← Chapters

နောက်ထပ် ကြီးမားသော အန္တရာယ်

Vol. 15 Ch. 210

နောက်ထပ် ကြီးမားသော အန္တရာယ်

Vol. 15 Ch. 210

ထူစွန်းရှစ်က သူ၏ဓားသိုင်းအား သင်ယူသောအချိန်၌ ဆရာဟန် ဖြစ်သည်။ ယခု သူ့အား ကောင်လေးဟုခေါ်နေပြန်၏။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

မော့ယွမ်သည် ဓား ၁၀၀၀၀ တို့အိမ်အပြန်အား တီထွင်ရန် နှစ် ၂၀၀ ကြာမြင့်ခဲ့၏။ သူသည် ထိုဓားသိုင်းအား တီးထွင်ရန် ဓားစံအိမ်အကြီးအကဲများ တိုက်ခိုက်သည်ကို ကြည့်ကာ အကြံရခဲ့သည်။

ဟန်မူယဲ့က ဓား ၁၀၀၀၀ တို့အိမ်အပြန်အား ဖန်တီးရာတွင် ဓားစံအိမ်တွင် ဓားသိုင်းပေါင်းများစွာတို့အား နားလည်တတ်မြောက်ပြီးမှ ထိုဓားသိုင်းများ၏အဆီအနှစ်တို့ကို စုပေါင်းသည်။

ထူစွန်းရှစ်၏ ဓား ၁၀၀၀၀ တို့အိမ်အပြန်သည် သူ၏နှစ် ၁၀၀၀ ကြာ ဓားတာအို ဉာဏ်အလင်းများအား အခြေခံ၏။

ဟန်မူယဲ့‌ ခေါင်းညိတ်သည်ကို ကြည့်ကာ ထူစွန်းရှစ် ပြုံးသည်။

“ကျုပ်တို့ ဘယ်လို ခွဲယူကြမလဲ”

ဟန်မူယဲ့က ရုတ်တရက် ပြောသည်။

သူ့စကားက ထူစွန်းရှစ်အား မှင်တက်သွားစေပြီးမှ ဟားတိုက်ရယ်မောလိုက်သည်။

“သုံးချိုး ခုနစ်ချိုး… ဒီထက် မရဘူး ကောင်လေး”

သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ မိစ္ဆာသားရိုင်းများ အလောင်းကောင်များအား စုစည်းလိုက်သည်။

မရေမတွက်နိုင်သော မိစ္ဆာများ ချန်ရစ်ထားခဲ့သော ပစ္စည်းများထဲတွင် ရတနာများစွာ ပါဝင်ပေသည်။

ကောင်းကင်ဘုံမိစ္ဆာ၏ သွေးသန့်စင်ခြင်းကြောင့် ဓားအရည်အသွေး မြင့်တက်သွားရာ အနောက်ဘက်ကုန်းမြေမှ ကျင့်ကြံသူများအားလုံးမှာ ဝမ်းသာအားရ ဖြစ်နေကြသည်။ ဟန်မူယဲ့က သူတို့အား ကြည့်ကာ သက်ပြင်းချမိ၏။

နေရာတိုင်းတွင် တူညီသော စည်းမျဉ်းများ ရှိပေသည်။

တောတွင်းဥပဒေဿမှာ အရာရာ ဖြစ်သည်။

သည်တိုက်ပွဲတွင် သူသည် မိစ္ဆာများအားလုံးကို သတ်ဖြတ်နိုင်သည့်တိုင် ထူစွန်းရှစ် ရရှိသော အကျိုးအမြတ်၏ ၃၀ ရာနှုန်းအား မယှဉ်နိုင်ပါ။

ကျင့်ကြံခြင်းလောက၏ အရင်းအမြစ်များမှာ ထိပ်ဆုံးမှ လူများထံသို့ စုပြုံသွားလေ့ ရှိပေသည်။

“ကောင်လေး… ပြန်သွားပြီး အနားယူလိုက်။ မင်းရဲ့ ဝိညာဉ်က အားနည်းနေပြီ။ မင်းရဲ့ အခြေခံကို မတည်မငြိမ် မဖြစ်စေနဲ့။”

ထူစွန်းရှစ်က ဟန်မူယဲ့အား ကြည့်ကာ တီးတိုးပြောသည်။

အင်မော်တယ်အဆင့် ခရမ်းကျောက်စိမ်းဆေးလုံးသုံးလုံးအား ဖောက်ခွဲပြီးနောက်တွင် ဟန်မူယဲ့၏ဝိညာဉ်မှာ အတော်လေး အားနည်းနေပြီ ဖြစ်သည်။

