← Chapters

အက်ရှလွန်နှလုံးသား

Vol. 82 Ch. 1134

အက်ရှလွန်နှလုံးသား

Vol. 82 Ch. 1134

ရွှယ့်အာသည် ကျားခုံကို ဖျက်ဆီး၍ အက်ရှလွန်နှလုံးသားကို ပေးအပ်ပြီးနောက် မိုးကုတ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားတော့သည်။

မန်ဟိုမှာ အသက်ပြင်းပြင်းရှူလျက် ကျန်ရစ်ခဲ့၏။ အက်ရှလွန်နှလုံးသား၏ လှုံ့ဆော်မှုကြောင့် သူ၏ နတ်ဘုရားအာရုံမှာ အရပ်လေးမျက်နှာစလုံးတွင် လျင်မြန်စွာ ဆက်လက် ပျံ့နှံ့နေပြီး သူ၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် ‌တုန်ရီနေသည်။

"အက်ရှလွန်နှလုံးသား" သူက မျက်လုံးများ တောက်ပနေလျက် တွေးလိုက်သည်။ သူ၏ နတ်ဘုရားအာရုံသည် ဗဟို၀တ်ပြုကျောင်းဒေသကို လွှမ်းခြုံသွားပြီး ကိုးပြည်ထောင်တစ်၀န်းသို့ ဆက်လက်ဖြာထွက်သွား၏။

၎င်း ကျင့်ကြံသူများနှင့် တပ်သားများကို ဖြတ်ကျော်သွားလျှင် သူတို့သည် မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်ကုန်ကြ၏။ သူတို့အားလုံး ခေါင်းမော့ကြည့်လိုက်ရာ မိုးကောင်းကင်ကို ဖုံးလွှမ်းရန် မြန်ဆန်စွာ ပြန့်ကား‌လာနေသော တိမ်တိုက်အလိပ်လိပ်ကို မြင်လိုက်ရသည်။

မိုးကောင်းကင်မှာ စိုးမိုးခံနေရပြီး ကမ္ဘာမြေများ လွှမ်းခြုံခံနေရသည့်အလားပင်။ ၎င်းတို့အားလုံး၏ဗဟိုချက်ကတော့ မန်ဟိုဖြစ်သည်။ သေမျိုးများနှင့် တပ်သားများမှာ ၎င်းကို မမြင်ရသော်လည်း ကျင့်ကြံသူများ၊ အထူးသဖြင့် ဖန်းတုံးအာနှင့် အခြားသူများသည် မန်ဟို့၏ပတ်ပတ်လည်တွင် တဝုန်းဝုန်း သောင်းကျန်းနေသော လေပွေတစ်လုံးကို မြင်နေရ၏။

ထိုလေပွေက အရပ်လေးမျက်နှာတွင် ဖြာထွက်နေသော တိမ်တိုက်များနှင့် လေပြင်းများကို ဖြစ်ပွားနေစေသည့် အကြောင်းအရင်းဖြစ်သည်။

မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ "ဒီအရာရဲ့ တစ်ခုတည်းသော လုပ်ဆောင်မှုက ငါ့နတ်ဘုရားအာရုံကို အစွမ်းမြှင့်ပြီး အရပ်လေးမျက်နှာကို ပျံ့နှံ့စေရုံပဲလို့တော့ မပြောနဲ့နော်"

သူသည် ရွှယ့်အာကို အနိုင်ယူ၍ အက်ရှလွန်နှလုံးသားကို ရယူရန် ပရိယာယ်အနည်းငယ် သုံးခဲ့၏။ သို့သော် သူမ၏အကူအညီကို မရရှိခဲ့၍ ယခုတွင် အက်ရှလွန်နှလုံးသားကို သုံးပုံသုံးနည်းက သူ့အတွက် ပဟေဠိဆန်နေလေသည်။

