← Chapters

ကူမျိုးနွယ်ယူသွားသောပစ္စည်း

Vol. 86 Ch. 1194

ကူမျိုးနွယ်ယူသွားသောပစ္စည်း

Vol. 86 Ch. 1194

သိုက်နန်ကျန်း၏ လေသံမှ မုန်းတီးမှုကို ခံစားမိကာ မိုဝူကျိက မေးလိုက်သည်။

“မင်းကို ကူချူက သစ်နက်အပိုင်းအစ တောင်းလို့လား”

သိုက်နန်ကျန်းက ခေါင်းခါပြကာ

“သူက မတောင်းပါဘူး… ကျွန်မက သူ့ကို ပေးလိုက်တာပါ။ ကျွန်မဘာလို့များ အဲ့လောက် ရူးမိုက်ခဲ့သလဲဆိုတာ ဒီနေ့အထိ ကျွန်မ စဉ်းစားလို့ မရပါဘူးရှင်”

မိုဝူကျိက သူ့ဘာသာသူ တွေးလိုက်သည်။ ချစ်စိတ်မွန်နေသော မိန်းမတစ်ယောက်အတွက် အချစ်ကြောင့် ရူးမိုက်မိသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ကူချူက သစ်နက်ကို လိုချင်သည့်ပုံစံ မသိမသာ လုပ်ပြခဲ့ပေလိမ့်မည်။ နောက်ဆုံးတွင် သိုက်နန်ကျန်းက သူ့အား သစ်နက်ကို လက်ဆောင်ပေးလိုက်ပေလိမ့်မည်။

“အမှောင်ထု မူလခန်းမသခင်က ကျွန်မအစ်ကို ဖြစ်နေတဲ့အတွက်ကြောင့် အမှောင်ထု စည်းမျဉ်းအပေါ် ဉာဏ်ပွင့်မှုရနိုင်ဖို့ ကျွန်မက ခန်းမထဲကို ဝင်နိုင်တယ်လေ။ ကျွန်မ ကူချူကို သစ်နက်အပိုင်းအစ ပေးပြီးတဲ့နောက်မှာ သူ ပျောက်သွားခဲ့တယ်။ အစက သူ့ကို သစ်နက်ပေးပြီး ကျွန်မလိုပဲ အသိဉာဏ်ပွင့်မှု တချို့ ရစေချင်ခဲ့တာ။ သူ သဟဇာတနတ်ဘုရား ဖြစ်သွားရင် ကျွန်မက သစ်နက်ကို ပြန်တောင်းမလို့။ ကူချူက သစ်နက်နဲ့အတူ ပျောက်သွားလိမ့်မယ်လို့ ကျွန်မတကယ် မထင်ထားမိခဲ့ဘူး။ အမှောင်ထု မူလခန်းမက ဒီကိစ္စရဲ့နောက်ကွယ်တရားခံဟာ ကျွန်မ ဖြစ်နေမှန်း သိသွားပြီးတဲ့နောက်မှာ သူတို့က ကျွန်မကို ဖမ်းချုပ် ပိတ်လှောင်လိုက်ကြတယ်…”

သိုက်နန်ကျန်းက မျက်ရည်နှစ်စက် ကျလာပြီး ဆက်ပြောပြလိုက်သည်။

“အဖမ်းခံထားရပြီး တစ်နှစ်တောင် မရှိသေးခင်မှာပဲ သူတို့က ကျွန်မကို အမှောင်ထု မူလခန်းမရဲ့အဝင်ဝမှာ ဖိကပ်လိုက်ပြီး ကျွန်မရဲ့ဝိညာဉ်ကို ဖြည်းဖြည်းချင်း လောင်ကျွမ်းစေခဲ့တယ်”

မိုဝူကျိက ဆက်မမေးတော့ချေ။ အကြောင်းကား သူမ၏ အစ်ကို သိုက်ဖန်းမှာ အသတ်ခံလိုက်ရသည်မှန်း သေချာနေသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက သိုက်နန်ကျန်းသည် ထိုနေရာတွင် လုံးဝ အကပ်ခံရလိမ့်မည် မဟုတ်ချေ။

