← Chapters

သစ်နက်မဟုတ်တော့ချေ

Vol. 86 Ch. 1193

သစ်နက်မဟုတ်တော့ချေ

Vol. 86 Ch. 1193

ခန်းမတစ်ခု…

မည်သည့် အဝတ်အစားမျှ မပါသည့် အမျိုးသမီးတစ်ယောက်က ရုတ်တရက် ထရပ်လိုက်သည်။ သူမကိုယ်ထဲရှိ စွမ်းအင်မှာ အင်မတန် အားနည်းနေသေးသော်လည်း အပြင်ပန်းတွင်မူ သူမသည် သာမန်လူတစ်ယောက်နှင့် လုံးဝမခြားနားပေ။

ဤအမျိုးသမီးမှာကား မိုဝူကျိ ကယ်လိုက်သော ကျင့်ကြံသူအမျိုးသမီးပင် ဖြစ်၏။ အဝတ်အစားတစ်စုံ ဝတ်ဆင်လိုက်ပြီးနောက် သူမက အမှောင်ထု မူလခန်းမထဲတွင် ကျင့်ကြံနေသော မိုဝူကျိဘက်သို့ ဦးညွှတ်လိုက်သည်။

ဦးညွှတ်ပြီးသည်နှင့် သူမက ပြန်ထိုင်ပြီး နတ်ဝိညာဉ်စွမ်းအားများကို ပြင်းပြင်းထန်ထန် စတင်စုပ်ယူလေတော့သည်။

ပြောပြပေးမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသည့်တိုင်အောင် သူမအနေနှင့် အင်မတန် အံ့သြမိသည်။ ကြုံရာ သူစိမ်းတစ်ယောက်က ဖြတ်သွားဖြတ်လာရင်း သူမအား အောက်ချပေးသောကြောင့် အံ့သြမိခြင်း မဟုတ်ပေ။

သူမ အံ့သြသွားရသည့် အကြောင်းအရင်းမှာ ဤသူစိမ်း ထုတ်သုံးခဲ့သော အသက်ဓာတ် နတ်ဆေးလုံးများမှာ ထိပ်တန်းအဆင့်များချည်းသာ ဖြစ်နေသောကြောင့်သာ ဖြစ်ပေသည်။ ပြောရမည်ဆိုလျှင် အညစ်အကြေးဆို၍ တစိုးတစိပင် မပါရှိချေ။ ဆေးလုံးများချည်းကြောင့်သာဆိုပါက ယခု သူမအံ့သြမိသလောက် အံ့သြလိမ့်မည် မဟုတ်ပေ။

အင်မတန် အညစ်အကြေး ကင်းစင်သော အသက်ဓာတ် နတ်ဆေးလုံးများအပြင် ဤသူစိမ်းက ဟုန်မုန့်စွမ်းအင် တစိုးတစကိုပင် ထုတ်သုံးခဲ့သေးသည်။ ထိုဟုန်မုန့်စွမ်းအင်ကြောင့်သာ မဟုတ်ပါက သူမ ပိုင်ဆိုင်သည့် သဘာဝစွမ်းအင်၏ တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရရှိဖို့ရန် အနည်းဆုံး နှစ်ထောင်သောင်း အနည်းငယ်လောက် လိုအပ်ပေလိမ့်မည်။ သူမ၏ လက်ရှိအခြေအနေနှင့် အဝေးကြီးမှာ ရှိနေမည်မှာ မလွဲပေ။

မည်သူမဆို ဟုန်မုန့်စွမ်းအင်ကဲ့သို့ ရတနာမျိုး ပိုင်ဆိုင်နိုင်သည် မဟုတ်ပေ။ ပိုင်ဆိုင်ခဲ့လျှင်ပင် သူမလိုမျိုး သူစိမ်းတစ်ယောက်ကို ကူညီရန် ဘယ်တော့မှ ထုတ်သုံးလိမ့်မည် မဟုတ်ပေ။

