ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းအား ကယ်တင်ခြင်း
Vol. 63 Ch. 863
သူသည် ယခင်တုန်းက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲတွင် မည်သူ့ကိုမှ တာအိုရောင်းရင်းဟု မခေါ်ခဲ့ဘူးပေ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးထဲတွင်ပင် သူ တာအိုရောင်းရင်းဟု ခေါ်သင့်သည့် လူနှစ်ယောက်သာရှိကြောင်း သူက မှတ်ယူထားခဲ့၏။ တစ်ယောက်မှာ ဆဋ္ဌဂံမြေဂိုဏ်း၏ ခေါင်းဆောင်ကြီးဖြစ်ပြီး အခြားတစ်ယောက်မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး ဖြစ်သည်။
ယခုတွင်မူ နောက်ထပ်တစ်ယောက် ပေါ်ပေါက်လာပြီဖြစ်သည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့ တိုက်ပွဲထဲ၌ ထုတ်ပြခဲ့သည့် အစွမ်းအစများကြောင့် အထင်ကြီးအံ့ဩသွားခဲ့ရ၏။ သူ ထုတ်ပြခဲ့သည့် စွမ်းအားများမှာ တပ်ရင်းတစ်ခု၏ အဆင့်ထက်ပင် ပိုနေပြီး သူ၏ကိုယ်ပိုင် ဂိုဏ်းတစ်ဂိုဏ်းအား တည်ထောင်နိုင်လောက်သည့် အဆင့်အထိ ရောက်နေသည်မဟုတ်ပါလော။ အမှန်အတိုင်း ဆိုရလျှင် သူသည် အချို့သော ဂိုဏ်းများထက် အတိုင်းအတာတစ်ခုအထိ ပို၍ အစွမ်းထက်နေသည်ဟုပင် သတ်မှတ်နိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ထာဝရဝိညာဉ်အဆင့် စစ်တပ်ကြီးမှာ ရုပ်သေးရုပ်များဖြင့် ဖွဲ့စည်းထားသောကြောင့်ပင်။ ထို ရုပ်သေးရုပ် စစ်တပ်ကြီးမှာ သူ့ဆီမှ အမိန့်တစ်ခု ရရှိလိုက်ရုံမျှနှင့် အသေခံတိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေသည် မဟုတ်ပါလော။ အခြားတစ်ဖက်တွင်မူ အခြားဂိုဏ်းများမှာ သူတို့၏ ဂိုဏ်းသားများအား ထိုကဲ့သို့ အမိန့်ပေးနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ထို့အပြင် ဝမ်ပေါင်လဲ့၏ ကိုယ်ပိုင် တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား အထင်ကြီးသွားအောင် လုပ်နိုင်ခဲ့၏။ သူသည် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ပစ်နိုင်ခဲ့ရုံသာမက ဂြိုဟ်အဆင့် ဘယ်လက်ရုံး အကြီးအကဲကြီး၏ တိုက်ကွက်ကြီးကိုပါ ခုခံတွန်းလှန်နိုင်ခဲ့သည် မဟုတ်ပါလော။ ထို့နောက် သူသည် ဂြိုဟ်အဆင့် လက်ချောင်းကြီးဖြင့် တန်ပြန်တိုက်ကွက်တစ်ခု ထုတ်လွှတ်ခဲ့ပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့်အတူ ပူးပေါင်းကာ ထို ဘယ်လက်ရုံး အကြီးအကဲကြီးအား သတ်ဖြတ်နိုင်လုဆဲဆဲ အနေအထားအထိ ရောက်ရှိသွားခဲ့သေးသည်။
အရေးအကြီးဆုံးအချက်မှာမူ... ထိုအခြင်းအရာများအားလုံး ပြီးဆုံးသွားပြီးနောက် သူ၏ ဦးခေါင်းအထက်၌ နောက်ထပ် ဂြိုဟ်အဆင့် လက်ချောင်းကြီးတစ်ချောင်း ထပ်မံပေါ်ထွက်လာခြင်းပင်။ ထို့ကြောင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
" သူက ဂြိုဟ်အဆင့်စွမ်းအားတွေကို ထုတ်လွှတ်နိုင်စွမ်း ရှိနေတဲ့အပြင် ဂြိုဟ်အဆင့် ကျင့်ကြံသူတွေကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိနေတာပဲ။ သူ့ရဲ့ အစွမ်းအစတွေက ပုံမှန်မဟုတ်ဘူး။ ဒါပေမဲ့ သူ နတ်မျက်လုံး ပညာရပ်ကို ထုတ်သုံးနိုင်စွမ်းရှိနေတဲ့ အချက်နဲ့ ဒီ ရုပ်သေးရုပ်တွေရဲ့ မူလဇာစ်မြစ်ကို ထည့်တွက်လိုက်မယ်ဆိုရင်... " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ မျက်လုံးများမှေးသွားရ၏။ သူသည် အတွေးများထဲတွင် နစ်မျောနေရင်း ဘယ်လက်ရုံး အကြီးအကဲကြီး ရေရွတ်မိခဲ့သည့် " တာအိုဂိုဏ်းသား " ဆိုသည့် စကားလုံးအား ပြန်၍ သတိရသွားတော့သည်။
