နှုတ်ပိတ်ခြင်
Vol. 3 Ch. 31
အခန်း (၃၁) နှုတ်ပိတ်ခြင်း
ကယ်လီက အချိန်မီ အကာအကွယ် ယူနိုင်လိုက်သော်လည်း ဘာမှမဖြစ်ဘဲ လွတ်မြောက်သွားသည်တော့ မဟုတ်ပေ။ ကျည်ဆံတစ်ချို့က မျက်နှာကို ပွတ်ဆွဲသွားပြီး သွေးထွက်သံယို ဖြစ်နေစေသည်။
သူက သူ့အဖွဲ့သားတွေနဲ့ အတူတူ သေခါနီးဆဲဆဲပင်။
"ဒီမွန်းစတားက ဘာကြီးလဲ။"
ဆံရှည်သည်လည်း အသက်ရှင်နေသေးသော်လည်း သူ့အခြေအနေက ပိုဆိုးနေ၏။ သူက ဗိုက်တွင် အပစ်ခံထားရကာ သွေးများ ရွှဲအိုင်နေအောင် ထွက်နေသည်။ ကယ်လီက သူနာကျင်စွာ ညည်းတွားနေသည်ကို ကြားနေရ၏။
ရုတ်တရက်၊ အနီရောင် အလင်း ၂ခုက အမှောင်ထဲတွင် ခပ်မှိန်မှိန် လင်းလာ၏။ ထို၂ယောက်မှာ သားရဲကြီးတစ်ကောင် ချဉ်းကပ်လာသည်ဟု ထင်မှတ်သွားကာ ကြောက်လန့်တကြား ဖြစ်နေသည်။ ကြောက်ရွံ့စွာဖြင့် မလှုပ်မရှားနိုင် ဖြစ်နေရင်း သူတို့ စောင့်ကြည့်နေစဉ်မှာပင် ရိုဗာ(၁) ပေါ်လာ၏။
"စက်ရုပ်တစ်ရုပ်"
ကယ်လီက ရိုဗာ(၁)ကို မယုံနိုင်စွာ ငေးကြည့်နေသည်။ သူ့ပင်ကိုအသိစိတ်ကို မယုံကြည်ခဲ့မိ၍ နောင်တလည်း ရနေ၏။
ငါဘာလုပ်ရမလဲ။ ကယ်လီက ပထမဆုံးအတွေးမှာ နောက်ဆုတ်ရန်ဖြစ်သည်။ သို့သော် ဆံရှည်က ဒေါသအိုးပေါက်ကွဲသွားပြီး သေနတ်နှင့် ထပစ်တော့သည်။
"သေစမ်းကွာ၊ သေ သေ သေ။"
ကလင့် ကလင့် ကလက် ကလက်
ရိုဗာ(၁)၏ ပါးလွှာသော ကျည်ကာက တရစပ် ပစ်ခတ်မှုကြောင့် တဖြည်းဖြည်း ပိန်ချိုင့်လာသည်။ သူ၏ တိုက်ခိုက်မှုက အကျိုးရှိသည်ကို တွေ့သောအခါ ကယ်လီနှင့် အဖွဲ့သားနောက်တစ်ယောက်ကလည်း ပြန်လည်တိုက်ခိုက်မှုကို စတင်လိုက်ကြသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
[ရိုဗာ(၁) (တင့်ကားစတိုင်)သည် ကာကွယ်မှု ၁၄မှတ် ဆုံးရှုံးသွားပါသည်။]
[ရိုဗာ(၁) (တင့်ကားစတိုင်)သည် ကာကွယ်မှု ၁၇မှတ် ဆုံးရှုံးသွားပါသည်။]
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ရိုဗာ(၁)၏ ကျည်ကာမှာ အရည်အသွေးနိမ့်သည့် ကုန်ကြမ်းများနှင့်သာ ပြုလုပ်ထား၍ တင့်ကားကဲ့သို့ မာကျောမနေပေ။ ထို၃ယောက်သား၏ တိုက်ခိုက်မှုအောက်တွင် ကျည်ကာ၏ စွမ်းဆောင်ရည်မှာ ထိုးကျသွား၏။ စက္ကန့်အနည်းငယ်သာကြာသည့် တရစပ် ပစ်ခတ်မှုအောက်တွင်၊ သနားစရာ ရိုဗာလေးမှာ အသုံးမဝင်သည့် သတ္တုပုံကြီးသာ ဖြစ်သွားတော့သည်။