အကယ်၍ ဟုန်မုန့်စွမ်းအင်နှင့် ထိပ်တန်းအဆင့် အသက်ဓာတ်နတ်ဆေးလုံးများက သူမအား အံ့အားသင့်စေသည်ဆိုပါက ထောင်သောင်းချီသော ထိပ်တန်းအဆင့်နှင့် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောများက သူမအား အသက်ရှူပင် မှားသွားစေသည်။

သူမ ကျင့်ကြံရေးလမ်းစဉ်ပေါ် စလျှောက်ပါပြီဆိုကတည်းက ဤကဲ့သို့ ကြောက်မက်စရာ ကောင်းလောက်အောင် သိပ်သည်းနေသော နတ်ဝိညာဉ် စွမ်းအင်များကြားထဲတွင် တစ်ခါမျှ မကျင့်ကြံဖူးချေ။ အမှောင်ကမ္ဘာထဲရှိ အားအကောင်းဆုံးဂိုဏ်းက အဆများစွာ ပိုချမ်းသာလာခဲ့လျှင်ပင် ဤကျင့်ကြံသူလောက် ချမ်းသာကာ ရက်ရောလိမ့်မည် မဟုတ်ပေ။

မိုဝူကျိက အဘယ်ကြောင့် သူမကိုကယ်ရန် အရင်းအမြစ်များစွာကို သုံးမှန်း သူမ မသိချေ။ မည်သို့ပင် ဆိုစေကာမူ ဤသည်မှာ သူမ၏ အခွင့်အရေး ဖြစ်၏။ ဤကျင့်ကြံသူကဲ့သို့ အားကောင်းသော ထောက်ပံ့မှုမျိုးဖြင့် သူမ၏ ကျင့်ကြံဆင့်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြန်လည်ရရှိဖို့ရန် အချိန်ကို ကောင်းကောင်း အသုံးချသင့်သည် မဟုတ်ပါလော…

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် ညှင်းပန်းနှိပ်စက်ခံရသည်မှာ တကယ်ကို နာကျင်ကာ ခက်ခဲလွန်းလှ၏။ သို့သော် သူမက သူမ၏ အသိစိတ်ပင်လယ်အား ဓားသွေးကျောက်ပေါ်တွင် သွေးပေးခံလိုက်ရသကဲ့သို့ ခံစားမိသည်။ သူမ၏ အသိစိတ်ပင်လယ်သည် ယခင်ကထက်စာလျှင် များစွာပို၍ တည်ငြိမ်သွားလေပြီ။ သူမ၏ စိတ်စွမ်းအားသည်လည်း ပိုမိုအားကောင်းလာနိုင်စွမ်း ရှိသွားလေသည်။

သူမ မသိသည့်အချက်မှာ မိုဝူကျိသည် သူ ထုတ်ပေးလိုက်သည့်ပစ္စည်းများကို လက်ဆောင်ပေးခြင်းဖြင့် လက်တစ်ဖက်ကမ်းကာ ကူညီလိုက်ရုံသက်သက်သာ ဖြစ်သည့်အချက်ကို ဖြစ်သည်။ မိုဝူကျိ၏ မျက်လုံးထဲတွင်ကား ဤအရာများမှာ အရင်းအမြစ် အများကြီး မဟုတ်ပေ။

အလားတူစွာပင် သူ ကယ်တင်လိုက်သည့် အမျိုးသမီးသည် စတင် ပြန်လည်ကောင်းမွန်နေပြီမှန်း မိုဝူကျိက မသိပေ။ သူက နတ်ဝိညာဉ်စွမ်းအင်တို့ကို ပြင်းပြင်းထန်ထန် စုပ်ယူနေသည်။ ဤအခိုက်အတန့်၌ မိုဝူကျိက ဝိဇ္ဇာတစ်ပိုင်း အဆင့် ၉ ထဲသို့ ဝင်ရောက်နိုင်သွားသည်။

