အခန်း(၅၈၁) မိဘအုပ်ထိန်းမှု
Vol. 42 Ch. 581
အခန်း(၅၈၁) မိဘအုပ်ထိန်းမှု
အဘွားကျန်းက သူတို့အား လင်းချင်းဟယ် ဘယ်လိုပျိုးထောင်ခဲ့သည့်အကြောင်း မေးခဲ့သည်။ "သားလတ်နဲ့ သားငယ်တို့ရဲ့ အရပ်တွေက တော်တော်ရှည်ကြတာပဲ။"
အနာဂတ်မျိုးဆက်များတွင်တောင် သူတို့ကို အရပ်ရှည်သည်ဟု သတ်မှတ်နိုင်သည်။ အခုလို အာဟာရချို့တဲ့သည့် ခေတ်မှာဆိုရင်တော့ မပြောပလောက်တော့ပါ။ အရပ်အမောင်းများက သေချာပေါက် မျက်စိကျဖို့ ကောင်းလှပါသည်။
လင်းချင်းဟယ်က သူမ၏ စိတ်ဝင်စားမှုကို နားလည်ပြီး သူတို့၏ ငယ်ဘဝတုန်းက ကိစ္စများကို ပြောပြလိုက်ပါသည်။
ထိုအခါမှ လင်းချင်းဟယ်၏ ဇာတိက မြို့တော် မဟုတ်မှန်း အဘွားကျန်း သိလိုက်ရပါသည်။ သူမက စာမေးပွဲအောင်ခဲ့ကာ ဘွဲ့စောစောရပြီး ကောလိပ်၏ ခွင့်ပြုချက်ဖြင့် အလုပ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
"နင်က တကယ်တော်တာပဲ" အဘွားကျန်း လေးစားသွားမိပါသည်။
သေချာပါသည်။ မိန်းမကောင်းတစ်ယောက်ကို လက်ထပ်ယူနိုင်ခြင်းဆိုတာ ယောက်ျားတစ်ယောက်အတွက် အလွန်အရေးပါသည်။ မျိုးဆက်များစွာအထိ အောင်မြင်မှုများကို ယူဆောင်လာပေးနိုင်သည်။
လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။ "ကျွန်မက မတော်ပါဘူး။ အဲ့ဒီအချိန်တုန်းက ကျွန်မယောက်ျား ချင်းပိုင် ကျွန်မကို ထောက်ပံ့ပေးခဲ့လို့ပါ။ တစ်ရွာလုံးက ကျွန်မကို ပျင်းတယ်လို့တောင် ပြောကြတာလေ။”
"အခုတော့ ကျော်ဖြတ်နိုင်ခဲ့ပြီမလား။ အနာဂတ်မှာ အေးချမ်းဖို့ပဲ ရှိပါတော့တယ်" အဘွားကျန်းက နှစ်သိမ့်ပေးလိုက်ပါသည်။
သူမ မြို့တော်သို့ တက်လာခဲ့ပြီး အမြင်ကျယ်စေခဲ့သည်။ သူတို့ ဆိုင်ကောင်းကောင်း တချို့လည်း ပိုင်ဆိုင်ထားသည်။ သူမ တကယ်ပဲ ထိပ်ဆုံးသို့ တက်နိုင်ခဲ့ပါသည်။
လင်းချင်းဟယ်က စိတ်ထဲမှ အစမို့လို့ အေးချမ်းနိုင်တာဟု ပြောလိုက်မိပါသည်။ အခုတော့ သူမဗိုက်ထဲမှာ တစ်ယောက်အပို ရှိလာပြီ ဖြစ်သဖြင့် မအေးချမ်းနိုင်တော့ပါ။
ကလေးတစ်ယောက်ကို စားသောက်မှုကဏ္ဍတွင် ပျိုးထောင်ရခြင်းက လွယ်ကူသည်။ သူတို့ကို သင်ကြားပေးရခြင်းကသာ ခက်ခဲပါသည်။
သို့သော်လည်း လင်းချင်းဟယ်က သူမ မလိုချင်သည့်အကြောင်း လူတိုင်းကို မပြောခဲ့ပါ။ သူမ ဗိုက်ထဲမှာ အရွယ်တောင် ရောက်နေပြီဖြစ်သဖြင့် သူမ မမွေးဘဲ နေလို့ ရပါတော့မလား။