သူက အသက်ရှုကြိမ် တစ်ဆယ်ဟု ပြောခဲ့သည်။ အကယ်၍ ထူစွန်းရှစ်သာ အမှန်တကယ် အသက်ရှုကြိမ် တစ်ဆယ်အထိ ဝိညာဉ်လိပ်ပြာဓားအား အသုံးပြုခဲ့ပါက သူ မြေပြင်ပေါ်သို့ ပစ်လဲသွားနိုင်သည်။

ထိုသို့သော ဝိညာဉ်အား ကုန်ခမ်းခြင်းသည် ကြောက်စရာကောင်း၏။

ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။

“စီနီယာ… ခင်ဗျားလည်း တံခါးပိတ်ကျင့်ကြံသင့်တယ်။ ဝိညာဉ်သူငယ်ဓားကို သုံးပြီး တိုက်ခိုက်တာ ပျော်စရာမကောင်းဘူး”

ဝိညာဉ်သူငယ်ဓား၏စွမ်းအားသည် အလွယ်တကူ သုံးစွဲကောင်းသော အရာမဟုတ်ပါ။ ၎င်းသည် ဓားသမားတစ်ဦး၏အခြေခံအုတ်မြစ်အား ယိုလဲစေနိုင်သည်။

ထူစွန်းရှစ်သည် တိုက်ပွဲအား ခက်ခဲစွာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သူသည် အမှန်ကယ် အသက်စွန့်တိုက်ခိုက်နေရခြင်းလည်း ဖြစ်သည်။

ထူစွန်းရှစ်က ပြုံးသည်။ ထို့နောက် သူက လက်မြှောက်ကာ ဟန်မူယဲ့အား ဓားတစ်လက် ကမ်းပေးသည်။

ထိုဓားသည် သူတို့ သတ်ဖြတ်ခဲ့သော ကောင်းကင်ဘုံမိစ္ဆာ၏ဓားတစ်လက် ဖြစ်သည်။ ဓားပေါ်တွင် မိစ္ဆာအင်းကွက်များ ရေးထွင်းထား၏။

ဓားသည် ဓမ္မရတနာအဆင့်မဟုတ်သော်လည်း ဝိညာဉ်နိုးထနေပြီး ဖြစ်သည်။ ဓားသည် အရည်အသွေးမြင့် ဝိညာဉ်ဓားဖြစ်၏။

ဤသည်က အတိုးနှုန်းပေးခြင်းဟု သတ်မှတ်နိုင်သလား။

ဟန်မူယဲ့ ဓားကို ပြုံးလျက် ယူလိုက်ကာ ဓားလက်ကိုင်ကို ဖမ်းဆုပ်လိုက်သည်။

ဓားချီသည် ဓားထံသို့ စီးဆင်းသွားကာ ဓားမှာ တုန်ခါသွား၏။

“မင်းက ဓားကို သန့်စင်ဖို့ မစောင့်နိုင်တော့ဘူးလား”

ထူစွန်းရှစ်က ခေါင်းယမ်းသည်။

ဟန်မူယဲ့ သူ့အား လျစ်လျူရှုထားသည်။

သူသည် ဓားကို သန့်စင်ရန် ကြိုးစားနေခြင်း မဟုတ်ပေ။ သူက တောင်ပိုင်းကုန်းမြေမှ မိစ္ဆာများ မည်သို့သော အကြံအစည်ရှိနေသည်ကို သိလိုခြင်း ဖြစ်သည်။

ကောင်းကင်ဘုံမိစ္ဆာများသည် ပိုမိုကြီးမားသော လျှို့ဝှက်ချက်များအား သိနိုင်သည်။

ဓားချီများ ဓားထံသို့ စီးဆင်းသွားလျှင် ဟန်မူယဲ့၏အာရုံ၌ ပုံရိပ်များ ဖြစ်ပေါ်လာသည်။

ဓား… သန့်စင်ခြင်း။

ကျားသစ်နက်ကလန်သည် တောင်ပိုင်းကုန်းမြေ၌ အင်အားကြီးကလန်တစ်ခု ဖြစ်သည်။ ဓားပိုင်ရှင်မှာ ကျားသစ်နက်မိစ္ဆာ ဖုန်းချီ၏ ဓား ဖြစ်သည်။

