← Chapters

မင်း ဘာကို စွန့်လွှတ်မှာလဲ

Vol. 82 Ch. 1133

မင်း ဘာကို စွန့်လွှတ်မှာလဲ

Vol. 82 Ch. 1133

ရွှယ့်အာမှာ ရူးတော့မတတ် ဖြစ်နေသည်။ သူမမှာ မန်ဟို စိတ်ကွက်အောင် ဘာလုပ်ခဲ့မိသည်လဲ မသိတော့ပေ။ သူမ လုပ်ခဲ့သမျှမှာလည်း တိတ်တိတ်လေး နောက်ယောင်ခံလိုက်နေခဲ့ရုံသာ ဖြစ်ပြီး ဒုက္ခပေးလိုစိတ်လည်း အလျဉ်းမရှိခဲ့။

ထိုမျှသာမက သူမသည် သူမနှင့် ကျားကစားဖို့အတွက်လေးနှင့် သူ့ကို အံ့ဖွယ်ဆေးလုံးတစ်လုံးပင် ပေးခဲ့သေး၏။ ထိုအရာများမှာ အက်ရှလွန်မျိုးဆက်အားလုံးကို လိုက်ရှာ၍ အကူအညီပေးရမည့် လူကို ရှာတွေ့အောင် သူမဆရာ ညွှန်ကြားခဲ့သောအရာများဖြစ်သည်။

ကျန်အက်ရှလွန်အားလုံးကို အလွယ်တကူ ဖျောင်းဖျ၍ရခဲ့သော်လည်း မန်ဟိုတစ်ယောက်တည်းသာ ဂဏန်းလို ကန့်လန့်တိုက်နေသည်။

သူ ထွက်သွားသည်ကို မြင်လျှင် ရွှယ့်အာက အံတင်းတင်းကြိတ်လိုက်သည်။

“ကျွန်မက ကျားကစားချင်ရုံသက်သက်ပါ” သူမက အော်ပြောသည်။ “ဘယ်သူ ရှုံးရှုံး၊ ဘယ်သူနိုင်နိုင် ကျွန်မ ရှင့်ကို ကံကြမ္မာကောင်းပေးမယ်။ ပြည်ထောင်သုံးရဲ့ ဝတ်ရုံနက်လူတွေလက်ကနေ လွတ်အောင် ကူညီပေးနိုင်မယ့် အရာပေါ့

“ရှင် ဒီအန္တရာယ်ထဲကနေ လွတ်မြောက်အောင် ကျွန်မ ကူညီပေးနိုင်တယ်” ရွှယ်အာသည် နှုတ်ခမ်းလေးကို ဖိကိုက်လိုက်၏။ ဤသည်မှာ အက်ရှလွန်ကျင့်ကြံသူတစ်ယောက်ကို အပေးအယူဖြင့် ကမ်းလှမ်း၍ ပထမဆုံးအကြိမ် ဆက်ဆံရခြင်းဖြစ်လေသည်။

မန်ဟိုက ရပ်၍ ရွှယ့်အာကို ပြန်ကြည့်သည်။ တာအိုကောင်းကင် ဤမိန်းကလေးကို အလွန်အရေးထားလျှင် သူမနှင့်ပတ်သက်၍ တစ်ခုခုက ထူးခြားမည်ဖြစ်ကြောင်း သူ သိသည်။ ထိုမျှသာမက စောစောက သူမပြောခဲ့သမျှအရာအားလုံးအရ သူမသည် အက်ရှလွန်အတွက် အမှန်ပင် အရေးပါကြောင်း သူ ပြောနိုင်သည်။

“မင်းရဲ့စွဲလမ်းမှုက နက်ရှိုင်းလွန်းတယ်” သူက ဖတ်ရခက်သည့်အပြင် လေးနက်နေသော မျက်နှာထားဖြင့် အေးဆေးတည်ငြိမ်စွာ ပြောသည်။

သူ့စကားလုံးများက ရွှယ့်အာကို တုန်ရီသွားစေသည်။ ထို့နောက် သူက ကျောနောက်လက်ပစ်၍ ပေါ့ပါးသောလေသံဖြင့် စကားစပြောသည်။ သူ့အတွက် ဤသည်မှာ စကားစစ်ထိုးပွဲနှင့်တူပြီး သူ တစ်ခါမှ မရှုံးခဲ့ဖူးသော ဆေးဝါးတာအိုစကားစစ်ထိုးပွဲများကို ပြန်ရောက်သွားသလို ခံစားလိုက်ရစေ၏။

