← Chapters

ပထမဦးဆုံး စည်းချက်မှစ၍ အတူတကွ

Vol. 86 Ch. 1192

ပထမဦးဆုံး စည်းချက်မှစ၍ အတူတကွ

Vol. 86 Ch. 1192

လျို့ဝှက်ချက်… ဤမိန်းမပျိုဆီမှာ လျို့ဝှက်ချက်တစ်ခု ရှိကို ရှိရမည်။ ဤသို့တွေးလျက် ထန်းဟန်က တဖန်ထပ်မံ၍ အနည်းငယ် စိတ်လှုပ်ရှားသွားပြန်သည်။

“မင်းနာမည်က ဘယ်သူလဲ… ပြီးတော့ မင်းက ဘယ်ကလဲ”

သူမ ဘယ်နေရာက ရောက်လာလာ ထန်းဟန်သည် သူမအား အလွတ်မပေးရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သို့သော် ထန်းဟန်၏ အကျင့်မှာ မည်သည့်နည်းနှင့်မဆို တစ်ဖက်လူအကြောင်းကို ပိုမိုသိရှိရန် ဖြစ်သည်။ အနာဂတ်တွင် တစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် သူက ထိုအတွက် ပြင်ဆင်ထားနိုင်ပေလိမ့်မည်။

ကျင့်ကြံသူမိန်းမပျိုက ထန်းဟန်၏ ပြင်းပျသော စိတ်ဆန္ဒအား ခံစားမိပုံ မပေါ်ပေ။ သူမက အနည်းငယ် ဦးညွှတ်လိုက်ပြီး ညင်သာသောအသံဖြင့် ပြောပြလိုက်သည်။

“ကျွန်မ နာမည်က ရှားရိုယင်ပါ။ ကျွန်မရဲ့မျိုးနွယ်စုက ပြိုကွဲသွားပြီမလို့ အခုအချိန်မှာ ကျွန်မက နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပါရှင်။ ဒီကျယ်ပြောလှတဲ့ အာကာပြင်ကြီးထဲမှာ ကျွန်မရဲ့ကံကို လာစမ်းဖို့ မျှော်လင့်ခဲ့တာ… ဒါပေမဲ့ ကျွန်မ လမ်းပျောက်သွားခဲ့တယ်”

“ဟားဟား…”

ထန်းဟန်က အော်ရယ်ကာ တုံ့ပြန်လိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်။ နယ်လှည့်ကျင့်ကြံသူ ဖြစ်နေတာ ကောင်းတယ်။ ငါ့ယာဉ်ပျံပေါ် တက်ခဲ့။ ပြီးရင် ငါတို့ ထပ်ပြီး ဆွေးနွေးကြတာပေါ့”

ထန်းဟန်က စတင် ရယ်မောလိုက်ရင်း သူ၏ စွမ်းအားစက်ကွင်းကို အပြည့်အဝ ဆန့်ထုတ်လိုက်လေသည်။

“ဝုန်း”

စွမ်းအားစက်ကွင်းစည်းမျည်းများက လေထုထဲတွင် ပေါက်ကွဲထွက်သွားသည်။ ထန်းဟန်၏ စွမ်းအားစက်ကွင်းမှာ တာရိုးဖြင့် တားဆီးခံထားရသော မြစ်တစ်စင်း အတွင်းရှိ စီးဆင်းနေသည့် ရေပမာ ဖြစ်နေသည်။

ထန်းဟန်၏ ရင်ထဲ လေးသွားသည်။ သူက ဝိဇ္ဇာတစ်ပိုင်း အလယ်အလတ်အဆင့်ထိသာ ပြန်လည်ကောင်းမွန်သေးသော်လည်း သူ၏ စွမ်းအားစက်ကွင်းမှာ အလွန်အားကောင်းသည်ဟု သတ်မှတ်နိုင်သေးသည်။ စက်ကွင်းမှာ နှစ်ပေါင်းများစွာသော ကျင့်ကြံခြင်းမှ ဖြစ်တည်လာခဲ့သည့်အရာ ဖြစ်သည်။