အလယ်ပိုင်းကုန်းမြေမှ စစ်တပ်များ ရောက်ရှိလာသည်။

အံ့ဖွယ်နေမင်းကိုယ်ရံတော်များနှင့် မီးတောက်နီစစ်တပ်။

စစ်တပ်ကြီး ရောက်ရှိလာလျှင် မိစ္ဆာများ တိုက်ရိုက်ရင်ဆိုင်ရဲခြင်း မရှိကြပါ။

ဓားပိုင်ရှင်သည် မြန်ဆန်စွာ ထွက်ပြေးသွား၏။

သူသည် အနောက်ဘက်ကုန်းမြေသို့ ရောက်လာခြင်းမှာ အလယ်ပိုင်းကုန်းမြေစစ်တပ်အား ရင်မဆိုင်ရဲ၍ ဖြစ်သည်။

“မင်းတို့ အနောက်ဘက်ကုန်းမြေကို အရင်သွားလိုက်။ ငါတို့ ဝိညာဉ်သူငယ်အဆင့် နည်းနည်း စုပြီး လာခဲ့မယ်”

“ဒီတစ်ခေါက် ငါတို့ အနောက်ဘက်ကုန်းမြေကို သိမ်းပိုက်ပြီးတော့ တောင်ပိုင်းမိစ္ဆာတွေ ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားရမယ်”

မိစ္ဆာတစ်ကောင်က စူးရှသော မျက်လုံးများဖြင့် ပြောသည်။

ဝုန်း…

ထိုအလင်းသည် ဟန်မူယဲ့၏အာရုံအား တိုက်ရိုက်လာရောက် ရိုက်ခတ်၏။

ဝိညာဉ်သူငယ် တတိယအဆင့် မိစ္ဆာ။

ဟန်မူယဲ့၏အမူအရာ ပြောင်းလဲသွားသည်။ သူက ထူစွန်းရှစ်အား ပြောရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်မှ အော်ဟစ်သံတစ်ခုအား ကြားရ၏။

အသံသည် လောကအား တုန်ခါသွားစေသည်။

“ထူစွန်းရှစ်… မင်းက ကျားသစ်နက်ကလန်က ဖုန်းချီကို မသတ်ခဲ့သင့်ဘူး”

အသံ ထွက်ပေါ်လာလျှင် မိစ္ဆာအရိပ်သည် သူတို့ရှေ့သို့ သက်ဆင်းလာပြီး ဖြစ်သည်။

ဧရာမလက်သည်းကြီးသည် ထူစွန်းရှစ်၏ခေါင်းထံသို့ ကျဆင်းလာ၏။

ထူစွန်းရှစ်က လက်မြှောက်လိုက်လျှင် ဓားအလင်းသည် အလင်းအရံအတားအသွင်သို့ ပြောင်းလဲသွားကာ လက်သည်းကြီးအား တားဆီး၏။

ဝုန်း…

ဓားအလင်းများ ပေါက်ကွဲသွားသည်။ ထူစွန်းရှစ်နှင့် ဟန်မူယဲ့တို့မှာ နောက်သို့ ပေတစ်ထောင်ခန့် လွင့်သွားကြသည်။ အနက်ရောင်ဝတ်လူသည် ဟန်မူယဲ့တို့ ရပ်ခဲ့သော နေရာသို့ သက်ဆင်းလာ၏။

“ဖုန်းဟန်ရှောင်… မင်း မသေသေးဘူးလား”

ထူစွန်းရှစ်က သူ့ရှေ့မှ အဖိုးအိုကို ကြည့်ကာ မေးသည်။

အဖိုးအိုက ထူစွန်းရှစ်အား တင်းမာသော မျက်နှာထားဖြင့် ကြည့်သည်။

“အရင်တုန်းက မင်းရဲ့ ကျင့်ကြံဆင့်ဟာ မင်းပြိုင်ဘက်တွေထက် နှေးနေတယ်လို့ ငါ ပြောခဲ့သားပဲ”

“ဒီနေ့ ဘယ်လိုလဲ။ ငါဟာ ဝိညာဉ်သူငယ် တတိယအဆင့် အမြင့်ဆုံးကို ရောက်နေပြီ။၊ မင်းကတော့ ဒုတိယအဆင့်မှာပဲ ပိတ်မိနေတုန်းမလား”

အဖိုးအို၏မိစ္ဆာချီများ ကြွတက်လာသည်။ ၎င်းသည် အလွန်ဖိနှိပ်နိုင်စွမ်းရှိကာ မိုင်တစ်ရာပတ်လည်အတွင်း၌ မည်သူမှ ခေါင်းမော့နိုင်စွမ်း မရှိပါ။