“စွဲလမ်းမှုဆိုတဲ့ စကားလုံးကို စာလုံးနှစ်လုံးနဲ့ ဖွဲ့စည်းထားတယ်။ တစ်လုံးက အတွေးတွေနဲ့ သက်ဆိုင်ပြီး တစ်လုံးကတော့ အပြုအမူတွေနဲ့ ပတ်သက်တယ်။ မင်းအတွေးတွေကို ကစားပွဲက စိုးမိုးထားပြီး မင်းအပြုအမူတွေက ကစားခုံနဲ့ပဲ ပတ်သက်နေရင်... မင်းက အက်ရှလွန်ကျင့်ကြံသူတွေကို ရှာတာမဟုတ်ဘဲ ကစားစရာနယ်ရုပ်တွေကို ရှာနေရုံသက်သက်ပဲ ဖြစ်မနေဘူးလား

“ကျားကစားတယ်ဆိုတာ မင်းအတွက် ဆုံးဖြတ်ချက်နိုင်စေတဲ့ နည်းလမ်းတစ်ခုလေးပဲမလား။ ဒါပေမဲ့ ဆုံးဖြတ်ချက်တွေကို ... နည်းလမ်းပေါင်းများစွာနဲ့ ချလို့ရတယ်။ ဒါတောင် မင်းက ဒီနည်းလမ်းတစ်ခုတည်းမှာပဲ စွဲလမ်းနေတဲ့ပုံပေါ်တယ်။ မင်းဟာ ကစားဖို့ လူရှာနေတာလို့ ပြောမယ့်အစား .... မင်းကိုယ်တိုင်က ကစားပွဲထဲမှာ ပိတ်မိနေတာလို့ ပြောရင် ပိုမှန်လိမ့်မယ်

“ကိစ္စဝိစ္စတွေကို အစီအစဉ်ချတဲ့နေရာမှ ကျားကစားတာတစ်ခုနဲ့ မလုံလောက်ပေမယ့် မင်းက အဲဒါကပဲ မိုးကောင်းကင်နဲ့မြေကြီးဖြစ်နေတဲ့အတိုင်း အဲဒီထဲမှာ နစ်မြောနေတယ်။ မင်းဟာ ကစားပွဲထဲမှာ ပိတ်မိနေတဲ့အတွက် မင်းလမ်းဟာ ပိတ်ဆို့ခံထားရပြီး မင်းတာအိုဟာလည်း ကန့်သတ်ခံထားရတယ်။ ကျားကစားတာဟာ ... မင်းကောင်းကျိုးအတွက်၊ ငါ့အတွက် မဟုတ်ဘူး”

ရွှယ့်အာမှာ တုန်ရီသွားပြီး သူမ၏မျက်နှာအမူအရာအရ ဉာဏ်အလင်းပွင့်နေပုံရသည်။ အတန်ကြာသော် သူမသည် အသက်ပြင်းပြင်း ရှူသွင်းရင်း လက်နှစ်ဖက်ယှက်၍ မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေးလိုက်၏။

“တစ်ခုတည်းကိုပဲ စွဲလမ်းနေခဲ့မိတာ ကျွန်မအမှားပါ” သူမက ပြောသည်။ “ရှင် ဘာကြောင့် ကျွန်မနဲ့ ကျားမကစားချင်တာကိုလည်း နားလည်ပါပြီ အစ်ကိုမန်။ ကိုယ့်ကိုယ်ကို ကျားကစားတာမှာ စိတ်ရောကိုယ်ပါ နှစ်လိုက်ရင် အဲ့ကစားနည်းထဲမှာ ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားပြီး အဲ့ကမ္ဘာထဲ ကျရောက်သွားလိမ့်မယ်