သိုက်နန်ကျန်းက မိုဝူကျိဆီသို့ တစ်ခေါက်ထပ် ဦးညွှတ်လိုက်ပြီး

“ကျွန်မ အရမ်းကို ပြင်းပြင်းပျပျ အသက်ဆက်ရှင်လိုခဲ့တဲ့ အကြောင်းအရင်းကတော့ ကျွန်မအစ်ကိုအတွက် လက်တုံ့ပြန်ချင်လို့ပါပဲ။ ကျွန်မ အစ်ကိုပြောမိတာဆိုလို့ ကျွန်မကို မဖိကပ်ဖို့ပဲ ပြောခဲ့တာ။ အဲ့ဒီ့စကားတစ်ခွန်းကြောင့်ပဲ သူ့ကို ဝိုင်းသတ်တာကို ခံခဲ့ရတယ်”

မိုဝူကျိက ဆိတ်ဆိတ်သာ ငြိမ်နေလိုက်သည်။ သူက ထိုကဲ့သို့ ကျေးဇူးတရား ကင်းမဲ့သောလူများစွာကို တွေ့ကြုံခဲ့ဖူးသည်။ အထူးသဖြင့် ထိုအရာမှာ ကျင့်ကြံခြင်းလောကတွင် မကြာခဏ တွေ့ရလေ့ ရှိသည်။

သစ်နက်အပိုင်းအစကို သိုက်ဖန်းက ပြန်ရယူခဲ့သည် ဖြစ်လေရာ ထိုအရာမှာ သူ့အပိုင်ဟု ယူဆလို့ရပေသည်။ သိုက်ဖန်းက သစ်နက်ကို ထုတ်ပြပြီး အမှောင်ထု မူလခန်းမတည်ဆောက်ရာတွင်ပင် ဦးစီးဦးဆောင်လုပ်ခဲ့သည်။ အဆုံးသတ်၌ အမှောင်ကမ္ဘာရှိ မည်သူကမျှ သူ၏ အကျိုးပြု လုပ်ဆောင်ချက်များကို တသသ အောက်မေ့မနေကြချေ။ ထိုအစား သိုက်နန်ကျန်းက သစ်နက်ကို ပေးလိုက်မိသည့် အချက်ကလေးနှင့် သူတို့က သိုက်ဖန်းကို သတ်ကာ သိုက်နန်ကျန်းကိုလည်း ညှင်းပန်းနှိပ်စက်ခဲ့ကြသည်။

အကယ်၍ အပြစ်ပေးမည်ဆိုပါက အပေးခံရသည့်လူမှာ ကူချူသာ ဖြစ်သင့်သည်။ သိုက်ဖန်းက ဤူသို့အသတ်ခံရလောက်အောင် မည်သည့်အမှားကိုများ ကျူးလွန်ခဲ့ပါသနည်း။

“ကျွန်မအစ်ကိုက ကျွန်မ မျက်စိရှေ့မှာတင် သေသွားခဲ့ရတာ။ သူ မသေခင် သူက သူတကယ်ကို နောင်တရမိတဲ့အကြောင်း ငိုပြီးပြောသွားခဲ့တယ်…”

သိုက်နန်ကျန်းက မျက်ရည်များကို သုတ်ကာ ဆက်ပြောလိုက်သည်။

“ကျွန်မအစ်ကိုနဲ့ ကျွန်မက ဟိုးလမ်းလျှောက်တတ်စ အရွယ်ကတည်းက တစ်ယောက်ကိုတစ်ယောက် မှီခိုအားထားလာခဲ့ကြတာ။ အစ်ကို ဘာလို့ နောင်တရတယ်လို့ ပြောရတာလဲ ကျွန်မသိတယ်။ ဟိုအရင် သစ်နက်ကို စရှုာတွေ့ခဲ့တဲ့အချိန်တုန်းက အစ်ကိုက အဲ့ဒါကို အားလုံးရှေ့ထုတ်ပြပြီး ပေးချင်ခဲ့တယ်။ ကျွန်မက အဲ့လိုမလုပ်ဘဲ ကျွန်မကိုပဲ ပေးရင် ပေးထားဖို့ အစ်ကို့ကို ဖျောင်းဖျခဲ့ဖူးတယ်။

