အခန်း(၅၈၅) ပထုတ်ခြင်း
Vol. 42 Ch. 585
အခန်း(၅၈၅) ပထုတ်ခြင်း
အဘွားကျန်း၏ စကားလုံးများကို ကြားလိုက်ရသောအခါ အမေကော်၏ မျက်နှာ အနည်းငယ် တုံ့ဆိုင်းသွားပါသည်။ ကျန်းမိသားစု မဟုတ်တာ ကြံစည်မယ်မှန်း သူမသိထားပြီးသားဖြစ်သည်။
"ဒါပေမယ့် ရှောင်ကမ်းရဲ့ အစ်ကိုလတ်က ကောလိပ်တက်နေတုန်းမဟုတ်ဘူးလား။ သူ စာပဲဆက်သင်မယ်လို့ ကြားတယ်။ ငါ့ရဲ့ ဆွေမျိုးမကင်းတဲ့ တူမတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ ရှက်နေတာ။ ပြီးတော့လည်း သူက ဘွဲ့ရဖို့က အကြာကြီးကြာဦးမယ်။ နောက်မှပဲ စဥ်းစားလိုက်ပါတော့မယ်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာတော့ ဖြစ်လာမှာ မဟုတ်သေးဘူး" အဘွားကျန်းက ပြောလိုက်ပါသည်။
"ဘာလို့ အခုချိန် မဖြစ်နိုင်ရတာလဲ" အမေကော်က သာမန်အတိုင်း မေးလိုက်ပါသည်။
"ဘယ်ဖြစ်ပါ့မလဲ။ မိတ်ဆက်ပေးပြီးရင် သူ့ကို ဘယ်လောက်တောင် စောင့်လိုက်ရမလဲ။ သူစောင့်နေရင်တောင် တက္ကသိုလ်မှာ ပိုကောင်းတဲ့ ကောင်မလေးနဲ့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ။ ဘာမှ မဆွေးနွေးခင် ရှောင်ကမ်းရဲ့ အစ်ကိုလတ်ကို ဘွဲ့ရအောင် စောင့်ဖို့ပဲ ဆုံးဖြတ်ထားတယ်။ အဲ့အချိန်ကျမှ အဆင့်အတန်းချင်းတူတဲ့ ကောင်မလေး အတန်းဖော်တွေကို မတွေ့ရင် စဥ်းစားတာပေါ့။ ရည်းစားထားဖို့ အချိန်ကောင်းပဲလေ" အဘွားကျန်းက ရှင်းပြလိုက်ပါသည်။
ပြောရမည်ဆိုလျှင် အဘွားကျန်း၏ စကားများက တော်တော်လေး ကျိုးကြောင်းသင့်လျော်နေပါသည်။
အခုတလော ကော်မိသားစု၏ သဘောထားများ ပြောင်းလဲနေမှု၏ အကြောင်းအရင်းကို သူမ သိသွားပါပြီ။ ဒီလို ရည်ရွယ်ချက်မျိုးရှိနေတာကိုး။ သို့သော်လည်း သူတို့ရဲ့အတွေးတွေကို သူမ မဖျက်ဆီးပါ။ ဘာပဲဖြစ်ဖစ် လင်းချင်းဟယ်က အခု ဗိုက်ကြီးနဲ့ဖြစ်သည်။ ထို့ကော်မိသားစု ဘယ်လိုအကျင့်မျိုးရှိမလဲ မသိနိုင်ပါ။
ထို့ကြောင့် သူမ အပြတ်တော့ မငြင်းခဲ့ပါ။ အချိန်ဆွဲသည့် ဗျူဟာကိုပဲ အသုံးချခဲ့သည်။ ကလေးမွေးပြီးသွားပါက ကိစ္စမရှိတော့ပါ။
အဘွားကျန်း ပြောသည့်စကားများက ကျိုးကြောင်းသင့်သည်ဟု အမေကော်ခံစားရသော်လည်း သူမ တိုက်တွန်းဆဲဖြစ်သည်။ "သူတို့ကြိုပြီး စေ့စပ်ထားလိုက်ရင် တခြားတစ်ယောက်နဲ့ တွဲဖို့မဖြစ်နိုင်တော့ဘူးမဟုတ်လား"
