← Chapters

ကျန်တာ ငါ့တာဝန် ထားလိုက်

Vol. 82 Ch. 1135

ကျန်တာ ငါ့တာဝန် ထားလိုက်

Vol. 82 Ch. 1135

မန်ဟို အနှစ်သာရ ၁၈၀၀ ကို ဉာဏ်အလင်းရသွားသောအခိုက်အတန့်တွင် နိုင်ငံ့အရှိန်အဝါတောင်များ ပြိုကျသွားသည်။ ယခုတွင် ပြည်ထောင်ကိုး၊ ရှစ်၊ ခုနစ်၊ ခြောက်၊ ငါးနှင့် လေးတို့၏ နိုင်ငံ့အရှိန်အဝါတောင်များအားလုံး ကျောက်ပုံများထက် မပိုတော့ပေ။ ရုတ်တရက် အဆိုပါကျောက်ပုံများထဲမှ မီတာသုံးထောင်စီ ကျယ်သော  အလင်းတန်းခြောက်တန်း ထိုးထွက်၍ လေပေါ် တက်သွားသည်။

လေဟုန်ခွင်းလောက၏မြေပြင်များမှာ တဝုန်းဝုန်း တုန်ခါနေပြီး ခေါင်းအထက်ရှိ တိမ်တိုက်များသည် အုန်းအုန်းထလျက်ရှိ၏။ အလင်းတန်းများ ထိုးတက်လာသော နေရာများတွင် ဧရာမဝဲကြီးများ ဖြစ်ပေါ်လာသည်။

ဝဲခြောက်ဝဲသည် ပြောင်းပြန်ဖြစ်ခြင်းစွမ်းအားကို ထုတ်လွှတ်နေ၏။ မှောင်ပိန်းသော အပြင်အာကာသထဲမှ ကြည့်လျှင် လေဟုန်ခွင်းလောကမှာ တောင်ပင်လယ်လောက၏အချုပ်အနှောင်များမှ လွတ်မြောက်သွားသည့်တိုင် ၎င်း အပေါ်သို့ တက်နေသောနှုန်းမှာ တစ်ဝက်ကျော် သိသိသာသာ လျော့ကျသွားကြောင်း မြင်ရလိမ့်မည်။

အကြိတ်အနယ် တိုက်ခိုက်နေကြသော ပါရာဂွန်ပင်လယ်အိပ်မက်နှင့် လေဟုန်ခွင်းလောက အင်ပါယာသခင်တို့နှစ်ယောက်လည်း ဤအခြင်းအရာကြောင့် အံ့အားသင့်သွားပုံရသည်။

သို့သော် ယင်းကို လေဟုန်ခွင်းလောက၏အပြင်မှသာ မြင်ရလိမ့်မည်။ လေဟုန်ခွင်းလောကအတွင်းတွင်တော့ လူတိုင်း ခံစားရသည့် တစ်ခုတည်းသောအရာမှာ မြေပြင်များ တုန်ခါနေခြင်းကိုသာ ဖြစ်သည်။ ထို့နောက် ရုတ်တရက် အရှိန်လျော့ကျသွားခြင်းက ကမ္ဘာထဲရှိ တစ်စုံတစ်ခုကို ချိုးဖျက်ပစ်လိုက်သည့်အလားပင်။ ရုတ်ခြည်းဆိုသလို လူတိုင်းမှာ လေပေါ် မြောက်တက်နေသလို ခံစားလိုက်ကြရ၏။ ကျန်နိုင်ငံ့အရှိန်အဝါတောင်များမှအပ တောင်အားလုံး အမြစ်မှကျွတ်၍ မြောက်တက်လာကြသည်။

မြစ်များ၊ မြို့များနှင့် သက်ရှိအားလုံး ထိုနည်းတူပင်။ လူတိုင်း ရုတ်တရက်ကြီး လေပေါ် မြောက်တက်ကုန်ကြသည်။