“ဒါကြောင့် ရှင်က ကျားရုပ်တစ်ရုပ်ကိုပဲ ကစားပြီး လှည့်ထွက်သွားခဲ့တာပဲ။ တောင်တန်းတွေ မယိုင်လဲဘဲ၊ ရေတွေ မနောက်ကျဘဲ ဆက်ရှိနေအောင် မိုးနဲ့မြေမှာ အတွေးတစ်စ ချန်ခဲ့သလိုပေါ့။ ရှင်ဟာ ဘာလှိုင်းဂယက်တွေမှ မချန်ခဲ့ဘဲ အပြင်ကနေ .... ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပွားမှာကို စောင့်ကြည့်လေ့လာဖို့ပဲ ရွေးချယ်ခဲ့တယ်....” နောက်ဆုံးတွင် သူမအသံ ရပ်တန့်သွားပြီး သူမသည် လက်နှစ်ဖက်ယှက်၍ မန်ဟို့ကို နောက်တစ်ကြိမ် လေးလေးနက်နက် အရိုအသေပေးလိုက်ပြန်၏။

“ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုမန်” သူမအမူအရာမှာ အလျှင်းရိုးသားနေပြီး အမှန်တွင် သူမအရှိန်အဝါမှာ ယခင်ထက်ပင်ပို၍ ထူးခြားသွားဟန်တူသည်။ သူမကား အမှန်တကယ် ဉာဏ်အလင်းပွင့်သွားသည့်အလား၊ ဘဝနှင့်ပတ်သက်၍ ပိုမိုနားလည်သွားသည့်အလားပင်။ ကြည့်ရသရွေ့ သူမကျင့်ကြံခြင်းအခြေခံပင် တိုးတက်သွားပုံရသည်။

မန်ဟိုမှာ မှင်သက်သွားသော်လည်း ကပျာကယာပင် တည်ငြိမ်အေးဆေးသောပုံစံ ပြန်ဖမ်းလိုက်သည်။ သူက အသာအယာပြုံးလိုက်ပြီး ချီးကျူးနေသောအမူအရာအား သူ့မျက်ဝန်းများတွင် မြင်ရနိုင်သည်။

တကယ်တော့ သူ့မှာ ရွှယ်အာ့တွင် ပြောင်းလဲမှုများ ယခုလေးတင် ဖြစ်ပွားခဲ့သည်ကို ကြည့်ရင်း အံ့ဩနေခြင်းဖြစ်သည်။ သူ စောစောက စကားလေးကြီးကြီးကျယ်ကျယ် ပြောခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အမှန်တကယ် ကျားမကစားတတ်၍ပင်။ သူ့စကားလုံးများက ရွှယ့်အာအပေါ် ထိုကဲ့သို့ သက်ရောက်မှုရှိလိမ့်မည်ဟု သူ မည်ကဲ့သို့ ထင်ထားခဲ့မည်နည်း။

“အစ်ကိုမန်၊ ဒီကစားပွဲမှာ ဘယ်သူ ရှုံးရှုံးနိုင်နိုင် အရေးမကြီးတာ ကျွန်မ နားလည်သွားပါပြီ။ ဒါပေမဲ့ ဆရာ့ရဲ့စည်းကမ်းတွေက တင်းကြပ်လို့ပါ။ အစ်ကိုမန် ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ” ရွှယ့်အာ၏အမူအရာသည် အလွန်ရိုးသားနေပြီး စောစောက မောက်မာမှုအားလုံးလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ သူ့စကားများက တာအိုဖြစ်သည့်အလား သူမက သူ့ကို အလွန်လေးလေးစားစား ကြည့်နေသယောင်ပင်။

မန်ဟို့မှာ စိတ်ထဲတွင် ညည်းညူနေပြီး ဘာဆက်လုပ်ရမလဲ မသိတော့ပေ။ သို့သော် သူ၏ချီးကျူးနေသောအမူအရာကတော့ ပို၍လေးနက်သွားသည်။ အတွေးများ သူ့ခေါင်းထဲ အပြေးအလွှားဖြတ်ပြေးနေစဉ် သူက ကျားခုံကို ငုံ့ကြည့်၍ ခပ်ရေးရေး ပြုံးလိုက်၏။

“မင်း တကယ်ပဲ နားလည်ရဲ့လား” သူက ရုတ်တရက် ကျုံးဝူရ ပြောခဲ့သော ဟန်ပန်အတိုင်း တုပပြီး အလွန်ရှေးကျသောလေသံဖြင့် ပြောလိုက်သည်။ “မင်း သိလား စောစောကတင် တာအိုက ဘာလဲလို့ လူတစ်ယောက် ငါ့ကို မေးခဲ့တယ်