ဒါပေမဲ့ အစ်ကိုက ဒီကိစ္စဟာ အမှောင်ကမ္ဘာတစ်ခုလုံးနဲ့ သက်ဆိုင်နေတာကြောင့်မို့လို့ ကျွန်မတို့တွေ တစ်ကိုယ်ကောင်း မဆန်သင့်ဘူးလို့ ပြောခဲ့တယ်။ အမှောင်ထုမူလခန်းမကို ဆောက်ပြီး သစ်နက်ကို ထုတ်ပေးခဲ့မိတဲ့အတွက် မသေခင်လေးမှာ သူ တကယ်နောင်တရသွားခဲ့တယ်”

“မင်းအစ်ကိုအတွက် လက်တုံ့ပြန်ဖို့ ကူမျိုးနွယ်ကို သွားရှာမလို့လား”

ယခုအချိန်၌ မိုဝူကျိသည် သူ့ဆီတွင်ရှိနေသော သစ်နက်အပိုင်းအစမှာ သိုက်ဖန်း ရှာတွေ့ခဲ့သည့် တစ်ခုဖြစ်နေမှန်း သေချာသွားသည်။ သိုက်နန်ကျန်းက ကူချူကို ပေးခဲ့သည့် သစ်နက် ဖြစ်ကာ ကူချူက ထိုသစ်နက်ကို ယူပြီး ထွက်ပြေးခဲ့သည်။

ကူချူသည် ထိုအရာကို အဘယ်ကြောင့် ယူပြေးရသနည်းအား မိုဝူကျိ မသိသော်လည်း ကူချူက နတ်ဘုရားနယ်မြေသို့ ထွက်ပြေးလာမှန်းတော့ မိုဝူကျိသိသည်။ နောက်ဆုံးတွင် ကူချူက ထိုသစ်နက်ကြောင့်ပင် ရှုပ်ထွေးသော တိုက်ပွဲတစ်ခုကို အစပြုစေခဲ့သည်။ တစ်ခါ ကူချူက တိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်သွားပြန်ကာ သတင်းအစအနမကျန် ပျောက်ကွယ်သွားခဲ့ပြန်သည်။ ကူချိုက်မှာ ကူချူ၏ မျိုးဆက်ဖြစ်နေမှန်း မိုဝူကျိက သေချာသွားသည်။

မည်သို့ပင်ဆိုစေကာမူ သူ့လက်ထဲတွင်ရှိနေသည့် သစ်နက်မှာ သိုက်မျိုးနွယ်မှ လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သိုက်နန်ကျန်းအား တစ်ခုခု ပြန်အလျော်ပေးဖို့ လိုလေသည်။ နောက်ပိုင်းတွင် သိုက်နန်ကျန်းက ကူမျိုးနွယ်အား အမြစ်ပြတ်သုတ်သင်မလား မသုတ်သင်မလား ကိစ္စမှာ မိုဝူကျိနှင့် မဆိုင်ပေ။ ကူမျိုးနွယ်ကို ကြည့်ရသည်မှာလည်း အကျင့်ကောင်းသည့် မျိုးနွယ်စု ဖြစ်ပုံ မပေါ်ပေ။ ကူချိုက်မှလွဲ၍ ကူရှင်းရန်နှင့် ကူချူတို့လို လူစားမျိုးသည် သူ့အား ရွံရှာစက်ဆုပ်စေသည်။

သိုက်နန်ကျန်းက တစ်ခါထပ်ပြီး ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြန်သည်။

“ဟုတ်ပါတယ်။ ကျွန်မအစ်ကိုက အမှောင်ကမ္ဘာအတွက် သူရဲ့အရာအားလုံးကို ပုံအောပေးခဲ့ပေမဲ့ အဆုံးမှာ အမှောင်ကမ္ဘာကလူတွေရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရတယ်။ ကျွန်မ သေဖို့ ငြင်းဆန်ခဲ့ရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက ကျွန်မရဲ့အစ်ကိုပါ”