"ဒါက အက်ရှလွန်ကျင့်ကြံသူတွေကို ပိုပြီး အစွမ်းထက်လာစေနိုင်တယ်ပေါ့လေ ဟမ်" သူ့မျက်လုံးများ လင်းလက်သွားပြီး သူက ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ တလက်လက် တောက်ပနေသော အက်ရှလွန်နှလုံးသားကို ညာလက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

၎င်းကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်သည့်အခါ အက်ရှလွန်နှလုံးသားက သူ့လက်ဖဝါးထဲသို့ ၀င်ရောက်သွားသဖြင့် သူ့စိတ်နှလုံးမှာ ချာချာလည်စပြုလာတော့သည်။ သူနှင့် တစ်သားတည်းဖြစ်သွားလျှင်ချင်း ၎င်းသည် သူ၏ ချီစီးဆင်းမှုလမ်းကြောင်းများ‌တစ်လျှောက် စီးဆင်းသွားသော အရှိန်အဝါငါးခုအသွင် ပြောင်းသွား၏။ အရှိန်အဝါငါးခုက သီးသန့်ဖြာထွက်ရင်း သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးတွင် နေရာယူလာသည်။ ထို့နောက် လေးခုသည် သူ့ကိုယ်ထဲတွင် စုခဲသွားသည့်အလား အစအနမကျန် ပျောက်ကွယ်သွား၏။ လိမ္မော်ရောင်အရှိန်အဝါသာလျှင် ကျန်ရစ်ခဲ့သည်။ ၎င်းက သူ့စိတ်ထဲသို့ စီးဆင်းလာပြီးနောက် ပေါက်ကွဲသွားတော့သည်။

ထိုပေါက်ကွဲမှုက သူ၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာစေသည်။ သူ့မှာ ညည်းညူလိုက်ရပြီး သူ၏ နတ်ဘုရားအာရုံကား လွန်ကြူးသောအဆင့်သို့ ရုတ်တရက် ထိုးတက်ကာ သူ့ပတ်ပတ်လည်တွင် အလိပ်လိပ် ထလာတော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ကိုးပြည်ထောင်ထဲရှိ အရာအားလုံးကို လွှမ်းခြုံသွား၏။ မကြာမီ မန်ဟို၏နတ်ဘုရားအာရုံက တောင်တန်း၊ မြစ်ချောင်း၊ အင်းအိုင်များကိုသာမက နိုင်ငံ့အရှိန်အဝါတောင်ကိုးလုံးကိုပင် လွှမ်းခြုံသွားခဲ့လေပြီ။ အချိန်တိုလေးအတွင်း လေဟုန်ခွင်းလောကတစ်ခုလုံးမှာ သူ၏နတ်ဘုရားအာရုံဖြင့် လွှမ်းမိုးခြင်းခံလိုက်ရတော့သည်။

သူသည် သက်ရှိသတ္တဝါ တစ်ကောင်မကျန်၊ ကျင့်ကြံသူတစ်ယောက်မကျန် မြင်နေရ၏။ ထူးဆန်းသော မျက်၀န်းများဖြင့် ကျုံးဝူရကိုလည်း မြင်ရသည်။ ကျုံးဝူရနောက်သို့ ၀တ်ရုံနက်ကျင့်ကြံသူတစ်စုက လိုက်နေကြသည်။

ပြည်ထောင်သုံး၏ နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် မျက်နှာပျက်နေသော  ဧကရာဇ်ကို မြင်လိုက်ရသည်။ လင်းချုံ၊ ဟန်ချင်းလဲ့နှင့် ယွီ၀မ်ကျန်းအပြင် သူ့ထံ ဒေါသတကြီးလာနေသော တာအိုကောင်းကင်ကိုလည်း မြင်လိုက်ရသည်။

အရာအားလုံးကို သူ့နတ်ဘုရားအာရုံဖြင့် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထို့နောက် သူ အသက်ပြင်းပြင်း ရှုနေစဉ် ၎င်းသည် အပြင်ဘက် ဟင်းလင်းပြင်အာကာသထဲသို့ ရောက်သည်အထိ ပျံ့နှံ့လာ၏။