မန်ဟို့ဆံပင်များက လေတွင် ကြမ်းကြမ်းတမ်းတမ်း လူးလွန့်မျောလွင့်နေပြီး သူ့စွမ်းအားသည် ဆက်လက်မြင့်တက်လာ၏။ သူ ၂၁၀၀ မြောက် အနှစ်သာရအား ဉာဏ်အလင်းရသွားသောအခါ ပြည်ထောင်သုံးရှိ နိုင်ငံ့အရှိန်အဝါတောင်မှာ စတင်ပြိုကျလာသည်။ ဧကရာဇ်က ခေါင်းနောက်လှန်၍ ဒေါသတကြီးအော်လိုက်ကာ ပြိုကျမှုကို ဟန့်တား၍ ဖြစ်ပျက်နေသောအရာကို ပြောင်းလဲရန် အစွမ်းကုန်ကြိုးစားလိုက်သည်။ သို့သော် သူ့မျက်နှာသည် လျင်မြန်စွာ ပျက်ယွင်းသွား၏။ သူ့မှာ ဘေးသို့ တွန်းထုတ်ခံလိုက်ရကာ နိုင်ငံ့အရှိန်အဝါတောင်၏အပျက်အစီးများကြားမှ အလင်းတန်းတစ်တန်း ထိုးတက်လာလေသည်။

ယခုတွင် ဝဲခုနစ်ဝဲ ရှိသွားပြီဖြစ်၏။

လေဟုန်ခွင်းလောက၏ မြင့်တက်နှုန်းမှာလည်း ထပ်မံ လျှော့ချခံလိုက်ရပြန်သည်။

“မန်ဟို” ဧကရာဇ်က စူးစူးဝါးဝါးအော်သည်။ ထို့နောက် သူက ဗဟိုဝတ်ပြုကျောင်းဒေသသို့ တဟုန်ထိုး ထွက်လာတော့သည်။

မန်ဟိုကား ဉာဏ်အလင်း ဆက်လက်ရရှိနေဆဲပင်။

အနှစ်သာရ ၂၂၀၀

၂၃၀၀

သွေးခွေးကြီးက တစ်ကိုယ်လုံး သွေးရောင်တောက်လျက် ဟိန်းဟောက်မာန်ဖီရင်း သူ့ဘေးတွင် ဖြစ်သည်။ ၎င်းသည် ဝတ်ရုံနက်လူထံမှ သူ့ကို ကာကွယ်ပေးဖို့ မည်သည့်အရာကိုမှ ထိမ်ချန်မနေပေ။ သူတို့တစ်ယောက်မှ ၎င်းကို ကျော်၍ မန်ဟို့အနား ချဉ်းမကပ်နိုင် ဖြစ်နေကြသည်။

သွေးခွေးကြီး ဟောင်လိုက်သည့်အခါ မန်ဟိုသည် သွေးအလင်းဒိုင်းဖြင့် ဝန်းရံခံလိုက်ရ၏။

ဝတ်ရုံနက်လူများမှာ နတ်ဘုရားစွမ်းရည်များနှင့် တာအိုမှော်သိုင်းကွက်အလုံးစုံကို ထုတ်လွှတ်ရင်း ရူးသွပ်နေကြလေပြီ။ အစစ်အမှန်တာအို၏ ခရမ်းရောင်အလင်းက သွေးခွေးကြီးကို ဝင်တိုက်ရင်း ၎င်း၏ဒဏ်ရာများအား ဆိုးရွားသွားစေသည်။ သို့သော် ၎င်းက သွေးအင်မော်တယ်အမွေအနှစ်ပြိုင်ပွဲမှာတုန်းကအတိုင်း မန်ဟို့ပတ်ဝန်းကျင်ကို ကာကွယ်နေမြဲပင်။ ၎င်းသည် မသေမချင်း သူ့အတွက် ခုခံပေးနေမည်သာ ဖြစ်သည်။

“သောက်ကျိုးမပေးတဲ့ သွေးသားရဲ။ သတ်ပစ်ကြစမ်း” ဝတ်ရုံနက်ကျင့်ကြံသူများမှာ မည်သို့ပင် တိုက်ခိုက်ပါစေ မအောင်မြင်ကြသည့်အတွက် မခံချိမခံသာ ဖြစ်နေကြတော့သည်။ နောက်ဆုံးတွင် သူတို့က သွေးခွေးကြီးကို တိုက်ရိုက် တိုက်ခိုက်လိုက်ကြ၏။ သွေးခွေးကြီးက ဟောင်လိုက်ပြီး လက်ဖဝါးအား မြေကြီးအပေါ် ရိုက်ချလိုက်သည်။ မြေပြင်များ တုန်ခါသွားပြီး သွေးချီများ အရပ်လေးမျက်နှာတွင် အလိပ်လိပ်ထသွားလေသည်။ ဝတ်ရုံနက်လူတစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားကြရ၏။