သူမနဲ့ ကျိုးချင်းပိုင်တို့အကြား နားလည်မှုလွဲတာမျိုးမရှိပါ။ သားသုံးယောက်ကလည်းသူမ ကလေးများဖြစ်သည်။ စိတ်ဝမ်းကွဲမှုမရှိပါ။
အဘိုးကျန်းက အပြင်ထွက်သွား၏။ သူပြန်လာသောအခါ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော နှမ်းဘီစကွတ်မုန့်များကို ယူလာခဲ့ပါသည်။
လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။ "ဦးလေး ဘာလို့ နှမ်းဘီစကွတ်တွေ ဒီလောက် အများကြီး ဝယ်လာရတာလဲ"
"နင်တို့ကြိုက်ရင် စားကြလေ။ သားလတ် မစားဖူးသေးဘူး။ သူစားကြည့်ချင်တယ်လို့ ပြောလို့" အဘိုးကျန်းက ပြန်ပြောလိုက်ပါသည်။
ယနေ့ခရီးစဥ်တွင် သူ ကျိုးညီအစ်ကိုနှစ်ယောက်အား တော်တော်လေး သဘောကျသွားမိပါသည်။ ထို့အပြင် သူတို့က ဆွေမျိုးလည်း ဖြစ်ကြသဖြင့် ရင်းနှီးစွာ နေထိုင်ရပါမည်။
သူတို့ကို သူ့မျိုးဆက်ငယ်များဟုသာ မြင်သည်။ သူတို့စားချင်သည်ဆိုပါက သူဝယ်ပေးပါမည်။
လင်းချင်းဟယ် ရွှင်ပျစွာ ပြောလိုက်ပါသည်။ "သူက တော်တော် မျက်နှာပြောင်တာပဲ။ သူစားချင်ရင် သူ့ဖာသာသူ ဝယ်ပါစေပေါ့။ ဦးလေးကိုတော့ ဘာမှမဝယ်ပေးဘဲ ဦးလေးကို ဝယ်ခိုင်းနေတယ်။"
"ဒီတိုင်း ဘီစကွတ်မုန့်လေးပါ။ ငါတို့ ခရီးသွားတဲ့ ရက်တွေတုန်းက သားလတ်ပဲ ပိုက်ဆံထုတ်ရတာလေ။ ငါတို့ကို ပိုက်ဆံထုတ်ခွင့် မပေးဘူး" အဘွားကျန်းက ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ သူမလည်း စားချင်နေပါသည်။ ထို့ကြောင့် သူမ တစ်ခုပြီးတစ်ခု စားကာ အနည်းငယ် စားမိသွားသည်။ သူမ ပါးစပ်ကို သူမ မတားဆီးနိုင်ပါ။
ထို့နောက် လက်ဖက်ရည်တစ်ခွက် သွားထည့်ခဲ့ပါသည်။
ကျိုးချင်းပိုင်က ၁၁ နာရိ ဝန်းကျင်လောက်တွင် အိမ်ပြန်ရောက်လာခဲ့သည်။ ဝယ်စရာ ဆိုင်နေရာကောင်းကောင်း၊ အိမ်နေရာကောင်းကောင်း ရှိဦးမလား လိုက်ရှာနေခြင်း ဖြစ်သည်။ သူ ဒီနေ့ ချိန်းထားခဲ့တာ တစ်ခု ရှိ၏။ သို့သော် မနက်ဖြန်မှ သွားတွေ့ရပါမည်။
သားလတ်က ကျန်းကမ်းကို နေ့လည်ခင်းတွင် ပြန်ခေါ်လာခဲ့ပြီး အိမ်မှာပဲ စားသောက်ခဲ့ကြသည်။ "ရှန်ဟိုင်းမြို့တော်က မြို့တော်နီးပါးလောက် ကောင်းတာပဲ။ လမ်းမပေါ်က ကားတွေက ပိုတောင် ပေါသေးတယ်။"