မိုဝူကျိက သိုက်နန်ကျန်းအတွက် သိုလှောင်လက်စွပ်တစ်ကွင်း ထုတ်ပေးလိုက်သည်။

“ဒီထဲမှာ ကျင့်ကြံခြင်း အရင်းအမြစ် နည်းနည်းရှိတယ်။ မင်း ဝိဇ္ဇာတစ်ပိုင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံပြီးမှ မင်းအစ်ကိုအတွက် လက်တုံ့ပြန်တာ ပိုအဆင်ပြေလိမ့်မယ်။ မင်းရဲ့လက်ရှိအင်အားနဲ့ မင်းအစ်ကိုအတွက် လက်တုံ့ပြန်လို့ ရဦးမယ် မထင်ဘူး”

“ဒုန်း”

သိုက်နန်ကျန်းက ရုတ်တရက် ဒူးထောက်ချလိုက်ကာ

“စီနီယာ… စီနီယာက ကျွန်မရဲ့အသက်ကို ကယ်ခဲ့တဲ့အတွက် ကျွန်မမှာ အစ်ကို့အတွက် လက်တုံ့ပြန်နိုင်ခွင့် ရလာတာပါ။ တကယ်လို့ စီနီယာ ပေးတာကိုပါ ထပ်ယူရဲသေးရင် ကျွန်မ သိုက်နန်ကျန်းက ကမ္ဘာပေါ်မှာ လောဘအကြီးဆုံး ဂျူနီယာ ဖြစ်သွားပါလိမ့်မယ်။ အသက်ကယ်ပေးတဲ့ ကျေးဇူးကိုတောင် ပြန်မဆပ်နိုင်သေးတာ ဒီပစ္စည်းကိုတွေ ကျွန်မ ဘယ်လိုလုပ် ယူနိုင်ပါ့မလဲရှင်”

မိုဝူကျိက သက်ပြင်းချလိုက်သည်။ ဤသိုက်နန်ကျန်းသည်ကား တကယ့်ကို သူမအစ်ကိုကဲ့သို့ အကျင့်စရိုက်မျိုး ရှိနေလေသည်။

မိုဝူကျိက သိုက်နန်ကျန်းအား ပြန်ထရန် မထူလိုက်သည်။

အံ့သြသွားသော သိုက်နန်ကျန်းက မိုဝူကျိအား ကြည့်လိုက်သည်။ နှစ်ပေါင်းများစွာ အနှိပ်စက်ခံခဲ့ရသောကြောင့် သူမသည် သဟဇာတ နတ်ဘုရားအဆင့်တွင် ရောက်နေပြီးသား ဖြစ်သည်။ သူမ အကပ်မခံရခင်ကထက်စာလျှင် လက်ရှိအခြေအနေက များစွာပို၍ အားကောင်းနေလေပြီ။ နှစ်ပေါင်းများစွာ နှိပ်စက်မှုများအောက်တွင် သူမ၏ စိတ်စွမ်းအားက သိသိသာသာ တိုးတက်လာခဲ့သည်။ အဖိကပ် အနှိပ်စက်မခံရခင်က သူမသည် နတ်ဘုရားဘုရင် အလယ်အလတ်အဆင့်တွင်သာ ရှိသေးလေသည်။

သူမ၏ လက်ရှိအင်အားနှင့်ကိုပင် မိုဝူကျိ မထူသည့်အချိန်၌ သူမက မငြင်းဆန်နိုင်ဘဲ ထရပ်လိုက်ရသည်။ ဤသည်မှာ မည်သို့သော အင်အားမျိုးပါနည်း။

“ကျုပ်မှာ မင်းအတွက် ဒီအရင်းအမြစ်တွေ ထုတ်ပေးရတဲ့ အကြောင်းအရင်း ရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ကူချူ ယူသွားတဲ့ သစ်နက်အပိုင်းအစက အခု ကျုပ်ဆီမှာ ရှိနေလို့ပဲ။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက မင်းအစ်ကို ရှာတွေ့ခဲ့တဲ့ အရာပဲလေ။ ဒါပေမဲ့ အခုအချိန်မှာ သစ်နက်အပိုင်းအစကို မင်းဆီ ပြန်မပေးနိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ကျုပ်က ဒီအရင်းအမြစ်တွေနဲ့ မင်းကို အစားထိုး အလျော်ပေးချင်တာပါ”  မိုဝူကျိက ရှင်းပြလိုက်သည်။