ပိတ်ပိတ်ပိန်း မှောင်မိုက်နေသော အပြင်အာကာသထဲတွင် သူသည် အပေါ်သို့ တဟုန်ထိုး တက်နေသော လေဟုန်ခွင်းလောကတစ်ခုလုံးကို မြင်လိုက်ရ၏။

လေဟုန်ခွင်းလောကက အပေါ်သို့ ရွေလျားသွားနေပြီး မြင့်သထက် မြင့်နေလေပြီ။

မန်ဟိုမှာ အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ တိုက်ခိုက်နေကြသကဲ့သို့ တစ်ခုကိုတစ်ခု အဆက်မပြတ် ဝင်တိုက်နေကြသော အလင်းစက်နှစ်စက်ကို မြင်လိုက်ရသည်။ ထိုအလင်းစက်တစ်စက်ထဲတွင် အဖြူရောင်၀တ်ရုံနှင့် ပါရာဂွန်ပင်လယ်အိမ်မက်ရှိသည်။ သူမ တိုက်ခိုက်နေသောလူမှာတော့ သူ လေဟုန်ခွင်းလောကသို့ ရောက်ရောက်ချင်း နိုင်ငံ့အရှိန်အဝါတောင်ပေါ်သို့ ပထမဆုံး တက်ခဲ့စဉ်တုန်းက မြင်ခဲ့ရသော ရုပ်တုကြီးနှင့် ချွတ်စွပ်တူသည့် သက်လတ်ပိုင်းလူတစ်‌ယောက်ပင်။

သူတို့သည် စကားတစ်ခွန်းမပြောဘဲ ရှေ့တိုးနောက်ဆုတ်တိုက်ခိုက်နေကြသည့်တိုင် အပျက်အစီးများက သူတို့ကို ၀န်းရံနေလေသည်။

မန်ဟိုမှာ ပင့်သက်ရှိုက်မိလိုက်သည်။ သူသည် ကြောက်မက်ဖွယ်အန္တရာယ်အား ခံစားလိုက်ရ၍ သူ့နတ်ဘုရားအာရုံအား ထို့ထက်အဝေးသို့ မဖြန့်ကျက်၀ံ့တော့ပေ။ သူက ၎င်းကို လေဟုန်ခွင်းလောကထဲသို့ ပြန်လည်ရုတ်သိမ်းလိုက်သည်။

"ငါ ထင်ထားတဲ့အတိုင်းပဲ" သူက မျက်လုံးများ လင်းလက်နေလျက် တွေးလိုက်၏။ "လေဟုန်ခွင်းလောကမှာ ကပ်ဘေးကြီးတော့ ကျရောက်လာပြီ...

“ငါ့အနေနဲ့ ၀င်ပါချင်ရင်တောင်မှ ၀င်ပါလို့မရဘူး ..... အခု‌တော့ အက်ရှလွန်နှလုံးသားရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ငါ့ကို ပိုပြီးတော့ မြင်နိုင်အောင်၊ ငါ့ရဲ့နတ်ဘုရားအာရုံကို လေဟုန်ခွင်းလောကတစ်ခုလုံး လွှမ်းခြုံအောင် လုပ်ပေးဖို့ပဲ ထင်တယ်။ ဒါပေမယ့် ငါ့ကျင့်ကြံခြင်းအခြေခံကို ဘယ်လို ကူညီပေးမှာလဲ။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ဆင်းသွားသည်။ "အာ အဲ့ဒါက ဘာလဲ