“ငါ့အဖြေက တာအိုဆိုတာ ငါတို့နှလုံးသားထဲက အတွေးတွေနဲ့ ဆက်စပ်နေတယ်ဆိုတာပဲ။ မင်း အတွေးတွေကို ဘယ်အရာအပေါ်မှာ စူးစိုက်စူးစိုက် အဲ့ဒါက မင်းရဲ့တာအို။ တာအိုဟာ ပုံသဏ္ဌာန်ကင်းမဲ့ပြီး ထိတွေ့ကိုင်တွယ်လို့ မရဘူး။ ဘဝလိုပဲ တွေးခေါ်စဉ်းစားကြည့်နိုင်တယ်”

ရွှယ့်အာမှာ မျက်မှောင်ကြုတ်သွားသည်။ ဤတစ်ခေါက်တွင် သူ ဘာကို ဆိုလိုသလဲ သူမ နားမလည်ပေ။

“ဘဝတဲ့လား” သူမက မေးသည်။

မန်ဟိုက ပြန်မဖြေ။ ထိုအစား သွေးခွေးကြီးဘက် လှည့်၍ ၎င်း၏အမွှေးများကို ကြင်ကြင်နာနာ ပွတ်သပ်ပေးလိုက်သည်။ ၎င်း၏ခက်ထန်သောမျက်လုံးများသည် နူးညံ့သွားပြီး ၎င်းက သူ့ကို လျှာဖြင့် ယှက်လေ၏။

ပထမတော့ မန်ဟိုမှာ ရွှယ့်အာကို မလိမ့်တပတ်နှပ်ချရန်သာ ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့စကားဝိုင်းက သူ့ကို အင်မော်တယ်ကျောက်စိမ်းမိုင်းထဲရှိ ကျင့်ကြံသူအကြောင်း တွေးလိုက်မိစေသည်။ ထို့နောက် ပြည်ထောင်သုံးထဲက ဝတ်ရုံနက်လူများကိုလည်း တွေးမိသည်။ သူ အများကြီး တွေးလိုက်မိ၏။

“ကြည့် ဒါက ငါ ခွေးပေါက်လေးကတည်းက မွေးလာခဲ့တဲ့ ငါ့ရဲ့သွေးခွေးကြီးပဲ

“ဒီကောင်ကြီးကို ဘာကျင့်ဝတ် ဘာစည်းကမ်းကမှ မချုပ်ချယ်ထားဘူး။ သူ့ကို လမ်းပြပေးတဲ့ စိတ်ဆန္ဒတွေပဲ ရှိတယ်။ သူ့ရဲ့ တစ်ယောက်တည်းသော မိသားစုဖြစ်တဲ့ ငါကလွဲလို့ သူ့မှာ အလိုအလျောက်တုံ့ပြန်မှုပဲ ရှိတယ်။ သတ်ဖြတ်တဲ့အခါမှာတောင် သူဟာ အကောင်းအဆိုးမပိုင်းခြားနိုင်ဘူး

“လေဟုန်ခွင်းလောကလည်း အဲဒီလိုပဲ။ ဧည့်သည့်ကျင့်ကြံသူတွေဟာ ဒီနေရာမှာ ထာဝရနစ်မြောသွားကြပြီး အလိုအလျောက် တုံ့ပြန်မှုကြောင့်ပဲ လုပ်နိုင်တော့တဲ့အဆင့်အထိ ရောက်သွားကြတယ်

“အဲဒါက လွတ်လပ်တယ် အမှီအခိုကင်းတယ်လို့ အကြမ်းသဘောပြောလို့ရတာပေါ့။ သူတို့နေနေတဲ့ ဘဝက အဲဒီလိုဘဝပဲ

“ဘဝမှာ မတူညီတဲ့အဆင့်တွေ ရှိတယ်လို့ မင်း အဓိပ္ပါယ်ဖွင့်ရင် အဲဒါက .... ပထမအဆင့် သဘာဝအဆင့် ဖြစ်လိမ့်မယ်” ရုတ်တရက် သူ့စိတ်ကား ပို၍မြင့်မားသောအဆင့်သို့ တက်သွားသည့်အလား၊ စိတ်နယ်ပယ်အဆင့်တစ်ခုသို့ ရောက်သွားသည့်အလားဖြစ်ရာ သူ့မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပလာတော့သည်။