သူ၏ လက်ရှိအင်အားအရ ဤကိစ္စတွေအား ဖုံးကွယ်နေစရာ မလိုဘူးဟု မိုဝူကျိက ခံစားရသည်။

သစ်နက်အပိုင်းအစကို သိုက်နန်ကျန်း၏ အစ်ကို သိုက်ဖန်းက ယူဆောင်လာခဲ့သည်မှာလည်း အမှန် ဖြစ်၏။

“အာ…”

သိုက်နန်ကျန်းက အံ့သြတကြီး ရေရွတ်လိုက်မိသည်။ ထို့နောက် အလျင်စလို ပြန်ပြောလိုက်သည်။

“သစ်နက်အပိုင်းအစက စီနီယာဆီမှာ ရောက်နေတာ တကယ့်ကို ကောင်းတဲ့ကိစ္စပဲ။ အဲ့ဒါက ကျွန်မတို့မောင်နှမနဲ့ မသက်ဆိုင်တော့ပါဘူးရှင်။ ဒါကြောင့် ဒီအရင်းအမြစ်တွေကို ကျွန်မ လက်မခံပါရစေနဲ့…”

မိုဝူကျိက အသာပြုံးကာ

“မင်းရဲ့ကျင့်ကြံဆင့်က အရမ်းကို နိမ့်နေသေးတယ်။ ပြီးတော့ ဒီအမှောင်ကမ္ဘာထဲမှာ အရင်းအမြစ်ကောင်းတွေ ချို့တဲ့နေပြီမှန်း ကျုပ် ခံစားလို့ ရတယ်။ မင်း ဒီအရင်းအမြစ်တွေကို ယူထားသင့်တယ်။ သိပ်မကြာခင် စကြဝဠာထဲမှာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လာတော့မယ်။ အဲ့ဒီအချိန်ရောက်ရင် မင်းကိုယ်မင်း ကာကွယ်ဖို့ကိုတောင် မင်းက အရမ်းအားနည်းနေသေးတယ်”

“ကျေးဇူးအများကြီးတင်ပါတယ်…စီနီယာ။ အဲ့ဒါဆိုလည်း ဂျူနီယာ ဒီအရင်းအမြစ်ကိုတွေ လက်ခံလိုက်ပါ့မယ်”

သိုက်နန်ကျန်းက မိုဝူကျိ၏ သိုလှောင်လက်စွပ်ကို လက်ခံလိုက်သည်။ စိတ်ထဲတွင် သူမက သစ်နက်အပိုင်းအစမှာ မိုဝူကျိ၏ လက်ထဲ ရောက်ရှိသွားသည့်အဖြစ်ကို ဝမ်းသာနေမိသည်။

မိုဝူကျိက ခေါင်းငြိမ့်ကာ

“ကျုပ် အခုသွားရတော့မယ်။ အမှောင်ကမ္ဘာထဲမှာ ပြောင်းလဲမှု တချို့ ဖြစ်သွားပုံပဲ။ မင်းကိုယ်မင်းလည်း သေချာဂရုစိုက်ဦး။ ကူမျိုးနွယ်အတွက်ကိုတော့… မင်းရဲ့အင်အား လုံလောက်တဲ့အချိန်ကျမှ မင်းအစ်ကိုအတွက် သွားလက်တုံ့ပြန်ဖို့ ကျုပ် အကြံပေးချင်တယ်။ ကူမျိုးနွယ်က တော်ရုံမျိုးနွယ် မဟုတ်ဘူး”

ကူမျိုးနွယ်သည် တာအိုအုပ်စိုးသူ အရိုက်အရာခံလေးဖော်မှ တစ်ယောက်ဖြစ်သော ကူရှင်းရန်ကို မွေးထုတ်နိုင်ခဲ့သည်။ သို့ဖြစ်ရာ သူတို့သည် တော်ရုံတန်ရုံတော့ မဟုတ်နိုင်ပေ။