သူ ဝိဇ္ဇာတစ်ပိုင်း အဆင့် ၉ ထဲသို့ တက်လှမ်းသွားသည့်အခိုက် မိုဝူကျိက သူ၏ ဂူပိတ် ကျင့်ကြံခြင်းမှ နိုးထလာလေ၏။

သူက သူ၏ ဘေးအနီးအနားမှ ခမ်းနားကြီးကျယ်သော အမှောင်စွမ်းအားတစ်ခုကို အာရုံခံနိုင်လိုက်သည်။ သူ၏ စိတ်စွမ်းအားကို ဤအမှောင်စွမ်းအင်အပေါ် ဆန့်ထုတ်လိုက်သောအခါ အမှောင်ထု စည်းမျည်းများအပေါ် ပိုမိုနက်ရှိုင်းသော အသိဉာဏ်ပွင့်မှုတို့ကို ရရှိလိုက်သည်။

မိုဝူကျိက ကျင့်ကြံခြင်းကို ရပ်ကာ အချိန်စက်ဝန်းပြားမှ ထွက်လာလိုက်သည်။ သူ့အား အံ့သြသွားစေသည်မှာ သစ်နက်အပိုင်းအစသည် ၁၅ စင်တီမီတာရှည်သော အပင်ပေါက်လေးအဖြစ် အသွင်ပြောင်းလဲသွားနှင့်သည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

အပင်ပေါက်ငယ်လေးသည် အသက်ဓာတ်တို့ဖြင့် ပြည့်ဝနေသည်။ မိုဝူကျိ ထွက်လာပြီးသည့်နောက်တွင် အပင်ပေါက်လေးက မိုဝူကျိဆီသို့ ခင်မင်ရင်းနှီးသော စွမ်းအင်တစ်ခုကိုပင် ထုတ်လွှတ်လိုက်သေးသည်။ အပင်ပေါက်ငယ်ဘေးရှိ ဟုန်မုန့်သဲနှင့် အမှောင်ထု သဘာဝအမြုတေတို့မှာ ပျောက်ကွယ်သွားလေပြီ။ အပင်ပေါက်ငယ်ဆီမှ သိသာထင်ရှားသော အမှောင်ထု စည်းမျည်းစွမ်းအားကို မိုဝူကျိက ခံစားလို့ရသည်။ ဤအချိန်တွင် မိုဝူကျိက အမှောင်ထု သဘာဝအမြုတေမှာ အပင်ပေါက်၏ စုပ်ယူခြင်းကို ခံလိုက်ရကြောင်း သိလိုက်သည်။

အပင်ပေါက်ငယ်က အမှောင်ထုစည်းမျည်းစွမ်းအားကို ထုတ်လွှတ်သည်မှာ အမှောင်သဘာဝအမြုတေကို စုပ်ယူထားသောကြောင့် ဖြစ်သည်။ ဤကဲ့သို့ သေးငယ်သော အပင်ပေါက်လေးက ဤမျှ ထင်ရှားသော စွမ်းအားကို ထုတ်လွှတ်နိုင်လေသည်။ ဤအပင်ပေါက်လေး ဆက်လက်ကြီးထွားလာသည်နှင့် အမှောင်ထု စည်းမျည်းသည်လည်း သေချာပေါက် ပိုမိုထင်ရှားသိသာလာပေလိမ့်မည်။

ဟုန်မုန့်သဲနှင့် အမှောင်ထု သဘာဝအမြုတေတို့မှာ အလကားမဖြစ်ခဲ့ချေ…

အလကားဖြစ်၊ မဖြစ်ကို တွေးနေရင်းမှ မိုဝူကျိ၏ ခေါင်းထဲတွင် အကြံတစ်ခု ပေါ်လာလေသည်။ အကယ်၍ အပင်ပေါက်လေးသည် အမှောင်ထု သဘာဝအမြုတေကို စုပ်ယူနိုင်ပါက တခြားသဘာဝ အမြုတေတွေကိုလည်း စုပ်ယူနိုင်မည်လော…