"အသုံးမ၀င်ဘဲတော့ မနေဘူးပဲ။ လေဟုန်ခွင်းလောကတစ်ခုလုံးကို နတ်ဘုရားအာရုံနဲ့ လွှမ်းခြုံလိုက်တာက ငါ့ကို ဒီနေရာနဲ့ သဘာ၀နိယာမနဲ့ အနှစ်သာရတွေကို ဉာဏ်အလင်းရှာခွင့် ရသွားစေတယ်။ လောကတစ်ခုလုံးကို ခံစားနိုင်သွားပြီဖြစ်လို့ လောကစည်းတံဆိပ်တစ်ခုမှ မလိုတော့ဘူး။ သဘောတရားအရ ‌ပြောရရင် ငါ့အနေနဲ့ သဘာ၀နိယာမနဲ့ အနှစ်သာရတွေကို တိုက်ရိုက်ခံစားလို့ရသွားပြီ

"လိုအပ်တဲ့ လောကစည်းတံဆိပ်တွေ ငါ့မှာ မရှိရင်တောင်မှ အဲ့လိုလုပ်နိုင်သွားပြီ

"လောကစည်းတံဆိပ်တွေက တကယ်တမ်း လေဟုန်ခွင်း‌လောကရဲ့ သဘာ၀နိယာမနဲ့ အနှစ်သာရတွေပဲ မဟုတ်လား" သူက ပင့်သက်ရှိုက်ရင်း မျက်လုံးများ လင်းလက်နေသည်။ သူသည် သူ၏နတ်ဘုရားအာရုံကို စုစည်း၍ ချက်ချင်းပင် စတင် ဆင်ခြင်သုံးသပ်တော့သည်။

သူ့တွင် ပြည်ထောင်ကိုး၊ ပြည်ထောင်ရှစ်၊ ပြည်ထောင်ခုနစ်၊ ပြည်ထောင်ခြောက်နှင့် ပြည်ထောင်လေးတို့၏ လောကစည်းတံဆိပ်များမှ တည်‌‌ဆောက်ပေးထားသော အခြေခံအုတ်မြစ်ရှိထားပြီးလေပြီ။ ထို့ကြောင့် သူသည် သူ့အစီအစဉ်အတိုင်း နတ်ဘုရားအာရုံကို သုံး၍ စတင်ဆင်ခြင်သုံးသပ်တော့သည်။

တင်ပျဉ်ခွေထိုင်ပြီး စတင်ဆင်ခြင်သည်နှင့် ထစ်ချုန်းသံများ သူ့စိတ်ထဲတွင် ပြည့်နှက်‌သွားသည်။

ယခုတွင် သူကား လောကစည်းတံဆိပ်များ သူ့ကို ပေးစွမ်းနိုင်သည်ထက် သာလွန်များပြားသော သဘာ၀နိယာမနှင့် အနှစ်သာရများကို သိရှိသွားပြီဖြစ်သည်။ သူ ယခု ခံစားနေရသည့်အရာများအနက် တစ်၀က်ခန့်မှာ သူ လောကစည်းတံဆိပ်များမှ ဉာဏ်အလင်းရထားပြီးသား အရာများ ဖြစ်ကြသည်။ ယခုတွင် ၎င်းတို့အားလုံးကို လေ့လာသုံးသပ်နိုင်စွမ်း ရရှိသွားပြီဖြစ်၍ ဉာဏ်အလင်းများက သူ့ထံသို့ ပို၍လျင်မြန်စွာ ၀င်ရောက်လာတော့သည်။

"စုစုပေါင်း မဟာတာအို ၃၀၀၀ ရှိတယ်။ တာအို ၂၇၀ဝ က ပြည်ထောင်အသီးသီးမှာ တည်ရှိပြီး နောက်ဆုံး ၃၀၀ ကတော့ ဗဟို၀တ်ပြုကျောင်းထဲမှာ တည်ရှိတယ်။ ငါ မဟာတာအို ၃၀၀၀ လုံးကို ဉာဏ်အလင်းရရင် ငါ့ရဲ့ ဒုတိယနိဗ္ဗာနသစ်သီးကို စုပ်ယူပြီး လောကပါလအင်မော်တယ်စစ်စစ် ဖြစ်လာလိမ့်မယ်