သို့သော် သုံးယောက်က ထိုးဖောက်နိုင်ခဲ့ပြီး သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် မုဒြာလက်ကွက်များ ဖော်ရင်း မန်ဟို့အပေါ် လျင်မြန်စွာ ထိုးဆင်းသွားကြလေပြီ။ သို့သော် သွေးခွေးကြီးသည် မာန်အပြည့်ဖြင့် ဟိန်းဟောက်၍ ထိုသုံးယောက်ထံသို့ ရိပ်ခနဲ ထွက်သွား၏။ လက်ဖဝါးက သူတို့ကို ပိတ်ဆို့လိုက်သည့်တိုင် သူတို့၏နတ်ဘုရားစွမ်းရည်က ၎င်းကို ထိမှန်သွားတော့သည်။

သွေးခွေးကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ၎င်းခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ရီဿွားသည်။ ထို့နောက် ၎င်းသည် သူတို့ကို စားတော့မည့်အလား ပါးစပ်ကြီးဖြဲ၍ လှမ်းဟပ်လိုက်သည်။ လူသုံးယောက်မှာ နောက်ဆုတ်ဖို့ ကြိုးစားသော်လည်း သွေးခွေးကြီး၏ဟောင်သံက သူတို့ကို ထုံထိုင်းသွားစေခဲ့သည်။ သူတို့ ဘာမှမလုပ်နိုင်ခင် သွေးခွေးကြီး၏ပါးစပ်ကြီးက သူတို့ကို ငုံလိုက်လေပြီ။

သို့သော်....

“အစစ်အမှန်တာအိုအတွက် ပေါက်ကွဲစမ်း”

“ပေါက်ကွဲစမ်း”

“ပေါက်ကွဲစမ်း”

လူသုံးယောက်သည် ရူးမိုက်မှုတို့ မျက်လုံးများတွင် ပြည့်နှက်နေလျက် သွေးခွေးကြီး သူတို့ကို ကိုက်လိုက်သည့်အခိုက်အတန့်မှာပင် ခန္ဓာဖောက်ခွဲရန် ရွေးချယ်လိုက်ကြ၏။ မိုးနှင့်မြေကို တုန်ခါသွားစေသော ပေါက်ကွဲမှုကြီး ရိုက်ခတ်လာသည်။ သူတို့ ပေါက်ကွဲသွားစဉ် သွေးခွေးကြီးမှာ နာနာကျင်ကျင် ညည်းညူလိုက်ရ၏။ ၎င်းခန္ဓာကိုယ်ကြီးမှာ မီတာသုံးရာမှ မီတာသုံးဆယ်အထိသာ ရှိတော့သည့်အထိ ကျုံ့သွာရင်း ပေါက်ကွဲတော့မည့်အလား တဆတ်ဆတ် တုန်ရီနေလေသည်။

၎င်းက ပတ်ပတ်လည်မှ ဝိုင်းထားသော ဝတ်ရုံနက်လူများကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ ၎င်းသည် တိုက်ခိုက်ရန် ပျံထွက်မသွားသော်လည်း ၎င်းထံမှ ဖြာထွက်နေသော သွေးအလင်းရောင်မှာ ပိုမိုတောက်ပလာကာ မန်ဟိုနှင့် ၎င်းကို ခြုံလိုက်သည့် ဒိုင်းတစ်ခုအသွင် ပြောင်းသွား၏။ ဒိုင်းကား သွေးအလင်းရောင်ကို ဖြန့်ကျက်ရင်း သူတို့အပေါ် မှောက်ထားသော ခွက်တစ်ခွက်နှင့် တူသည်။

ဝတ်ရုံနက်ကျင့်ကြံသူအားလုံး တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သည့်အတွက် ဒိုင်းမှာ တဘုန်းဘုန်း ရှုံ့တွနေတော့သည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် အနှစ်သာရ ၂၄၀၀ ကို ဉာဏ်အလင်းရသွားသဖြင့် စွမ်းအားထပ်မံကြီးမားလာပြန်၏။။

