← Chapters

ပုလင်းလေးတစ်လုံး 

Vol. 63 Ch. 864

ပုလင်းလေးတစ်လုံး 

Vol. 63 Ch. 864

ဝမ်ပေါင်လဲ့သည် အစောပိုင်း ထာဝရဝိညာဉ်အဆင့်တွင် ရှိနေခဲ့စဉ်တုန်းက ထို သိုလှောင်လက်စွပ်အား ဖွင့်ရန် ကြိုးစားကြည့်ခဲ့ပါသော်လည်း ကျင့်ကြံခြင်းအဆင့် နိမ့်နေခဲ့သောကြောင့် မအောင်မြင်ခဲ့ပေ။

ယခုတွင်မူ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဟု သတ်မှတ်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ၎င်းအား ဖွင့်နိုင်လောက်သည့်အထိ အစွမ်းထက်နေလောက်ပြီ ဖြစ်သည်... ထို့ကြောင့် သူသည် စိတ်လှုပ်တရှားနှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ သိုလှောင်လက်စွပ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားစေလိုက်တော့သည်။

ထိုအခါ သူသည် ထို သိုလှောင်လက်စွပ်ဆီမှ တွန်းကန်အားတစ်မျိုး ထွက်ပေါ်လာသည်ကို ချက်ချင်းဆိုသလို ရှင်းလင်းပြတ်သားစွာ အာရုံခံမိလိုက်၏။ ထိုလက်စွပ်ထဲတွင် တမူထူးခြားသည့် အချုပ်အနှောင်တစ်ခု ရှိနေပြီး ၎င်းမှာ ဝင်ခွင့်မရှိသည့် မည်သည့် နတ်ဘုရားအာရုံကိုမ‌ဆို ကျူးကျော်ဝင်ရောက်လာနိုင်စွမ်း မရှိအောင် တွန်းထုတ်နေသည်။

ဝမ်ပေါင်လဲ့မှာ ထို တွန်းကန်အားထဲ၌ ဂြိုဟ်အဆင့်စွမ်းအင်များကို အာရုံခံမိနေ၏။ ထိုတွန်းကန်အားကို ကျော်ဖြတ်လိုပါက ဂြိုဟ်အဆင့်စွမ်းအားများ ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ ထို့နောက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထိန်းချုပ်ကာ ထို တွန်းကန်အားများကို ဖျက်ဆီးရန် ကြိုးစားကြည့်လိုက်သည်။ သို့သော်... သူသည် ကျင့်ကြံခြင်းစွမ်းအား အမြောက်အမြား ပိုင်ဆိုင်ထားသည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ဂြိုဟ်အဆင့်နှင့် ယှဉ်လိုက်ပါက နိမ့်ကျနေဆဲပင်။

သို့ဖြစ်ရာ သူ၏ကျင့်ကြံခြင်းအဆင့်အား ဂြိုဟ်အဆင့်နှင့် ယှဥ်လိုက်မည်ဆိုပါက မြူခိုးများနှင့် ရေများကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ထို သိုလှောင်လက်စွပ်အား ချက်ချင်း ဖွင့်နိုင်ခဲ့ခြင်း မရှိပါသော်လည်း ယခုလို အခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ မန္တန်လက်ကွက်အချို့ ဖော်လိုက်သောအခါ သူ၏ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာပြီး ရုတ်တရက်ဆိုသလို

သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို တိုးမြှင့်ပေးလိုက်၏။ ထိုအခါ ပို၍ အစွမ်းထက်သည့် ဝိညာဉ်စွမ်းအင်များမှာ သိုလှောင်လက်စွပ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားကြပြီး ဝမ်ပေါင်လဲ့မှာလည်း ထိုသိုလှောင်လက်စွပ်၏ တွန်းကန်အားများ အားပျော့သွားရသည်ကို အာရုံခံမိလိုက်တော့သည်။

