဲ့မည်လည်း မဟုတ်ပေ။
ယခုတွင်မူ သူ၏ လေသံနှင့် သူ သုံနှုန်းခဲ့သည့် စကားလုံးများကိုကြည့်လျှင်... သူ၏ သဘောထားမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိနိုင်ပေသည်။