မော့နီမြို့အောက်မှ နတ်ဘုရားအတားအဆီး
Vol. 86 Ch. 1195
“မိုးကြိုးစမ်းသပ်ချက် တစ်ခုမှ မခံရဘူး ဟုတ်လား”
မိုဝူကျိမှာ ကြောင်အသွားသည်။ အမှောင်ကမ္ဘာ၏ စည်းမျဉ်းများသည် လျော့ပါးနေပြီ ဖြစ်သော်လည်း ယခင် နတ်ဘုရားကမ္ဘာထက်စာလျှင် ပိုကောင်းနေသေးသည် မဟုတ်ပါလော။ ထိုနတ်ဘုရားကမ္ဘာထဲ၌ပင် သူက မိုးကြိုးစမ်းသပ်ချက်တွေ ခံခဲ့ရလေရာ အဘယ်ကြောင့်များ ဤကမ္ဘာ၌ သူမက မိုးကြိုးစမ်းသပ်ချက် မခံရဘဲ ဖြစ်နေသနည်း။
အမှောင်ကမ္ဘာထဲရှိ လူတိုင်း သဟဇာတ နတ်ဘုရားမိုးကြိုးစမ်းသပ်ချက်ကို မခံရသည်များလားဟု မိုဝူကျိက စဉ်းစားနေသည့်အခိုက် သိုက်နန်ကျန်းက အလောတကြီး ပြန်ဖြေလိုက်သည်။
“စီနီယာအစ်ကိုမို… မိုးကြိုးစမ်းသပ်ချက် ရောက်လာတော့မယ်လို့ ကျွန်မ ခံစားမိတယ်…”
မိုဝူကျိသည် ပြောစရာစကားမရှိတော့ဘဲ သိုက်နန်ကျန်းကိုသာ ကြည့်မိလိုက်၏။ ဤသည်က သူအနေနှင့် သဟဇာတနတ်ဘုရားအဆင့် ၁ ကျင့်ကြံဆင့်ကို အခြေတည်ပြီးကာမှ သဟဇာတနတ်ဘုရားမိုးကြိုးစမ်းသပ်ချက်ကို ခံယူရသည့်အဖြစ်ကို ပထမဦးဆုံး အကြိမ်အဖြစ် ကြုံဖူးခြင်း ဖြစ်သည်။
ဤအဖြစ်အပျက်မှာ စကြဝဠာ တာအိုစည်းမျဉ်းကြောင့်သော်လည်းကောင်း သစ်နက် ပြန်လည်ရှင်သန်လာမှုကြောင့်သော်လည်းကောင်း တစ်ခုခုနှင့်တော့ ဆက်စပ်နေရမည်ဟု မိုဝူကျိက စတင် သံသယဝင်လာမိသည်။
မိုဝူကျိက အချိန်စက်ဝန်းပြားကို ပြန်သိမ်းလိုက်ပြီး စွမ်းအားစုစည်းရေး အစီအရင်တစ်ခု ခင်းကျင်းရန် ပြင်ဆင်လိုက်သည်။ သို့သော် သိုက်နန်ကျန်းကမူ သူမရှေ့မှ ကျတ်တီးမြေကြီးကိုသာ တွေတွေကြီး စိုက်ကြည့်နေလေ၏။
အသက်ရှိုက်စာအနည်းငယ်ကြာပြီးနောက် သူမက တုန်ရီနေသောလေသံဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကိုမို… ဒီနေရာက အမှောင်ကမ္ဘာရဲ့ အကြီးဆုံး နတ်ဘုရားမြို့ဖြစ်တဲ့ မော့နီမြို့ပဲ။ ဒီမြို့ကြီးက ကျတ်တီးနယ်မြေ ဖြစ်သွားလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားခဲ့ဘူး”
မိုဝူကျိက အမှောင်ကမ္ဘာသို့ တစ်ခေါက်မှ မရောက်ဖူးသဖြင့် ဤကမ္ဘာမှ အကြီးမားဆုံး နတ်ဘုရားမြို့ကြီးမှာ မည်မျှထိ ကြီးမားမှန်း မသိချေ။ သူက အစီအရင်အလံတချို့နှင့် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော တစ်ခုကိုသာ ပစ်လွှတ်လိုက်ပြီး ပြောလိုက်သည်။