ဒီအချိန်တွင် ရှန်ဟိုင်းမြို့တော်က ရေကြောင်း ပို့ဆောင်ရေးကိုသာ ပိုအားထားကြသည်။ ပြောစရာမလိုအောင် နောင်အချိန်များအထိ ဖွံ့ဖြိုးတိုးတက်ဆဲဖြစ်ပါသည်။
လင်းချင်းဟယ်က ပြောလိုက်သည်။ "နောက်ရက်တွေ နင်တစ်ယောက်တည်း သွားတော့။ ရှောင်ကမ်းက စာလုပ်ရမယ်။"
ကျန်းကမ်းက ရုတ်တရက်ကြီး မျက်နှာ မှိုင်ကျသွားပါသည်။ "ကျွန်တော် အိမ်ရှင်တာဝန်မကျေသေးဘူး။ အစ်ကိုငယ်လာတုန်းကလည်း လိုက်ပို့ပေးရတာကို"
"နင့်အစ်ကိုလတ်က လူကြီးလေ။ သူလမ်းပျောက်သွားမှာကို ကြောက်နေတာလား။ နင် စာမြန်မြန် ပြန်လုပ်သင့်တယ်နော်" လင်းချင်းဟယ်က ပြောလိုက်သည်။
"ခေါင်းကိုင်အမေ ကျွန်တော်လည်း မြို့တော်က တက္ကသိုလ်မှာ တက်လို့ရမှာလား" ကျန်းကမ်းက မေးလိုက်သည်။
"ပြဿနာတော့ မရှိပါဘူး။ နင်တက်ချင်ရင် စာမေးပွဲဖြေလို့ရတယ်။ ဟုတ်တာပေါ့။ နင့်မိဘတွေနဲ့တော့ အရင်ဆုံး တိုင်ပင်ရမှာပေါ့။ ဒါပေမယ့် မြို့တော်မှာ လာတက်မယ်ဆိုရင် ခေါင်းကိုင်အမေက အစားအသောက်နဲ့ နေရာထိုင်ခင်းတွေကို စီစဥ်ပေးမယ်" လင်းချင်းဟယ်က မျက်ခုံးပင့်ကာ ပြောလိုက်ပါသည်။
ကျန်းကမ်းက ပြုံးလိုက်၏။ ထို့နောက် မျက်မှောင်ထပ်ကြုတ်သွားပြန်သည်။
"ကျွန်တော့်အမေ သဘောမတူမှာ စိုးတယ်။ သူက ကျွန်တော့်ကို ဒီက တက္ကသိုလ်တွေပဲ တက်စေချင်တာ"
"နင့်အမေကလည်း အမေပဲ။ ငါလည်း အမေတစ်ယောက်ပဲ။ အဲ့ဒီခံစားချက်ကို ငါနားလည်တယ်။ နင့်အမေကို နင်သေသေချာချာ ပြောကြည့်လိုက်ဦး။ ဒီကိစ္စအတွက်တော့ ခေါင်းကိုင်အမေက ကူညီပေးလို့ မရဘူး။ အဆင်မပြေရင် နွေရာသီအားလပ်ရက်တွေမှာ လာလည်လို့ရပါတယ်။ ဖုန်းကြိုဆက်ပြီး နင့်အစ်ကိုလတ်နဲ့ အစ်ကိုငယ်တို့ကို လာကြိုခိုင်းလိုက်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"နွေရာသီအားလပ်ရက်က ဘယ်လောက် ကြာမှာလဲ။ ကျွန်တော် ထပ်သွားချင်နေပြီ" ကျန်းကမ်းက ပြောလိုက်ပါသည်။
ညနေခင်းတွင် ရွှယ်မိန်လီနဲ့ လက်ထောက်ခေါင်းဆောင်ကျန်းတို့က ကျန်းယွီကို ခေါ်ကာ ရောက်လာပါသည်။ သူတို့နဲ့အတူ ဟင်းချက်စရာ ပစ္စည်းတွေလည်း အများကြီးပါလာသည်။
"လူပဲလာခဲ့ရင် ရရဲ့သားနဲ့။ ဘာလို့ ဒီနေ့မနက်က ရှင်တို့ ဟင်းချက်ပစ္စည်းတွေ ဝယ်လာမယ်လို့ ရှောင်ကမ်းကို ပြောခိုင်းလိုက်ရတာလဲ။ ကျွန်မတို့ မွဲသွားမှာ စိုးလို့လား" လင်းချင်းဟယ်က ပြောလိုက်၏။