"အဲ့ဒီအချိန်ကျရင် တာအိုကောင်းကင်က ငါ့အတွက် ပြိုင်ဘက်ဖြစ်တော့မှာ မဟုတ်ဘူး

"အဲ့ဒီအခိုက်အတန့်မှာ ငါဟာ လေဟုန်ခွင်းလောကမှာ အမှန်တကယ် ထွန်းတောက်ကျော်ကြားလာလိမ့်မယ်"

သူသည် သဘာ၀နိယာမများနှင့် အနှစ်သာရများစွာကို မြင်နေရပြီး ချက်ချင်းပင် ဉာဏ်အလင်းရနေတော့သည်။ ကြောက်ခမန်းလိလိအရှိန်အဝါက သူ့ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားကာ အချိန်နှင့်အမျှ အားကောင်းလာလေသည်။ တိမ်တိုက်များက ‌လေဟုန်ခွင်းလောကတစ်ခုလုံးကို လွှမ်းခြုံရန် ဖြာထွက်ရင်း ခေါင်းအထက်တွင် တလိပ်လိပ် ထနေသည်။

လူတိုင်းမှာ အံ့အားသင့်နေပြီး ‌တာအိုကောင်းကင်ပင်လျှင် မယုံကြည်နိုင်သော မျက်နှာထားဖြင့် လေလယ်တွင် တုံ့ခနဲ ရပ်လိုက်ရသည်။ သူက လှမ်း၍ အနီးနားရှိ တိမ်စတစ်ခုကို ဖမ်းဆုပ်ပြီး အနီးကပ် ကြည့်လိုက်သည့်အခါ မျက်နှာကြီး မည်းမှောင်သွားတော့သည်။

"ဒါက မန်ဟို့ရဲ့ အရှိန်အဝါပဲ"

ဝုန်း

အနှစ်သာရ ၁၃၀၀

မန်ဟို ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေစဉ် သူ့ဆံပင်များက လေထဲတွင် မျောလွင့်နေ၏။ သူ့အောက်ရှိ မြေကြီးသည်လည်း တသိမ့်သိမ့် တုန်ခါနေ၏။ ဤသည်မှာ လေဟုန်ခွင်းလောကတွင် သူ ရရှိခဲ့သမျှအထဲ အကောင်းဆုံးဖြစ်သည့် သူ၏ ကံကြမ္မာကောင်းဖြစ်သည်။

သူ နတ်ဘုရားအာရုံကို ဖြန့်ကျက်၍ သဘာနိယာမများနှင့် အနှစ်သာရများကို  ဆင်ခြင်သုံးသပ်‌နေသည်နှင့်အမျှ ဉာဏ်အလင်းရရှိနှုန်းသည် မြန်ဆန်လာတော့သည်။

သူက မျက်လုံးများ ပိတ်ထားလေရာ ထိုအတွင်း၌ ကိန်းအောင်းနေသော နိမိတ်အလင်းကို မည်သူမှ မမြင်ရပေ။ ယခုတွင် သူ၏ ဒဏ်ရာများကား အရေးမကြီးတော့။ သူ၏ဝိညာဉ်အငွေ့အသက်များက မြေပြင်များကို ဖုံးလွှမ်းရန် ‌သူ၏ နတ်ဘုရားအာရုံနှင့်အတူ ဖြာထွက်နေလေပြီ။

အနှစ်သာရ ၁၄၀၀

အနှစ်သာရ ၁၅၀၀

သူသည် ကံကြမ္မာကောင်းကို အမိအရ သိမ်းပိုက်ရင်း အရှိန်အဟုန်ပြင်းပြင်းဖြင့် ဉာဏ်အလင်းရနေ၏။ သူကား လောကစည်းတံဆိပ်များဖြင့် ကန့်သတ်ထားသော အကန့်အသတ်များကို ချိုးဖျက်၍ ... ဘယ်သူမှ မလျှောက်လှမ်းခဲ့ဖူးသည့် ဉာဏ်အလင်းလမ်းစဉ်ကို လျှောက်လှမ်းနေသည်။