“မင်းရဲ့မိုးကြိုးစမ်းသပ်ချက်ကို အရင်ခံယူလိုက်ဦး။ ဒါပြီးမှ ကူမျိုးနွယ်ဆီ ကျုပ်ကို ခေါ်သွားပေးပေါ့။ မော့နီမြို့အကြောင်းကို နောင်အားတဲ့အချိန်ကျမှ ကျုပ်တို့ ဖြည်းဖြည်းချင်း စုံစမ်းလို့ရပါတယ်”
သိုက်နန်ကျန်းက သူမရှေ့မှ ကျတ်တီးနယ်မြေကို လက်ညိုးထိုးပြကာ
“စီနီယာအစ်ကိုမို… ကူမျိုးနွယ်ရဲ့အဓိကအင်အားက မော့နီမြို့မှာ ရှိတာ။ ဒါပေမဲ့ အခု ဒီနေရာက ပျက်စီးသွားပြီဆိုတော့…”
“ဘုန်း”
မိုးကြိုးချက် ၁၀ ချက်က ဆင်းသက်လာသဖြင့် သိုက်နန်ကျန်းက ပြောလက်စကို အမြန်ရပ်ပစ်လိုက်ရသည်။ သူမက စွမ်းအား စုစည်းရေးအစီအရင်၏ အလယ်တည့်တည့်သို့ ခုန်ဝင်သွားလိုက်ပြီး စမ်းသပ်ချက်ခံယူရန်အတွက် ပြင်ဆင်လိုက်သည်။
မိုဝူကျိက မိုးကြိုးချက်များကို တစ်ချက်ကြည့်ရုံနှင့်ပင် ဤစမ်းသပ်ချက်မှာ သိုက်နန်ကျန်း၏ ကျင့်ကြံဆင့်နှင့် သင့်တော်ကိုက်ညီမှန်း သိလိုက်သည်။ ဤစမ်းသပ်ချက်သည် သေချာပေါက် သူမ၏ နတ်ဘုရားဘုရင် မိုးကြိုးစမ်းသပ်ချက်ထက် အဆများစွာ ပြင်းထန်လေသည်။ သို့သော် ဤသည်မှာ သိုက်နန်ကျန်းအတွက် မကောင်းသည့် ကိစ္စတော့ မဟုတ်ချေ။
သိုက်နန်ကျန်းက သူမ၏ မိုးကြိုးစမ်းသပ်ချက်ကို ခံယူနေစဉ်၌ မိုဝူကျိ၏ စိတ်စွမ်းအားက မော့နီမြို့ကျတ်တီးနယ်မြေပေါ်သို့ ကျရောက်သွားသည်။ သူက လူသားတာအိုကို ဖန်းတီးခဲ့သည်။ သူ၏ လူသားကမ္ဘာကို ပြီးပြည့်စုံအောင် လုပ်ခဲ့သည်။ လက်ရှိ ဝိဇ္ဇာတစ်ပိုင်းအဆင့် ၉ ၏ အထွတ်အထိပ်တွင် ရှိနေသည်။ ကျတ်တီးနယ်မြေပေါ်သို့ သူ၏ စိတ်စွမ်းအား ရောက်ရှိသွားသည့်အခိုက် သူက တစ်ခုခု မှားယွင်းနေမှန်း အာရုံခံလို့ရသည်။
မော့နီမြို့ကျတ်တီးနယ်မြေအထက်တွင် သူ၏ ဟုန်မုန့်စွမ်းအင်နှင့်ဆင်သည့် စွမ်းအင်တစ်မျိုး ရှိနေသည်။ ဤစွမ်းအင်မှာ အင်မတန်ကို ပါးလွှာကာ မသိသာသော်လည်း မိုဝူကျိက အာရုံခံနိုင်ဆဲ ဖြစ်သည်။
မြို့အောက်တည့်တည့်တွင် ရတနာတစ်ခု ရှိနေလေသည်။ မိုဝူကျိက အလုပ်ရှုပ်နေသော သိုက်နန်ကျန်းကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူက သူမ၏ ဘေးပတ်ပတ်လည်တွင် ကာကွယ်ရေးအစီအရင်အနည်းငယ် ခင်းကျင်းပေးရန် ဆုံးဖြတ်လိုက်သည်။ အစီအရင်များကို ခင်းကျင်းပြီးသည့်နောက် သူက မြို့အောက်ကို တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မော့နီမြို့ မြေအောက်ထဲသို့ ဦးတည်သွားလိုက်သည်နှင့် သူခံစားမိသောစွမ်းအင်မှာ ပိုပိုပြီး သိသာထင်ရှားလာသည်။