ထို့ကြောင့် သူ၏ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။ သူသည် ဝမ်ပေါင်လဲ့ ရှာဖွေတွေ့ရှိခဲ့သည့် အခွင့်အရေးကြီးမှာ သူ့အတွက်ဆိုလျှင်လည်း အလွန်အင်မတန်မှ အကျိုးရှိနေမည်ဖြစ်ကြောင်း တွေးမိသွားသဖြင့် စိတ်ထဲတွင် အစီအစဉ်များ ရေးဆွဲနေခြင်း ဖြစ်သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ အစွမ်းအစနှင့် ဉာဏ်များသော အကျင့်ဗီဇကို သိရှိထားရုံသာမက သူသည် အလွန်အင်မတန်မှ အငြိုးအတေးကြီးသည့် လူတစ်ယောက်ဖြစ်ကြောင်းကိုလည်း သိရှိထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ အစီအစဉ်သာ အမှားမှား အယွင်းယွင်း ဖြစ်သွားမည်ဆိုပါက သူ့ဘက်မှ အများကြီးပြန်၍ ပေးဆပ်ရနိုင်ပေသည်။ ထို့အပြင် သူ၏ လက်ရှိအခြေအနေကြောင့် သူသည် ထိုအစီအစဉ်အတိုင်း ဆောင်ရွက်နိုင်စွမ်း မရှိသေးပေ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ဘေးအန္တရာယ်ကြီးမှာ ကျန်ရှိနေသေးသည် မဟုတ်ပါလော။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ ဤတိုက်ပွဲအား အနိုင်ရရှိသွားခဲ့ပါသော်လည်း စစ်ပွဲကြီးမှာ ယခုမှ စတင်သွားခဲ့ခြင်း ဖြစ်သည်။ ပြည်ပကျူးကျော်စစ်များနှင့် ရင်ဆိုင်ရသည့်အချိန်တွင် စိုးရိမ်စရာအကောင်းဆုံး အချက်မှာ ပြည်တွင်းရေး မတည်ငြိမ်မှုများ ဖြစ်ပေသည်။ အကယ်၍ အခြားသူများသာ သူ၏လုပ်ရပ်များကို သတိထားမိသွားမည်ဆိုပါက သူတို့မှာ သူ့အား ရွံရှာစက်ဆုပ်သွားကြမည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့ကြောင့်သာ မဟုတ်ပါက ဤတိုက်ပွဲကြီး၏ အဖြေမှာ လုံးဝပြောင်းလဲသွားခဲ့မည်သာ မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူတို့၏ အသက်များကို ကယ်တင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ထို့အပြင် ဝမ်ပေါင်လဲ့၏ အစွမ်းအစများမှာ ဤစစ်ပွဲကြီးထဲ၌ အသုံးဝင်လာနိုင်ပေသည်။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုအချက်များကို ထည့်သွင်းစဉ်းစားလိုက်ပြီးနောက် နောက်ဆုံးတွင် ကိုယ်ကျိုးမကြည့်တော့ဘဲ သူ၏ မာန်မာနများနှင့် ရာထူးအဆင့်အတန်းများကို ဘေးချိတ်ကာ ဝမ်ပေါင်လဲ့အား သူနှင့်တန်းတူ သဘောထား၍ ပြောဆိုဆက်ဆံလိုက်တော့သည်။ သူ၏ မျက်နှာအမူအရာနှင့် စကားလုံးများထဲတွင် ရိုးသားဖြူစင်မှု အရိပ်အယောင်များ ပြည့်နှက်နေ၏။
" တာအိုရောင်းရင်းသာ ရောက်မလာခဲ့ဘူးဆိုရင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက ဒီ တိုက်ပွဲကြီးကို ကျော်ဖြတ်နိုင်ခဲ့မှာတောင် မဟုတ်ပါဘူး။ ဝာာအိုရောင်းရင်း လုံနန်ကျစ်။ ကျေးဇူးပြုပြီးတော့ အရိုအသေပေးပါရစေ " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ လက်အောက်ငယ်များသားအားလုံး၏ ရှေ့တွင် ဝမ်ပေါင်လဲ့အား တရိုတသေ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