"နင်ပြောနေတာ ကြည့်ပါဦး။ ငါတို့က ရှန်ဟိုင်းမြို့တော်လို မြို့ကြီးပြကြီးမှာ နေကြတာလေ။ လူတွေ ကွာရှင်းပြတ်စဲကြတာတောင် မနည်းဘူး။ လက်မထပ်ခင် လမ်းခွဲကြတာ ဆိုရင်တော့ ပြောမနေနဲ့တော့" အဘွားကျန်းက ပြန်ပြောလိုက်သည်။
ဒါအမှန်တရားပဲဖြစ်သည်။
ကျေးရွာလိုမဟုတ်ပါ။ လက်ထပ်ပြီးပါက တစ်သက်တာအတွက် ဖြစ်သည်။ ရှက်ဖို့ကောင်းသဖြင့် ကွာရှင်းပြတ်စဲခြင်းများ အလွန်နည်းပါးပါသည်။ အခုတော့ လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စတင်ပြီး ကွာရှင်းပြတ်စဲခြင်းများ များပြားလာခဲ့သည်။
အမေကော်က တွန့်ဆုတ်သွား၏။ "ကျိုးမိသားစုမှာ အဲ့လိုအကျင့်မျိုးရှိမယ်လို့တော့မထင်ပါဘူး။”
"အဲ့ဒီစကားတွေက မှန်တယ်လို့ ထင်ရပေမယ့် နောက်ဆုံးမှာတော့ မိန်းကလေးဘက်ကပဲ အနစ်နာဆုံးလေ" အဘွားကျန်းက ထောက်ပြလိုက်ပါသည်။
အမေကော်စိတ်ထဲက လက်ခံလိုက်သည်။ ဒါသာ တကယ်ဖြစ်လာပါက သူမရဲ့ သမီးပဲ နစ်နာသွားမှာ မဟုတ်လား။ သို့သော်လည်း ကျိုးမိသားစုက သူမ၏ သမီးကို နစ်နာအောင် လုပ်ရဲပါက သူမတို့မိသားစုကလည်း ငြိမ်ခံနေမည် မဟုတ်ပါ။ ထိုအချိန်ကျရင် လျော်ကြေးအဖြစ် သူမတို့အိမ်ကို ပေးရပါလိမ့်မည်။
ထို့ကြောင့် အမေကော်က ပြုံးကာ ပြောလိုက်ပါသည်။ "ကြိုတင်ပြီး စေ့စပ်ထားတာ ကောင်းပါတယ်။ ဒေါ်လေး ကျွန်မသမီး မြောင်ကျွင်းကို ဘယ်လို သဘောရလဲ။"
အဘွားကျန်းက ကော်မိသားစုကို တော်တော် စိတ်မရှည်ဖြစ်လာပါပြီ။ သူမ အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြီးတာတောင် နောက်ပြန်ဆုတ်ရကောင်းမှန်း မသိသေးပါ။
ထိုအချိန်တွင် ကျိုးရွှမ်က ရောက်လာ၏။ အိမ်မှာစားဖို့ သခွားသီးများလာခူးခြင်း ဖြစ်ပါသည်။ အမေကော်ကို မြင်သောအခါ 'ဒေါ်လေး' ဟုခေါ်ပြီး နှုတ်ဆက်လိုက်သည်။ ထို့နောက် အဘွားကျန်းဘက်ကို လှည့်လိုက်ပြီးပြောလိုက်သည်။ "အဘွားကျန်း ကျွန်တော် သခွားသီးတစ်လုံးလောက် လာခူးတာပါ။"
"ခူးလေ" အဘွားကျန်းက ပြောလိုက်သည်။
အမေကော်က သူ့ကိုမြင်သောအခါ ချစ်မြတ်နိုးစွာ ပြုံးလိုက်ပါသည်။ ပျော်ရွှင်စွာဖြင့် သူမ ပြောလိုက်၏။ "ခူးဖို့မလိုပါဘူး။ ဒေါ်လေး အများကြီး ယူလာတယ်။ ယူစားလေ။"