ဝိညာဉ်သူငယ် တတိယအဆင့်၏ စွမ်းအားသည် ကြောက်စရာကောင်း၏။

ထူစွန်းရှစ်၏မျက်နှာက သုန်မှုန်နေသည်။ သူ သိမ်းဆည်းလိုက်သော အစိမ်းရောင်ဓားငယ်သည် တဖန် သူ၏ခေါင်းပေါ်၌ ဖြစ်ပေါ်လာသည်။

ဓားအလင်းသည် သူ့အပေါ်သို့ သက်ဆင်းလာသော ဖိအားကို ဖြိုခွင်းလိုက်ရာ ဟန်မူယဲ့အား သက်သာရာ ရစေသည်။

ဤသည်ကား ကောင်းကင်ဘုံအဆင့်၏ ကြောက်စရာကောင်းသော အချက် ဖြစ်သည်။

သူက တိုက်ခိုက်ခြင်း မပြုလျှင်ပင် ကောင်းကင်ဘုံအဆင့်အောက်မှ လူများ လှုပ်ရှားရန် ခက်ပေသည်။

ထိုသို့သော ပညာရှင်ရှေ့တွင် တိုက်ခိုက်ရန် အခွင့်အလမ်းပင် မရှိပါ။

“ဖုန်းဟန်ရှောင်… မင်းက ငါ့ထက် တစ်ဆင့်မြင့်တယ်ဆိုရင်တောင် မင်းလက်က လွတ်ဖို့ ငါ ယုံကြည်ချက် ရှိတယ်”

ထူစွန်းရှစ်က သူ့ရှေ့မှ အဖိုးအိုအား ကြည့်ကာ အေးစက်စွာ ပြောသည်။

“မင်းက ငါ့ကို မတားနိုင်ရင် ငါ တောင်ပိုင်းကို သွားပြီး မင်းရဲ့မျိုးနွယ်တွေ အကုန်လုံးကို ရှင်းပစ်မယ်။ ငါ လုပ်နိုင်တယ်ဆိုတာ မင်း သိပါတယ်”

ရက်စက်ကြမ်းကြုတ်ခြင်း…

ထိုအခိုက်တွင် ထူစွန်းရှစ်သည် ဖော်ရွေကာ စိတ်ကောင်းဟန်ရသော အဖိုးအိုတစ်ဦး မဟုတ်တော့ပါ။ သူသည် အနောက်ဘက်ကုန်းမြေ၏ မဟာတံတိုင်းကြီး ဖြစ်သည်။

သူသည်လည်း လူသားတစ်ဦးဖြစ်ရာ လက်စားချေနိုင်သည်။

ထိုသို့သော လူများသည်သာ ကျင့်ကြံရန် သင့်တော်၏။

ထူစွန်းရှစ်သည် အမှန်ကယ်လည်း အနောက်ဘက်ကုန်းမြေ၏ နံပါတ် ၁ ကျင့်ကြံသူ ဖြစ်ရန် သင့်တော်သည်ဟု ဟန်မူယဲ့ ခံစားရသည်။

တခြားတစ်ဘက်တွင် ဖုန်းဟန်ရှောင်၏မျက်လုံးများက အေးစက်သွားသည်။ သူသည် တိုက်ခိုက်ရန် စွမ်းအားများ စတင်စုစည်းနေ၏။

ထူစွန်းရှစ်ထံမှလည်း ဓားစွမ်းအားများ ကြွတက်လာသည်။

ဖုန်းဟန်ရှောင်သည် ဝိညာဉ်သူငယ် တတိယအဆင့်တွင် ဖြစ်ကာ အနောက်ဘက်ကုန်းမြေ၏ အသန်မာဆုံးဖြစ်သော လင်တောက်ဂိုဏ်းမှ တာအိုဆရာဝမ့်ဟွာနှင့် အဆင့်အတူတူဖြစ်သည်။

ဖုန်းဟန်ရှောင်နှင့် ရင်ဆိုင်ရာတွင် ထူစွန်းရှစ်အနေဖြင့် အစွမ်းကုန်တိုက်ခိုက်ရန် လို၏။

“ထူစွန်းရှစ်… ငါက မင်းကို သတ်ဖို့ မပြင်ဆင်လာဘူးလို့ ထင်နေတာလား”

ထိုအခိုက်တွင် ဖုန်းဟန်ရှောင်က ရုတ်တရက် ပြောသည်။

All Chapters