ဘာမှမတတ်နိုင်ပေ။ ဟန်ရှောင်းက ရိုဗာကို ငွေကြေးအကန့်အသတ်နှင့်သာ တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။ သူလုပ်နိုင်တာဆို၍ လက်ညှိုးတွင် သေနတ်များ တပ်ပေးခြင်းသာဖြစ်သည်။
"သေစမ်း၊ ဌာန၁၃က ဘယ်မှာလဲ။"
သူ့ဆုတောင်းကို ပြန်ဖြေလိုက်သလိုပင်၊ တပ်ဖွဲတစ်ခု ချီတက်လာသည့် အသံက ညအမှောင်ယံတွင် လွင့်ပျံလာသည်။
"လက်နက်ချ"
တစ်ယောက်က အော်လိုက်သည်။
"မြန်မြန်ပြန်ဆုတ်"
ကယ်လီက ချက်ချင်း အမိန့်ပေးလိုက်သည်။
ဆံရှည်က ရိုဗာကို ကျည်ကပ်ကုန်အောင် သဲသဲမဲမဲ ပစ်ခတ်လိုက်ပြီးမှ နောက်ဆုတ်သွားသည်။
"အိုကေ၊ သွားကြစို့"
သို့သော်လည်း၊ သူတို့ ထွက်ပြေးတော့မည့်အချိန်တွင်၊ ရိုဗာက လင်းလက်လာပြီး သူတို့ဆီ ပြေးဝင်လာသည်။
'မိမိကိုယ်ကို ဖျက်ဆီးခြင်း'
နားအူမတတ် ပေါက်ကွဲမှုကြီးက ညအချိန်ကို လင်းထိန်သွားစေပြီး၊ ထို၃ယောက်ကို ဖုံးလွှမ်းသွားသည်။
မီတာ ၅၀ခန့် အကွာမှ၊ လီဟွေ့နှင့် သူ့အေးဂျင့်များသည် ကြီးမားသော ပေါက်ကွဲမှုကြောင့် ထိတ်လန့်သွားကြသည်။
"သေစမ်း" ဖုန်းကျွင်းက ဆဲဆိုလိုက်သည်။
"ဒါက လျှို့ဝှက်စစ်ဆင်ရေး ဖြစ်ရမှာလေ။"
သူက မနက်ဖြန်သတင်း၏ ခေါင်းကြီးပိုင်းကို ကြိုတွေးလို့ ရနေ၏။
ဟန်ရှောင်းနှင့် ရက်ကွန်းတို့၏ တိုက်ပွဲစတင်ချိန်မှစ၍ အခြေအနေများက ထိန်းချုပ်မှုအတွင်း မရှိတော့ပေ။ သေနတ်ပစ်သံများကပင် အရပ်သားများ၏ အာရုံကို ဆွဲဆောင်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း၊ သူတို့ကို "ပျားအဆိပ်ဆူးအဖွဲ့" ပေါ်လာမှ လှုပ်ရှားရန် အမိန့်ပေးထားရာ သူတို့က စောင့်နေရုံသာ တတ်နိုင်ခဲ့သည်။ အခုတော့ အားလုံး နောက်ကျသွားလေပြီ။
ဟန်ရှောင်းက ထရပ်လိုက်ပြီး ခေါင်းပေါ်မှ သဲများကို ခါထုတ်လိုက်သည်။ ကိစ္စတွေက မပြီးပြတ်သေးပေ။