“ဟုတ်ကဲ့ပါ … စီနီယာ။ အော်… ဂျူနီယာ့ဆီမှာ စီနီယာကို ပြောပြစရာလေး ရှိတယ်ရှင့်။ ဟိုအရင် ကျွန်မအစ်ကိုက သစ်နက်အပိုင်းအစကို ရရှိခဲ့တုန်းက ကမ္ဘာဦး မိခင်သံမဏိပိုင်း တစ်ပိုင်းကိုပါ ရရှိခဲ့သေးတယ်။ ကူမျိုးနွယ်က အစ်ကို့ကို သတ်ခဲ့တာဆိုတော့ အဲ့ဒီ့ကမ္ဘာဦး မိခင်သံမဏိက သူတို့ဆီမှာ ရှိနေမှာ သေချာတယ်ရှင့်”

နဂိုက သိုက်နန်ကျန်းသည် ကူမျိုးနွယ်ကို သုတ်သင်ပြီးမှ ထိုကမ္ဘာဦး မိခင်သံမဏိကို ရှာကာ မိုဝူကျိအား လက်ဆောင်အဖြစ် ပေးချင်ခဲ့သည်။ သို့သော် မိုဝူကျိက ထွက်သွားတော့မည် ဖြစ်လေရာ အနာဂတ်တွင် ပြန်တွေ့နိုင်ဖို့ရာမှာ မသေချာတော့သဖြင့် သိုက်နန်ကျန်းက ထိုအကြောင်းကို ထုတ်ပြောပြလိုက်ခြင်း ဖြစ်သည်။

“ကမ္ဘာဦး မိခင်သံမဏိလား…”

မိုဝူကျိက လိုက်လံရေရွတ်လိုက်သည်။

သူ၏ လခြမ်းကွေး ပုဆိန်လှံရှည်တစ်ဝက်မှာ အဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။။ မိုဝူကျိဆီတွင် လှံရှည်ကို ပြန်ပြင်နိုင်သည့် အစွမ်းအစရှိနေသော်လည်း သူက ပြန်ပြင်ဖို့ စိတ်ကူး မရှိချေ။

ပုဆိန်လှံရှည်အား ဖျင်ရွှေနှင့် ဟို့ထျန်း ရတနာငါးမျိုးထဲမှ တစ်မျိုးဖြစ်သည့် အမြစ်မဲ့သံမဏိတို့ကို သုံး၍ သွင်းလုပ်ထားသည်။ ထို့ကြောင့် ၎င်းဆီတွင် ပြိုင်ဖက်၏ စိတ်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိသည့်အပြင် ဆက်လက် အားကောင်းလာနိုင်စွမ်းပင် ရှိလေသည်။

ဤကဲ့သို့ရတနာမျိုးမှာ နတ်ဘုရားကမ္ဘာတွင်ကား ပထမတန်းစား ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။ ငွေရောင်ဝတ်ရုံနှင့်လူ၏ သံတူကြီးက သူ၏ လခြမ်းကွေးပုဆိန်လှံရှည်ကို ဖျက်ဆီးပစ်လိုက်သောအခါတွင်မှ မိုဝူကျိသည် သူ၏ လက်နက်မှာ အနည်းငယ် အားနည်းနေသေးကြောင်း သိလိုက်ရသည်။ အထူးသဖြင့် ဝိဇ္ဇာတစ်ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက ပို၍ သိသာနေပေလိမ့်မည်။

နောင်နှစ်ပေါင်းများစွာကြာပါက လခြမ်းကွေး ပုဆိန်လှံရှည်သည် ထိပ်တန်းအဆင့် မှော်ရတနာတစ်ခု ဖြစ်ကောင်း ဖြစ်လာပေလိမ့်မည်။

သို့သော် သူက ထိုမျှကြာသည်အထိ စောင့်နေနိုင်ပါ့မည်လော…

ကမ္ဘာပျက်ကပ်ကြီးက ရောက်လာတော့မည်။ အမှန်တကယ်တွင် ကမ္ဘာပျက်ကပ်ကြီး မရောက်သေးခင်၌ပင် သူအနေနှင့် ဝိဇ္ဇာတွေအား ရင်ဆိုင်ဖို့ လိုအပ်ကောင်း လိုအပ်လာပေလိမ့်မည်။