အစပိုင်းတွင် ၎င်းမှာ မသိသာပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို သိုလှောင်လက်စွပ်ထဲသို့ ဆယ့်ငါးမိနစ်တိတိ အဆက်မပြတ် ထည့်သွင်းနေခဲ့သည်ဖြစ်ရာ အချိန်များ တဖြည်းဖြည်းနှင့် ကုန်ဆုံးလာသည်နှင့်အမျှ သူ၏ အသိစိတ်ထဲ၌ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်သံများ စတင်ထွက်ပေါ်လာတော့သည်။ သိုလှောင်လက်စွပ်ထဲရှိ အချုပ်အနှောင်မှာ စတင်ကွဲအက်လာခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားရသည်။ ထို့ကြောင့် သူ ထို လက်စွပ်ထဲသို့ ကျင့်ကြံခြင်းစွမ်းအားများ ထပ်၍ ထည့်သွင်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ၎င်းဆီမှ အဖြူရောင်အလင်းရောင်များ ထွက်ပေါ်လာတော့သည်။

ထိုအခါ ထိုလက်စွပ်ထဲမှ ထွက်ပေါ်နေသည့် တွန်းကန်အားများမှာ ချက်ချင်းဆိုသလိုပင် ပို၍အားကောင်းလာပြီး မကြာသေးမီတုန်းက ပေါ်ပေါက်လာခဲ့သည့် အက်ကွဲကြောင်း အများစုမှာလည်း ပြန်ပိတ်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံအားသင့်သွားရပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားရတော့သည်။

" ကျူးကျော်မှုတွေ မလုပ်နိုင်အောင် တစ်ယောက်ယောက်က မန္တန်တစ်ခု အသုံးပြုလိုက်တာပဲ " ဝမ်ပေါင်လဲ့မှာ အတွေ့အကြုံ ရင့်သန်နေသူတစ်ယောက်ဖြစ်ရာ ထိုသိုလှောင်လက်စွပ်ထဲ၌ အချုပ်အနှောင်တစ်ခု ထည့်သွင်းထားခဲ့သည့်လူမှာ ထူးခြားဆန်းပြားသည့် နည်းလမ်းတစ်မျိုးဖြင့် အဝေးမှနေ၍ ထိုအချုပ်အနှောင်အား အားဖြည့်ပေးလိုက်ခြင်းဖြစ်ကြောင်း ချက်ချင်းပင် ကောက်ချက်ချနိုင်လိုက်၏။

" ငါ ဒီလက်စွပ်ကို မရရအောင် ဖွင့်ပြမယ်ကွာ " ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးကာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ထာဝရကြယ်မီးတောက်မှာ တုန်ရီသွားပြီး သူ၏ ဦးခေါင်းအထက်တွင် ဂြိုဟ်အဆင့် လက်ဖဝါးကြီး ပေါ်ပေါက်လာတော့သည်။ သူသည် သူ၏ ထာဝရကြယ်မီးတောက်ကို ထုတ်လွှတ်ကာ ၎င်းအား သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် တစ်သားတည်း ပေါင်းစည်းသွားစေလိုက်ပြီးနောက် သိုလှောင်လက်စွပ်အား နောက်ထပ်တစ်ကြိမ် ထပ်၍ တိုက်ခိုက်လိုက်၏။

သိုလှောင်လက်စွပ်ဆီမှ ထွက်ပေါ်နေသည့် တွန်းကန်အားများမှာ ယခုအကြိမ်တွင် ပိုမိုအားကောင်းလာပါသော်လည်း ၎င်းမှာ ပျက်စီးသွားတော့မည့်ပုံလည်း ပေါက်နေ‌ပြီ ဖြစ်သည်။ ၎င်း၏ အက်ကွဲကြောင်းများမှာလည်း ပြန်ပိတ်သွားခြင်း မရှိတော့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထိုအခွင့်အရေးအား အသုံးချကာ သူ၏ နတ်ဘုရားအာရုံများကို ထုတ်လွှတ်လိုက်တော့သည်။ ၎င်းတို့မှာ ထို အက်ကွဲကြောင်းများထဲမှတစ်ဆင့် သိုလှောင်လက်စွပ်၏ အတွင်းပိုင်းထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြ၏။

အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည့်တိုင်အောင် လက်စွပ်ထဲရှိ အချုပ်အနှောင်ကြီးမှာ ပျက်စီးသွားခြင်းမရှိသေးပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ထိုလက်စွပ်ထဲတွင် ရှိနေသည့် ပစ္စည်းအား ထုတ်ယူနိုင်စွမ်းမရှိဘဲ ဖြစ်နေရခြင်းဖြစ်သည်။ သို့သော် သူသည် သူ၏ နတ်ဘုရားအာရုံများအား သိုလှောင်လက်စွပ်ထဲသို့ စေလွှတ်ကာ ထိုပစ္စည်းအား အကဲခတ်ကြည့်ရှုနိုင်ပေသည်။

ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံမှာ အက်ကွဲကြောင်းများထဲမှ တစ်ဆင့် လက်စွပ်၏ အတွင်းပိုင်းထဲသို့ တိုးဝှေ့ဝင်ရောက်သွားလိုက်ပြီးနောက် ထိုနေရာတွင် ရှိနေသည့် ပစ္စည်းများကို ရှာတွေ့သွားတော့သည်။ လက်စွပ်ထဲရှိ နေရာလွတ်မှာ အကျယ်ကြီးမဟုတ်သောကြောင့် ပစ္စည်း များများစားစား မရှိပေ။ ၎င်း၏ အတွင်းပိုင်းတွင် ပစ္စည်းသုံးခုသာ ရှိနေ၏။ ၎င်းတို့မှာ...

လူတစ်ယောက်ပုံစံ ဖြတ်ညှပ်ထားသည့် စက္ကူရုပ်တစ်ရုပ်၊

ကျောက်မျက်ရတနာကိုးပါး စီခြယ်ထားသည့် အနီရောင် လေးတစ်ခုနှင့်....

ဆေးလုံးများ မဟုတ်ဘဲ သာမန်ပစ္စည်းများကိုသာ ထည့်သွင်းသိမ်းဆည်းရန် ပြုလုပ်ထားသည့်ပုံ ပေါ်သော အကြည်ရောင် ပုလင်းငယ်လေးတစ်လုံးတို့ ဖြစ်ကြပေသည်။

လူပုံစံ စက္ကူရုပ်လေးမှာ ထိုပုလင်း၏ အထက်တွင် ခြေပစ်လက်ပစ် လဲလျောင်းနေ၏။ သို့သော် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံ ထို အရုပ်ထဲသို့ စီးဝင်သွားသည်နှင့် ၎င်းမှာ မျက်တောင်တဖျပ်ဖျပ် ခတ်ကာ မျက်ဝန်းများ အရောင်တောက်ပလာတော့သည်။

ထို အလင်းရောင်များကြောင့် ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ထုံကျဥ်သွားရ၏။ သူသည် အဆိပ်ပြင်း မြွေဟောက်တစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အလား ခံစားလိုက်ရခြင်း ဖြစ်သည်။ သူသည် အမှောင်ကလေးငယ်တစ်ယောက် ဖြစ်သောကြောင့် မျက်စိလည် လမ်းမှားနေသည့် ဝိညာများနှင့် တစ္ဆေများကို ကြောက်ရွံ့နေစရာအကြောင်း မရှိပေ။ သို့သော် ယခုတွင်မူ သူသည် သူ၏ နှလုံးသားထဲ၌ အကြောက်တရားများ ကြီးစိုးလာသည်ကို အာရုံခံမိလိုက်သည်။

အနီရောင် လေးမှာမူ ထိုအရုပ်နှင့် လုံးဝ မတူသည့် အငွေ့အသက်များကို ထုတ်လွှတ်နေ၏။ ဝမ်ပေါင်လဲ့မှာ ထိုလေးအား ကြည့်မိလိုက်သည်နှင့် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သည့် ဝိညာဉ်စွမ်းအင်လှိုင်းတစ်မျိုး သူ့ဆီသို့ ပျံ့လွင့်လာသည်ကို ချက်ချင်းအာရုံခံမိလိုက်သည်။ အထူးသဖြင့် ၎င်း၏ ကျောက်မျက်ရတနာ ကိုးပါးမှာဆိုလျှင် နေမင်းကိုးစင်းကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် သူသည် သူ၏ မျက်လုံးများကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။