သူ့အတွက်မူ မိန်းမပျိုလေးတစ်ယောက်… သူမသည် ဝိဇ္ဇာတစ်ပိုင်း အဆင့် ၃ တွင် ရှိနေပါစေ… သူ၏ စွမ်းအားစက်ကွင်းကို ရင်ဆိုင်ခုခံနိုင်စွမ်း ရှိမနေသင့်ပေ။

လက်ရှိအနေအထားအရ မိန်းမပျိုကို ကြည့်ရသည်မှာ သူ၏ စွမ်းအားစက်ကွင်းကို တားဆီးရန် အင်အား များများစားစား သုံးထားပုံ မပေါ်ပေ။

သူ တကယ်ပဲ အိုနေပြီလား…

သည်ရက်တွေမှာ သူတွေ့ကြုံခဲ့ရသည့် ငယ်ရွယ်သော ကျင့်ကြံသူတိုင်းက အင်မတန်ကို အားကောင်းလွန်းနေကြသည်။ ဤအချိန်တိုလေးအတွင်း၌ပင် သူက ထိုကဲ့သို့ ကျင့်ကြံသူမျိုး ၃ ယောက်တောင် တွေ့ကြုံခဲ့ပြီးလေပြီ။

“စီနီယာ… ဒါက ဘာသဘောလဲရှင့်”

ရှားရိုယင်က မေးခွန်းထုတ်နေသည် ဖြစ်သော်လည်း သူမ၏ လေသံမှာ အလွန်ညင်သာနေဆဲ ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူမ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင် တစိုးတစိမျှ မရှိပေ။

ထန်းဟန်က ပင့်သက်တစ်ချက် ရှိုက်လိုက်သည်။ သူ၏ ရင်ထဲမှ စိတ်ဓာတ်ကျခြင်းမှာလည်း သိသိသာသာ လျော့နည်းသွားသည်။ သူ့လက်ရှိခန္ဓာကိုယ်အသစ်နှင့် ပေါင်းစပ်ပြီးသည့်နောက်ပိုင်းတွင် သူ၏ စိတ်အခြေအနေမှာ အတည်ငြိမ်ဆုံးအနေအထားတွင် ဖြစ်မနေမှန်း သူက သဘောပေါက်လိုက်သည်။

ဂျူနီယာတချို့၏ ဖိအားကို ခံရရုံဖြင့် သူက တကယ်ကြီး တုန်လှုပ်မိသည်လော…

သူက သူ့ရှေ့ရှိ မိန်းမငယ်လောက်ပင် စိတ်မတည်ငြိမ်ချေ။ ဤကဲ့သို့ စိတ်အခြေအနေမျိုးဖြင့် သူ၏ အင်အားကို ပြန်ရပြီး နတ်ဘုရားအာဏာစက်ကို ပြန်လည်ရယူပြီးလျှင်ပင် စမ်းသပ်ချက်ကို ကျော်လွှားရန် သူ့အနေနှင့် ခက်ခဲနေပေလိမ့်မည်။

သူသည် အားကောင်းလှသော ဝိဇ္ဇာတစ်ယောက် ဖြစ်လင့်ကစား သူ၏ဒေါသနှင့် မကျေနပ်မှုတို့အား ဤမိန်းမပျိုအပေါ် ပုံချဖို့ တွေးခဲ့မိသည်။ ဤသည်ကား သူ သူ၏ နတ်ဘုရားအာဏာစက်ကို ပြန်လည်ရယူနိုင်မည့် နိမတ်မျိုး မဟုတ်ချေ။

သူ ဤမိန်းမပျိုအား လိုချင်သည် ဖြစ်စေ သူမအား သေသည်အထိ ညှင်းပန်းနှိပ်စက်သည် ဖြစ်စေ ကိစ္စမရှိပေ။ သို့သော် သူ၏ စိတ်ဓာတ်ကျမှုနှင့် ဒေါသတို့ကို ဖြေရှင်းရန် ဤမိန်းမပျိုကို အသုံးမချသင့်ပေ။

“ဟားဟား…”

