← Chapters

အမြုတေကို ဖောက်ခွဲခြင်း

Vol. 16 Ch. 212

အမြုတေကို ဖောက်ခွဲခြင်း

Vol. 16 Ch. 212

ကောင်းကင်ဘုံတစ်ဝက်အဆင့်၊ အနောက်ဘက်ကုန်းမြေ၏ နာမည်ကျော်ဓားသမားတစ်ဦးသည် ထိုသို့ သေဆုံးသွားရသည်။

ကောင်းကင်ဘုံအဆင့်တစ်ဝက်ကား ကောင်းကင်ဘုံအဆင့်တစ်ဦး၏တိုက်ခိုက်မှုတစ်ချက်ကိုပင် ခံနိုင်ရည် မရှိပါ။

ယန်တင်းရှန်သည် ဖုန်းဟန်ရှောင်၏တိုက်ခိုက်မှုအား အသေခံတားဆီးကာ ထူစွန်းရှစ်အား အချိန်အနည်းငယ်မျှ အသက်ရှုရှောင်သွားစေသည်။

ထိုအခိုက်တွင် ထူစွန်းရှစ်၏လက်ထဲမှ ဓားသည် ကောင်းကင်နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွား၏။ ဓားအလင်းသည် အေးစက်ထက်ရှသည်။ သူသာ နောက်မဆုတ်ပါက ဝိညာဉ်သူငယ် တတိယအဆင့်ရှိသော ဟူကျီးရှုအား ရင်ဆိုင်ရမည်။

“ဟူကျီးရှု… ဖုန်းဟန်ရှောင်… ဒီနေ့ ငါ မသေခဲ့ရင် တောင်ပိုင်းကို သွားပြီး မင်းတို့ ကျားနက်ကလန်နဲ့ ကျားသစ်နက်ကလန်ကို အမြစ်ဖြုတ်သုတ်သင်ပစ်မယ်”

ထူစွန်းရှစ်က အံကြိတ်ကာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် ဓားဆန္ဒသည် နဂါးအရိပ်အသွင်သို့ စုစည်းလာ၏။

ဝုန်း…

ဓားချက်သည် ဟူကျီးရှု၏နှင်တံနှင့် ထိတွေ့ကာ သူ့အား ခြေတစ်လှမ်း နောက်ဆုတ်သွားစေသည်။

ဝိညာဉ်သူငယ် ဒုတိယအဆင့်သည် ဝိညာဉ်သူငယ် တတိယအဆင့်အား နောက်ဆုတ်သွားစေခဲ့သည်။

ထိုဓားချက်က ဟူကျီးရှု၏မျက်နှာကို နက်မှောင်သွားစေကာ သူ့ခန္ဓာကိုယ်၌ မိစ္ဆာအငွေ့အသက်များ ပြင်းထန်စွာ ထကြွလာ၏။

ဖုန်းဟန်ရှောင်၏လက်ထဲမှ ဓားမော့သည် ယန်တင်းရှန်အား သတ်ဖြတ်ခဲ့သည်။

“ကျုပ်ဟာ လင်တောက်ဂိုဏ်းက ကျန်းဝမ်ယွင်ပါ။ အလင်းပြပေးပါ”

အသံတစ်သံ ထွက်ပေါ်လာသည်။

လင်တောက်တာအိုဂိုဏ်းမှ အကြီးအကဲ၊ ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျန်းဝမ်ယွင် ရှေ့ကို တက်လာသည်။ သူ၏လက်မှ ကျောက်စိမ်းယပ်တောင်သည် ဖုန်းဟန်ရှောင်၏ခေါင်းထံသို့ ပျံဝဲသွား၏။

“ဟင်း… ပုရွက်ဆိတ်… မင်း သေချင်နေတာပဲ”

ဖုန်းဟန်ရှောင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူ၏လက်မှ ဓားမော့သည် အနက်ရောင်အရိပ်အား သယ်ဆောင်ကာ ကျန်းဝမ်ယွင်၏ယပ်တောင်နှင့် ထိတွေ့သည်။

ချလပ်…

ယပ်တောင်မှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်။ ကျန်းဝမ်ယွင်၏ခန္ဓာကိုယ်သည် တုန်ခါသွားကာ ပေတစ်ထောင်ခန့်အဝေးသို့ လွင့်စင်သွား၏။ သူ့တကိုယ်လုံး တုန်ယင်နေပြီး ထိုခဏတွင် အစိတ်စိတ်အပိုင်းပိုင်း ပြိုပျက်သွားတော့သည်။