ရွှယ်အာသည် အတွေးများဖြင့် ရပ်နေ၏။

“သူတို့ကို စဉ်းစားကြည့်” သူက မလှမ်းမကမ်းရှိ တပ်သားများနှင့် တောင်ပင်လယ်လောကမှ ကျင့်ကြံသူများကို လက်ညှိုးထိုးရင်း ပြောသည်။ “အခု မင်းကိုယ်မင်း စဉ်းစားကြည့်

“မင်းမှာ ထူးခြားတဲ့အဆင့်အတန်းတစ်ခု ရှိတယ်။ မင်းက အင်မော်တယ်ရှေးဟောင်းရဲ့ ဆက်ခံသူ။ မင်းဟာ ပင်ကိုယ်ကတည်းက သူမတူတဲ့အဆင့်အတန်း၊ ရာထူး၊ ထူးချွန်ပြောင်မြောက်တဲ့ စွမ်းအား၊ လုပ်ပိုင်ခွင့်အာဏာတွေနဲ့ သူများထက် သာနေပြီ။ ဒါပေမဲ့ အဲဒီတပ်သားတွေနဲ့ ကျင့်ကြံသူတွေကရော။ သူတို့မှာလည်း အဲဒီလိုအရာတွေ ရှိကြတယ်။ အားကြီးသူတွေမှာ စွမ်းအားအာဏာရှိသလို ... အားနည်းသူတွေမှာလည်း ဉာဏ်နီဉာဏ်နက်တွေ ရှိကြတယ်

“လူသားတွေကြားမှာတော့ ငါတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ပြိုင်ကြတယ်။ ဘယ်သူ့မှာ အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံရှိလဲ၊ ဘယ်သူက ပိုချမ်းသာလဲ၊ ဘယ်သူက အဆင့်အတန်းပိုမြင့်လဲ၊ ဘယ်သူက ရာထူးပိုကြီးလဲ၊ ဘယ်သူက အာဏာအရှိဆုံးလဲ၊ ဘယ်သူက မိသားစုနောက်ခံအတောင့်ဆုံးလဲ၊ ဘယ်သူက ဉာဏ်အကောင်းဆုံးလဲ၊ ဘယ်သူက အသန်မာဆုံးလဲ

“အားနည်းချက်တွေနဲ့ အားနည်းသူ၊ အားသာချက်တွေနဲ့ အားကြီးသူတွေ၊ လူအကုန်လုံးဟာ သူတို့ကိုယ်သူတို့ အခြားတစ်ယောက်နဲ့ အမြဲပြိုင်ကြတယ်။ အဲဒီလိုယှဉ်ပြိုင်မှုတွေကြောင့် လူတွေဟာ သူတို့မှာ မရှိတဲ့အရာတွေကို တပ်မက်လာကြပြီး ရှိနေတဲ့အရာတွေကိုတော့ ပိုလို့တောင် မဆုံးရှုံးချင်ကြဘူး

“အဲဒါက ဘဝအမျိုးအစားနောက်တစ်ခု ဖြစ်ပြီး လူအများစု နေထိုင်ကြတဲ့ ဘဝမျိုးပဲ။ အဲဒီလို ဘဝမျိုးကို ဒုတိယအဆင့် လက်တွေ့အဆင့်လို့ ငါ ခေါ်တယ်

“မင်းက အဲဒီအဆင့်မှာဖြစ်သလို၊ ငါလည်းပဲ အဲဒီအဆင့်မှာ” စကားပြောပြီးသည့်အချိန်တွင် မန်ဟို့အသံသည် နူးညံပျော့ပျောင်းနေ၏။ သူက ခေါင်းတခါခါနှင့် သက်ပြင်းချလိုက်သည်။

ရွှယ့်အာမှာ တုန်ရီနေပြီး သူမမျက်လုံးများကို သူ့ထံမှ မခွာနိုင်ပေ။ သူ ပြောခဲ့သော စကားလုံးများက သူမစိတ်ထဲတွင် မိုးခြိမ်းသံများသဖွယ် ပဲ့တင်ထပ်နေရာ သူမအသက်ရှူသံအား ပို၍မြန်လာစေတော့သည်။