"နောက်ဖေးမှာပဲ သွားခူးပါ။ နည်းနည်းလောက် ပိုခူးပြီး နင့်ဒေါ်လေးကို ပေးလိုက်ဦး" ကျိုးရွှမ် ပြန်မပြောနိုင်ခင် အဘွားကျန်းက ပြောလိုက်ပါသည်။
ကော်မိသားစုအိမ်က ပစ္စည်းများကို စားခွင့်မပေးနိုင်ပါ။
ကျိုးရွှမ်က သခွားသီးများ သွားခူးသည်။ အဘွားကျန်းက အမေကော်ကိုပြောလိုက်ပါသည်။ "တကယ်ပါပဲ။ နင့်ယောက္ခမက အရမ်း ချွေတာတတ်တာကို နင်က သခွားသီးတွေ ယူလာပေးတယ်။ သူသိသွားရင် နင့်ကို နားပူလိမ့်မယ်။ ဒီကနေ ပြန်ယူသွားဦး။"
အမေကော်၏ စကားလုံးများအားလုံး ပြန်ရုပ်သိမ်းလိုက်ရပါသည်။ အစကတော့ အဘွားကျန်း နှောင့်ယှက်နေသည်ဟု ထင်ခဲ့မိသည်။ သို့သော် ဒီစကားကို ကြားသောအခါ ဘာမှပြောစရာမရှိတော့ပါ။
ကျိုးရွှမ်က ၄ လုံး ၅ လုံးလောက် ခူးလာလိုက်သည်။ တစ်လုံးကို ရေဆေးစားလိုက်ပြီး ကျန်တာကို အမေကော်အား ပေးလိုက်ပါသည်။
အမေကော်က ရွှင်ပျစွာဖြင့် ပြောလိုက်သည်။ "ကောင်လေး နင့်နာမည်ကိုတောင် မသိသေးဘူး။"
"ဒေါ်လေးက သဘောကောင်းတာပဲ။ ကျွန်တော့်နာမည် ကျိုးရွှမ်ပါ" သားလတ်က သခွားသီးကို စားရင်း ပြန်ဖြေလိုက်ပါသည်။
"ကျိုးရွှမ် နင့်အဘွားကျန်းပြောတော့ နင်က ကောလိပ်တက်နေတုန်းပဲဆို" အမေကော်က ပြောလိုက်ပါသည်။
"ဟုတ်တယ်" ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။
"ရည်းစားရှိလား" အမေကော်က မေးလိုက်၏။
"ဒေါ်လေး လာနောက်နေတာလား။ အခုအချိန် ဘာရည်းစားရှိရမှာလဲ။ ကျွန်တော် စာသင်နေတုန်းပဲ ရှိပါသေးတယ်။ အစောဆုံးကတော့ ကျွန်တော်ဘွဲ့ရပြီး အလုပ်တစ်ခုလောက်ရမှ ရည်းစားထားနိုင်လိမ့်မယ်။ မဟုတ်ရင် ကျွန်တော့်မှာ ပိုက်ဆံမရှိဘဲ ကျွန်တော့်ရည်းစားကို ဘယ်လိုလုပ်ပြီး ထောက်ပံ့ပေးနိုင်မှာလဲ" ကျိုးရွှမ်က ပြန်ပြောလိုက်ပါသည်။
အဘွားကျန်းက စိတ်ထဲမှ လက်မထောင်ပြလိုက်ပါသည်။ အပြောကောင်းသည်။
အမေကော်ကလည်း အလွယ်တကူ အရှုံးမပေးပါ။ သူမ အရှုံးပေးလိုက်ရင် သူမ မဟုတ်ရာ ကျပါမည်။ "ဘာလို့အဲ့လိုပြောရတာလဲ နင့်မိသားစုက ပြည့်စုံနေတာပဲ။"
"ဒေါ်လေး မှားနေပြီ။ ကျွန်တော့်မိသားစု အခြေအနေက သာမန်ပါပဲ။ ပြီးတော့လည်း ရည်းစားထားတယ်ဆိုတာ ကျွန်တော့်ကိစ္စလေ။ ကျွန်တော့်မိသားစုနဲ့ ဘာဆိုင်မှာလဲ" ကျိုးရွှမ်က သခွားသီးစားရင်း ပြောလိုက်ပါသည်။