မိုဝူကျိဆီတွင် နတ်ဝိညာဉ်သွေးကြောများ ပေါပေါများများ ပိုင်ဆိုင်ထားရုံသာမက သူ့ဆီတွင် သဘာဝအမြုတေ အနည်းငယ်လည်း ရှိနေသည်။

ဤသို့သော အတွေးမျိုးသည် သူ၏ စိတ်ထဲတွင် အချိန်အတော်ကြာ တဝဲလည်လည် ရောက်ရှိနေလေရာ မိုဝူကျိက ဆက်လက် တောင့်မခံနိုင်တော့ချေ။ သူက မြေဓာတ် သဘာဝအမြုတေကို ထုတ်ယူလိုက်ပြီး အပင်ပေါက်ဘေးတွင် ထားထားလိုက်သည်။

အမွှေးတိုင်တစ်တိုင်စာပင် မရှိသေးသည့်အချိန်အတွင်း မိုဝူကျိက မြေဓာတ် သဘာဝအမြုတေဆီမှ စွမ်းအားများ ဆုတ်ယုတ်လာသည်ကို ခံစားမိလိုက်သည်။ တစ်ဖက်၌ အပင်ပေါက်ဆီတွင် မြေဓာတ်စည်းမျည်း စွမ်းအားအပိုတစ်ခု ထပ်ရှိသွားလေသည်။ အမှောင်ထု စည်းမျည်းသန့်သန့်သာ ရှိခဲ့သည့် အပင်ပေါက်လေးဆီတွင် တခြားစည်းမျည်းအပိုတစ်ခု ပိုင်ဆိုင်သွားလေပြီ။

သူက ကျင့်ကြံခြင်းကို ရပ်လိုက်ပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်ရှိ နတ်ဝိညာဉ် စွမ်းအားစီးဆင်းမှုမှာ နောက်ဆုံးတွင် တည်ငြိမ်စ ပြုလာလေသည်။ သို့သော် နတ်ဝိညာဉ်စွမ်းအားမှာ အပင်ပေါက်လေး၏ ပြင်းပြင်းထန်ထန် စုပ်ယူခြင်းကို တစ်ခါ ထပ်ခံလိုက်ရပြန်သည်။

ဤသည်မှာ တကယ်ကြီး ဖြစ်နိုင်လေသည်လော…

တွေဝေခြင်းမရှိဘဲ မိုဝူကျိက ရေဓာတ် သဘာဝအမြုတေ၊ သတ္ထုဓာတ် သဘာဝအမြုတေနှင့် လျှပ်စီးဓာတ် သဘာဝအမြုတေတို့အား အပင်ပေါက်လေး၏ဘေးတွင် နေရာချထားလိုက်သည်။

အမှန်ပင်…

သဘာဝအမြုတေ ၃ လုံးဆီမှ စွမ်းအားများ ဆုတ်ယုတ်လာသည်ကို မိုဝူကျိက ခံစားလို့ရသည်။ သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားက အပင်ပေါက်ဆီသို့ တစ်ခါထပ်မံ လွှမ်းခြုံသွားပြန်လေသည်။

နာရီအနည်းငယ်ကြာပြီးနောက် အပင်ပေါက်၏ စွမ်းအားထဲတွင် တခြားသော မတူညီသည့် သဘာဝ အမြုတေစွမ်းအားတချို့ တဖြည်းဖြည်း ပါဝင်လာလေသည်။ မိုဝူကျိက အသက်ပြင်းပြင်း ရှူလိုက်သည်။ အကယ်၍ သူသာ သဘာဝ အမြုတေအားလုံးကို စုဆောင်းလိုက်ပါက သူ၏ အပင်ပေါက်လေးသည် မည်သို့သော အပင်အဖြစ် ကြီးထွားလာလိမ့်မည်နည်း။

မိုဝူကျိက အပင်ပေါက်လေးကို ဤနေရာ၌ ဆက်လက် ကြီးထွားခွင့်မပြုချေ။ သူက အပင်ပေါက်ကို သူ၏ လူသားကမ္ဘာထဲသို့ ထည့်လိုက်သည်။ အပင်ပေါက်လေး ကြီးထွားလာရန် တစ်ရက် နှစ်ရက်သာ လိုသည် မဟုတ်ချေ။ သူက ထိုအပင်ပေါက်ကို တစ်ချိန်လုံး ဤနေရာတွင် ထိုင်စောင့်ကြည့် မနေနိုင်ပေ။

ကူရှင်းရန်၏ ကျောက်စိမ်းပေလွှာအရ သစ်နက်ကို ပြုစုပျိုးထောင်ရန် အကောင်းဆုံးနေရာမှာ အမှောင်ကမ္ဘာ၏ အလယ်တည့်တည့်ရှိ အမှောင်ထု မူလခန်းမအတွင်း၌ ဖြစ်သည်။

သို့သော် သူ၏ သစ်နက်သည် တခြားစည်းမျည်းစွမ်းအားများကို စုပ်ယူပြီးသည့်နောက်တွင် သစ်နက်စစ်စစ်အဖြစ်မှ ကွဲထွက်လာမှန်း မိုဝူကျိက ခံစားမိသည်။ လက်ရှိအခြေအနေ၌ သစ်နက်ထဲတွင် အမှောင်ထု စည်းမျည်းချည်းသာ ပါဝင်တော့သည် မဟုတ်ချေ။ တခြားစည်းမျည်း စွမ်းအားများလည်း ပါဝင်နေလေပြီ။ သို့ဖြစ်လေရာ သစ်နက်အား သူ၏ လူသားကမ္ဘာထဲတွင် ထည့်ထားသည်က မကောင်းသည့်ကိစ္စတော့ မဟုတ်ချေ။

သူ၏ ကျင့်ကြံဆင့် တိုးတက်လာသည်နှင့်အမျှ သူ့လူသားကမ္ဘာကလည်း တိုးတက်လာလေသည်။ ထို့အပြင် သူ၏လူသားကမ္ဘာထဲမှ မတူကွဲပြားသော စည်းမျည်း တော်တော်များများသည် ထင်ရှားသိသာ၏။ မိုဝူကျိက လက်ရှိ သစ်နက်အား ကြီးထွားရန် အသင့်တော်ဆုံးနေရာမှာ သူ၏ လူသားကမ္ဘာဖြစ်ကြောင်း ခံစားမိသည်။

မိုဝူကျိ၏ လူသားကမ္ဘာထဲတွင် ရှိနေသည့် ဟန်ချင်းရုသည်ကား အင်မော်တယ်ဧကရာဇ် အစောပိုင်းအဆင့်ထဲပင် ရောက်နေလေပြီ။ ကြည့်ရသည်မှာ ဤနှစ်တွေအတွင်း သူ့လူသားကမ္ဘာထဲတွင် သူမက မိုးကြိုးစမ်းသပ်ချက်တချို့ ခံယူခဲ့ပုံပေါ်သည်။

ဟန်ချင်းရု၏ တိုးတက်မှုကို မြင်သောအခါ မိုဝူကျိက ထူးထူးခြားခြား အံ့သြသွားခြင်း မရှိချေ။ သူ၏ လူသားကမ္ဘာထဲမှ စည်းမျည်းများမှာ အားလုံးပြီးပြည့်စုံနေသည့်အပြင် ဟုန်မုန့်စွမ်းအင်လည်း ကမ္ဘာထဲတွင် ရှိနေသေးသည်။ ထို့အပြင် ထပ်ဆောင်းအနေနှင့် အညစ်အကြေးကင်းစင်သော ဆေးလုံးပုံများလည်း ရှိနေသေးသည်။ သူမ ထိုမျှ မြန်မြန် မတိုးတက်မှသာလျှင် မိုဝူကျိက ပိုအံ့သြရမည် ဖြစ်၏။