နောက်ဆုံးတွင် သူသည် ပုလင်းလေးအား အကဲခတ်ကြည့်ရှုလိုက်၏။ ၎င်းမှာ ထို ပစ္စည်းသုံးခုထဲတွင် အရိုးရှင်းဆုံးပစ္စည်း ဖြစ်ပေသည်။ သို့သော် ၎င်းဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာမူ အလွန်အင်မတန်မှ ရှေးဆန်နေသည်။ သို့ဖြစ်ရာ ၎င်းမှာ အလွန်အင်မတန်မှ သက်တမ်းရင့်နေပြီး အချိန်ကုန်ဆုံးမှုအား ကိုယ်စားပြုနေသကဲ့သို့ပင် ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများကို ကြည့်ရှုစစ်ဆေးနေရင်း စိတ်လှုပ်တရှား ဖြစ်လာရတော့သည်။ သူသည် အကြည်ရောင်ပုလင်းလေးအား ကြည့်ရှုစစ်ဆေးလိုက်ချိန်တွင် ၎င်း၏ အတွင်းပိုင်းထဲ၌ စာရွက်တစ်ရွက် ရှိနေသည်ကို မြင်လိုက်ရ၏။

" ဘာလေးလဲဟ " ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားအာရုံအား ထိုပုလင်းထဲသို့ စေလွှတ်ကာ ထိုစာရွက်အား ကြည့်ရှုစစ်ဆေးရန်ပြင်လိုက်၏။ သို့သော် သူ၏ နတ်ဘုရားအာရုံ ရှေ့သို့ ဆက်သွားရန် ပြင်လိုက်စဉ်မှာပင် လူပုံစံ စက္ကူရုပ်လေး၏ မျက်လုံးများမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ကျောချမ်းဖွယ်ရာ ကောင်းလောက်အောင် တောက်ပလာပြန်သည်။ ထိုအခါ ဝမ်ပေါင်လဲ့၏ နတ်ဘုရားအာရုံမှာ ထူပူသွားရပြီး သူသည် ထို စက္ကူရုပ်လေးဆီမှ စွမ်းအားများ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်၏။ ခဏအကြာတွင် သူ၏ နတ်ဘုရားအာရုံမှာ ရေပူထဲသို့ ကျသွားသည့် ဆီးနှင်းပွင့်ကလေးကဲ့သို့ ချက်ချင်းဆိုသလိုပင် လွင့်ပါးပျောက်ကွယ်သွားတော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ သူ၏ နတ်ဘုရားအာရုံမှာမူ နောက်သို့ အလျင်အမြန် ပြန်လည်ဆုတ်ခွာလာပြီး လက်စွပ်ထဲရှိ အက်ကွဲကြောင်းများ၏ အပြင်ဘက်သို့ ပြန်ထွက်လာသည်။ ၎င်း ထိုသို့ ပြန်ထွက်လာချိန်တွင် သိုလှောင်လက်စွပ်ထဲမှ ထွက်ပေါ်နေသည့် တွန်းကန်အားများမှာ ပိုမိုအားကောင်းလာပြီး လက်စွပ်ထဲရှိ အက်ကွဲကြောင်းများအားလုံးကို ပြန်ပိတ်လိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ ၎င်း၏ အတွင်းပိုင်းထဲသို့ ထပ်မဝင်နိုင်တော့ပေ။

ထိုအခြင်းအရာများ ဖြစ်ပျက်နေစဉ် နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ ဝေးကွာသော စကြာဝဠာကြီးထဲတွင် ရွှေရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် ဧရာမ နွားချေးပိုးကြီးတစ်ကောင်မှာ အာကာသထဲ၌ အရှိန်အဟုန်ဖြင့် ပျံသန်းနေ၏။ ထို နွားချေးပိုးကြီးထဲတွင် လူနှစ်ယောက် ထိုင်နေပြီး သူတို့ဆီမှ ကျင့်ကြံခြင်းစွမ်းအင်လှိုင်းများ ထွက်ပေါ်နေကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ ဂြိုဟ်အဆင့်တွင် ရှိနေပြီး အခြားတစ်ယောက်မှာမူ ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေ၏။

အကယ်၍ ဝမ်ပေါင်လဲ့သာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအား ချက်ချင်း မျက်မှန်းတန်းမိသွားမည်သာ ဖြစ်သည်။ ထိုကျင့်ကြံသူမှာ သူ မီးတောက်ခေါင်းဆောင်ကြီး၏ တာဝန်ကို ထမ်းဆောင်နေခဲ့စဉ်တုန်းက ကြုံတွေ့ခဲ့ရသည့် အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့်ကျင့်ကြံသူကြီး ဖြစ်နေသည် မဟုတ်ပါလော။

" ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း တန်ကျိုးကျစ်ရယ် " ယခင်တုန်းက ဂြိုဟ်အဆင့်တွင် ရှိနေခဲ့ပြီး ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားခဲ့ရသဖြင့် ယခုတွင် ထာဝရဝိညာဉ်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူကြီးမှာ သူ၏ အဖော်အား လေသံတိုးတိုးဖြင့် ပြောလိုက်၏။

" မလိုပါဘူးဗျ တာအိုရောင်းရင်း ရှန်လင်းကျစ်ရ။ ခဗျားပြောခဲ့တဲ့ စကားအတိုင်း အဲဒီ သိုလှောင်လက်စွပ်ထဲမှာ ကြယ်စင်စုလေးရဲ့ ပုံစံတူ ကိုးခုထဲကတစ်ခု အမှန်တကယ် ရှိနေဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ် "

" ဘာမှစိတ်မပူပါနဲ့ တာအိုရောင်းရင်း တန်ကျိုးကျစ်။ တကယ်ရှိပါတယ် " ရှန်လင်းကျစ်မှာ စိတ်အားထက်သန်စွာဖြင့် ကတိပေးလိုက်၏။ သို့သော် သူသည် စိတ်ထဲတွင်မူ ကြံရာမရ ဖြစ်နေရပြီဖြစ်သည်။ သူသည် သူ့နည်းသူ့ဟန်ဖြင့် ဝက်ခေါင်းမျက်နှာဖုံးနှင့် ကျင့်ကြံသူအား လိုက်လံရှာဖွေကာ သူ၏ သိုလှောင်လက်စွပ်အား ပြန်ယူရန် ဆုံးဖြတ်ထားပါသော်လည်း ဒဏ်ရာများရထားစဉ် သူ၏ ရန်သူတော်ဟောင်းကြီး တစ်ယောက်နှင့် ပြန်လည်ဆုံတွေ့ခဲ့ရ၏။ ထို့ကြောင့် သူသည် အခြားရွေးချယ်စရာမရှိတော့သဖြင့် အသက်ဘေးမှ လွတ်မြောက်နိုင်ရန် သူ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းတစ်ခုအား ပေးမည်ဟု ကတိပေးခဲ့ရခြင်း ဖြစ်သည်။ သို့သော် သူသည် သေသေချာချာ စဉ်းစားတွက်ချက်ခဲ့ပြီးမှ ကတိပေးခဲ့ခြင်းဖြစ်၏။ သူ၏ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းသုံးခုထဲတွင် ကြယ်စင်စုလေး၏ ပုံစံတူမှာ တန်ဖိုးအနည်းဆုံး ဖြစ်ပေသည်။

" တန်ကျိုးကျစ် အဲဒီ သိုလှောင်လက်စွပ်ကို ဖွင့်လိုက်တဲ့ အချိန်ကျရင် အထဲမှာရှိနေတဲ့ လူပုံစံ စက္ကူရုပ်က သူ့ကို ဝါးမျိုပစ်မှာ သေချာတယ် "

တန်ကျိုးကျစ်မှာမူ ရှန်လင်းကျစ်အား အဓိပ္ပါယ်ပါပါကြည့်ကာ စိတ်ထဲတွင်ကျိတ်၍ လှောင်ပြောင်ရယ်မောနေတော့သည်။ ထို့နောက် သူသည် စကားထပ်မပြောတော့ဘဲ ရှန်လင်းကျစ်၏ လမ်းညွှန်မှုများအတိုင်း နွားချေးပိုးကြီးကို ထိန်းချုပ်ကာ ရှေ့သို့ ဆက်လက် မောင်းနှင်သွားလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းဆီသို့ စစ်ကူများအဖြစ် သွားနေသော စစ်တပ်ကြီးထဲ၌ ဝမ်ပေါင်လဲ့မှာ သူ၏ ဓမ္မစစ်သင်္ဘောကြီးပေါ်တွင် ထိုင်ကာ သူ၏လက်ထဲမှ သိုလှောင်လက်စွပ်အား စိုက်ကြည့်နေ၏။ သူသည် အနည်းငယ်ခန့် ဖြူဖပ်ဖြူရော် ဖြစ်နေရသလို အသက်ရှူသံများလည်း အနည်းငယ်ခန့် လေးလံနေရ၏။

မကြာသေးမီတုန်းက လူပုံစံစက္ကူရုပ် ထုတ်လွှတ်လိုက်သည့် ဝိညာဉ်စွမ်းအင်လှိုင်းမှာ အလွန်အင်မတန်မှ ထူးဆန်းလွန်းနေ၏။ သူ၏ နတ်ဘုရားအာရုံမှာ ထို ဝိညာဉ်စွမ်းအင်အား မယှဉ်နိုင်ခဲ့သလို သူသည် နားထဲတွင် စူးရှကျယ်လောင်သော အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်ကိုလည်း ကြားလိုက်ရသေးသည်။ အမှန်အတိုင်းဆိုရလျှင် ထို စက္ကူရုပ်ဆီမှ ထွက်ပေါ်လာခဲ့သည့် ဝိညာဉ်စွမ်းအင်များကြောင့် သူ၏ အပြင်ခန္ဓာကိုယ်ကြီးပင်လျှင် တုန်ရီသွားခဲ့ရ၏။ သူသည် ထို စက္ကူရုပ်လေးမှာ တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်းအား ခံထားရသည်ကိုလည်း အာရုံခံမိခဲ့သေးသည်။ ထိုအချက်နှင့် သူ သူ၏ နတ်ဘုရားအာရုံအား အလျင်အမြန် ပြန်လည်ရုပ်သိမ်းလိုက်သည့် အချက်ကြောင့်သာမဟုတ်ပါက သူသည် အပြင်းအထန် ဒဏ်ရာရရှိသွားလောက်ပြီ ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် သူသည် ထိုဒဏ်ရာကြောင့် အသက်ပင် သေသွားနိုင်ပေသည်။

" တော်တော်လေးကို အန္တရာယ်များတာပဲ " ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲမှ သိုလှောင်လက်စွပ်အား စိုက်ကြည့်နေရင်း ရေရွတ်မိလိုက်၏။ သူသည် ထိုလက်စွပ်ထဲမှ ပစ္စည်းများမှာ ယခုလောက်အထိ အန္တရာယ်များနေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ ထို့ကြောင့် သူသည် မျက်နှာအမူအရာ သုန်မှုန်သွားရပါသော်လည်း ချက်ချင်းဆိုသလိုပင် တည်တည်ကြည်ကြည် ပြန်နေလိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ ဝင်းလက်တောက်ပသွားတော့သည်။ သူသည် အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရသည့်တိုင်အောင် အချက်အလက်များစွာကို သိရှိခဲ့ရသည် မဟုတ်ပါလော။

" လူပုံစံ စက္ကူရုပ်လေးက ကျောချမ်းစရာကောင်းလိုက်တာ။ အဲဒီအရုပ်ရဲ့ အတွင်းပိုင်းထဲမှာ အမှောင်ဝိညာဉ်တစ်ခု ကိန်းအောင်းနေတာ ငါ အာရုံခံမိနေတယ်။ ဒါပေမဲ့... အဲဒီ ဝိညာဉ်က ငါ့လို အမှောင်ကလေးငယ် တစ်ယောက်အတွက်တောင် တော်တော်လေးကို ကြောက်ဖို့ကောင်းနေတာဆိုတော့ သူ့ရဲ့ ‌နောက်ကြောင်းရာဇဝင်က အံ့ဩစရာကောင်းနေမှာ သေချာတယ် "