ထန်းဟန်က ရယ်လိုက်ပြီးမှ လေသံကို လျော့ပြောလိုက်သည်။

“မင်းရဲ့စွမ်းအားစက်ကွင်းကို စမ်းကြည့်ရုံသက်သက်ပါကွ။ အမှန်ပဲ… မဆိုးဘူးလို့ ပြောရမယ်။ မစိုးရိမ်ပါနဲ့… မင်းက လမ်းပျောက်နေတယ်ဆိုမှတော့ ငါ့နောက်ကို လိုက်ခဲ့ပေါ့။ ငါက နတ်ဘုရားကမ္ဘာဆီ ပြန်နေတာ…”

ထန်းဟန်က စကားဆက် မပြောတော့ချေ။ သူ ပြန်လည်စိတ်တည်ငြိမ်သွားပြီးနောက် ရှားရိုယင်၏ စွမ်းအားစက်ကွင်းအတွင်းမှ ကွဲပြားခြားနားချက်ကို ချက်ချင်း သတိပြုမိသွားသည်။

ရှားရိုယင်၏ စွမ်းအားစက်ကွင်းထဲတွင် ကံကြမ္မာတာအို အငွေ့အသက်တို့ အများအပြား ပါဝင်နေသည်။

 ဤတာအိုအငွေ့အသက်နှင့် သူ အနည်းငယ်ရင်းနှီးနေသည်…

အိုး သိပြီ…

ဤသည်မှာ မည်သည့် တာအိုစည်းမျည်းဖြစ်နေမှန်း သဘောပေါက်သွားသည့်အခိုက် ထန်းဟန်၏ ရင်ထဲ၌ အေးခဲသွားလေသည်။ ဤသည်မှာကား ကံကြမ္မာကြာပန်းနီ၏ တာအိုအငွေ့အသက်ပင် ဖြစ်နေသည်။ ကံကြမ္မာ ကြာပန်းနီမှာ ဝတ်ရုံစိမ်း သူတော်စင်သခင်မ၏ ပင်မကိုယ်ထည် ဖြစ်သည်။ ဤတာအိုစည်းမျည်းက အဘယ်ကြောင့်များ ရှားရိုယင်၏ ကိုယ်ပေါ်တွင် လာပေါ်နေရသနည်း။

သူ၏ စွမ်းအားစက်ကွင်းက တစ်ဖက်လူ၏ စွမ်းအားစက်ကွင်းကို မချိုးဖောက်နိုင်သည်မှာ မထူးဆန်းတော့ချေ။ ထိုမျှသာမက သူမ၏ စွမ်းအားစက်ကွင်းထဲမှ အတိုင်းအဆမရှိ အားကောင်းမှုကိုပါ သူအာရုံခံနိုင်လေသည်။

လတ်စသတ်တော့ ကံကြမ္မာ ကြာပန်းနီကြောင့်ကိုး…

ဤမိန်းမပျိုသည် ဝတ်ရုံစိမ်း သူတော်စင်သခင်မနှင့် ဆက်စပ်မှုရှိနေသည်လော…

ဤအတွေးမှာ သိပ်သဘာဝမကျသေးချေ။ အကယ်၍ သူတို့နှစ်ဦးတွင် ရင်းနှီးသည့်ပတ်သက်မှုမျိုး ရှိနေလျှင်ပင် ဝတ်ရုံစိမ်း သူတော်စင်သခင်မက သူမ၏ ပင်မကိုယ်ထည်ကို လုံးဝပေးပစ်လိမ့်မည် မဟုတ်ချေ။

တစ်ဖက်တွင်လည်း ဤမိန်းမပျိုက ဝတ်ရုံစိမ်းသူတော်စင်သခင်မကို အကွက်ချအကောက်ကြံကာ သူတော်စင်မ၏ ကြာပန်းနီကိုယ်ထည်ကို ခိုးယူခဲ့သည်ဟု သူ့အား တစ်ယောက်ယောက်က ပြောလာလျှင်ပင် ထန်းဟန်အနေနှင့် ယုံရခက်နေပေဦးမည်။ ဝိဇ္ဇာတစ်ပိုင်း ပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသည့် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဝတ်ရုံစိမ်း သူတော်စင်သခင်မ၏ပစ္စည်းကို ခိုးယူနိုင်မည် မဟုတ်လေရာ ဝိဇ္ဇာတစ်ပိုင်း အဆင့် ၃ သာရှိသည့်လူဆိုပါက ပို၍ မဖြစ်နိုင်သေးသည်။