မြေအောက်တည့်တည့်သို့ ၄ နာရီခန့် သွားပြီးသည့်နောက်တွင် မိုဝူကျိ၏ စိတ်စွမ်းအားက အတားအဆီး အစီအရင်တစ်ခုကို ရှာတွေ့သွားသည်။ မိုဝူကျိအား အံ့သြသွားစေသည်မှာ ဤအတားအဆီး အစီအရင်၏အဆင့်သည် သူပင် မခင်းကျင်းနိုင်သည့်အရာ ဖြစ်နေလေသည်။ ဤသည်မှာကား အဆင့် ၉ ကိုကျော်လွန်နေသည့် အစီအရင် တစ်ခုဖြစ်သည်မှာ မြေကြီးလက်ခပ်မလွဲပေ။
ကံကောင်းသွားသည်မှာ မိုဝူကျိအနေနှင့် ဤကဲ့သို့နတ်ဘုရားအစီအရင်ကို ခင်းကျင်းစရာ မလိုပေ။ သူ လုပ်စရာလိုသည်မှာ ဝင်သွားရုံသာ ဖြစ်သည်။ သူ့မျက်လုံးထဲတွင်ကား အတားအဆီး အစီအရင်ထဲ ဝင်ရောက်ရခြင်းသည် ထိုအစီအရင်ကိုချိုးဖောက်ရခြင်းထက် များစွာပို၍ လွယ်ကူနေသည်။
နောက်ထပ် ၂ နာရီ ကြာပြီးသွားသည့်အခါတွင်ကား မိုဝူကျိသည် သူ့ကိုယ်သူ အရမ်းအထင်ကြီးနေမိမှန်း သိလိုက်ရသည်။ အကယ်၍ သူသာ ဤအစီအရင်ကို ပွင့်လာအောင် အားမသုံးခဲ့ပါက အထဲသို့ ဝင်လို့ရမည် မဟုတ်ပေ။ သို့သော် အကယ်၍ အထဲ၌ ထိရှပျက်စီးလွယ်သော ရတနာမျိုးသာ ရှိနေပါက သူ လုပ်လိုက်သည်က ပိုဆိုးသွားလိမ့်မည် မဟုတ်ပါလော… သူ အတင်း အားသုံးပြီး ဖွင့်လိုက်၍ အထဲကရတနာ ပျက်စီးသွားပါက မည်သို့လုပ်ရမည်နည်း…
မိုဝူကျိက သူ၏ စိတ်စွမ်းအားကို အပေါ်ဘက်သို့ ပို့လွှတ်လိုက်သောအခါ သိုက်နန်ကျန်းတစ်ယောက် ယခုအထိ မပြီးသေးသည်ကို မြင်လိုက်ရသည်။ မိုဝူကျိသည် ဤအစီအရင်ကို ထိုးဖောက်ဝင်ရောက်လာမည့် မည်သည့်စိတ်စွမ်းအားကိုမဆို တားဆီးရန် နောက်ထပ် ကာကွယ်ရေး နတ်ဘုရားအစီအရင်တစ်ခုအား ခင်းကျင်းလိုက်သည်။ ထို့နောက် သူက ဤနတ်ဘုရား အတားအဆီးအစီအရင်ကို မည်သို့မည်ပုံ ချိုးဖောက်ရမည်နည်းအား စတင် တွေးတောအကြံထုတ်လိုက်သည်။
အစောပိုင်း စစချင်းတွင် သူ၏ စိတ်စွမ်းအား တစ်မျှင်က သိုက်နန်ကျန်း၏ မိုးကြိုးစမ်းသပ်ချက်ကို စောင့်ကြည့်ရန် ရှိနေသေးသည်။ နာရီများစွာ ကြာပြီးသည့်နောက်တွင်ကား သူက ဤထူးခြားဆန်းကြယ်သော နတ်ဘုရား အတားအဆီးအစီအရင်ကို ဖြေရှင်းရန်ကြိုးစားသည့်အပေါ်တွင်သာ အာရုံအပြည့်အဝ စိုက်ထားလိုက်တော့သည်။
သူ၏ တာအိုဖွင့်လမ်းကြောင်းက အပြင်းထန်ဆုံး အလုပ်လုပ်နေကာ တခြားချီသွေးကြောများကလည်း ဖေးမကူညီနေကြသည်။
အစီအရင် မှော်အက္ခရာအသစ်တို့ကို မိုဝူကျိက ဖော်ထုတ်နေသလို တစ်ဖက်တွင်လည်း သူ၏ စိတ်စွမ်းအားကို တားဆီးပိတ်ပင်နေသည့် အစီအရင် မှော်အက္ခရာအသစ်တို့ ရှိနေပြန်သည်။
.......................