ထို့နောက် မီတာသုံးထောင်အလင်းတန်းတစ်တန်းက ပြည်ထောင်နှစ်၏ နိုင်ငံ့အရှိန်အဝါတောင်အပျက်အစီးများထဲမှ ထိုးထွက်လာသည်။ ရှစ်ခုမြောက် ဝဲတစ်ခု ဖြစ်ပေါ်လာသဖြင့် ဂျလိန်းဂျလိန်း ထစ်ချုန်းသွားပြီး တိမ်တိုက်များ ဆူပွက်သွားသည်။

လေဟုန်ခွင်းလောက၏ကောင်းကင်တွင် ဝဲကြီးရှစ်ခုသည် ထင်ရှားပေါ်လွင်နေပြီး ထို့အလွန်တွင်တော့ အာကာသဟင်းလင်းပြင်၏ အမှောင်ထု ရှိ၏။

တစ်ချိန်တည်းမှာပင် ပို၍များပြားသော ဝတ်ရုံနက်လူများက ဧကရာဇ်နောက်မှ ပြည်ထောင်သုံးကို ဖြတ်လာနေကြသည်။

ဧကရာဇ်သည် ကျုံးဝူရကို မြင်လျှင် ဒေါသတကြီး အပြစ်တင်သည်။ “ကျုံးဝူရ မင်း မတိုက်ခိုက်ဘဲ နေရဲတယ်ပေါ့လေ”

ကျုံးဝူက ပြန်မဖြေဘဲ ဆိတ်ဆိတ်သာ ရပ်နေသည်။

ဧကရာဇ်က အံတင်းတင်းကြိတ်၍ ငေါက်ငမ်း၏။ “မင်း ...”

“ပိတ်ထားစမ်း” ကျုံးဝူရက အေးစက်စက် ပြောသည်။ “မင်းလို မဖြစ်စလောက် စိတ်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူကများ ရာရာစစ ငါ့ကို အော်ရဲတယ်လား။ ငါက အစစ်အမှန်တာအိုအတွက်မလို့သာ မင်းအမိန့်တွေကို လိုက်နာနေတာ။ မင်းရဲ့ကျွန်မဟုတ်ဘူး”

ဧကရာဇ်မျက်နှာကြီး သုန်မှုန်သွားပြီး ရှူးရှူးရှားရှားဖြင့် ကျုံးဝူရကို စိန်းစိန်းဝါးဝါး ကြည့်သည်။ သို့သော် ဘာမှဆက်မပြောပေ။

မန်ဟို့ပတ်ပတ်လည်တွင် ဝတ်ရုံနက်ကျင့်ကြံသူများ ပိုမိုစုဝေးလာကြသည်။ သူတို့က ခရမ်းရောင်မိုးကြိုးကို ကျဆင်းလာစေရင်း တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။ မကြာမီ မန်ဟိုသည် သွေးဒိုင်းက အဆက်မပြတ် ထိုးနှက်နေသော မိုးကြိုးပင်လယ်တစ်စင်းဖြင့် ဝန်းရံခံလိုက်ရလေပြီ။

ဒိုင်းသည် တွန့်လိမ်ရှံ့တွနေရာ ပြိုကွဲတော့မည်ဖြစ်ကြောင်း သိသာလာ၏။ သွေးခွေးကြီးမှာလည်း သေးသထက် သေးလာသည်။ ၎င်းသည် မီတာသုံးဆယ်မှ သုံးမီတာအထိ ကျုံ့သွားခဲ့လေပြီ။ သို့သော် ဆက်လက်တောင့်ခံနေသေး၏။

မန်ဟို့စွမ်းအားမှာ မြင့်မားသထက် မြင့်မားလာပြီး သူ့ထံမှ ဖြာထွက်နေသော အလင်းရောင်လည်း ပိုမိုစူးရှတောက်ပလာသည်။

အနှစ်သာရ ၂၅၀၀

၂၆၀၀

သူကား ယခုတွင် စုစုပေါင်း အနှစ်သာရ ၂၇၀၀ ပြည့်ဖို့ ၁၀၀ သာ လိုတော့လေပြီ။ ဤအခိုက်အတန့်တွင် ရုတ်တရက် အဝေးမှ မိုးခြိမ်းသံကြီးကဲ့သို့ အသံတစ်သံ ပဲ့တင်ထပ်လာသည်။

“မန်ဟို”