အခြားကြေးစား ၂ယောက်က ကယ်လီကဲ့သို့ ကံမကောင်းသော်လည်း၊ ကယ်လီက ပေါက်ကွဲမှုမှ လွတ်မြောက်သွားနိုင်သေးသည်။ သူက ခဲခဲယဉ်းယဉ်း မတ်တပ်ရပ်လိုက်ပြီး ထွက်ပြေးတော့သည်။ ရုတ်တရက် ဟန်ရှောင်းမဟုတ်သည့် နောက်တစ်ယောက်က သူ့ကို လှမ်းပစ်၏။ ပစ်ခတ်သူက အခြားသူမဟုတ်၊ လီဟွေ့ပင်။
'ငါသတ်မယ့်သူကို ခိုးချင်တာလား။' ဟန်ရှောင်း မျက်မှောင်ကြုံ့သွားသည်။ သူက ကယ်လီကို သတ်နိုင်မှသာ အပိုဆုလာဘ်ကို ရရှိမည်ဖြစ်သည်။
ဟန်ရှောင်းက စတင်၍ လိုက်ဖမ်း၏။ သူက အားသိပ်ထုတ်စရာမလိုဘဲ ကယ်လီကို ဘေးဘက်မှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့သည်။
ကယ်လီက သူ့ရှေ့တွင် ပေါ်လာသည့်လူကို တုတ်လှုပ်ချောက်ခြာစွာ ကြည့်နေသည်။ ယခုဟန်ရှောင်းသည် အရင်တစ်ယောက်နှင့် လုံးဝကွာခြားနေသည်ဟု ခံစားနေရသည်။
"သေစမ်းကွာ။"
ကယ်လီက အံကြိတ်လိုက်ပြီး သေနတ်ကိုမြောက်ကာ ပစ်ရန်ပြင်လိုက်သည်။ သို့သော်လည်း၊ သူခလုတ်ကို မဆွဲနိုင်ခင် ဟန်ရှောင်းက ရုတ်တရက် ဘယ်ညာ ရွေ့လျား၍ သူ့အနားကို သမ္ဘာရင့် လက်ဝှေ့သမားတစ်ယောက်လို ကပ်လာသည်။ပျာယာခတ်သွားသော ကယ်လီက အချက်ပေါင်းများစွာ ပစ်ခတ်လိုက်၏။ သို့သော် ဟန်ရှောင်းက အချို့ကို ရှောင်လိုက်ပြီး အချို့ကို ယန္တရားလက်ဖြင့် ကာထားလိုက်သည်။
"တစ်ချက်လေးတောင် မထိဘူးလား။"
ကယ်လီ စိတ်ဓါတ်အကြီးအကျယ် ကျသွားသည်။ သူထင်မြင်ချက်မှာ၊ ဟန်ရှောင်း ဘယ်လောက်ပင် သန်မာပါစေ၊ လက်ရွေးစင် ကြေးစားစစ်သားအဆင့်လောက်သာ ရှိပေလိမ့်မည်။ စူပါလူသားတွေမှသာ ကျည်ဆံထက် မြန်ကောင်းမြန်နိုင်လိမ့်မည်။ သို့သော် ဟန်ရှောင်းပြုလုပ်ပြခဲ့သည်မှာလည်း ကြောက်လန့်စရာကောင်းရုံမက ယုံကြည်ရန်လည်း ခက်ခဲလှ၏။ ဟန်ရှောင်းက ကျည်ဆံ၏ လမ်းကြောင်းကို သေနတ်၏ အနေအထားကို ကြည့်၍ ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော စွမ်းဆောင်မှုမှာ၊ အတွေ့အကြုံအရင့်ဆုံးလူများသာ လုပ်နိုင်ခြင်းဖြစ်ပြီး၊ ကြေးစားလောက တစ်ခုလုံး၌ပင်၊ ထိုကဲ့သို့ စွမ်းဆောင်နိုင်သည်ဟု သူသိထားသူမှာ ၂ယောက်သာ ရှိသည်။