ထို့အပြင် ဝတ်ရုံစိမ်းသူတော်စင်သခင်မသည် အမြဲလိုလို သူမ၏ သူတော်စင် ရေကန်ထဲတွင်သာ နေလေ့ရှိကာ အပြင်ထွက်ခဲသည်။ အပြင်ထွက်လာလျှင်ပင် သူမသည် သူမနှင့်အတူ တပည့်မ တစ်သိုက်ကို အမြဲခေါ်ဆောင်လာလေ့ ရှိသည်။ သို့မဟုတ်ပါက ဝတ်ရုံစိမ်း သူတော်စင်သခင်မသည် ပြီးခဲ့သည့် ကပ်ဆိုးကြီးတွင် အသက်ဆက်ရှင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

“ကျေးဇူးအများကြီးတင်ပါတယ်… စီနီယာ”

ထန်းဟန်၏ စကားများကို ကြားပြီးသည့်နောက် ရှားရိုယင်က သူမ၏ စွမ်းအားစက်ကွင်းကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်သည်။

ထန်းဟန်က ခေါင်းငြိမ့်ပြလိုက်ကာ

“ငါမင်းကို နေရာပြ ကျောက်စိမ်းပေလွှာ ပေးမယ်။ ဘာလို့လဲဆိုတော့ ငါတို့တွေ မထင်မှတ်ဘဲ လူကွဲသွားမှာကို စိတ်ပူလို့ပဲ။ ငါတို့တွေ ပရမ်းပတာ အာကာပြင်ကို ကျော်ဖြတ်ရတော့မယ်လေ။ အဲ့ဒီမှာ အလွယ်တကူ လူကွဲသွားနိုင်တယ်။ ဒီအာကာပြင်ကို ဖြတ်ကျော်ပြီးသွားတဲ့အခါ ကျောက်စိမ်းပေလွှာပေါ်က နေရာတွေသာ မပြောင်းလဲသွားခဲ့ဘူးဆိုရင် မင်းဘာသာ မင်း ထွက်သွားလို့ရနိုင်လိမ့်မယ်”

ထန်းဟန်က အလကား လျှောက်ပြောနေခြင်း မဟုတ်ပေ။ သူက သူတို့၏ရှေ့ နားတွင် ပရမ်းပတာအာကာပြင်တစ်ခုကို အမှန်တကယ် မြင်လိုက်သောကြောင့် ဖြစ်သည်။

အကယ်၍ သူသာ သူမကို ဤနေရာတွင် တိုက်ခိုက်မည်ဆိုပါက သူမ ထွက်ပြေးလွတ်မြောက်သွားနိုင်ချေ များသည်။ ရှားရိုယင်သာ ပရမ်းပတာ အာကာပြင်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူမ ပြန်ထွက်လာနိုင်လိမ့်မည်ဟု ထန်းဟန်က မယုံကြည်ပေ။

ပရမ်းပတာ အာကာပြင်ကဲ့သို့ အရာမျိုးသည် သူ့လို အသက်ကြီးပြီး အတွေ့အကြုံများသော လူတစ်ယောက်အတွက် ပြောပစရာ မဟုတ်ပေ။ တစ်ဖက်တွင်မူ အလွန်ငယ်ရွယ်ပြီး အတွေ့အကြုံနည်းသေးသော ကျင့်ကြံသူများအတွက်မူ သေနိုင်လောက်သည့် အန္တရာယ်တစ်ခု ဖြစ်နေနိုင်သည်။

ဤနေရာရှိ စည်းမျည်း အလေ့အထများကို သူမ မသိသရွေ့၊ သို့မဟုတ် ပုန်းကွယ်စရာနည်းလမ်း မရှိသရွေ့ သူမအား သူစိတ်တိုင်းကြိုက် နင်းခြေနိုင်ပေလိမ့်မည် ဖြစ်သည်။

ကျောက်စိမ်းပေလွှာကိုကား စွန့်လွှတ်ဖို့ လိုအပ်သည်။

အကယ်၍ သူသာ မကူညီပါက ရှားရိုယင်သည် သူ့အပေါ် သံသယဝင်သွားလိမ့်မည် မဟုတ်ပါလော…

“စီနီယာ့ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်”