"ရှင်နဲ့ အစ်ကိုကျိုးတို့ မွဲသွားမှာ စိုးလို့မဟုတ်ပါဘူးရှင် အမြဲတမ်း အလကား စားနေလို့ မရဘူးမလား" ရွှယ်မိန်လီက ပြုံးရယ်လိုက်ပါသည်။
"ရှင်တို့ ယောက်ျားလေးတွေကို တာဝန်ပေးလိုက်မယ်နော်" လင်းချင်းဟယ်က ကျိုးချင်းပိုင်၊ လက်ထောက်ခေါင်းဆောင်ကျန်းနဲ့ သားလတ်တို့ကို ကြည့်လိုက်ပါသည်။
"ဒါက ရှောင်ကမ်းရဲ့ ဒုတိယအစ်ကိုလား။ သူလည်း ချောသားပဲ” ရွှယ်မိန်လီက ကျိုးရွှမ်ကို မြင်ကာ ပြောလိုက်ပါသည်။
"ဒေါ်လေးကတော့ မြှောက်ပြောနေပြန်ပါပြီ။ ကျွန်တော့်အမေရဲ့ ဗီဇတွေပေါ့ဗျာ" ကျိုးရွှမ်ကလည်း ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။
ရွှယ်မိန်လီက ရွှင်ပျစွာ ပြောလိုက်၏။ "ဟုတ်တယ်နော် ရှောင်ကမ်းရဲ့ အစ်ကိုငယ်က နင့်အဖေနဲ့တူတာ။ နင်ကတော့ နင့်အမေနဲ့တူတယ်။ အားလုံးက ချောမောလှပကြပါတယ်။ နှစ်ယောက်စလုံးက အားအင်တွေ ပြည့်ဝနေကြတာပဲ။ နင့်အမေကို နည်းလမ်းတောင်းရတော့မယ်ထင်တယ်။ နင်တို့ကို ဘယ်လိုများ ပျိုးထောင်ခဲ့တာလဲ။"
"ဟုတ်ပါပြီ၊ ဖြည်းဖြည်း ပြောကြပါ။ ကျွန်တော်တို့ အလုပ်စလိုက်ဦးမယ်" ကျိုးရွှမ်က ပြုံးလိုက်သည်။
ထို့နောက် ကျန်းကမ်းကိုခေါ်ပြီး သူ့အဖေနဲ့ လက်ထောက်ခေါင်းဆောင်ကျန်းတို့နဲ့ အတူတူ အလုပ်သွားလုပ်လေသည်။ သူတို့ ဟင်းချက်စရာတွေ အများကြီး ယူလာသည်။ မနက်က သူ့အဖေ ဝယ်ထားသည့် ပင်လယ်စာ ပုစွန် စသည်တို့သည်လည်း အများကြီး ရှိပါသည်။
ရွှယ်မိန်လီက အလွန်အမင်း ကျေနပ်သွားပြီး ပြောလိုက်ပါသည်။ "ရှင့်သားနှစ်ယောက်ကိုတော့ ကျွန်မ မျက်စိကျနေပြီ။ သားကြီးကို မမြင်ဖူးသေးဘူး။ သူ့ကိုလည်း မြင်ချင်တယ်။မိ"
"သူက သားငယ်နဲ့နည်းနည်း ဆင်တယ်။ နည်းနည်း အရပ်ပိုရှည်ပြီး ပိုတည်ကြည်တယ်" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။
"ရှင်သူတို့ကို ဘယ်လိုပျိုးထောင်ထားတာလဲ။ အားလုံးက အရပ်ရှည်ကြတာပဲ" ရွှယ်မိန်လီက ပြောလိုက်၏။
ကောင်လေးများက ငယ်ရွယ်ကြသည်။ တက်ကြွမှုများဖြင့် ပြည့်ဝနေကြသည်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ လူကောင်းလူငယ်လေးများ ဖြစ်ကြောင်း မြင်နိုင်ပါသည်။