မိုဝူကျိက ဟန်ချင်းရု၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်ပေ။ သူ စိုက်ထူထားသော နတ်ဝိညာဉ်သွေးကြောများထဲမှ တစ်ဝက်ကိုသာ အသုံးပြုရသေးလေရာ သူက ကျန်တစ်ဝက်ကို ကမ္ဘာထဲ ပြန်သိမ်းထားလိုက်သည်။

သူ အသက်ကယ်ထားသည့် အမျိုးသမီးသည်ကား အပြည့်အဝ ပြန်ကောင်းသွားရုံတင် မကဘဲ သူမ၏ တာအိုအရှိန်အဝါမှာလည်း အင်မတန် သိပ်သည်းအားကောင်းလှ၏။ သူမသည် ယခင်ကထက်ပင် ပိုမိုအားကောင်းလာသည်ဟု မိုဝူကျိက ထင်မိသည်။ သူမက သဟဇာတနတ်ဘုရား အစောပိုင်းအဆင့်ထဲပင် ရောက်နေလေပြီ။

အမျိုးသမီးသည် မိုဝူကျိ နတ်ဝိညာဉ်သွေးကြောများကို ပြန်သိမ်းလိုက်သည့်အခိုက် ချက်ချင်း သိလိုက်သည်။ သူမက အမြန်ထရပ်ကာ အမှောင်ထု မူလခန်းမ၏ အပြင်ဘက်တွင် မတ်တပ်ရပ်နေသော မိုဝူကျိဆီသို့ ဦးညွှတ်လိုက်သည်။

“ဒီဂျူနီယာ သိုက်နန်ကျန်းကို စီနီယာက အသက်ကယ်တင်ပေးခဲ့တာပါ။ ဂျူနီယာက အသက်ကယ်ပေးတဲ့ ကျေးဇူးကို ပြန်မဆပ်နိုင်သေးတာကြောင့် စီနီယာ လိုအပ်တဲ့ တောက်တိုမယ်ရတွေ အကုန်လုပ်ပေးဖို့ စီနီယာ ကျွန်မကို ခိုင်းစေနိုင်ပါတယ်ရှင့်”

ဤနေရာတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးသည့်နောက် သူမက အင်မတန် ထင်ရှားသော အမှောင်ထု စည်းမျည်းအပြင် အလွန့်အလွန် သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားကိုပါ အာရုံခံနိုင်ခဲ့သည်။ နောက်ထပ် အချိန်အနည်းငယ်သာ ထပ်မံကျင့်ကြံရန် ပေးခဲ့ပါက သူမသည် ဝိဇ္ဇာတစ်ပိုင်း အစောပိုင်းအဆင့်ထဲသို့ တက်လှမ်းနိုင်လိမ့်မည်ဟု သူမကိုယ် သူမ ယုံကြည်မိ၏။

ဝိဇ္ဇာတစ်ပိုင်းအဆင့်… သူမသည် ဤနည်းဖြင့် အမှောင်ကမ္ဘာ၏ နံပါတ်တစ် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မည်။

မိုဝူကျိက လက်ခါပြကာ

“ကျုပ်က ဖြတ်သွားဖြတ်လာ တစ်ယောက်ပါ။ လမ်းကြုံလို့ ကူညီပေးရုံသက်သက်ရယ်။ မင်း အဲဒီကိစ္စအတွက် သိပ်မစိုးရိမ်ပါနဲ့။ အော် ဒါနဲ့… မင်း ဘယ်လိုအမှားကြီးကိုများ ကျူးလွန်ခဲ့တာလဲ။ ဘာကြောင့် မင်းက အမှောင်ထုမူလခန်းမရဲ့ အပြင်ဘက်မှာ အကပ်ခံထားရတာလဲ”

မိုဝူကျိက သူမ အဘယ်ကြောင့် နံရံတွင် အကပ်ခံထားရသနည်းအား မေးမြန်းသည်ကို ကြားသောအခါ သိုက်နန်ကျန်းက တစ်ခါထပ်ပြီး စိုးရိမ်လာပြန်သည်။ သူမက သူမ၏ လက်သီးကို တင်းတင်းဆုပ်ရင်း စိတ်တည်ငြိမ်ဖို့ ကြိုးစားလိုက်သည်။

“တကယ်တော့ ဒီအမှောင်ထုမူလခန်းမကို ကျွန်မရဲ့အစ်ကိုက တည်ဆောက်ခဲ့တာပါ…”

“မင်းအစ်ကိုက ဒါကို ဆောက်ခဲ့တာလား”

မိုဝူကျိက သိုက်နန်ကျန်းအား အံ့သြတကြီး ကြည့်လိုက်သည်။ သိုက်နန်ကျန်း၏ အစ်ကိုက ဤခန်းမကို တည်ဆောက်ခဲ့ပါလျက်နှင့် သူမက အပြင်ဘက်တွင် အကပ်ခံထားရသည်လား…

ဒါဟာ နည်းနည်းတော့ ရယ်စရာကောင်းလွန်းမနေဘူးလား…

“ကျွန်မအစ်ကိုရဲ့ နာမည်က သိုက်ဖန်းပါ။ အမှောင်ကမ္ဘာထဲမှာ သစ်နက် ပျောက်ကွယ်သွားပြီးနောက်ပိုင်း အမှောင်ကမ္ဘာအတွင်း မိုးမြေကြားက အမှောင်ထု စည်းမျည်းတွေက တဖြည်းဖြည်း လျော့ပါးလာကြတယ်။ အရင်တုန်းက အမှောင်ကမ္ဘာမှာ အဆင့်မြင့် ကျင့်ကြံသူတွေ အများကြီးပဲ ပေါ်ထွက်ခဲ့တယ်။ သစ်နက် ပျောက်ကွယ်သွားပြီးတဲ့နောက်မှာတော့ အဆင့်မြင့် ကျင့်ကြံသူတွေလည်း နည်းနည်းလာတယ်ရှင့်။ ကျွန်မအစ်ကိုက အဲ့ဒီလို မဖြစ်စေချင်ခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ သူက စစ်မြေပြင်ကနေ သစ်နက် အပိုင်းအစတစ်ခုကို ရှာတွေ့ခဲ့တယ်…”

သိုက်နန်ကျန်း ပြောပြသည်ကို ကြားပြီးနောက် မိုဝူကျိက သူ ရှာတွေ့ခဲ့သည့်သစ်နက်မှာ သိုက်ဖန်း ရှာတွေ့ခဲ့သည့် တစ်ခု ဖြစ်လိမ့်မည်ဟု ထင်မိသည်။

“ကျွန်မအစ်ကိုက သစ်နက်အပိုင်းအစကို ထုတ်ပြပြီး သစ်နက် ပျောက်သွားပြီးတဲ့နောက်မှာ အမှောင်ကမ္ဘာက ဘယ်လိုမျိုး ဆုတ်ယုတ်ကျဆင်းလာတယ်ဆိုတာကို မိန့်ခွန်းပြောခဲ့တယ်။ သူက မူလက သစ်နက် စတင်ရှင်သန်ခဲ့တဲ့နေရာမှာ သစ်နက်အပိုင်းအစကို ထားဖို့ မျှော်လင့်ခဲ့တာ။ သူက သစ်နက်ကို ပြုစုပျိုးထောင်ရာမှာ သုံးဖို့ အမှောင်ထု မူလခန်းမကို ဒီနေရာမှာ ဆောက်ချင်ခဲ့တာ။ သစ်နက် တဖန်ပြန်ပြီး ကြီးထွားလာတာနဲ့ အမှောင်ကမ္ဘာထဲက အမှောင်ထုစည်းမျည်းတွေ နောက်တဖန် ပြန်လည် ပြီးပြည့်စုံနိုင်လိမ့်မယ်ဆိုပြီးပေါ့”

ခဏကြာပြီးနောက် သိုက်နန်ကျန်း ကြည့်ရသည်မှာ ပြန်လည် တည်တည်ငြိမ်ငြိမ် ဖြစ်သွားပုံပေါ်သည်။

“နောက်ပြီး ဘာဖြစ်သွားလဲ”

မိုဝူကျိက ထုံမင်ဆီမှ ဤအမှောင်ထုမူလခန်းမအား တည်ဆောက်ခဲ့ပုံကို ကြားထားပြီးသားဖြစ်သည်။ ပြောရမည်ဆိုလျှင် ထုံမင်က ဤနေရာတွင် ယခင်က ပုန်းအောင်းခဲ့ဖူးသည်။

သိုက်နန်ကျန်းသည် ဟိုးအရှေ့မှ ဟာလာဟင်းလင်း ဖြစ်နေသည့် အာကာပြင်ကို ကြည့်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူပြီးမှ ဆက်ပြောလိုက်သည်။

“အဲ့ဒီ့နောက်ပိုင်းမှာတော့ အမှောင်ကမ္ဘာက အဆင့်မြင့်ကျင့်ကြံသူ တော်တော်များများက ကျွန်မအစ်ကိုရဲ့စကားတွေကို သဘောတူခဲ့ကြတယ်။ သူတို့က အစ်ကို့ကို အမှောင်ကမ္ဘာရဲ့ နံပါတ်တစ်ပညာရှင်လေး ဘာလေးနဲ့ မြှောက်ပင့်ပြောဆိုခဲ့ကြသေးတယ်။

အမှောင်ထုမူလခန်းမကို ဆောက်ပြီးသွားတဲ့အချိန်မှာ ကျွန်မအစ်ကိုသိုက်ဖန်းက အမှောင်ထု မူလခန်းမရဲ့ ပထမဦးဆုံးသော ခန်းမသခင် ဖြစ်လာခဲ့တယ်။ အတားအဆီးတွေနဲ့ အစီအရင်တွေကို ခန်းမပတ်ပတ်လည်မှာ ချထားပြီး ဘယ်သူ့ကိုမှ အနားကပ်ခွင့်မပြုခဲ့ဘူး။

အမှောင်ကမ္ဘာရဲ့ နံပါတ်တစ်မျိုးနွယ်ဖြစ်တဲ့ ကူမျိုးနွယ်စုက ကျွန်မအစ်ကိုကို အရင်လာရှာတယ်။ သူတို့က ကျွန်မတို့မျိုးနွယ်စုနှစ်ခုကို လက်ထပ်ထိမ်းမြှားခြင်းနဲ့ ပူးပေါင်းချင်ခဲ့တယ်။

အဲ့ဒီအချိန်မှာ အမှောင်ကမ္ဘာရဲ့ နံပါတ်တစ်ပါရမီရှင် ကူချူက ကျွန်မကို ပိုးပန်းနေတာလေ။ သူက နံပါတ်တစ် ပါရမီရှင် ဖြစ်ရုံတင်မကဘူး။ အရမ်းလည်း ချောမောတယ်။ ကျွန်မအစ်ကိုရဲ့ စောင့်ရှောက်မှုအောက်မှာ အမြဲနေခဲ့ရတာကြောင့်မို့လို့ ကျွန်မက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာသံသယမှ မဝင်မိခဲ့ဘူး။ အဲ့ဒါတင် မကဘဲ ကျွန်မက ချောမောတဲ့ ပါရမီရှင် ကူချူကို အမှန်တကယ် ချစ်မြတ်နိုးမိခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်မ သူ့ကို လက်ခံမိခဲ့တယ်”

All Chapters