သူသည် သူ မြင်တွေ့လုပ်ဆောင်ခဲ့သော အရာများကို စဉ်းစားဆင်ခြင်ရင်း နှလုံးသားထဲမှ စကားပြောနေခြင်းဖြစ်ကြောင်း သူမ နားလည်၏။ မန်ဟိုမှာ အလိုရမ္မက်များထဲ နစ်မြောသွားခဲ့သော ကျင့်ကြံသူများကို မြင်ပြီးနောက်မှ ပထမအဆင့်ကို တွေးမိခဲ့မိခြင်းဖြစ်သည်။ သူမလည်း လေဟုန်ခွင်းလောကတွင် ရှိနေစဉ် ထိုကဲ့သို့ နစ်မြောသွားသောကျင့်ကြံသူများကို မြင်ခဲ့ရသည်။

သူမအမြင်အရ ဒုတိယအဆင့်နှင့်ပတ်သက်သည့် သူ၏အယူအဆမှာ အက်ရှလွန်များ၏ ရုန်းကန်ရမှုများနှင့် အက်ရှလွန်ကျင့်ကြံသူများ တစ်ယောက်နှင့်တစ်ယောက် အမြဲပြိုင်ဆိုင်နေခြင်းကြောင့် ပေါ်ပေါက်လာခြင်းဖြစ်မည်။ ၎င်းက သူမစကားများနှင့် ခွန်အားကို တုံ့ပြန်မှုလည်း ဖြစ်ပေသည်။

“ဒါဆို ... တတိယအဆင့် ရှိသေးလား” သူမက ခပ်တိုးတိုး မေးသည်။

“ရှိတာပေါ့” မန်ဟိုက ပို၍ပင် ရှေးဆန်နေသော အမူအရာ၊ ပို၍ပင် လျှို့ဝှက်ဆန်းကြယ်နေသောအငွေ့အသက်များဖြင့် သူမကို လှမ်းကြည့်သည်။ သူ့မျက်လုံးများသည် လမိုက်ည၏ အမြွှာမီးအိမ်များသဖွယ် လင်းလက်တောက်ပနေ၏။

“တတိယအဆင့်က ... မင်း တစ်ခုခုကို ထားရစ်ခဲ့ရတဲ့ အချိန်ပဲ” သူက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။

ရွှယ့်အာမှာ အံ့ဩမှင်သက်လျက် မလှုပ်မယှက် ရပ်နေသည်။

“အဲဒီတစ်ခုခုကို မင်း စွန့်လွှတ်နိုင်ပြီလား” သူက ခေါင်းကို ဖြည်းဖြည်းချင်း ခါရမ်းရင်း မေးသည်။ “လက်လွှတ်ရမှာကို လက်ခံနိုင်လား၊ ထားရော ထားရစ်နိုင်ခဲ့ရဲ့လား

“တတိယအဆင့်က စွန့်လွှတ်ရတဲ့အဆင့်ပဲ။ မင်းမှာ တစ်ခုခု ရှိရင် စွန့်လွှတ်ရလိမ့်မယ် ဒါမှမဟုတ် မေ့ထားလိုက်တာလို့ ... ပြောနိုင်တယ်

“အကုန်လုံး မေ့ထားလိုက်ရင် မင်း ဗလာကျင်းသွားလိမ့်မယ် ... အဲဒီအချိန်ကျရင်တော့ နောက်ဆုံး ... တာအိုဆိုတာ ဘာလဲ မင်း ရှင်းပြနိုင်ပြီ” သူက အသက်ပြင်းပြင်းရှူ၍ သူ့ကို ကြောင်အစွာ ကြည့်နေသော ရွှယ့်အာကို ကြည့်လိုက်သည်။ ရုတ်တရက် သူ့အသံက ဆူပူနေသည့်အလား ကျယ်လောင်လာ၏။ “သဘောမပေါက်ဘူးလား

“ကျားခုံကိုပဲ စဉ်းစားကြည့်။ အဲဒါက ဘာလဲ။ ကျားခုံက မင်းရဲ့ကမ္ဘာကြီး၊ မင်းနှလုံးသားထဲမှာ အဲ့ဒါက မင်းရဲ့အရာရာတိုင်းပဲ။ ကျားခုံရဲ့ အနားသတ်တွေ၊ ကန့်သတ်ချက်တွေက မင်း ခြေထောက်အောက်မှာ ကိုင်တွယ်ပြသလို့မရတဲ့ ဧရိယာတစ်ခုကို ဖန်တီးလိုက်ကြတယ်။ မင်း ထွက်သွားလို့မရတဲ့ မင်းနှလုံးသားထဲက ဧရိယာတစ်ခုပေါ့