သူ့ခေါင်းနေရာမှ တောက်ပနေသော ရွှေအမြုတေတစ်လုံး ထွက်ပေါ်လာစဉ်မှာပင် ဖုန်းဟန်ရှောင်က ရယ်မောကာ လက်ဝှေ့ယမ်း ဆွဲငင်ယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

“ရှားပါးပစ္စည်းကောင်းပဲ… ဘယ်သူ သေချင်သေးလဲ”

ကျန်းဝမ်ယွမ်၏ အမြုတေကို စားသုံးပြီးနောက်တွင် ဖုန်းဟန်ရှောင်က တဟားဟား ရယ်မောလိုက်၏။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လုဟောင် သေဖို့ ရောက်လာတယ်”

အသံတစ်သံ ထွက်ပေါ်လာ၏။

“ယွမ်ထိုက်တာအိုဂိုဏ်းက ဟယ်ချန်း အသက်အသေခံနိုင်တယ်”

“ဖုန်းလင်ဓားဂိုဏ်းက ချန်ယွမ်ဟယ်…”

…

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက စွန်းမူ…”

အသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်များသည် လေထဲသို့ ခုန်တက်လာကြကာ ကောင်းကင်ဘုံမိစ္ဆာဖုန်းဟန်ရှောင်အား ပြေးဝင်တိုက်ခိုက်ကြ၏။

မကြာခင် အသတ်ခံရတော့မည့် ထိုလူများအား ကြည့်ကာ ဟန်မူယဲ့၏နောက်ကျောမှ ဓားများသည် အဆက်မပြတ် တုန်ခါလာကြသည်။

ဓားသမားတစ်ဦးအနေဖြင့် မည်သူက ထိုသို့သော တိုက်ပွဲတွင် သွေးမဆူဘဲ နေမည်နည်း။

သူက ဘေးမှ ဟွမ်လောင်လျှိုကို ကြည့်ကာ လေထဲသို့ ခုန်တက်လိုက်သည်။

သေဆုံးခြင်းက ထိုအချိန်တွင် သိပ်အရေးမပါတော့ပါ။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လီရှီးရှီးလည်း သေမှာ မကြောက်ဘူး”

လီသုံးအသံသည် ဟန်မူယဲ့၏နားထဲသို့ ဝင်လာသည်။

“ငါ့မှာ သေရည်အိုးတစ်ဝက်ရှိသေးတယ်… မင်း သောက်မလား”

လီသုံးက သေရည်အိုးကို ဟန်မူယဲ့ထံသို့ ပစ်ပေးလိုက်သည်။

ဟန်မူယဲ့က လက်ဆန့်ကာ သေရည်အိုးကို ဖမ်းယူလိုက်ပြီး တစ်ကျိုက်မော့သောက်လိုက်သည်။

မည်သည့်အရသာမှ မရှိပါ။

အိုးထဲတွင် ရေများသာ ရှိသည်။

ဟန်မူယဲ့က ရယ်မောလိုက်၏။ သူ့နောက်မှ ဓားနှစ်လက်သည် အဆက်မပြတ် တုန်ခါလာကြ၏။

ဓားဆန္ဒနှစ်ခုသည် ဓားခန္ဓာအဖြစ် ပေါင်းစပ်လာကာ ဓားအလင်းသည် ပေကတစ်ထောင်သို့အထိ ထိုးတက်သွားသည်။

သူ့ခေါင်းထက်တွင် ဓားဆန္ဒသည် ပေတစ်ထောင်ဓားအရိပ်အဖြစ် ဖွဲ့စည်း၏။

အံ့ဖွယ်နေမင်းနည်းစနစ်တွင် အပိုင်းသုံးပိုင်း ပါဝင်သည်။ ဓားစုစည်းစနစ်သည် အသက်ဝိညာဉ်ဖြစ်ကာ ဓားစစ်သည်စနစ်သည် ဓားခန္ဓာဖြစ်ပြီး ဓားပျိုးထောင်စနစ်သည် ဓားချီများ ဖြစ်သည်။

ထိုဂဏ္ဍသုံးခု ပေါင်းစပ်သွားသောအခါ သူ့ခန္ဓာကိုယ်ကို ဓားအဖြစ်သော်၎င်း၊ ဝိညာဉ်အား ဓားတစ်လက်အဖြစ်၎င်း၊ ဓားချီကိုလည်း ဓားတစ်လက်အဖြစ်၎င်း သုံးနိုင်ပေသည်။

ထိုအခိုက်တွင် ဟန်မူယဲ့သည် သူ၏ချီပင်လယ်မှ ဓားဆန္ဒ ကိုးဆယ်အား ဓားတစ်လက်အဖြစ် ပေါင်းစပ်လိုက်သည်။

ဓားသည် ဝိညာဉ်လိပ်ပြာဓားထက် ပို၍ ထက်ရှသေးသည်။

ဟန်မူယဲ့သည် ဓားအလင်းများပေါက်ကွဲရာနေရာသို့ ပျံသန်းသွားသည်။

ထိုနေရာတွင် မိစ္ဆာကြီး ဟူကျီးရှုနှင့် ထူစွန်းရှစ်တို့ တိုက်ခိုက်နေကြ၏။

“စီနီယာ… ကျုပ်တို့ ပူးပေါင်းကြဦးမလား”

ဟူကျီးရှုနှင့် တိုက်ခိုက်နေသော ထူစွန်းရှစ်သည် ပေတစ်ထောင်အဝေးသို့ နောက်ဆုတ်ကာ ဟန်မူယဲ့၏ခေါင်းထက်မှ ဓားအရိပ်အား ကြည့်သည်။ သူ့မျက်နှာတွင် နားမလည်မှုများ အံ့အားသင့်ဟန်များ ပေါ်လာ၏။

သည်ဓားအရိပ်သည် ဝိညာဉ်လိပ်ပြာဓားထက် စွမ်းအားမနိမ့်ပေ။

ဟန်မူယဲ့သည် ဝှက်ဖဲ မည်မျှ ရှိသနည်း။

“ကောင်းတယ်…”

“ဒီတစ်ခေါက် တစ်ယောက်တစ်ဝက်…”

“မဟုတ်ဘူး… ခြောက်ချိုး လေးချိုး… မင်း ခြောက်ချိုးယူ… ငါ ငါးချိုးယူမယ်”

ထူစွန်းရှစ်က ကျယ်လောင်စွာ ပြောသည်။ သူ၏ခေါင်းထက်မှ ဝိညာဉ်သူငယ်ဓားသည် ပေါက်ကွဲသွားကာ ဟန်မူယဲ့၏ခေါင်းထက်မှ ဓားဆန္ဒကို ဖမ်းယူပြီး အသက်သွင်းလိုက်သည်။

သူ၏လက်ထဲမှ အစိမ်းရောင်ဓား၏ အထောက်အပံ့ဖြင့် မူလက ဖိနှိပ်ခံနေရသော ဓားဆန္ဒသည် ဘန်းခနဲ မြည်ကာ မိုးယံထက်သို့ ထိုးတက်သွားသည်။

မရေမတွက်နိုင်သော ဓားများ တုန်ခါသွားကြကာ မြေပြင်တလျှောက် အဆက်မပြတ် ဆူညံသံများ ထွက်ပေါ်လာသည်။

ထူစွန်းရှစ်က သည်ဓားဆန္ဒမှာ ဝိညာဉ်လိပ်ပြာဓားထက် ပိုမိုစုစည်းကြောင်း ခံစားရ၏။

သည်ဓားက ဝိညာဉ်သူငယ်တတိယအဆင့်အား သတ်ဖြတ်နိုင်ပါမည်လား။

“ဖုန်းဟန်ရှောင်… ကောင်လေးကို သတ်…”

ဟူကျီးရှုက အဓိကအချက်ကို သဘောပေါက်ကာ အော်ဟစ်လိုက်သည်။

ထူစွန်းရှစ်သည် ကောင်းကင်ဘုံ ဒုတိယအဆင့်မှာ ရှိသည်။ သူ့တိုက်ခိုက်နိုင်စွမ်းသည် ကျင့်ကြံဆင့်ထက် ကျော်လွန်နေသောကြောင့် သိပ်မဆိုးဟု ဆိုရပေမည်။

သို့ပေမဲ့ ထူစွန်းရှစ်၏ကျင့်ကြံဆင့်က ဝိညာဉ်သူငယ်တတိယအဆင့်မှာ ရှိနေသော ဟူကျီးရှုကို ထိခိုက်အောင် မလုပ်နိုင်ပေ။