မိုဝူကျိက သူ၏ လူသားကမ္ဘာထဲမှ ခရမ်းရောင်တာအိုစည်းမျဉ်းကို သေချာမကြည့်ရသေးပေ။ ထိုခရမ်းရောင် တာအိုစည်းမျဉ်းတွင် ကြောက်မက်ဖွယ်ဇာစ်မြစ် ရှိနေလိမ့်မည်ဟု သူက ခံစားမိသည်။ ဤတာအိုစည်းမျဉ်းသည် ဓားအကျဉ်းထောင်ထဲက အရိုးခြောက်လူ ပြောပြဖူးသော စကြဝဠာတာအိုစည်းမျဉ်းကိုးခုထဲမှ တစ်ခု ဖြစ်နေနိုင်သည်ဟုပင် မိုဝူကျိက တွေးမိသည်။ သို့သော် မိုဝူကျိက မည်သည့် စကြဝဠာတာအိုစည်းမျဉ်းကိုမျှ မမြင်ဖူးသဖြင့် သိပ်တော့မသေချာပေ။

အကယ်၍ သူ့ဆီတွင် စကြဝဠာ တာအိုစည်းမျဉ်းကိုးခုထဲမှ တစ်ခု အမှန်တကယ် ရှိနေခဲ့ပါက အနှေးနှင့်အမြန် ဝိဇ္ဇာတစ်ယောက်နှင့် ရင်ဆိုင်တိုက်ဆိုင်ရဖို့ များလေသည်။

ဝိဇ္ဇာတစ်ယောက်နှင့် တိုက်ခိုက်ဖို့ရာ တိုက်စစ် မှော်ရတနာ ကောင်းကောင်းတစ်ခု ရှိနေရန်မှာ အင်မတန်အရေးကြီးသည်။ မိုဝူကျိအတွက် ထိုအရာက အသက်တစ်ဝက်လောက် အရေးပါလေ၏။

အမြစ်မဲ့သံမဏိနှင့် သွင်းလုပ်ထားသော လခြမ်းကွေး ပုဆိန်လှံရှည်မှာ ပျက်စီးသွားလေပြီ။ အကယ်၍ သူသာ ပိုကောင်းသော ပုဆိန်လှံရှည်အသစ်တစ်ခုကို ပြုလုပ်ချင်သည်ဆိုပါက အမြစ်မဲ့သံမဏိထက် ပိုကောင်းသော ရတနာတစ်ခု လိုအပ်သည်။

အမြစ်မဲ့သံမဏိသည် ဟို့ထျန်းရတနာငါးမျိုးထဲမှ တစ်ခုဖြစ်သည်။ သို့ဖြစ်ရာ ပိုကောင်းသော ရတနာဆိုလျှင် ရှန်းထျန်းရတနာမှသာ ဖြစ်နိုင်ပေတော့မည်။

ကမ္ဘာဦးမိခင်သံမဏိသည် ရှေးဦးရတနာတစ်ပါး ဖြစ်သည်။ တကယ်တမ်းတွင် ထိုအရာ၏တန်ဖိုးမှာ ရှန်းထျန်းရတနာထက်ပင် ပို၍အဖိုးတန်လေသည်။ ယခုမူ ဤကမ္ဘာဦးမိခင်သံမဏိက မည်သည့်နေရာတွင်ရှိနေမှန်း သိလိုက်ရပြီဖြစ်လေရာ သူ ဘယ်လိုလုပ် လက်လွတ်ခံနိုင်ပါ့မည်နည်း။

“ဒီကမ္ဘာဦး မိခင်သံမဏိက ကျုပ်အတွက် အရမ်းကို အရေးပါတယ်ဗျာ။ အဲ့ဒါကို သွားရှာဖို့ မင်းကျုပ်ကို ကူမျိုးနွယ်ဆီ ခေါ်သွားပေးနိုင်မလား”

မိုဝူကျိက တွေဝေမနေဘဲ မေးလိုက်သည်။

“ရတာပေါ့ရှင်”

သိုက်နန်ကျန်းက သဘောတူလိုက်သည်။ ကမ္ဘာဦး မိခင်သံမဏိအကြောင်း ပြောပြတော့မည်ဟု စိတ်ကူးကတည်းက သူမက မိုဝူကျိအား ထိုနေရာသို့ ခေါ်သွားရန် ပြင်ဆင်ပြီးသားဖြစ်သည်။