“ဝုန်း”
နောက်ဆုံးသော မိုးကြိုးစမ်းသပ်ချက် ဆင်းသက်ပြီးသွားသည့်နောက် သိုက်နန်ကျန်းက အဝတ်ဝတ်ရန်ကိုပင် ဂရုမစိုက်အားချေ။ သူမက သူမ၏ကျင့်ကြံဆင့်အား ဆန်းစစ်ဖို့ကိုသာ အာရုံရှိလေသည်။
သူမက သဟဇာတ နတ်ဘုရားအစောပိုင်းအဆင့်တွင် ရှိနေခဲ့ကာ အလယ်အလတ်အဆင့်သို့ ရောက်ရန် နှစ်ထောင်ချီအနည်းငယ် လိုကိုလိုလိမ့်မည်။ ဤအခြေအနေမှာ သူမ တစ်ယောက်တည်း ရှိနေခဲ့လျှင် ဖြစ်သည်။ သို့တိုင် မိုဝူကျိ ဖန်တီးပေးသော ပတ်ဝန်းကျင်ထဲတွင် ကျင့်ကြံခြင်းသည်ကား သူမအမြဲတစေ ရရှိနိုင်သည့်အခွင့်အရေးမျိုး မဟုတ်ပေ။
နောက်ဆုံးသောမိုးကြိုးချက် ကျဆင်းပြီးသည့်အချိန်တွင် သူမက သဟဇာတ နတ်ဘုရားအဆင့် ၄ ထဲသို့ တက်လှမ်းသွားလေပြီ။ အကောင်းနှင့်အဆိုး အမြဲဒွန်တွဲနေသည်ဆိုသည်မှာ မှန်ပေ၏။ အကယ်၍ နတ်ဘုရားဘုရင်အဆင့်မှ သဟဇာတနတ်ဘုရားအဆင့်သို့ တက်လှမ်းသည့်အချိန်တွင် မိုးကြိုးစမ်းသပ်ချက်ကို သူမ ခံယူခဲ့ရမည်ဆိုပါက ယခုကဲ့သို့ စမ်းသပ်ချက်ကို အသုံးပြု၍ သဟဇာတ နတ်ဘုရားအလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက် မိုဝူကျိက ဘေးနားတွင် ရှိနေသေးသည်ကို သိုက်နန်ကျန်းက သတိရသွား၏။ သူမက အဝတ်မြန်မြန် လဲလိုက်ပြီးကာမှ မိုဝူကျိ ရှိမနေမှန်း သိလိုက်ရသည်။ ထိုအစား စွမ်းအားစုစည်းရေး အစီအရင်အပြင်၌ နောက်ထပ် ကာကွယ်ရေးအစီအရင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
မိုဝူကျိ ဘယ်သွားနေသလဲဆိုသည်ကို သိုက်နန်ကျန်း မရှာနိုင်သေးခင် ပုံရိပ်တစ်ခုက ဖျက်ခနဲ သိုက်နန်ကျန်း၏ ကာကွယ်ရေးအစီအရင် အပြင်ဘက်နားလေးသို့ ဆင်းသက်လာသည်။
ထိုပုံရိပ်မြေပေါ်ခြေချလိုက်သည့်အခိုက် သူက သိုက်နန်ကျန်း၏ ကျင့်ကြံဆင့်မှာ သူ၏ ကျင့်ကြံဆင့်ထက် ပိုမြင့်နေကြောင်း သိလိုက်ရသည်။ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောတစ်ခု၏ တည်ရှိမှုကို အာရုံခံမိသောကြောင့်သာ သူ ရောက်လာခြင်း ဖြစ်သည်။ ယခုမူ အစီအရင်အတွင်းမှ ကျင့်ကြံဆင့်ပိုမြင့်သော လူတစ်ယောက်ကို မြင်လိုက်ရလေရာ အဘယ်ကြောင့်များ သူက ထိုနတ်ဝိညာဉ်သွေးကြောကို လိုချင်ရဲဦးပါ့မည်နည်း။
ရောက်လာသည့်သူမှာ နတ်ဘုရားဘုရင် အစောပိုင်းအဆင့်ရှိ ဆံပင်တိုတိုနှင့် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူက သိုက်နန်ကျန်းကို အလျင်အမြန် ဂါရဝပြုနှုတ်ဆက်လိုက်ကာ