ဟန်မူယဲ့၏ဓားအကူအညီဖြင့် ထူစွန်းရှစ်က ဝိညာဉ်သူငယ်တတိယအဆင့်ကို သတ်နိုင်သော ခွန်အား ရှိလာခဲ့သည်။

အံ့ဖွယ်နေမင်းစနစ်ဖြင့် စုစည်းထားသော ဓားထဲတွင် ဓမ္မရတနာထက် သိပ်သည်းပြီး သွက်လက်သော စွမ်းအားများပါဝင်နေ၏။

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အမှန်တကယ်လည်း အစစ်အမှန် ဓမ္မရတနာများ ရှိနေမလား မပြောတတ်ပါ။

ဟူကျီးရှု၏ အော်သံကို ကြားလိုက်ရသောအခါတွင် ဖုန်းဟန်ရှောင်က လှုပ်ရှားလိုက်ပြီး လုဟောင်နှင့် တခြားလူများကို တိုက်ခိုက်လိုက်သည်။ ထို့နောက် ဓားမော့ဖြင့် ဟန်မူယဲ့ကို ခုတ်ချ၏။

“ငါ့ဂိုဏ်းတပည့်ကို သတ်ချင်ရင် မဟာအကြီးအကဲ ဖြစ်နေတဲ့ ငါ့ခွင့်ပြုချက်ကို တောင်းပြီးပြီလား”

လုဟောင်က အော်ဟစ်လိုက်ပြီး သူ့ခေါင်းထက်မှာရှိနေသော ရွှေအမြုတေ ခုန်ထွက်လာသည်။ ထို့နောက် ပေါက်ကွဲသွား၏။

ရွှေအမြုတေကို ကိုယ်တိုင်ဖျက်ဆီးခြင်း…။

ရွှေအမြုတေမှ ထွက်ပေါ်လာသော စွမ်းအားများကြောင့် တိမ်များ တလိမ့်လိမ့် လွင့်သွားသည်။ သူက စကားတစ်ခွန်းမှမပြောဘဲ ဟန်မူယဲ့ကို လှည့်ကြည့်သည်။ ထို့နောက် ဓားကိုကိုင်ပြီး ဖုန်းဟန်ရှောင်၏ဓားမော့နှင့် ရင်ဆိုင်လိုက်သည်။

ဘုန်း ....

ဖုန်းဟန်ရှောင်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ဓားမော့ကို လှည့်လျက် လုဟောင်ကြောင့် လွင့်လာသော တိမ်များကို ဖြိုခွဲလိုက်သည်။

အမြုတေဖွဲ့စည်းခြင်းအမြင့်ဆုံးအဆင့်၊ ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ရောက်နေသော ကျင့်ကြံသူလုဟောင်မှာလည်း ထိုဓားမော့ခုတ်ချက်အောက်၌ သေဆုံးသွားခဲ့သည်။

ဘုန်း ....

တစ်ဖက်တွင် ထူစွန်းရှစ်က ဓားဖြင့် ခုတ်ချလိုက်သည်။

ကျားနက်မိစ္ဆာဟူကျီးရှုက နှင်တံတစ်ချောင်းကို ကိုင်ထားပြီး ဓားအလင်းတန်းကို တားဆီးလိုက်သည်။

ဓားစွမ်းအင်ကြောင့် ဟူကျီးရှုမှာ ပေတစ်ထောင်အဝေးသို့ ဆုတ်ပေးလိုက်ရသည်။ ထူစွန်းရှစ်က ဓားကိုမြှောက်ပြီး နောက်တစ်ကြိမ်ခုတ်ချသည်။

ထိုနေရာတွင် ပိတ်ဆို့ထားသော လေများ တိုက်ခတ်လာပြန်သည်။

ဤတစ်ကြိမ်မှာတော့ ကျင့်ရှန်းဓားဂိုဏ်း၏မဟာအကြီးအကဲဖြစ်သူ ချန်ယွမ်ဟယ်သည် သူ့ရှေ့တွင် ရပ်နေ၏။

“ကောင်လေး… မသေစေနဲ့”

ချန်ယွမ်ဟယ်က ဟန်မူယဲ့ကိုပြောလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ရွှေအမြုတေကို ဖောက်ခွဲပစ်လိုက်သည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျင့်ကြံသူ…

မဟာရွှေအမြုတေအဆင့်ကျင့်ကြံသူ…

အားလုံးက ရွှေအမြုတေကို မဖောက်ခွဲခင်မှာ စကားတစ်ခွန်းသာ ပြောသွားကြသည်။

နှစ်ထောင်ချီကြာအောင် လေ့ကျင့်ခဲ့ခြင်းသည် တောက်ပသော ထိုမြင်ကွင်းတစ်ခုတည်း အတွက်ပေလော။

“ဒါက ထိုက်တန်ရဲ့လား ....”