ကယ်လီ၏ မျက်နှာမှ မယုံကြည်နိုင်ဖြစ်နေသည့် အကြည့်က ဟန်ရှောင်းကို ကျေနပ်စေ၏။ သူအရင်က မိုဘိုင်းဝတ်စုံကို ဝတ်၍ တပ်ဖွဲ့ကြီးတစ်ဖွဲ့လုံး၏ ပစ်ခတ်မှုကို ဖြတ်သန်းခဲ့စဉ်ကနှင့်ယှဉ်လျှင်၊ ဒီဟာက အသေးအဖွဲလေးသာ ဖြစ်သည်။
ကလစ်
ကယ်လီက နောက်ဆုံးတော့ ကျည်ကုန်သွားပြီး စမ်းတဝါးဝါးနှင့် ကျည်ပြန်ဖြည့်နေ၏။ သို့သော်လည်း၊ အရမ်းနောက်ကျ သွားလေသည်။ ဟန်ရှောင်းက ချက်ချင်းဆိုသလို သူ့ရှေ့သို့ ပေါ်လာ၏။
ကြောက်ရွံ့မှုကြောင့် မလှုပ်ရှားနိုင်ဖြစ်နေသော ကယ်လီက ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်နေ၏။ သူက ဟန်ရှောင်း သူ၏ ဘယ်လက်ကို ဆန့်တန်း၍ စွမ်းအားကြီးလှသည့် ရိုက်ချက်ကို ပြင်ဆင်နေစဉ် ကြွက်သားများ ဖောင်းကားလာသည့် အသံကို ကြားနေရသည်။
ဟန်ရှောင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အားအင်များနှင့် အရှိန်အဟုန် အားလုံးကို ဘယ်လက်အတွင်းသို့ ကူးပြောင်းလိုက်ပြီး၊ အဖျက်စွမ်းအားကြီးလှသည့် ဝိုက်လက်သီးကို ထိုးလိုက်ရင် အော်လိုက်သည်။ “Overload!”
အပေါ့စားယန္တရားလက်၏ အင်ဂျင်က ကျယ်လောင်စွာမြည်ဟီးလာပြီး အနက်ရောင် မီးခိုးများ တလိပ်လိပ်ထွက်လာသည်။ အင်ဂျင်၏ ဂီယာနှင့် ပစ်စတင်များမှာ အထူးဂီယာ အနေအထားသို့ ရောက်သွားသည်။ ပါဝါက ၃၀% တိုးတက်လာ၏။
ဟန်ရှောင်းက ကယ်လီ၏ မျက်နှာကို ထိုးချလိုက်တော့သည်။
Critical Hit
သွေးများ နေရာအနှံ့ ပြန့်ကြဲသွား၏။
ကယ်လီက သေခါနီး အခြေအနေများမှ ရှင်သန်နိုင်ခဲ့သော်လည်း ဤထိုးချက်တွင်တော့ အခွင့်အရေး နည်းနည်းလေးတောင် မရှိခဲ့ပေ။
လီဟွေ့နှင့် သူ့တပ်ဖွဲ့ ရောက်လာသောအခါ ကြောက်လန့်ဖွယ်ကောင်းသော မြင်ကွင်းက သူတို့ကို ကြိုဆိုနေ၏။
သွေးများပေကျံပြီး အသက်မပါသည့် မျက်နှာထားနှင့် ဟန်ရှောင်း၏ ဘေးတွင် ကယ်လီ၏ အသက်ကင်းမဲ့နေသည့် ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် ပျော့ခွေလျက် လဲကျနေသည်။ ဟန်ရှောင်း၏ ယန္တရားလက်မှာလည်း အသားစများ ဖုံးလွှမ်းလျက်ရှိသည်။ သူ၏ မျက်နှာတစ်ခြမ်းကို မီးရောင်ကြောင့် မြင်နေရသော်လည်း အမှောင်ထုက ကျန်တစ်ခြမ်း၏ ရက်စက်မှုကို ဖုံးအုပ်ထားနေသယောင်ပင်။