တာအိုကောင်းကင်သည် ဗဟိုဝတ်ပြုကျောင်းဒေသသို့ ဦးတည်၍ ကောင်းကင်ကို ဖြတ်လာသော အလင်းတန်းထဲတွင် ပေါ်လာ၏။ ဝတ်ပြုကျောင်းဒေသသို့ ဝင်လိုက်သည်နှင့် ကြီးလေးသောဖိအားတစ်ခုက သူ့အပေါ် သက်ရောက်လာသော်ငြား တာအိုကောင်းကင်လည်း လေဟုန်ခွင်းလောကချီကြော၏ ကောင်းချီးပေးမှု ခံခဲ့ရသည့်အတွက် ၎င်းကို အလွယ်တကူ လျစ်လျူရှုထားနိုင်လေသည်။

သူက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် မန်ဟို့ထံ ဦးတည်လာပြီး အနားရောက်လျှင်ချင်း လက်ကို ဝှေ့ယမ်းကာ ကြုံးဝါးလိုက်သည်။ “ဖယ်စမ်း”

သူ့လမ်းပေါ်ရှိ ဝတ်ရုံနက်လူများမှာ တစစီ ပေါက်ကွဲသွားကာ တာအိုကောင်းကင်အား သွေးဒိုင်းအနား ချဉ်းကပ်၍ သူ့လက်ချောင်းအား ၎င်းထံ ဝှေ့ယမ်းခွင့် ရသွားစေသည်။

မိုးမြေတုန်ခါပြိုလဲစေသော လက်ချောင်းတိုက်ကွက်က ဒိုင်းကို တုန်ရီလာစေသည်။ ဒိုင်းမှာ အချိန်မရွေး ကြေမွသွားတော့မည့်အလား တချွတ်ချွတ် အက်ကွဲသံများ ထွက်လာပြီး အက်ရာများဖြင့် ဖုံးလွှမ်းသွားလေပြီ။

သွေးခွေးကြီးမှာ တစ်မီတာမျှသာ ရှိတော့သည့်တိုင်အောင် ကျုံ့နေရင်း ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ ၎င်း၏အရှိန်အဝါမှာ မယုံနိုင်လောက်အောင် အားနည်းနေသော်လည်း မန်ဟို့ကို ဆက်လက်ကာကွယ်ပေးနေဆဲပင်။

“ငါ့ကို အက်ရှလွန်နှလုံးသားပေးစမ်း” တာအိုကောင်းကင်က ဟိန်းဟောက်၍ ညာလက်ခလယ်ကို လှုပ်ရှားလိုက်ပြန်သည်။ ၎င်း ကျရောက်လာပါက ဒိုင်းသည် မုချပြိုကွဲသွားပြီး မန်ဟို့ကိုသာမက သွေးခွေးကြီးကိုလည်း အသက်အန္တရာယ်စိုးရိမ်ရစေလိမ့်မည်။

ဒိုင်း ပြိုကွဲသွားသော အခိုက်အတန့်တွင် သွေးခွေးကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ၎င်းသည် လက်ဝါးအရွယ်အထိ ကျုံ့သွား၏။ ၎င်း ခြေထောက်များ တုန်ရီနေလျက် ရပ်နေစဉ်မှာပင် မန်ဟို့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာလေပြီ။

“ထွက်သွားစမ်း” မန်ဟိုက ပြောသည်။ အရာအားလုံး တဒုန်းဒုန်း တုန်ခါသွားသည်။ သူ့အသံကြီး ပဲ့တင်ထပ်နေစဉ် ဧရာမလေပွေတစ်လုံးက တာအိုကောင်းကင်ကို ရိုက်ခတ်လိုက်၏။ တာအိုကောင်းကင်မှာ မျက်နှာပျက်သွားပြီး အသည်းအသန် ပြန်တိုက်ခိုက်သည်။ သူ့မှာ နောက်သို့ တွန်းထုတ်ခံလိုက်ရသဖြင့် သွေးအန်လိုက်ရတော့၏။

ဝတ်ရုံနက်လူများလည်း ဤဖြစ်ရပ်ကြောင့် အံ့အားသင့်ကုန်ကြသည်။ သူတို့လည်း ပြင်းပြင်းထန်ထန် တွန်းထုတ်ခံလိုက်ရသဖြင့် ပါးစပ်မှ သွေးများ ပန်းထွက်သွားကြသည်။ မန်ဟိုနှင့် သွေးခွေးကြီး၏ ပတ်ပတ်လည် မီတာသုံးထောင်ဧရိယာမှာ ဗလာကျင်းသွားလေပြီ။