မိုဝူကျိက အချိန်စက်ဝန်းပြားကို ထုတ်ယူကာ

“တက်လိုက်ပါ… ကျုပ်ကို ဘယ်သွားရမလဲဆိုတာသာ ပြောပြ”

သိုက်နန်ကျန်း အချိန်စက်ဝန်းပြားပေါ်သို့ တက်ပြီးသွားသည်နှင့် မိုဝူကျိက အချိန်စက်ဝန်းပြားကို အသက်သွင်းလိုက်သည်။ သိုက်နန်ကျန်းက ဦးတည်ရာ တစ်ခုကိုသာ ညွှန်ပြလိုက်ပြီးနောက်တွင်ကား သူမ၏စိတ်စွမ်းအားက မည်သည့်အရာကိုမျှ အာရုံခံ၍ မရမှန်းကို သိလိုက်ရသည်။ ဤသည်မှာ မိုဝူကျိက အချိန်စက်ဝန်းပြားပေါ်တွင် အစီအရင်များ ခင်းကျင်းထားသောကြောင့် မဟုတ်ပေ။ အချိန်စက်ဝန်းပြား၏ အချိန်ကုန်နှုန်းက အင်မတန်မြန်သောကြောင့်သာ ဖြစ်သည်။ သူမ၏ စိတ်စွမ်းအားက ထိုအရှိန်ကို အမှီမလိုက်နိုင်ချေ။

“စီနီယာ… ဂျူနီယာ့မှာ မေးစရာ တစ်ခု ရှိပါတယ်”

သိုက်နန်ကျန်းက သူမ၏ စိတ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

မိုဝူကျိက ပြုံးကာ

“ကျုပ်နာမည်က မိုဝူကျိပါ။ မင်းကျုပ်ကို နာမည်တပ်ပြီးတော့ပဲဖြစ်ဖြစ် စီနီယာအစ်ကိုလို့ပဲ ဖြစ်ဖြစ် ခေါ်နိုင်ပါတယ်။ ပြောရမယ်ဆို ကျုပ်က မင်းထက် အသက်ပိုငယ်တယ်ဗျ။ မေးချင်တာရှိရင် လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်”

သိုက်နန်ကျန်းသည် မိုဝူကျိမှာ တော်တော်လေး အသက်ငယ်သေးမှန်း ခံစားမိသည်။ မိုဝူကျိ၏ စကားကို ကြားသောအခါ သူမက ချက်ချင်းတုံ့ပြန်လိုက်သည်။

“ကောင်းပါပြီ… စီနီယာအစ်ကိုမို။ ကျွန်မကို နံရံမှာ အပြစ်ပေးထားတုန်းက ကျွန်မက နတ်ဘုရားဘုရင် အလယ်အလတ်အဆင့်မှာပဲ ရှိသေးတယ်။ စီနီယာက ထိပ်တန်းအဆင့် စွမ်းအားစုစည်းရေး အစီအရင်တွေ၊ ထိပ်တန်းအဆင့်နဲ့ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောတွေ၊ အဲ့ဒါတွေအပြင် ဟုန်မုန့်စွမ်းအင်နဲ့ ထင်ရှားတဲ့ အမှောင်ထု စည်းမျဉ်းတစ်ခုကိုပါ ခင်းကျင်းပေးခဲ့တယ်။

ကျွန်မ ပြန်ကောင်းပြီးတဲ့နောက်မှာ ကျွန်မရဲ့ကျင့်ကြံဆင့်က တရှိန်ထိုး တိုးတက်လာခဲ့တာ… အခုဆို ကျွန်မက သဟဇာတ နတ်ဘုရား အစောပိုင်းအဆင့်ကိုတောင် ရောက်နေပြီ။ ဒါပေမဲ့ ဂျူနီယာ သိချင်တာက ဘာဖြစ်လို့ ကျွန်မ အခုချိန်အထိ ဘာမိုးကြိုးစမ်းသပ်ချက်တစ်ခုမှ မခံရသေးတာလဲဆိုတာကိုပါ”

***

All Chapters