အတွေ့အကြုံ ရှိထားသော အေးဂျင့်များဖြစ်သော်လည်း၊ သူတို့မှာ တည်ငြိမ်စွာ မနေနိုင်ကြတော့ပေ။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင်သည် E အမျိုးအစား စနစ်၏ တောင်းဆိုချက်ကို ပြီးမြောက်ခဲ့ပါပြီ။ အတွေ့အကြုံအမှတ် ၁၀,၀၀၀ ရရှိပါသည်။
သင်သည် အပိုဆုလာဘ် ရရှိမည့် အခြေအနေကိုလည်း အောင်မြင်ခဲ့ပါသည် - ရန်ပြုသူ ၆ယောက်လုံးကို သတ်ပါ။
ကျွမ်းကျင်မှု အဆင့်မြှင့်တင်ခြင်းကတ် (အခြေခံ) ရရှိပါသည်။ ဆုလာဘ်ကို လက်ခံမည်။ Y/N
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
“No” ဟန်ရှောင်းက ရွေးလိုက်သည်။ သူနောက်မှ လက်ခံရန် စဉ်းစားထားသည်။
“မလှုပ်နဲ့” လီဟွေ့က အော်လိုက်သည်။ သူသည် အခုမှသာ အထိတ်တလန့် အခြေအနေမှ သတိပြန်ဝင်လာခြင်းဖြစ်သည်။ သူက ဟန်ရှောင်းကို သေနတ်ဖြင့် ချိန်ထား၏။
ဟန်ရှောင်းက တည်တည်ငြိမ်ငြိမ်ပင် အပေါ့စားယန္တရားလက်ကို ချွတ်၍ လက်ကို မြောက်ထားလိုက်သည်။ အေးဂျင့်၂ယောက်က သူ၏ခေါင်းကို အိတ်အမည်းဖြင့် ဖုံးအုပ်၍ အဝေးသို့ ခေါ်သွားသည်။ ဌာန၁၃သို့ ခေါ်သွားခြင်း ဖြစ်တန်ရာသည်။
‘အချိန်ကျပြီ’ ဟန်ရှောင်း ကိုယ့်ဖာသာ တွေးလိုက်သည်။
ဖုန်းကျွင်းက တိုက်ပွဲပြီးဆုံးသွားသည့် အခြေအနေကို ကြည့်ပြီး ပင့်သက်ရှိုက်လိုက်သည်။
“ကြေးစား ၆ယောက်က လွယ်လွယ်လေး အရှင်းခံလိုက်ရတယ်။ သူ့စက်ယန္တရားတွေရဲ့ အစွမ်းလား။”
“သူကျန်ခဲ့တဲ့ အစိတ်အပိုင်းအကုန်လုံး သွားကောက်ချေ။ ရဲတွေကိုလည်း အကြောင်းကြားထားလိုက်။”
လီဟွေ့က မျက်နှာထားတင်းတင်းဖြင့် အမိန့်ပေးလိုက်ပြီး၊ ဟန်ရှောင်းကို ကားတစ်စီးဆီသို့ ခေါ်ဆောင်သွားတော့သည်။
ဟန်ရှောင်းက ကားနောက်ခန်းတွင် အေးဂျင့်၂ယောက်ကြား၌ ထိုင်နေ၏။ ဟန်ရှောင်းက မမြင်ရသော်လည်း သူတို့က သတိအပြည့်ရှိနေကြောင်း ခံစားနေရ၏။
စီစဥ်ထားသည့်အတိုင်း တစ်ချက် နှစ်ချက်ခန့် လွဲသွားသော်လည်း အရာအားလုံးကတော့ ဟန်ရှောင်း ခန့်မှန်းထားသည့်အတိုင်းပင်။
လမ်းခရီးမှာ တိတ်ဆိတ်နေ၏။ အေးဂျင့်များအကြားရှိ လေထုမှာ တင်းမာလျက်ရှိပြီး ကားမောင်းနေသည့် အသံသာ ကြားနေရသည်။ ဟန်ရှောင်းနှင့်် စကားမပြောရန် သူတို့ကို အမိန့်ပေးထားသည်။ သူတို့၏ အခြေအနေနှင့် ပြောင်းပြန်ပင်၊ ဟန်ရှောင်းကို ကြည့်ရသည်မှာ သူတို့ပေါ်လာခဲ့သည့် အချိန်မှစ၍ စိတ်အေးလက်အေးပင် ဖြစ်နေသည်။ ထိုအချက်က သူတို့ကို တွေဝေစေ၏။ ဟန်ရှောင်းက သူတို့ပေါ်လာမည်ကို မျှော်လင့်ထားသည့်ပုံပေါက်နေသည်။
…
တိုက်ပွဲပြီး အခြေအနေကို ကြည့်၍ ရက်ကွန်း၏ မျက်နှာကြီးက မည်းမှောင်နေ၏။
“ငါ့ကို လပ်တော့ယူလာပေးစမ်း။” သူက အော်ဟစ်လိုက်သည်။
သူက မြေအောက်လောက နက်ဝပ်ကို ဝင်ပြီး ဆုကြေးငွေများကို ကြည့်လိုက်သည်။ ဟန်ရှောင်း၏ မျက်နှာကြီးက သူ့ကို ကြိုဆိုနေ၏။
“ဇီးရိုး၊ ဆုကြေးငွေ ဒေါ်လာ ၁သန်း။ ဂျာမီနယ်အဖွဲ့အစည်းက လိုချင်နေတာ။”
ရက်ကွန်း၏ မျက်နှာမှာ ဖြူလျော့သွားပြီး စိတ်ပျက်စွာဖြင့် လပ်တော့ကို မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။
သေစမ်း၊ သူ့ကို ဆုကြေးငွေ ထုတ်ထားတာပဲ။ ပြီးတော့ ဆုကြေးထုတ်ထားတဲ့သူက မြေအောက်လောကရဲ့ ဘုရင်၊ ဂျာမီနယ်အဖွဲ့အစည်း။
တစ်ခါတစ်ရံ၊ မသိနားမလည်ခြင်းသည် ပျော်ရွှင်စရာတော့ မဟုတ်ခဲ့ပေ။
ဖုန်များရှင်းသွားပြီးနောက်၊ မာကျဲနှင့် ဟွမ်မောင်တို့လည်း ပေါ်လာသည်။ တိုက်ပွဲပြီး အခြေအနေ၏ မြင်ကွင်းကပင် သူတို့ကို ထိန်းချုပ်၍မရအောင် တုန်လှုပ်သွားစေ၏။
သူတို့က ရက်ကွန်းဆီ လျှောက်လာသောအခါ ရက်ကွန်း၏ ဒေါသများ ပေါက်ကွဲထွက်သွားသည်။ သူက မာကျဲကို ကြမ်းပြင်ပေါ် လှိမ့်နေအောင်ကန်၍
“သေစမ်းကွာ၊ ဒါတွေအကုန်လုံး မင်းအမှားပဲ။ မင်းပေးဆပ်ရအောင် လုပ်ပြမယ်။”
မာကျဲသည် မြေပြင်ပေါ်တွင် တုန်လှုပ်ချောက်ချားလျက် နာကျင်စွာ ဗိုက်ကို ဆုပ်ကိုင်ထားသည်။ အခု ငါဘာလုပ်လိုက်လို့လဲ။