ရှားရိုယင်က ယာဉ်ပျံပေါ်တွင် ရပ်နေရင်း ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။ ပြီးနောက် သူမက ဆက်ပြောလိုက်သည်။

“ကျွန်မမှာ စီနီယာကို ပြောပြစရာ ရှိပါတယ်”

“ဘာများလဲ”

ထန်းဟန်က လွှတ်ခနဲ မေးမိသွားသည်။

ရှားရိုယင်က ပြန်ဖြေလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က အာကာပြင်ထဲမှာ ကောင်းကင်လျိုတစ်ခုကို ကျွန်မ ဖြတ်လာခဲ့တုန်းကပေါ့… အဲ့ဒီနားက ဖြတ်လာတဲ့အချိန်မှာပဲ အားကောင်းလွန်းလှတဲ့ စကြဝဠာ စည်းမျည်းရဲ့ စွမ်းအင်တစ်ခုကို ကျွန်မ အာရုံခံမိခဲ့တယ်။ အဲ့ဒီ့စည်းမျည်းက အရမ်းကို ထင်ရှားပြီး ခရမ်းစွမ်းအား တစ်စတစ်မျှင် ပါဝင်နေတယ်။ သိပ်စဉ်းစားမနေဘဲ ကျွန်မလည်း အဲ့ဒီ့နားကို အပြေးသွားလိုက်တော့… ”

“မင်း ဘာတွေ့လဲ”

ရှားရိုယင်သည် လျှောက်ပြောနေခြင်းဖြစ်မည်ဟု သံသယဝင်မိသည့်တိုင်အောင် ထန်းဟန်က မနေနိုင်ဘဲ မေးလိုက်သည်။ သူ၏ နှလုံးသားမှ ရင်ခုန်စိတ်လှုပ်ရှားမှုနှင့် ကြက်သီးထမှုတို့ကိုပင် သူက ခံစားနိုင်သည်။

သူသည် သိပ်မကြာသေးခင်ကမှ ပြန်လည် စိတ်တည်ငြိမ်အောင် လုပ်နိုင်ခဲ့သည်။ ဝိဇ္ဇာ တစ်ယောက်အနေနှင့် ကောင်းကင်ကြီးပြိုလာလျှင်ပင် မတုန်မလှုပ်ဘဲ နေသင့်ကြောင်း သူ သိသည်။ သို့သော် သူ့ရင်ထဲမှ ဝမ်းသာလုံးကြီးနှင့် စိတ်လှုပ်ရှားမှုတို့ကို သူ တကယ်ကို မထိန်းချုပ်နိုင်ပါချေ။

ခရမ်းရောင် စည်းမျည်းသည် စကြဝဠာစည်းမျည်းကိုးခုထဲမှ တစ်ခု မဟုတ်ပါလော…

အကြောင်းမှာ အဓိကကျသော စကြဝဠာစည်းမျည်းတစ်ခုကသာ ခရမ်းရောင်အဆင်း ရှိနိုင်သောကြောင့်ပင်။

သူသည် ယခင်က ဝိဇ္ဇာတစ်ယောက် ဖြစ်ခဲ့သော်လည်း စကြဝဠာစည်းမျည်းကို ပိုင်ဆိုင်နိုင်ဖို့ အရည်အချင်း မရှိခဲ့ပေ။ ဝိဇ္ဇာတစ်ယောက်သည် စကြဝဠာစည်းမျည်းကို ပိုင်ဆိုင်သွားသည်နှင့် ပို၍ အဆင့်မြင့်၊ အစွမ်းထက်အောင် လုပ်နိုင်ပေလိမ့်မည်။ တခြားဝိဇ္ဇာအားလုံး၏ အထက်တွင် ရပ်တည်နိုင်လိမ့်မည်။ လော့ရှုက သူ့အား အကွက်ချ လုပ်ကြံနိုင်ခဲ့သည်မှာ လော့ရှု၏ အင်မတန် ကောက်ကျစ်စဉ်းလဲမှုကြောင့်သာမက ထိုခွေးကောင်နှင့် သူ၏ အပေါင်းအပါ ဝိဇ္ဇာတချို့က စကြဝဠာ စည်းမျည်းတစ်ခုကို ထိန်းချုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ရှားရိုယင်ကို ကြည့်ရသည်မှာ ထန်းဟန်၏ စိတ်လှုပ်ရှားမှုကို သိပုံ မပေါ်ပေ။ သူမက ပုံမှန်လေသံဖြင့် ဆက်ပြောလိုက်သည်။