အမေကော်က စိတ်ထဲမှ သူ့ကို အသုံးမကျသည့် ကောင်လေးဟု ခေါ်လိုက်ပါသည်။ သူက ဘာမှ နားမလည်သေးပါ။ ရည်းစားထားနေတုန်း မိသားစုကို ဘာလို့ ပြန်မကြည့်ရမှာလဲ။ တစ်ဖက်လူ၏ မိသာားစုကလည်း အရေးကြီးသည်။
"ပညာသင်တာက ပိုအရေးကြီးတယ်" အဘွားကျန်းက ပြောလိုက်ပါသည်။
"ဟုတ်တယ်။ ကျွန်တော့်ကို မိတ်ဆက်ပေးချင်နေတဲ့ လူတွေ အများကြီးပဲ။ ဒါပေမယ့် လောလောဆယ်တော့ အဲ့ဒီကဏ္ဍမှာ ကျွန်တော် စိတ်ကူးမရှိသေးဘူး။ နောက်မှပေါ့" ကျိုးရွှမ်က ပြောလိုက်သည်။
အမေကော်က သူမ၏ သမီးကို အောင်သွယ်ပေးဖို့ ကျရှုံးခဲ့သော်လည်း လုံးဝ ကျရှုံးသွားသည်ဟုတော့ မထင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူ ပညာသင်ရဦးမည် ဆိုသဖြင့် မတတ်နိုင်ပါ။ လောလောဆယ်တော့ သူတို့မိသားစုနှစ်စု ဆက်ဆံနေကြဦးမည်ဖြစ်သည်။ နောက်ပိုင်း သူမ၏ သမီးသာ ဒီ့ထက် ပိုကောင်းသည့် လူကို ရှာမတွေ့နိုင်ပါက ပြန်စဥ်းစားဖို့ နောက်မကျလောက်သေးပါ။
အမေကော် အိမ်ပြန်သွားပါသည်။ ကျိုးရွှမ်က သခွာသီးစားလိုက်ပြီး ခရမ်းချဥ်သီး ထပ်ယူကာ စားလိုက်သည်။ ထို့နောက် အဘွားကျန်းကို ပြောလိုက်၏။။ "အဘွားကျန်း ကျွန်တော် ပြန်တော့မယ်နော်။"
"ပြန်ပါ" အဘွားကျန်းက ခေါင်းငြိမ့်လိုက်ပါသည်။ ကော်မိသားစုရဲ့ ရည်ရွယ်ချက်ကို သူ့အား မပြောပြခဲ့ပါ။ ဘာပဲဖြစ်ဖြစ် မကြာခင် မြို့တော်ကို ကျောင်းတက်ဖို့ သူပြန်ရတော့မည်မဟုတ်လား။
သူမ လင်းချင်းဟယ် ပြန်လာမည့်အချိန်ကို စောင့်နေပါသည်။
လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ မိနစ် ၄၀ လောက် လမ်းထွက်လျှောက်ခဲ့ကြပြီး ပြန်လာပါသည်။ ဒီလောက်ဗိုက်ကြီးနဲ့ တခြား လေ့ကျင့်ခန်းများ လုပ်လို့အဆင်မပြေပါ။ သို့သော်လည်း လမ်းလျှောက်တာတော့ ကောင်းမွန်ပါသည်။
လမ်းပတ်လျှောက်ပြီးနောက် သူမ အနည်းငယ် ဗိုက်ဆာလာပြန်သည်။ သူမ တစ်ခုခု စားချင်လာသည်။
သူမ အပြင်ထွက်မလာခင်က အာလူးချိုနဲ့ ပြောင်းဖူးတို့ကိုလည်း စားခဲဲ့ပါသေးသည်။
"ဗိုက်ဆာလို့လား" ကျိုးချင်းပိုင်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက်သည်။ ကျိုးချင်းပိုင်က အိမ်ထဲဝင်သွားပြီး မတ်ပဲစွတ်ပြုတ် ယူလာပေးလိုက်သည်။
မတ်ပဲစွတ်ပြုတ်တွင် အေးသည့် အာနိသင် ရှိသော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများက ