← Chapters

ရိုဗာရဲ့ အစွမ်း

Vol. 2 Ch. 30

ရိုဗာရဲ့ အစွမ်း

Vol. 2 Ch. 30

အခန်း (၃၀) ရိုဗာရဲ့ အစွမ်း

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695202531483.jpg

ကျည်ဆံများက တချွင်ချွင်မြည်လျက် ယန္တရားလက်ပေါ်သို့ ထိမှန်သည်။ လက်၏ အကြမ်းခံမှုမှာ ထိုးကျသွား၏။ ကျည်တစ်တောင့်က ဟန်ရှောင်း၏ ပခုံးကို ထိခိုက်မှုအမှတ် ၁၆မှတ်ဖြင့် ထိသွားကာ အင်္ကျီမှာ သွေးများဖြင့် အရောင်ဆိုးပြီးသား ဖြစ်သွားသည်။ သို့သော်လည်း၊ ဟန်ရှောင်းအဖို့ အယားပြေရုံမျှသာ ရှိသည်။ ဟန်ရှောင်း၏ နာကျင်မှုဝေဒနာကို တောင့်ခံနိုင်စွမ်းက အလွန်မြင့်မားပြီး၊ သူ၏ ကြွက်သားများကလည်း ကျည်ဆံများကို တားဆီးထားနိုင်ကြသည်။

ဟန်ရှောင်းက ယန္တရားလက်ကို တစ်ယောက်၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။ အသံကျယ်လောင်စွာ ထွက်လာပြီး၊ နေရာ၌ပင် ပေါက်ကွဲထွက်သွားသည်။ ထို့နောက် နောက်တစ်ယောက်ကို ဆတ်ခနဲ ဆွဲဖမ်းလိုက်ပြီး လူသားတံတိုင်းအဖြစ်သုံးကာ ကျန်သေးသည့် ‌၄ယောက်က သူ့ကို ပစ်ခတ်နေကြသည်ကို ကာကွယ်လိုက်သည်။

ဟန်ရှောင်းက သူ၏ခွန်အားများကို စုစည်းကာ တံခါးကို ပတ္တာမှ ကျွတ်ထွက်အောင် ဖြုတ်လိုက်ပြီး၊ သူတို့ဆီ ကောက်ပေါက်ကာ ထွက်ပြေးသွားသည်။

"လိုက်ကြ" ရက်ကွန်းက ဟိန်းဟောက်လိုက်သည်။

အမှိုက်ပုံ တစ်ခုလုံးရှိ လူမိုက်ဒါဇင်ခန့်သည်လည်း သေနတ်သံများကြောင့် အလန့်တကြားဖြစ်သွားကြကာ အကူအညီပေးရန် ပြေးလာကြသည်။

ကီရိုအမှိုက်ပုံသည် ရက်ကွန်း၏ အဓိကစခန်းဖြစ်ရာ ဟန်ရှောင်းအနေဖြင့် အဝိုင်းမခံရအောင် သတိထား၍ ပြေးလွှားနေရသည်။ တိုက်ခိုက်ရ ပို၍လွယ်ကူစေရန် ဟန်ရှောင်းက လူမိုက်တစ်ယောက်ဆီမှ သေနတ်ကို ကောက်လာခဲ့သည်။

သူ၏လျှင်မြန်သော တုန့်ပြန်မှုအပါအဝင်၊ [အခြေခံ ပစ်ခတ်နည်း] နှင့် [ပစ်မှတ်တိကျခြင်း]

တို့ကြောင့်၊ သူ၏ ပစ်ချက်များမှာ အလိုလိုတိကျနေသည်။ ဟန်ရှောင်းသည် လူမိုက်များနှင့် သေနတ်ယှဉ်ပစ်တိုင်း အသာစီးရနေသည်။ သူသည် အဖွဲ့တစ်ဖွဲ့နှင့် တွေ့ခဲ့ပါက လှိမ့်ဝင်ကာ ဆတ်ခနဲငုံ့၍ သေစေနိုင်သည့် ပစ်ချက်များကို ရှောင်တိမ်းလိုက်သည်။ သူ့ရင်ဆိုင်ရသည့် တစ်ခုတည်းသော အကန့်အသတ်မှာ ကျည်ဆံဖြစ်သည်။ ထို့ကြောင့် တစ်ဖွဲ့ရှင်းပြီးသွားတိုင်း ကျည်ကပ်များကို စုဆောင်း၏။ ဟန်ရှောင်းချန်ထားခဲ့သည့် လမ်းကြောင်းမှာ သွေးများနှင့် အလောင်းများ ပျံ့ကြဲနေသည်။ ရက်ကွန်းမှာ သူမြင်နေရသည်ကို ယုံကြည်ရန် ခက်ခဲနေသည်။ ဟန်ရှောင်းက သက်တောင့်သက်သာပင် သူ့လူ ၂၀လောက်ကို တစ်ယောက်တည်း ရှင်းပစ်သွား၏။

သို့သော်လည်း၊ များစွာသော လူမိုက်များက ဟန်ရှောင်းတစ်ယောက်တည်းကို ဝိုင်းရံတိုက်ခိုက်နေရာ အသာစီးပြန်ရယူရန် ဟန်ရှောင်းအတွက် ခက်ခဲနေဆဲပင်။

ဟန်ရှောင်းသည် ဆီဒင်ကားအစုတ်တစ်စီး၏ နောက်တွင် ပုန်းကွယ်နေ၏။ ဒါဇင်ချီသည့် သေနတ်များကလည်း သူ့နေရာသို့ ပစ်ခတ်နေကြသည်။ ပြောင်းဝမှ မီးပွင့်များကလည်း ညအချိန်တွင် တလက်လက် တောက်ပနေ၏။ နားကွဲမတတ်ဆူညံနေသော ကျည်ဆံသံများကြောင့် ဟန်ရှောင်းမှာ ကိုယ့်အသက်ရှူသံပင် ကိုယ်မကြားနိုင် ဖြစ်နေသည်။ ပြန်လည် ပစ်ခတ်ရန်မှာလည်း အလွန်ခက်ခဲလှ၏။

ဒါငါ့ရဲ့ နယ်မြေဖြစ်နေတာ ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ်၊ သူဒီကနေ တစ်ယောက်တည်း လွတ်မြောက်မှာ မဟုတ်ဘူး။

ရက်ကွန်းက ဒေါသများဖြင့် ဆူဝေနေသည်။

"ငါသူ့ကို မွေးဖွားလာရတာတောင် နောင်တရသွားအောင် လုပ်ပစ်မယ်။"

ရုတ်တရက်၊ မထင်မှတ်ထားတာတစ်ခု ဖြစ်လာ၏။

ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်း-ဒိုင်း

တိုက်ပွဲ၏ ဘေးဘက်မှ အသေးစားစက်သေနတ်များ ပစ်ခတ်လာကြသည်။ လူမိုက်များ၏ အော်သံများ ပြည့်နှက်သွားပြီး အရေအတွက်များစွာလည်း သေသွားကြသည်။

"ပျားအဆိပ်ဆူးအဖွဲ့"က တိုက်ပွဲထဲ ဝင်လာသည်။ ညအမှောင်ကဲ့သို့ ဝတ်ဆင်ထားမှုဖြင့်၊ သူတို့က ရက်ကွန်း၏ အတွေ့အကြုံနည်းသေးသည့် လူမိုက်များကို ချက်ချင်းလွှမ်းမိုးသွားနိုင်သည်။

"ဒီကြေးစားတွေ ဘယ်ကရောက်လာတာလဲ။"

ရက်ကွန်းက သောက်ကျိုးနည်းအောင် ကြောက်သွားသည်။ သူတို့က ငါ့နောက်လိုက်နေတာလား။သို့သော်လည်း၊ ကြေးစားများက ချက်ချင်း ဦးတည်ချက် ပြောင်းသွားပြီး သူ့ကို လျစ်လျူရှုကာ ဟန်ရှောင်းဆီသို့ ချီတက်သွားသည်။

ဒီကြေးစားတွေက သူ့နောက်လိုက်နေတာလား။

ရက်ကွန်းက မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေမိသည်။

လူဆိုးတစ်ယောက်‌အနေနဲ့ ရိုးရိုးလေး နားလည်ထားတာ တစ်ခုရှိသည်။ လူတစ်ယောက်က ပို၍ သန်မာလေလေ၊ သူ၏ ရန်သူများကလည်း သန်မာလေဖြစ်သည်။ ဒီကြေးစားတွေက မြို့တော်ထဲမှာတောင် သူတို့ပေါ်သွားမှာကိုတောင် စွန့်စားပြီးတော့ ဟန်ရှောင်းနောက်ကို လိုက်တယ်ဆိုတာ ဟန်ရှောင်းက သာမန်လူတစ်ယောက် မဟုတ်ဘူးလို့ ဆိုလိုတာပဲ။

သူက ဟန်ရှောင်း၏ စကားများကို ပြန်တွေးကြည့်သည်။ "ဘာလို့ မြေအောက်လောက နက်ဝက်ကို စစ်ပြီး နောက်ဆုံး ဆုကြေးငွေကို မကြည့်တာလဲ။"

သူက စကားကြီး စကားကျယ် လျှောက်ပြောတာ မဟုတ်ဘူးပဲ။

သူက ဘယ်သူလဲ။

…

"အသေးစားစက်သေနတ် အသံတွေပဲ"

သူ၏ မစ်ရှင်ပစ်မှတ် ပေါ်လာပြီ။ ဟန်ရှောင်က "ပျားအဆိပ်ဆူးအဖွဲ့"၏ နေရာကို သေနတ်မီးပွင့်များမှတစ်ဆင့် သိနိုင်သည်။"မီတာ ၃၀၀ အနောက်ဘက်၊ လူ ၆ယောက်၊ အသေးစားစက်သေနတ် ၆လက်"

ဟန်ရှောင်းက ခေါင်းထဲ၌ အလျှင်အမြန် တွက်ချက်လိုက်သည်။ ရန်သူရဲ့ ပစ်အားက အရမ်းကြီးမားလွန်းတယ်။ ထိပ်တိုက်တွေ့တာဟာ ဉာဏ်မရှိတဲ့ အလုပ်ပဲ။

ကံကောင်းတာက ငါ့ရဲ့ ယုံကြည်ရတဲ့ ရိုဗာလေးကို ပြင်ဆင်လာခဲ့လို့ပေါ့။ ဟန်ရှောင်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ ရိုဗာ(၁)ကို ထိန်းချုပ်ရန် ပြုလုပ်ထားသော တပ်ခ်ျစကရင် ရီမုကို ထုတ်လိုက်သည်။

အသက်သွင်းလိုက်သည်နှင့် ရိုဗာ(၁)၏ မြင်ကွင်းက မျက်နှာပြင်ပေါ်တွင် ပေါ်လာလိမ့်မည်။ သို့သော်၊ ယခုတွင်တော့ မျက်နှာ‌ပြင်ပေါ်တွင် "ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိနေပါသည်။" ဟု ပြသနေသည်။ ဟန်ရှောင်းက ရိုဗာ(၁)ကို အသက်သွင်းရန်အတွက် မီတာ ၅၀အတွင်း ရှိနေရန် လိုအပ်သည်။

ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်ပြီး၊ ဟန်ရှောင်းက မတ်တပ်ရပ်ကာ သူလာခဲ့သည့် လမ်းကြောင်းအတိုင်း နောက်ပြန်ပြေးတော့သည်။ ချက်ချင်းပင် အသေးစားစက်သေနတ်များ၏ ပစ်ခတ်ခြင်းကို ခံလိုက်ရ၏။

ဟန်ရှောင်းက အပိုင်းအစအပုံများကို အသုံးချကာ အကာအကွယ်ယူ၍ ကျည်ဆံမိုးများကို ဖြတ်၍ ဆက်လက်ပြေးထွက်သွားသည်။

"သေစမ်းကွာ၊ ဒီမှာ သူ့အတွက် အကာအကွယ်တွေ အများကြီးပဲ။" ဆံပင်ရှည်နှင့် "ပျားအဆိပ်ဆူးအဖွဲ့"မှ လူတစ်ယောက်က ကျည်ဖြည့်ရင်း ဆဲဆိုလိုက်သည်။ "ဒီကောင်က ယုန်ထက်တောင် မြန်သေးတယ်။"

သူတို့၏ အရင်အကြံအစည်က ဟန်ရှောင်းကို လုပ်ကြံရန် ဖြစ်သော်လည်း၊ ရက်ကွန်းနှင့် ဟန်ရှောင်းတို့ကြားမှ တိုက်ပွဲကို အခွင့်ကောင်းယူပြီး သူတို့၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

"သူက မောနေလောက်ပြီ။ ဝင်ပြီး သတ်လိုက်တော့။" ကယ်လီက အော်လိုက်၏။

သိပ်မကြာခင်က ဖြစ်ခဲ့သည့် လူအများအပြား သတ်ဖြတ်ခဲ့မှုကြောင့် ရက်ကွန်း၏ လူများသည် သေသူသေ၊ ဒဏ်ရာရာသူရနှင့် စိတ်ဓါတ်များကျကာ မတိုက်ခိုက်နိုင်တော့ပေ။ ဟန်ရှောင်း အသည်းအသန် ပြေးလွှားနေရသည်ကို ကြည့်ပြီး "ပျားအဆိပ်ဆူးအဖွဲ့"သည် ရဲတင်းလာပြီး၊ နောက်က လိုက်လာ၏။

ဟန်ရှောင်း ပြေးနေတုန်းမှာပင်၊ ရုတ်တရက် အန္တရာယ်ကို အာရုံခံမိလိုက်ပြီး ငုံရှောင်လိုက်သည်။ ကျည်ဆံက သူ့ကို သီသီလေး လွဲသွား၏။ ဟန်ရှောင်း၏ အမွှေးများပင် ထောင်သွားသည်။ကားပျက်၂စီးကို ကျော်လာပြီးသည့်နောက်၊ ရိုဗာနှင့် ဆက်သွယ်မှု ဧရိယာအတွင်း ရောက်လာသည်။

ချိတ်ဆက်မှု အောင်မြင်ပါသည်။

"အသက်သွင်းမယ်။"

နားနေခန်းအတွင်း၊ အမှိုက်နှင့် ဖုန်များအကြားရှိ၊ တွန်းလှည်းပေါ်တွင် တစ်စုံတစ်ခုက တုန်ခါလာပြီး အနီရောင် အလင်း၂ခု ပေါ်ထွက်လာ၏။

ရိုဗာ၏ မျက်လုံးများပင်...

ရိုဗာ၏ အင်ဂျင်က စတင်လည်ပတ်လာပြီး၊ ဟန်ရှောင်း ထိန်းချုပ်နေသည့်အတိုင်း နားနေခန်းမှ ထွက်လာသည်။

ထိုအခိုက်အတန့်တွင်၊ "ပျားအဆိပ်ဆူးအဖွဲ့"က ဟန်ရှောင်းနှင့် အလွန်တရာ နီးကပ်နေပြီ ဖြစ်သည်။ ရိုဗာ(၁)၏ ကာကွယ်မှုမှာ အသေးစားစက်သေနတ် ၆လက်၏ ပူးပေါင်းပစ်ခတ်မှုကို ထိပ်တိုက်ရင်မဆိုင်နိုင်ပေ။ ထို့ကြောင့် ဟန်ရှောင်း၏ တစ်ခုတည်းသော အားသာချက်မှာ အငိုက်ဖမ်းတိုက်ခိုက်ရန်သာ ဖြစ်သည်။ သူတို့လည်း သူ့တွင် စက်ရုပ်တစ်ရုပ်က စစ်ကူအဖြစ်ရှိနေမည်ဟု မျှော်လင့်ထားမည် မဟုတ်ပေ။

ဟန်ရှောင်းသည် ပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး ချုံခိုတိုက်ရန် သင့်တော်သည့် နေရာကို ရှာဖွေလိုက်သည်။သူက "ပျားအဆိပ်ဆူးအဖွဲ့"၏ လမ်းကြောင်းတွင် ရှိနေသည့် ကားပျက်၂စီးကို တွေ့သွားသည်။ ထိုလမ်းကြောင်းသည် ကား၂စီးကြောင့် ထောင့်ချိုးပုံစံ ဖြစ်နေပြီး ပုန်းအောင်းရန် နေရာတစ်ခုလို ဖြစ်နေသည်။ ဟန်ရှောင်းက ရိုဗာကို ထိုထောင့်ချိုးအတွင်းတွင် ပုန်းအောင်းရန် မောင်းနှင်ထားလိုက်သည်။

တိုက်ပွဲအသံများက ရိုဗာ၏ အင်ဂျင်သံကို ဖုံးလွှမ်းထားသည်။ ကယ်လီက တစ်ခုခု လွဲနေကြောင်း သံသယဖြစ်နေ၏။ အသေအရှင်တိုက်ပွဲ အများအပြား ကျော်ဖြတ်လာခဲ့သည့်အတွက် သူ့တွင်ရှိနေသော ပင်ကို အသိစိတ်ကလည်း ထိုသို့ပြောနေ၏။ ခဏရပ်လိုက်ပြီး သူ့အဖွဲ့ကို ပြောလိုက်သည်။ "ဒီမှာ တစ်ခုခု လွဲနေတယ်။"

"မင်းဘာတွေ့လဲ။" ဆံရှည်က မေး၏။

"ပြဿနာက အဲဒါပဲ။ ငါဘာမှ မတွေ့ဘူး။"

"အင်း၊ ဘာမှမဖြစ်နိုင်ပါဘူး။ ပစ်မှတ်က ချောင်ပိတ်နေပြီ။ ဒီကောင်က သေပြီးသားပဲ။”

ထိုအချိန်အတိအကျမှာပင်၊ သူတို့တစ်ဖွဲ့လုံး ရိုဗာ(၁)၏ ပစ်ကွင်းအတွင်း ဝင်ရောက်သွား၏။ ဟန်ရှောင်းက လျှင်မြန်စွာ အမိန့်ပေးလိုက်တော့သည်။

ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ဒုတ် ...

ရိုဗာ(၁)၏ လက်ညှိုးမှ ကျည်ဆံများက သူတို့အပေါ်သို့ ငရဲကျသလို ကျရောက်လာ၏။

အဖွဲ့တစ်ဖွဲ့လုံး နေရာမှာတင် အပြတ်ရှင်းခံလိုက်ရသည်။

____________________

သင်၏ စက်ယန္တရား ရိုဗာ(၁) (စက်ရုပ်စတိုင်) သည် ကြေးစား ၁ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင် အတွေ့အကြုံမှတ် ၈၀၀ ရရှိပါသည်။

သင်၏ စက်ယန္တရား ရိုဗာ(၁) (စက်ရုပ်စတိုင်) သည် ကြေးစား ၁ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင် အတွေ့အကြုံမှတ် ၈၀၀ ရရှိပါသည်။

သင်၏ စက်ယန္တရား ရိုဗာ(၁) (စက်ရုပ်စတိုင်) သည် ကြေးစား ၁ယောက်ကို သတ်ဖြတ်ခဲ့သည်။ သင် အတွေ့အကြုံမှတ် ၈၀၀ ရရှိပါသည်။

အခန်း (၃၀) ပြီး၏။

လင်းဆက်

All Chapters