“ကောင်းကင်လျိုထဲကို ကျွန်မ ခုန်ဝင်သွားပြီးတဲ့နောက်မှာ ခရမ်းစွမ်းအား တာအိုစည်းမျည်းတစ်ခုကို တွေ့လိုက်ရတယ်ရှင့်။ ပြီးတော့ အဲ့ဒီ့စည်းမျည်းက အရမ်းကို ထင်ရှားလွန်းတယ်။ ကျွန်မဝင်သွားတုန်းက ကျွန်မက သဟဇာတနတ်ဘုရားပဲ ရှိသေးတယ်။ ပြန်ထွက်လာတဲ့အချိန်မှာ ဝိဇ္ဇာတစ်ပိုင်းအဆင့် ၃ နတ်ဘုရားတစ်ယောက် ဖြစ်နေခဲ့ပြီ…”

“မင်းပြောတာက နှစ်တစ်ထောင်တည်းနဲ့ မင်းက သဟဇာတနတ်ဘုရားကနေ ဝိဇ္ဇာတစ်ပိုင်း အဆင့် ၃ ထိ ရောက်သွားခဲ့တယ်ပေါ့”

ထန်းဟန်၏ မျက်လုံးများမှာ ပြူးကျယ်သွားကာ သူက မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။

ရှားရိုယင်က ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပါတယ်။ အဲ့ဒီ့တာအိုစည်းမျည်းက အရမ်းကို ထင်ရှားလွန်းတယ်ရှင့်။ မိနစ်တိုင်းမှာ ကျွန်မရဲ့ကျင့်ကြံဆင့်တွေ တိုးတက်လာတာကို ကျွန်မခံစားလို့ရတယ်။ ဒါပေမဲ့ ကျွန်မက အတွေ့အကြုံ နည်းလွန်းပါတယ်။ တာအိုစည်းမျည်းက အရမ်းစွမ်းတာကို သိလိုက်ရတော့ ကျွန်မလည်း ဆက်ကြိုးစားကြည့်တာ…”

“နောက်တော့ ဘာဖြစ်သွားလဲ”

ထန်းဟန်က တစ်ခါထပ်ပြီး မေးလိုက်ပြန်သည်။

ရှားရိုယင်က ခေါင်းကိုယမ်းကာ

“နောက်တော့ ကျွန်မရဲ့ကျင့်ကြံဆင့်က အရမ်းကို နိမ့်လွန်းမှန်း သိလိုက်ရတယ်။ တာအိုစည်းမျည်းက ထွက်ပြေးလွတ်သွားပြီး ကျွန်မ အဲ့ဒါကို နောက်တစ်ခေါက် ထပ်ရှာမတွေ့တော့ဘူး။ တော်သေးတာက ကောင်းကင်လျိုကနေ ထွက်မလာခင်လေးတင် ကြာပွင့်ဖတ် တစ်ဖတ်ကို ကျွန်မ ရှာတွေ့ခဲ့တယ်”

ပြောနေရင်းဖြင့် သူမက လက်ဝါးအရွယ်ရှိ အနီရောင် ကြာပွင့်တစ်ဖတ်ကို ထုတ်ပြလေသည်။

ကံကြမ္မာ ကြာပန်းနီပဲ…

ကြာပန်းနီပွင့်ဖတ်ကို ကြည့်ပြီးနောက် ရှားရိုယင်၏ စွမ်းအားစက်ကွင်းထဲတွင် ထိုစွမ်းအင်အငွေ့အသက် ပါဝင်နေသည့်အချက်ကို ထန်းဟန်က နောက်ဆုံးတွင် နားလည်သွားလေ၏။ အကြောင်းမှာ ဤမိန်းမပျို၏ သြချစရာကောင်းလွန်းလှသည့် ကံကောင်းမှုက သူမအား ကြာနီပွင့်ဖတ်ကို ရှာတွေ့စေခဲ့သောကြောင့် ဖြစ်သည်။

သို့သော် အဘယ်ကြောင့် ဝတ်ရုံစိမ်း သူတော်စင်သခင်မ၏ ကြာပန်းနီပွင့်ဖတ်က ထိုကောင်းကင်လျိုထဲတွင် ရှိနေရသနည်း။

ထန်းဟန်တစ်ယောက် ဘယ်လိုစဉ်းစားစဉ်းစား ဤမေးခွန်း၏ အဖြေကို ရှာမရပေ။ သို့သော် သူက ထိုအကြောင်းကို ကြာကြာ စဉ်းစားမနေချေ။ ရှားရိုယင်သည် ကြာပွင့်ဖတ်၏ တန်ဖိုးကို မသိသဖြင့် ပြောပြခြင်း မဟုတ်ဘဲ အကြောင်းရှိသောကြောင့် သိလျက်နှင့် တမင်တကာ သူ့အား ပြောပြသည်မှန်း ထန်းဟန်က သေချာသည်။ ဤမိန်းမပျိုသည်ကား သေချာပေါက် မရိုးရှင်းပေ။

အကယ်၍ ထိုကောင်းကင်လျိုထဲတွင် စကြဝဠာတာအိုစည်းမျည်း ပေါ်မလာခဲ့ဘူးဆိုပါက ဤမိန်းမပျိုက အဘယ်ကြောင့် သူ့ကို ထိုလျိုထဲသို့ သွားရန် ဆွယ်နေသနည်း။

ဤမိန်းမပျို၏ စကားများက မည်သို့ပင် မယုံကြည်ဖွယ်ရာ ဖြစ်နေပါစေ ထိုလျိုဆီသို့ သူသွားရန် လိုအပ်သည်ဟု ထန်းဟန်က ခံစားမိသည်။ သူမ၏အပြော မှန်နိုင်ချေမှာ ဝ.၁ ရာခိုင်နှုန်းသာ ဖြစ်နေမည်ဆိုလျှင်ပင် သူသွားမှ ဖြစ်မည်။

“ရိုယင်… မင်းနဲ့ငါက ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်းမှာတင် ပတ်သက်မှုကောင်းမျိုး ရှိနေပြီ။ မင်းငါ့ကို အစ်ကိုကြီးလို့ ခေါ်လို့ရတယ်။ ရိုယင်… အစ်ကိုကြီးကို အဲ့ဒီကောင်းကင်လျိုဆီကို ခေါ်သွားပေးပါလား။ နှစ်တစ်ထောင်တည်းနဲ့ သဟဇာတနတ်ဘုရားအဆင့်ကနေ ဝိဇ္ဇာတစ်ပိုင်းအဆင့်အထိ ရောက်သွားနိုင်တာ သာမန် မဟုတ်ဘူးကွ။ အဲ့ဒီ့နေရာကို အစ်ကိုကြီး တစ်ချက်လောက် ကြည့်ကြည့်ချင်တယ်ကွာ”

ထန်းဟန်က အသာရယ်လိုက်သည်။

“ကောင်းပါပြီ အစ်ကိုကြီး… ကျွန်မ နောက်ကို လိုက်ခဲ့ပါ။ အဲ့ဒီ့နေရာမှာ တာအိုစည်းမျည်း မရှိတော့တာ နှမြောစရာပဲ။ အော် ဒါနဲ့… အစ်ကိုကြီးရဲ့နာမည်ကို ကျွန်မ သိပါရစေလား”

ရှားရိုယင်က တုန့်ဆိုင်းခြင်းမရှိဘဲ နောက်ပြန်လှည့်လိုက်သည်။

“အစ်ကိုကြီးနာမည်က ကန်ထန်း”

ထန်းဟန်က ပြုံးပြလိုက်သည်။ သူက သူမအပေါ် ပိုမို ခင်မင်နွေးထွေးစ ပြုပြလိုက်သည်။ ဝိဇ္ဇာတစ်ပိုင်း အဆင့် ၃ သာရှိသည့် ကောင်မလေး တစ်ယောက်ကများ သူ့ကို အကွက်ချရန် ကြံစည်ရဲသည်။

***

All Chapters