ရုတ်တရက်၊ ရက်ကွန်းသည် ဥသြသံများ ကြားသဖြင့် လှည့်ကြည့်ရာ တံခါးဝသို့ ရဲကား ခုနစ်စီး၊ ရှစ်စီး ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
“ဟမ့်၊ အမြဲတမ်းနောက်ကျတဲ့ ရဲတွေ။”
ရက်ကွန်းသည် သူတို့ကို မကြိုဆိုမီ သူ့ကိုယ်သူ အနည်းငယ် သပ်သပ်ရပ်ရပ် ပြင်ဆင်ခဲ့သည်။ သူ့အမြင်အရ၊ သူသည် နစ်နာသူဖြစ်ပြီး၊ သူတို့နှင့်လည်း အဆက်အစပ်ရှိသောကြောင့် ပျာယာခတ်မနေပေ။
သို့သော် သူစကားတစ်ခွန်းမှ မပြောနိုင်မီ လက်နက်အပြည့်အစုံနှင့် အရာရှိက သူ့ကို လက်ထိတ်ခတ်ရန် မြေပြင်ပေါ်သို့ ဖိချခဲ့သည်။
ရက်ကွန်းသည် ထိတ်လန့်သွားပြီး လွတ်မြောက်ရန် ရုန်းကန်ရင်း
“မင်းတို့ ငါ့ကို ဘာလုပ်နေတာလဲ! ငါက ဒီမှာ နစ်နာသူပဲ၊ ဟုတ်လား။ မင်းတပ်မှူးရဲ့ အတွင်းရေးမှူးကို ငါသိတယ်…”
“မင်းရဲ့ ခွန်အားကို မဖြုန်းတီးပါနဲ့”
ရဲအရာရှိက ရှင်းရှင်းလင်းလင်း ပြန်ဖြေ၏။
"ဒါက ဌာန၁၃ရဲ့ အမိန့်ပဲ။"
‘ဌာန၁၃’ဟု ကြားလိုက်ရသဖြင့် ရက်ကွန်း၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။
ဌာန၁၃သည် တိုင်းပြည်လုံခြုံရေးနှင့် ပတ်သက်သော အရေးကြီးကိစ္စများတွင်သာ ပါဝင်သည်။ ဘာလို့ ငါ့နောက် လိုက်လာတာလဲ။ ဒါက ဟိုသူတောင်းစား ဟန်ရှောင်းနဲ့ တစ်ခုခုတော့ ပတ်သက်ရမယ်။
ဌာန၁၃က သူ့ကို ကူညီနေတယ်။ ဘာလို့လဲ။
ဂျာမီနယ်ရဲ့ သစ္စာဖောက်... ဌာန၁၃... ကြယ်နဂါးနိုင်ငံ... စုံစမ်းထောက်လှမ်းရေး...
အမှန်တရားကို ခန့်မှန်းမိသွား၏။
သူတို့ငါ့ကို နှုတ်ပိတ်ချင်နေတာပဲ။
ဟန်ရှောင်းက သူ့မျက်နှာကို သူ့ကိုပြလိုက်စဉ်ကတည်းက ရက်ကွန်း၏ ကံတရားမှာ သတ်မှတ်ပြီးသား ဖြစ်သွားသည်။
သူငါ့ကို ထောင်ဖမ်းတာပဲ။
သူ၏ ရှေ့ဆက်ဖြစ်လာမည့် ရလဒ်များကို တွေးမိသောအခါ၊ ရက်ကွန်းမှာ ကြောက်စိတ်နှင့် ဒေါသစိတ်များကြောင့် တဆတ်ဆတ် တုန်လှုပ်လာ၏။
“ဟန်ရှောင်း၊ မင်းရဲ့ ဘိုးဘေးတွေအထိ ငါကျိန်တယ်ကွာ။”
တစ်ချိန်တည်းမှာပင်၊ မာကျဲသည်လည်း ရုတ်တရက်ဖြစ်လာသော အပြောင်းအလဲများကြောင့် ထိတ်လန့်တုန်လှုပ်ကာ မြေပြင်ပေါ်သို့ သတိလစ် လဲကျသွားတော့သည်။
အခန်း (၃၁) ပြီး၏။
လင်းဆက်