သူ့အရှိန်အဝါကား ပို၍ကြီးကျယ်ခမ်းနားလာပြီး သူ၏ဉာဏ်အလင်းရရှိနှုန်းသည် မြန်ဆန်လာနေ၏။

အနှစ်သာရ ၁၆၀၀

အနှစ်သာရ ၁၇၀၀

လေပွေက သူ့ကို အလယ်ဗဟိုတွင် ထားလျက် သူ့ပတ်ပတ်လည်တွင် သောင်းကျန်းနေသည်။

သွေးခွေးကြီးသည် ဘေးဘီဝဲယာကို ရန်လိုစွာ ကြည့်ရင်း သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်နေ၏။ ၎င်းကား မန်ဟိုနှင့်ရင်းနှီးသည့်လူပင် ဖြစ်ပါစေ၊ မန်ဟို့အနားကပ်မလာအောင် တားမည်ဖြစ်သည်။

၎င်း၏ မီတာသုံးရာကိုယ်လုံးကြီးသည် တောင်အသေးစားတစ်လုံးနှင့်တူပြီး ၎င်းမျက်ဝန်းများက သတ်ဖြတ်မှုကို ကိုယ်စားပြုသော ရိုင်းစိုင်းခက်ထန်သည့်အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ဤအခိုက်အတန့်တွင် ပြည်ထောင်သုံးရှိ ဧကရာဇ်က အလောကြီးပြီး ဒေါသထွက်နေသောအသံဖြင့် ရုတ်တရက် အော်လေသည်။ သူ့အသံ ကျုံးဝူရနှင့် ကျန်ရှိသူများ၏ နားထဲ ပဲ့တင်ထပ်သွားသောအခါ ကျုံးဝူရမှာ သက်ပြင်းဖွဖွ ချလိုက်သည်။ သူ့အနေဖြင့် အချိန်ထပ်ဆွဲမရတော့ပေ။ ဧကရာဇ်၏အမိန့်များကို တုံ့ပြန်သည့်အနေဖြင့် ဝတ်ရုံနက်ကျင့်ကြံသူများ၏ အသတ်အဖြတ်စိတ်ဆန္ဒသည် တဟုန်းဟုန်း ထကြွလာသည်။ ဤအခိုက်အတန့်ကို သူတို့ စောင့်နေခဲ့ရသည်မှာ ကြာလေပြီ။ စောစောက ကျုံးဝူရ သူတို့ကို တားခဲ့သည့်အတွက် ဘာမှမပြောရဲခဲ့သော်လည်း သူတို့ရင်ထဲ၌ မကျေနပ်မှုများ ပေါက်ဖွားနေခဲ့ပြီးဖြစ်၏။

ထုတ်ပြန်လိုက်သော အမိန့်အတိုင်း သူတို့က ကျုံးဝူရကို လျစ်လျူရှု၍ အလိပ်လိပ်ထနေသော လူသတ်ငွေ့များဖြင့် ဗဟိုဝတ်ပြုကျောင်းဒေသနှင့် မန်ဟို့ထံ ချီတက်သွားကြသည်။

ကျုံးဝူရလည်း လိုက်ပါလာသော်လည်း ဒေသအတွင်း ဝင်ရောက်၍ ရှုပ်ထွေးသောခံစားချက်များ၊ မျှော်လင့်ချက်များပြည့်နှက်နေသော မျက်ဝန်းများဖြင့် မန်ဟို့ကို အဝေးမှကြည့်နေရုံမှတစ်ပါး ဘာမှမလုပ်ပေ။