“စီနီယာ့ကို ဂါရဝပြုပါတယ်… ဂျူနီယာက ဒီနားလေးကို ဖြတ်သွားရုံသက်သက်ပါ”
သိုက်နန်ကျန်းက ဤဆံပင်တိုနှင့်လူကို မြင်လိုက်ရသောအခါ အံ့အားသင့်ဆွံ့အသွားသည်။ သူမက ထိုသူ့အား ဘာစကားမျှမဆိုဘဲ တွေတွေကြီး စိုက်ကြည့်လိုက်သည်။
ဆံပင်တိုတိုနှင့်ကျင့်ကြံသူက နောက်ထပ် စကားတစ်ခွန်းမျှပင် မဟရဲတော့ချေ။ သဟဇာတ နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်သည် သူ့အား စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်လေသည်။
အသက်ရှိုက်စာ ၁၀ စာလောက် ကြာပြီးနောက်တွင်မှ သိုက်နန်ကျန်းက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူမက သူမကိုယ်သူမ စိတ်တည်ငြိမ်အောင် လုပ်ပြီးသွားမှ စကားပြောလိုက်သည်။
“ရှင်က ကူမျိုးနွယ်ကလား”
တစ်ဖက်လူက သူ၏ ဇာစ်မြစ်ကို သိနေမှန်း သဘောပေါက်သွားပြီးနောက် ဆံပင်တိုနှင့်လူက စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်… ကျွန်တော်က ကူမျိုးနွယ်ကပါ။ စောစောတုန်းက ဒီနားမှာ ပြင်းထန်လွန်းတဲ့ အာကာပြင် လှုပ်ခတ်မှုတွေကို ခံစားမိလို့ လာကြည့်တာပါ”
“ကူမျိုးနွယ်က ဘယ်ကို ပြောင်းသွားတာလဲ”
သိုက်နန်ကျန်းက သူမရှေ့မှလူအား သတ်ပစ်ချင်စိတ်ကို မြိုသိပ်ထိန်းချုပ်လိုက်သည်။
ဆံပင်တိုနှင့်လူက တစ်ခုခုမှားနေမှန်း ခံစားမိစ ပြုလာသည်။ ကူမျိုးနွယ်မှာ အမှောင်ကမ္ဘာထဲတွင် အားအကောင်းဆုံးမျိုးနွယ် ဖြစ်ကောင်းဖြစ်နိုင်ကာ ဤနေရာရှိ ပြောရေးဆိုခွင့်အားလုံးကိုပင် ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်သည်။ သို့ပေသည့်တိုင် ဤအဆင့်မြင့် ကျင့်ကြံသူက သူ့အား သတ်ပြီး ထွက်ပြေးသွားပါက ကူမျိုးနွယ်က မည်သူ့ကို မည်ကဲ့သို့ အပြစ်တင်ရမည်နည်း။
သူ၏ အန္တရာယ်ကို သိသွားပြီးသည့်နောက် ဆံပင်တိုနှင့်လူက ယဉ်ကျေးစွာ ပြန်ဖြေကြားလိုက်သည်။
“စီနီယာကို အကြောင်းပြန်ပါတယ်… ကူမျိုးနွယ်က ထျန်းကူမြို့လို့ခေါ်တဲ့ မြို့သစ်တစ်ခု တည်ဆောက်နေပါတယ်ခင်ဗျ။ ဒီနေ့မှာပဲ ကျွန်တော်တို့ကူမျိုးနွယ်ရဲ့ အကြီးအကဲမှူးက သဟဇာတ နတ်ဘုရားအဆင့်ကို တက်လှမ်းသွားတာကြောင့်မို့လို့ ဒီနေရာမှာ ဧည့်သည်တွေကို စောင့်ကြိုဖို့ ရောက်နေတာပါ။ အဲ့ဒီ့နောက်မှာ ကျွန်တော် အာရုံခံမိတဲ့အရာကြောင့် ဒီကို ရောက်ချလာရတာပါ။ စီနီယာ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တကယ် မျှော်လင့်မိပါတယ်ခင်ဗျာ”