မန်ဟိုက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူ့အနေဖြင့် ထပ်မံဆင်ခြင်သုံးသပ်ဖို့ မလိုတော့ပေ။ ဗဟိုဝတ်ပြုကျောင်းအပြင်ရှိ ဧရိယာများမှ အနှစ်သာရ ၂၇၀၀ ကို  ဉာဏ်အလင်းအပြည့်အဝ ရသွားခဲ့ပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ့ဒဏ်ရာများသည် အကောင်းပကတိ သက်သာသွားပြီး သူသည် အထွတ်အထိပ်သို့ ပြန်ရောက်သွားခဲ့၏။ တာအိုကောင်းကင်နှင့် ဝတ်ရုံနက်လူများကို လျစ်လျူရှုရင်း သူက သွေးခွေးကြီးကို နူးညံ့ကြင်နာစွာ ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူက ဆောင့်ကြောင့်ထိုင်၍ ၎င်းကို ချီလိုက်သည်။ သွေးခွေးကြီးသည် ပေါက်စလေးတုန်းကအတိုင်းပင်။ ၎င်းက မန်ဟို့ကို တွယ်တာစွာ ကြည့်ပြီး သူ့လက်ဝါးကို လျက်လေ၏။

“ကောင်လေး မင်း အနားယူလို့ရပြီ” မန်ဟိုက ပြောသည်။ “ကျန်တာ ငါ့တာဝန်ထားလိုက်” သူက ၎င်းထဲ့သို့ အသက်စွမ်းအားတချို့ ပို့လွှတ်ပေးပြီးနောက် သူ့သိုလှောင်အိတ်ထဲရှိ သွေးမျက်နှာဖုံးထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ခေါင်းမော့လိုက်သည်။

သူ့အကြည့်သည် တရွေ့ရွေ့ နောက်ဆုတ်ရင်း ထိတ်လန့်နေကြသော ဝတ်ရုံနက်လူများကို ဖြတ်သန်းသွားသည်။ သူတို့အတွက် သူ့အကြည့်များ လျှပ်စီးလက်သွားသကဲ့သို့ဖြစ်ပြီး အကြည့်လေးတစ်ချက်နှင့် သူတို့နှလုံးသားများအထဲသို့ ကြောက်စိတ်များ ရိုက်ထည့်ရန် လုံလောက်လေသည်။ မုန်းမုန်းတီးတီး ပြန်ကြည့်သည့် တစ်ယောက်တည်းသောလူမှာတော့ တာအိုကောင်းကင်သာ။

“အက်ရှလွန်နှလုံးသားက ငါ့အပိုင်” တာအိုကောင်းကင်က အော်သည်။

တစ်ချိန်တည်းမှာပင် မန်ဟိုက ဒုတိယနိဗ္ဗာနသစ်သီးကို မြှောက်၍ သူ့နဖူးပေါ် ဖိချလိုက်သည်။

အနှစ်သာရ  ၂၇၀၀ ဖြင့် သူသည် နိဗ္ဗာနသစ်သီးကို အပြည့်အဝ မစုပ်ယူနိုင်သော်လည်း ကာလရှည်ကြာစစ်ပွဲတစ်ပွဲအတွက် လုံလောက်သည်အထိ ကြာမြင့်စွာ ပေါင်းစည်းထားနိုင်လေပြီ။

နိဗ္ဗာနသစ်သီး ဝင်ရောက်သွားသော အခိုက်အတန့်တွင် မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူသည် ယခင်ကကဲ့သို့ အရွယ်အစား ကြီးမလာသလို၊ ပေါင်းစည်းခြင်းပြီးမြောက်မည်ကိုလည်း စောင့်နေစရာမလိုတော့ပေ။ မိုးပြာရောင်အလင်းက ပြိုးပြိုးပြက်ပြက်လက်လာပြီး သူ့စွမ်းအားကား နတ်စစ်သည်တော်ကြီးတစ်ဦး၏အင်အားပမာ မြင့်တက်လာတော့၏။

All Chapters