"နွားနို့ များများသောက်ပေး။ ကျန်တာကတော့ တစ်ရက်ကို ၃ နပ်စားဖို့။ ပေါက်စီတွေ ခေါက်ဆွဲတွေ စတာတွေပေါ့။ ဘာမှ ချုပ်ချယ်တာမရှိဘူး။ ပြီးရင် ဘတ်စ််ကတ်ဘောနဲ့ ဘောလုံးလည်း ကစားကြ။ အိမ်အပြင်ဘက် လှုပ်ရှားမှုတွေလည်း လုပ်ကြ" လင်းချင်းဟယ်က သူမ တကယ်အကြံဉာဏ် လိုချင်နေသည်ကို မြင်ကာ ပြောလိုက်ပါသည်။
သူ့ သား ၃ ယောက်စလုံးက အရပ်အလွန်ရှည်ကြသည်။ လင်းချင်းဟယ်က သူတို့ကို တကယ်ပဲ ဒီနည်းအတိုင်း ပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် အခြေအနေများကလည်း ထိုအချိန်တုန်းက သိပ်အဆင်မပြေခဲ့ပါ။ သူတို့ကို အငတ်မထားဖို့ သူမ ကြိုးစားခဲ့သည်။ အသားငါးနဲ့ ကြက်ဥများကို တတ်နိုင်သမျှ များများ ကျွေးခဲ့၏။
"သူတို့အသက်အရွယ်ကို ကြည့်ရတာတော့ အဲ့ဒီအချိန်တုန်းက အခြေအနေတွေက လွယ်ခဲ့မှာ မဟုတ်လောက်ဘူးနော်" ရွှယ်မိန်လီက ပြောလိုက်ပါသည်။
"ဟုတ်တယ်။ ကျွန်မရဲ့ စာသင်လို့ရလာတဲ့ လစာတွေအကုန်လုံးကို သူတို့အတွက် သုံးခဲ့ရတယ်။ ငွေပိုဆိုတာမရှိဘူး။ ကျွန်မယောက္ခမဆို သူတို့ အိမ်ထောင်ပြုဖို့အတွက် ပိုက်ဆံစုထားဖို့ အမြဲတမ်း နားပူနားဆာ လုပ်တယ်လေ" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
"ဒါဆို ဘာလို့စုမထားတာလဲ" ရွှယ်မိန်လီက မေးလိုက်၏။
"ဘာလို့ စုမှာလဲ။ ရှောင်ကမ်းလေးကိုလည်း ကိုယ့်မိသားစုကိုယ် ထောက်ပံ့နိုင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်လာအောင် ပျိုးထောင်ပေးလိုက်ပါ။ အဲ့တာဆို နောက်ပိုင်း အိမ်ထောင်ပြုဖို့အရေး စိုးရိမ်စရာရှိပါဦးမလား" လင်းချင်းဟယ်က မေးလိုက်ပါသည်။
ရွှယ်မိန်လီက ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တာပေါ့"
"ကျွန်မသူတို့ကို စာကြိုးစားဖို့ လေ့ကျင့်ပေးတယ်။ ဟုတ်တာပေါ့ လုပ်ရမယ့် အိမ်မှုကိစ္စတွေကိုလည်း လုပ်ရမယ်။ ပညာရေးကိုပဲ အားစိုက်လို့မဖြစ်ဘူး။ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုက သူတို့အတွက် အကျိုးအရှိဆုံးပဲလေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ပညာရေးအရဆိုရင် ရွှယ်မိန်လီက လင်းချင်းဟယ်နဲ့ မယှဥ်နိုင်ပါ။ သို့သော်လည်း သူမသည် လင်းချင်းဟယ်၏စကားကို နားထောင်ချင်ပါသည်။ အားလုံးက အတွေ့အကြုံနဲ့ပဲ သက်ဆိုင်သည်။
အထူးသဖြင့် သူမ၏ ကလေး ၃ ယောက်စလုံးအား အလွန်ကောင်းမွန်စွာ ပျိုးထောင်ထားခြင်းကြောင့် ဖြစ်ပါသည်။