“အခု ရှင်တို့ကူမျိုးနွယ်မှာ သဟဇာတနတ်ဘုရား ဘယ်နှယောက်ရှိလဲ”
ကူမျိုးနွယ်၏ အကြီးအကဲမှူးသည် သဟဇာတနတ်ဘုရားအဆင့်ထဲသို့ တက်လှမ်းပြီးခါစပဲ ရှိသေးသည်ဟု ကြားသောအခါ သိုက်နန်ကျန်းမှာ အနည်းငယ် အံ့သြသွားသည်။
ကူမျိုးနွယ်တွင် သဟဇာတ နတ်ဘုရားအဆင့်ကျင့်ကြံသူ တစ်ယောက်တည်းသာ ရှိသည်ဆိုပါက သူတို့အား ယခုချက်ချင်းပင် သူမ သွားပြီး သုတ်သင်ပစ်လို့ ရသည်။ ကမ္ဘာဦးမိခင်သံမဏိအား ယူလာပြီး ဤနေရာတွင် မိုဝူကျိအား စောင့်နေလို့ရသည်။
ဆံပင်တိုနှင့်လူက တုံ့ပြန်လိုက်သည်။
“အကြီးအကဲမှူးတစ်ယောက်တည်းကပဲ သဟဇာတနတ်ဘုရားအဆင့်ထဲ ရောက်သေးပါတယ်။ တကယ်လို့ စီနီယာက အခမ်းအနားကို ကြည့်ချင်တယ်ဆိုရင် ဂျူနီယာ လမ်းပြပေးပါ့မယ်”
ဤသဟဇာတ နတ်ဘုရားကျင့်ကြံသူသည် ကူမျိုးနွယ်နှင့် ရန်ငြိုးကြီးကြီးမားမား ရှိနေမှန်း သူခံစားလို့ရသည်။ သူက သိုက်နန်ကျန်းကို ထျန်းကူမြို့ဆီသို့ ခေါ်သွားချင်သည်။ ထိုသို့ ခေါ်သွားနိုင်သရွေ့ သူအတွက် အသက်အန္တရာယ်လည်း ရှိတော့မည်မဟုတ်ချေ။
သိုက်နန်ကျန်းက အဆောင်တစ်ခုကို ထုတ်ယူအသက်သွင်းလိုက်သည်။ အဆောင်က အဝါဖျော့ဖျော့ အလင်းပေါက် တစ်ပေါက်အဖြစ် ပြောင်းလဲသွားသည်။ သူမက ဆံပင်တိုတိုနှင့် နတ်ဘုရားဘုရင်ဘက်သို့ လှည့်ကြည့်ကာ
“အလင်းပေါက်ထဲဝင်ပြီး စောစောက ရှင် ပြောခဲ့တာတွေ ပြန်ပြော”
“ဟုတ်ကဲ့ပါ စီနီယာ”
ဤအခိုက်အတန့်၌ ဆံပင်တိုနှင့်လူက သိုက်နန်ကျန်းသည် သူတို့ကူမျိုးနွယ်နှင့် ရန်ငြိုးတစ်ခုခု ရှိနေမှန်း လုံးဝသေချာသွားသည်။ သို့မဟုတ်ပါက သူမသည် သူ့အား မုသားစစ် အဆောင်ထဲသို့ ဝင်စေပြီး သူ ပြောပြခဲ့သည့် စကားများကို ပြန်ပြောခိုင်းလိမ့်မည် မဟုတ်ပေ။
ဆံပင်တိုနှင့်လူက အဘယ်ကြောင့်များ ငြင်းဆန်ရဲပါ့မည်နည်း။ သူက အလင်းပေါက်ထဲသို့ ဝင်ကာ အကြီးအကဲမှူး တစ်ယောက်တည်းကသာ သဟဇာတနတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးပါပြီဆိုသော စောစောက စကားများကို တစ်ခေါက် ပြန်ပြောလိုက်သည်။
သိုက်နန်ကျန်းက ခေါင်းငြိမ့်ကာ ခပ်တည်တည် ပြောလိုက်သည်။
“ရှေ့ကနေ လမ်းပြပါ။ ကျွန်မတို့အခုပဲ ထျန်းကူမြို့ကို သွားတာပေါ့”
***