" ပြီးတော့ ဟို လေးကလည်း တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ တမူထူးခြားတဲ့ ရတနာတစ်ခုဆိုတာ သိသာပါတယ်။ ငါ့အထင် အဲဒီ လေးထဲမှာ မြှုပ်ထားတဲ့ ကျောက်မျက်ရတနာကိုးပါးက... ထာဝရကြယ်ကိုးလုံး ဖြစ်နေလောက်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်ပြီးနောက် ပင့်သက်ရှိုက်မိသွားရ၏။ ယခုတွင် ထို လက်စွပ်အား ဖွင့်ရန်မှာ သူ့အတွက် ပြဿနာတစ်ခု မဟုတ်တော့ပေ။ သူ ရင်ဆိုင်ရမည့်ပြဿနာမှာ ၎င်းအား ဖွင့်ပြီးနောက် ဆက်လက်ကြုံတွေ့ရမည့် အရာများ ဖြစ်ပေသည်။ ထို့အပြင် သူသည် ထို သိုလှောင်လက်စွပ်ထဲသို့ သူ၏ နတ်ဘုရားအာရုံများကို မကြာခဏ စေလွှတ်နေမည်ဆိုပါက အခြားသူများ သူ၏တည်နေရာအား သိရှိသွားမည်ကိုလည်း စိုးရိမ်နေရ၏။

" နှစ်ခုစလုံးက တမူထူးခြားတဲ့ ပစ္စည်းတွေပဲ။ အဲဒီပစ္စည်းတွေကို သုံးပြီး ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်လို့ရမှာ သေချာတယ်။ တတိယမြောက်ပစ္စည်းက.... ရှေးဆန်တဲ့ပုံ ပေါက်နေတဲ့ ပုလင်းလေး။ အဲဒီပုလင်းလေးကို ဒီလို ပစ္စည်းနှစ်ခုနဲ့ အတူတူ သိမ်းထားတယ်ဆိုကတည်းက သူကလည်း တော်တော်လေးကို တန်ဖိုးကြီးမှာပဲ "

" ဒါပေမဲ့... အဲဒီပုလင်းလေးက ဘာများလဲကွ " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရ၏။ သူသည် သူ၏ နတ်ဘုရားအာရုံအား ထိုပုလင်းလေးဆီသို့ စေလွှတ်ကာ ၎င်းထဲရှိ စာရွက်လေးအား ကြည့်ရှုစစ်ဆေးရန် ကြိုးစားလိုက်သည့်အချိန်တွင် လူပုံစံ စက္ကူရုပ်လေး၏ တွန်းထုတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ သို့သော် သူသည် ၎င်းအား ဖျတ်ခနဲ ကြည့်ရှုမိခဲ့သဖြင့် ထိုစာရွက်ပေါ်ရှိ စာလုံးအချို့အား မြင်ခဲ့ရပေသည်။ ထိုစာရွက်ပေါ်တွင် စာပိုဒ်သုံးပိုဒ် ရှိနေသည့်ပုံပင်။

သူသည် ထိုစာလုံးများကို မမြင်ဖူးပါသော်လည်း ၎င်းတို့အား ဖတ်ရှုမိလိုက်သည်နှင့် ထိုစကားလုံး တစ်လုံးချင်းစီတိုင်း၏ အဓိပ္ပါယ်မှာ မည်သည့် အကြောင်းကြောင့်မှန်းမသိ သူ၏အသိစိတ်ထဲ၌ အလိုလို ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် သူမြင်ခဲ့ရသည့် စာလုံးများကို အဓိပ္ပါယ်ဖော်နိုင်ခဲ့သည်...

ထိုစာလုံးများမှာ...

" သူဌေးတစ်ယောက် ဆိုပါလားဟ " ဝမ်ပေါင်လဲ့မှာ နားမလည်နိုင်လောက်အောင် ဖြစ်သွားရပြီး သိချင်စိတ်များ ပြင်းပြလာရ၏။ သူသည် ထိုပု‌လင်းထဲတွင် ရှိနေသည့် အရာအားလုံးကို သိချင်နေသည်။ ထို့အပြင် သူသည် ထိုပုလင်းလေးထဲ၌ တမူထူးခြားသည့် အခွင့်အရေးကြီးတစ်ခုမှာ သူ့အား စောင့်ကြိုနေလိမ့်မည်ဟု ယုံကြည်နေ၏။

All Chapters