ဝတ်ရုံနက်လူများ အလင်းတန်းများသဖွယ် ကောင်းကင်ကို ခွင်းလာရင်း မန်ဟိုနှင့်နီးသထက် နီးလာနေစဉ် အရာခပ်သိမ်း တဝုန်းဝုန်း တုန်ခါနေတော့သည်။ သွေးခွေးကြီးက ဟောင်၍ ထလိုက်သည်။ ၎င်း၏ မီတာသုံးရာကိုယ်လုံးကြီးသည် စွမ်းအားများနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် တဟုန်းဟုန်းတောက်လာပြီး လာနေသော ဝတ်ရုံနက်ကျင့်ကြံသူများအား အေးစက်စက် လှမ်းကြည့်လိုက်၏။

မန်ဟိုသည် ၎င်း၏သခင်၊ တစ်ယောက်တည်းသော မိသားစုဝင်ဖြစ်သည်။ ၎င်းအသက်ရှင်နေရသည့် အကြောင်းရင်း၊ ၎င်း၏တာဝန်က သူ့ကို ကာကွယ်ရန်ပင်။ ၎င်းသည် သူ့အတွက် မည်သည့်အရာကိုမဆို စွန့်လွှတ်စတေးပစ်နိုင်၏။

သွေးခွေးကြီးကား ပေါက်စလေးကတည်းက ထိုအတိုင်းဖြစ်ခဲ့ပြီး အရွယ်ရောက်လာခဲ့ပြီးနောက်တွင်လည်း မပြောင်းလဲခဲ့ပေ။

“သူ့ကို သတ်ပစ်” ဝတ်ရုံနက်ကျင့်ကြံသူများအနက် အခြားသူများထက် မြန်သည့်လူ သုံးယောက်ရှိသည်။ သူတို့သည် မုဒြာလက်ကွက်များဖော်ရင်း မန်ဟို့ထံ ပြေးထွက်သွားသည့် ဧရာမလက်ဝါးရာကြီးကို ဖော်ဆောင်လိုက်သော နတ်ဘုရားစွမ်းရည်အား ဆင့်ခေါ်လိုက်ကြသည်။

သွေးခွေးကြီးက ခေါင်းနောက်လှန်၍ အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသော ဟောင်သံကြီးကို ထုတ်လွှတ်လိုက်သည်။ ၎င်းက ရန်သူသုံးယောက်ဆီ ခုန်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ လိမ့်ထွက်သွားလေသည်။ ၎င်း၏လက်ဝါးတစ်ချက်က နတ်ဘုရားစွမ်းရည်ကို ကြေမွသွားစေပြီးနောက် ၎င်းသည် ထိုလူများကို စားတော့မည့်အလား ပါးစပ်ကြီးဟလိုက်၏။

ဝုန်းခနဲ မြည်ဟည်းသွားပြီး လူသုံးယောက်မှာ အံ့အားသင့်စွာ နောက်ဆုတ်လိုက်ကြသည်။ တစ်ယောက်က နှေးသွား၍ သွေးခွေးကြီး၏ပါးစပ်ထဲ ရောက်သွားလေသည်။ သွေးပျက်နေသောအော်သံကြီးနှင့်အတူ တဂျွတ်ဂျွတ်ကိုက်ဝါးသံများအား ကြားနေရ၏။ ထို့နောက် အော်သံမှာ တိတ်ဆိတ်သွားပြီး သွေးခွေးကြီးက သူ့ကို မြိုချလိုက်လေပြီ။

၎င်းက ရိုင်းစိုင်းခက်ထန်သောမျက်လုံးများဖြင့် ဝတ်ရုံနက်လူများကို စိုက်ကြည့်ရင်း မန်ဟို့ဘေးတွင် မားမားမတ်မတ် ရပ်နေသည်။

ဤအခိုက်အတန့်တွင် မန်ဟို့စိတ်နှလုံးမှာ ထစ်ချုပ်သွားပြန်ပြီး သူ့အရှိန်အဝါသည် ပို၍ပင်ကြီးကျယ်ခမ်းနားစွာ တဖွေးဖွေး လှုပ်လာသည်။ သူကား ယခုတင် အနှစ်သာရ ၁၈၀၀ ကို ဉာဏ်အလင်းရသွားခဲ့၏။

All Chapters