" ဝာာအိုရောင်းရင်း။ ကျွန်တော့်ကို ကျေးဇူးတင်နေဖို့မလိုပါဘူး။ ကျွန်တော်က နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသား တစ်ယောက်ပဲလေ။ ပြီးတော့ အရင်တုန်းကလည်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက ကျွန်တော့်ရဲ့ အသက်ကို ထပ်ခါတလဲလဲ ကယ်တင်ဖူးခဲ့တာပဲ။ ကျွန်တော်က လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ကို လုပ်လိုက်ရုံပဲရှိတာပါ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားကာ ပြန်ဖြေလိုက်၏။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ဝမ်ပေါင်လဲ့မှာ ဘယ်လက်ရုံး အကြီးအကဲကြီးအား ခြိမ်းခြောက်လိုသောကြောင့် မဟုတ်ဘဲ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး အထင်ကြီးသွားစေရန်အတွက်သာ ဒုတိယမြောက် ဂြိုဟ်အဆင့် လက်ချောင်းကြီးအား ဆင့်ခေါ်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ ပြောဆိုဆက်ဆံပုံအား မြင်လိုက်ရပြီးနောက် ထိုကဲ့သို့ ပြန်ပြောလိုက်ခြင်းဖြစ်၏။
" ဝာာအိုရောင်းရင်း လုံနန်ကျစ်။ ကျွန်တော် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း တစ်ဂိုဏ်းလုံးရဲ့ကိုယ်စား ဝာာအိုရောင်းရင်းကို ထပ်ပြီး အရိုအသေပေးပါရစေ။ အခုလို ကူညီပေးခဲ့တဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် " နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ ပေကတ်ကတ်နှင့် နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်အရိုအသေ ပေးလိုက်ဆဲပင်။ သူသည် ထိုသို့ အရိုအသေပေးလိုက်ပြီးနောက် စကားပြောချင်နေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ တစ်အောင့်ခန့် ကြာပြီးနောက် သူသည် ပြောလိုက်တော့သည်။
" ဝာာအိုရောင်းရင်း လုံနန်ကျစ်။ ဒီတိုက်ပွဲမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက အနိုင်ရရှိသွားခဲ့ပေမဲ့ လူမှုအဖွဲ့စည်းတစ်ခုလုံး ပျက်စီးမသွားခင် အချိန်နည်းနည်း ဆွဲနိုင်ခဲ့ရုံလောက်ပဲ ရှိပါသေးတယ်။ အဲတာမလို့ ကျွန်တော် ဝာာအိုရောင်းရင်းကို အားမနာတမ်း အကူအညီတစ်ခု တောင်းပါရစေ... ဝာာအိုရောင်းရင်း လက်ခံပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ် "
" ဝာာအိုရောင်းရင်က ကျွန်တော် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို သွားပြီးကူညီပေးဖို့ ကျွန်တော့်ကို တောင်းဆိုချင်တာမလား "
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့ သူ၏အတွေးများအား ခန့်မှန်းမိခဲ့သည်ကို အံ့အားသင့်နေခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ သာမန်လူတစ်ယောက်အဆင့်မှ ယခုလိုအဆင့်မျိုးအထိ ရောက်ရှိလာခဲ့သည်ဖြစ်ရာ သာမန်လူများထက် ပို၍သာလွန်သည့် ဉာဏ်ရည်မျိုးကို ပိုင်ဆိုင်ထားရပေမည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ အမှန်တကယ်ပင် ထိုကဲ့သို့ တွေးနေခဲ့ခြင်းဖြစ်၏။ သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း သူ၏ဂိုဏ်းအား ကျူးကျော်လာခဲ့စဉ်ကတည်းက သူတို့မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကိုလည်း တိုက်ခိုက်နေလောက်ပြီဖြစ်ကြောင်း ကောင်းကောင်းကြီး သိထား၏။ ထိုဂိုဏ်းနှစ်ဂိုဏ်းစလုံး၏ အနာဂတ်မှာ တစ်ခုပေါ်တစ်ခု အပြန်အလှန် မှီခိုနေကြသည် ဖြစ်ကြောင်းကိုလည်း သူက နားလည်ထားသည်။ အကယ်၍ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသာ ချေမှုန်းခံလိုက်ရမည်ဆိုပါက သူတို့မှာလည်း ဤ စစ်ပွဲကြီးအား အသက်ရှင်လျက် ကျော်ဖြတ်နိုင်ရန် မျှော်လင့်နိုင်တော့မည် မဟုတ်ပေ။
အပြင်ပန်းတွင် သူသည် မောပန်းနွမ်းနယ်နေခြင်း မရှိသည့်ပုံ ပေါက်နေပါသော်လည်း ပြီးဆုံးသွားခဲ့သည့် တိုက်ပွဲကြီးထဲ၌ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအား အမြောက်အမြားကို ထုတ်သုံးခဲ့ရ၏။ သူသည် နောက်ထပ် တိုက်ပွဲတစ်ခု ဆက်လက် တိုက်ခိုက်နိုင်စွမ်း ရှိနေသေးပါသော်လည်း သူ၏ မောပန်းနွမ်းနယ်မှုများကို လျစ်လျူရှုထား၍ မဖြစ်ပေ။ ထို့အပြင် သူသည် သူ ထွက်ခွာသွားပါက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး သူ၏ဂိုဏ်းဆီသို့ ထပ်၍ လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ထို့ကြောင့်လည်း အကောင်းဆုံးသော နည်းလမ်းမှာ ဂိုဏ်းထဲမှ ဒုတိယမြောက် အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်သည့် လုံနန်ကျစ်အား ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းဆီသို့ စစ်ကူအဖြစ် စေလွှတ်လိုက်ခြင်းပင်။ သို့သော် သူသည် ထိုတာဝန်မှာ မည်မျှအန္တရာယ်များနေမည်ဖြစ်ကြောင်း သိထားသလို လုံနန်ကျစ်နှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ကြားရှိ ပဋိပက္ခဟောင်းများကိုလည်း သိရှိထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ချက်ချင်း မတောင်းဆိုခဲ့ဘဲ တွန့်ဆုတ်နေခဲ့ရခြင်း ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့မှာ သူ တွေးနေသည့် အရာများကို ထုတ်ပြောခဲ့၏။ ထို့ကြောင့်လည်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စကားတစ်ခွန်းမှ ထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်ပြီး နောက်ထပ်တစ်ကြိမ်ထပ်၍ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွားပြီး သေသေချာချာ စဉ်းစားတွေးတောလိုက်၏။ သူသည် ကူညီပေးမှ ရမည်ဖြစ်ကြောင်း သိထားသည်။ အကယ်၍ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသာ ချေမှုန်းခံလိုက်ရမည်ဆိုပါက ဤစစ်ပွဲကြီးထဲ၌ တိုက်ခိုက်ရန်မှာ ပို၍ ခက်ခဲလာမည်သာဖြစ်သည်။
" ကောင်းပြီလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ခေါင်းညိတ်ကာ ဆိုလိုက်၏။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ ထိုစကားကို ကြားလိုက်ရသောအခါ ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ထို့နောက် သူသည် အဆင့်တစ်တပ်ရင်းအား ဝမ်ပေါင်လဲ့၏ နောက်သို့ လိုက်သွားရန် ချက်ချင်းအမိန့်ထုတ်ပြန်လိုက်သည်။ သို့သော် သူသည် တာအိုပညာရှင်ကူမော့အား ထိုတပ်ရင်းနှင့်အတူ စေလွှတ်ခဲ့ခြင်းမရှိဘဲ ဝန်ကြီးချုပ်ကိုသာ ထိုတပ်ရင်း၏ ခေါင်းဆောင်နေရာ၌ ခန့်အပ်လိုက်၏။ ( တာအိုရောင်းရင်း နှစ်ခု ထပ်နေမှာစိုးလို့ ကူမော့ရဲ့နာမည်ကို တာအိုပညာရှင်လို့ ပြင်လိုက်ပါတယ် )
ထို့အပြင် သူသည် အလယ်အလတ် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူသုံးယောက်ကိုလည်း ထိုအဖွဲ့ထဲ၌ လိုက်ပါသွားစေလိုက်သည်။ ထို ကျင့်ကြံသူ သုံးယောက်ထဲတွင် နတ်သမီးလင်ယိုလည်း ပါ၏။ ထိုသို့ဖြင့် လိုအပ်သည့် ပြင်ဆင်မှုများကို အလျင်အမြန် ပြုလုပ်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ စစ်တပ်နှင့် အတင့်တစ် တပ်ရင်းတို့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ တည်နေရာပြောင်းရွှေ့ခြင်း အပေါက်ထဲမှနေ၍ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ရှိရာဘက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူကိုယ်တိုင် လိုက်ပါနိုင်ခဲ့ခြင်း မရှိပါသော်လည်း ဝန်ကြီးချုပ်အား အသေးစား ရုပ်တုလေးတစ်ခု ပေးအပ်ခဲ့၏။ ထိုရုပ်တုထဲတွင် သူ့ကိုယ်ပွား၏ စွမ်းအားများကို ချုပ်နှောင်ထားခြင်းဖြစ်သည်။ ၎င်းမှာ ဂြိုဟ်အဆင့် တွင် ရှိနေမည် မဟုတ်ပါသော်လည်း ၎င်း၏ ပေါက်ကွဲမှုမှာ ဂြိုဟ်အဆင့်စွမ်းအားများကို အတိုင်းအတာတစ်ခုအထိ ထုတ်လွှတ်ပေးနိုင်မည်သာ ဖြစ်သည်။
သူသည် သူ၏လုပ်ရပ်များအား ဝမ်ပေါင်လဲ့မသိအောင် ကွက်ဝှက်ထားခဲ့ခြင်း မရှိဘဲ သူ၏ ရိုးသားဖြူစင်မှုကို ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် ထိုရုပ်တုအား ဝမ်ပေါင်လဲ့၏ ရှေ့၌ ဝန်ကြီးချုပ်ဆီသို့ ပေးအပ်ခဲ့ခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မသိမသာ ခေါင်းညိတ်လိုက်၏။ သူ၏စစ်တပ်နှင့် အဆင့်တစ် တပ်ရင်းတို့မှာ တည်နေရာပြောင်းရွှေ့ခြင်း အပေါက်ထဲမှ ထွက်လာပြီးနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပြည်သူ့ရင်ပြင်ထဲသို့ ရောက်ရှိလာသည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ ဦးဆောင်မှုအောက်တွင် သူတို့မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းဆီသို့ ဆက်လက်ဦးတည်သွားတော့သည်။
သူတို့မှာ ဂိုဏ်းထဲမှ တည်နေရာပြောင်းရွှေ့ခြင်း အပေါက်အား အသုံးပြုခဲ့သောကြောင့် ခရီးစဉ်၏ ကြာချိန်အား သိသိသာသာ လျှော့ချနိုင််ခဲ့ပါသော်လည်း စစ်မြေပြင်ကြီးဆီသို့ ရောက်ရန် နောက်ထပ် နှစ်နာရီခန့် ကြာမြင့်ဦးမည်ဖြစ်သည်။
စစ်သင်္ဘောကြီးများမှာ အာကာသကြီးထဲ၌ မရပ်မနား ခုတ်မောင်းနေကြပြီး စစ်သင်္ဘောကြီးပေါ်ရှိ လူတိုင်းမှာမူ အနားယူနေကြ၏။ သူတို့မှာ ပထမဆုံးတိုက်ပွဲကြီးထဲ၌ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြရသလို ယခုတွင်လည်း နောက်ထပ်တိုက်ပွဲကြီးတစ်ခုထဲ၌ စစ်ကူများအဖြစ် သွားရောက်ပူးပေါင်းရတော့မည်ဖြစ်ရာ စိတ်ရောကိုယ်ပါ ပင်ပန်းနေကြရပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် တရားထိုင်ရန် ပြင်လိုက်စဉ်မှာပင် ဝန်ကြီးချုပ်မှာ မည်သည့်အကြောင်းကြောင့်မှန်းမသိ နတ်သမီးလင်ယိုအား ဝမ်ပေါင်လဲ့၏ ဘေးနားသို့ သွားစေလိုက်၏...