“မင်း အဲဒါက မစွန့်လွှတ်နိုင်ရင် ဒုတိယအဆင့်မှာ တစ်သက်လုံး နေနေရလိမ့်မယ်၊ ထာဝရတစ်လျှောက်လုံး ... တာအိုဆိုတာ ဘာလဲ မင်းရှင်းပြနိုင်မှာ မဟုတ်တော့ဘူး” သူ့အသံတွင် ရွှယ့်အာကို တုန်ရီသွားစေသော ထူးခြားဆန်းကြယ်စွမ်းအားတစ်ရပ် ပါရှိနေသယောင်ပင်။ သူမအမူအရာသည် ဒွိဟဖြစ်နေဟန်ဖြစ်လာပြီး တခဏကြာသော် သူမက သူ့ကို လေးလေးနက်နက် ကြည့်ပြီး လက်ကို ဆန့်တန်း၍ ကျားခုံပေါ် တင်လိုက်၏။ ကျားခုံမှာ ခွမ်းခနဲ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့သည်။

သူမက မျက်လုံးများမှိတ်လိုက်ပြီး ရုတ်တရက် သက်တောင့်သက်သာ ဖြစ်သွားဟန်တူသည်။ သူမ မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ သူမနှုတ်ဖျားမှ မေးခွန်းထွက်လာသည်။ “အဲဒီတတိယအဆင့်ရဲ့ နာမည်က ဘာလဲ”

မန်ဟို့နှုတ်ခမ်းက အသံမထွက်ဘဲ လှုပ်သွားပြီးနောက် တည်ငြိမ်စွာ ပြောသည်။ “ငါ အဲဒီအဆင့်ကို ... တာအိုလို့ ခေါ်တယ်”

“တာအို .... “ တခဏတွေးပြီးသော် သူမသည် မန်ဟို့ကို မမေ့အောင် မှတ်သားနေသည့်အလား စိုက်ကြည့်လိုက်၏။ ထို့နောက် သူမက လက်ဝှေ့ယမ်းလိုက်ရာ ငါးရောင်ခြယ်အလင်းတန်းတစ်တန်းအား ပျံထွက်သွားစေသည်။

ထိုအလင်းတန်းထဲတွင် လင်းလက်တောက်ပနေသော ငါးရောင်ခြယ်သလင်းကျောက်တစ်ခု ရှိသည်။ ၎င်းကား လက်ဖျားခါလောက်အောင် အဖိုးတန်သော ရတနာတစ်ပါးအလားပင်။

တဖြတ်ဖြတ် လက်နေသော အလင်းရောင်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေတစ်ချက် တိုက်ခတ်သွားပြီး အရာအားလုံး စတင်တုန်ရီလာသည်။ ကမ္ဘာကြီးမှာ ပြိုကွဲသွားသည့်အလားပင်။ မန်ဟို့မျက်လုံးများ အလင်းရောင်အပေါ် ကျရောက်သွားသည်နှင့် သူ့နဖူးထက်ရှိ အက်ရှလွန်အမှတ်အသားသည် တောက်ပစပြုလာ၏။

သူသာ မဟုတ်။ တာအိုကောင်းကင်သည် လောလောဆယ်တွင် လေကို ခွင်းလျက် တဟုန်ထိုး သွားနေစဉ် ရုတ်တရက် တုံ့ခနဲ ရပ်လိုက်၏။ သူက ဗဟိုဝတ်ပြုကျောင်းရှိရာသို့ လှည့်ကြည့်ပြီးနောက် တခဏကြာသော် မယုံကြည်နိုင်ဖြစ်သွားမှု၊ အမျက်တချောင်းချောင်းထွက်သွားမှုက သူ့မျက်နှာပေါ်တွင် ထင်ဟပ်လာသည်။

“အက်ရှလွန်နှလုံးသား အပျက်မ” သူက ဟိန်းဟောက်လိုက်သည်။ “အက်ရှလွန်နှလုံးသားက ငါ့အပိုင်ဖြစ်သင့်တာ။ ဘယ်သူမှ အဲဒါကို ပိုင်ဆိုင်နိုင်တဲ့ အရည်အချင်းမရှိဘူး” သူက ဦးတည်ရာပြောင်းရင်း ဗဟိုဝတ်ပြုကျောင်းဒေသသို့ တရှိန်ထိုး သွားနေသည်။ အက်ရှလွန်နှလုံးသားသည် မန်ဟို့လက်ထဲ ရောက်တော့မည်ဖြစ်ပြီး သူ့အနေဖြင့် မန်ဟို့ကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိသော်လည်း သူ့အမျက်ဒေါသက သူ့ကို ဆင်ခြင်နိုင်စွမ်း ကင်းမဲ့သွားစေ၏။

လင်းချုံ၊ ဟန်ချင်းလဲ၊ ယွီဝမ်ကျန်းနှင့် လေဟုန်ခွင်းလောကရှိ ကျန်အက်ရှလွန်စာရင်းဝင်အားလုံးသည် သူတို့နဖူးပေါ်ရှိ အက်ရှလွန်အမှတ်အသားများ တောက်ပလာသည်ကို တွေ့လိုက်ကြရ၏။ ဗဟိုဝတ်ပြုကျောင်းဒေသမှ လာနေသော အက်ရှလွန်ခေါ်သံကိုလည်း ခံစားလိုက်ကြရလေသည်။

“အဲ့ဒါ အက်ရှလွန်နှလုံးသားပဲ။ မိန်းကလေးရွှယ့်အာ နောက်ဆုံးတော့ တာအိုကောင်းကင်ကို ရွေးချယ်လိုက်တာများလား”

“တာအိုကောင်းကင်ပဲ ဖြစ်ရမယ်။ သူက လေဟုန်ခွင်းလောကမှာ အများကြီးပိုပြီး အစွမ်းထက်လာတော့မှာပဲ”

လူတိုင်း တုန်လှုပ်နေကြသည်။ မန်ဟိုပင် ပါဝင်၏။ သူ့နဖူးပေါ်ရှိ အမှတ်အသားသည် တဖြတ်ဖြတ် လက်လာပြီး ငါးရောင်ခြယ်အလင်းကား သူ့ကို ခေါ်နေသည့်အလား ခံစားလိုက်ရ၏။ သူ့မှာ အသက်ပြင်းပြင်းရှူသွင်းလိုက်မိသည်။

“အဲ့ဒါ ဘာလဲ” သူက မေးသည်။

“အက်ရှလွန်နှလုံးသား။ အက်ရှလွန်မျိုးဆက်တိုင်းမှာ အင်မော်တယ်ရှေးဟောင်းရဲ့ အသိအမှတ်ပြုတာ ခံရတဲ့ စာရင်းဝင်တစ်ယောက် ရှိတယ်။ အဲဒီတစ်ယောက်ဟာ ... အက်ရှလွန်နှလုံးသားနဲ့ ချီးမြှင့်ခံရတယ်”

“ဆိုလိုတာက ငါ အသိအမှတ်ပြုခံလိုက်ရပြီပေါ့” သူက သူမကို လှမ်းကြည့်ရင်း မေးလိုက်သည်။

“ရှင်က ကျားကစားမတတ်ပေမယ့် ကျွန်မရဲ့ကျားခုံကို ဖျက်စီးစေနိုင်ခဲ့တယ်” သူမက အေးစက်စက် ပြန်ဖြေသည်။ “အက်ရှလွန်နှလုံးသားကို ရှင်ရသွားပေမယ့် ကျွန်မအကူအညီတော့ မရခဲ့ဘူး။ ရှင်ပြောခဲ့တဲ့ တတိယအဆင့်ကို ရောက်ခဲ့ရင်တော့ ကျွန်မကို လာရှာပါ” ထို့နောက် သူမက လက်ကို ခါရမ်းလိုက်ကာ ငါးရောင်ခြယ်အလင်းတန်းအား သူ့ထံ ထွက်သွားစေသည်။ သူသည် ၎င်းကို လှမ်း၍ဖမ်းသည့်အခါ စိတ်နှလုံးချာချာလည်သွား၏။ တစ်ချိန်တည်းမှာပင် သူ့နတ်ဘုရားအာရုံသည် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံရန် ပေါက်ကွဲထွက်သွားလေပြီ။

“ဒါကို ... ရှင်ပိုင်သွားပြီ” သူမက သူ့ကို လေးလေးနက်နက် နောက်တစ်ချက်ကြည့်ရင်း ပြောသည်။ ထို့နောက် လှည့်၍ အဝေးသို့ တဟုန်ထိုး ထွက်သွားလေတော့၏။

All Chapters