နေရာမှာတင်ရပ်နေသော ဟန်မူယဲ့က ရေရွတ်လိုက်သည်။

“သူတို့က နင့်ကိုကယ်ဖို့ ကြိုးစားနေတယ်ထင်လို့လား”

ဟန်မူယဲ့၏ဘေးတွင် ကျောက်စိမ်းယပ်တောင်ကို ကိုင်ထားသော တည်ငြိမ်နေသည့် မိန်းကလေးက ဂရုမစိုက်စွာ ပြောသည်။

“သူတို့က ငါတို့ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ကာကွယ်နေတာ”

ရေခဲနတ်မယ်လော့ရှောင်ယွီ…။

သူမသည် လင်တောက်ဂိုဏ်းအကြီးအကဲ ကျန်းဝမ်ယွမ်၏ တပည့်ရင်းဖြစ်သည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းအုတ်မြစ်က နင်လည်းမဟုတ်ဘူး။ ငါလည်းမဟုတ်ဘူး။ စီနီယာ ထူစွန်းရှစ်လည်း မဟုတ်သလို အောက်မှာရှိနေတဲ့ ကျင့်ကြံသူ သန်းပေါင်းများစွာလည်း မဟုတ်ဘူး”

လော့ရှောင်ယွီ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်အလင်းများ ပေါ်ထွက်လာသည်။ သူမလက်ထဲတွင် ရှိနေသော ကျေက်စိမ်းယပ်တောင်သည် အေးစက်နေသောလေများကို ထုတ်ပေးနေသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ကျင့်ကြံခြင်းအုတ်မြစ်က တိုက်ခိုက်ရဲတဲ့သတ္တိနဲ့ သေရဲတဲ့သတ္တိပဲ”

သူမက စကားပြောပြီးသောအခါတွင် ရှေ့သို့တစ်လှမ်းတိုးလိုက်ကာ လက်ထဲ၌ ရေခဲစီးကြောင်းများကို ဆင့်ခေါ်လိုက်သည်။

ကံမကောင်းစွာဖြင့် သူမ၏တိုက်ခိုက်မှုက ဖုန်းဟန်ရှောင်ကို မထိခိုက်စေနိုင်ပေ။

ရေခဲစီးကြောင်းသည် ဖုန်းဟန်ရှောင်နှင့် ဆယ်ပေခန့်အကွာတွင် ပြိုကွဲသွားသည်။

ဝိညာဉ်သူငယ် တတိယအဆင့်သို့ရောက်နေသော မဟာမိစ္ဆာသည် အမှန်တကယ်သန်မာသည်။

လီသုံးသည် ဓားကိုင်လျှက် ဟန်မူယဲ့၏ဘေးမှာ တိတ်ဆိတ်စွာရပ်နေသည်။

အောက်တွင် မရေမတွက်နိုင်သောကျင့်ကြံသူများက ကြီးကျယ်မြင့်မြတ်သော ကျင့်ကြံသူများ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ခြင်းအား မော့ကြည့်နေကြသည်။

တောင်ပိုင်းကုန်းမြေ၏ မဟာမိစ္ဆာက ဟန်မူယဲ့ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်ကို သူတို့ ကြည့်နေကြသည်။

“သေစမ်း။ သူသေသွားရင် ငါက သွေးယဇ်ပူဇော်ခြင်းစွမ်းအားကို အသက်သွင်းလိုက်မယ်”

“ငါ ဒီကမ္ဘာကနေ ထွက်မသွားခင်မှာ သူသေတာကို မြင်ချင်တယ်”

ထန်ချီက အံတင်းတင်းကြိတ်ထားပြီး ကောင်းကင်ကို မော့ကြည့်သည်။ သူ့မျက်လုံးထဲတွင် ပျော်ရွှင်ခြင်းနဲ့ ရက်စက်ခြင်းများ ရှိနေသည်။

All Chapters