သူသည် သူမအား ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးမှု ရယူကာ သူ၏ လိုအင်ဆန္ဒများကို အစွမ်းကုန်ဖြည့်ဆည်းပေးရန် သေသေချာချာ မှာကြားခဲ့သည်။
နတ်သမီးလင်ယိုကလည်း နှုတ်ဆိတ်ကာ လက်ခံခဲ့၏။ သို့သော် သူမသည် အနေအေးသူတစ်ယောက် ဖြစ်ပြီး အခြားသူများနှင့် ပြောဆိုဆက်ဆံရာ၌ သူမဘက်မှ စကားစပြောလေ့ မရှိသောကြောင့် ဝမ်ပေါင်လဲ့၏ ဘေး၌ ကြောင်အန်းအန်းနှင့်သာ ရပ်နေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် နေမထိထိုင်မသာဖြစ်လာရပြီး သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး စိုက်ကြည့်နေကြတော့သည်။
" ငါတို့နှစ်ယောက်က မိတ်ဆွေဟောင်းတွေပဲလေ။ နင် ငါ့ရဲ့ပေါင်ပေါ်မှာ ခေါင်းဦးပြီး ခဏလောက် အနားယူလိုက်ပါလား " ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ စကားစလိုက်၏။
နတ်သမီးလင်ယိုမှာ နဂိုကတည်းက အနည်းငယ်ခန့် ရင်တထိတ်ထိတ် ဖြစ်နေခဲ့ရသည် ဖြစ်ရာ သူ၏ စကားများကိုကြား လိုက်ရသောအခါ တစ်ကိုယ်လုံး တောင့်တင်းသွားရ၏။ ထို့နောက် သူမသည် မျက်နှာအမူအရာ ပြောင်းလဲသွားကာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ သူ၏မျက်နှာအား လက်ဖြင့်ပွတ်ကာ နတ်သမီးလင်ယို၏ စွဲမက်ဖွယ်ရာ နောက်ကျောအလှအား ငေးကြည့်ရင်း သက်ပြင်းချလိုက်တော့သည်။
" တော်သေးတာပေါ့ သူ လက်မခံခဲ့လို့။ တကယ်လို့ သူသာ လက်ခံလိုက်မယ်ဆိုရင် ငါ ဘယ်လိုငြင်းရမှန်း သိမှာမဟုတ်ဘူး။ ငါ့ရဲ့ ချောမောလှပတဲ့ ရုပ်ရည်ကို လိုချင်တပ်မက်နေကြတဲ့ လူတွေမှ အများကြီးလေ။ ဝန်ကြီးချုပ်က ဘာတွေများ ကြံစည်နေတာလဲကွာ " ဝမ်ပေါင်လဲ့မှာ ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်လိုက်၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာ စစ်ဆေးလိုက်ပြီးနောက် သူတို့ ရောက်နေသည့်နေရာကြီးမှာ ဘေးကင်းလုံခြုံမှုရှိကြောင်း သေချာသွားသောအခါမှ မျက်လုံးများမှေးသွားပြီး သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထို့နောက် သူသည် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
၎င်းမှာ သူ မီးတောက်ခေါင်းဆောင်ကြီး၏ တာဝန်အား ထမ်းဆောင်ခဲ့စဉ်တုန်းက အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီးဆီမှ ရရှိခဲ့သည့် လက်စွပ်ဖြစ်ပေသည်။ သူသည် ထိုလက်စွပ်ထဲတွင် ရတနာတစ်ခု ရှိနေလိမ့်မည်ဟု မှတ်ယူထားခဲ့ပါသော်လည်း ၎င်းအား မဖွင့်နိုင်ခဲ့ပေ။
" အခု ငါ အဲဒီလက်စွပ်ကို ဖွင့်လို့ရပြီလား မသိဘူး " ဝမ်ပေါင်လဲ့မှာ မျှော်လင့်တကြီး ဖြစ်နေသည့် မျက်ဝန်းများဖြင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ သူ၏ နတ်ဘုရားအာရုံအား ထို သိုလှောင်လက်စွပ်ထဲသို့ ဝင်သွားစေလိုက်တော့သည်။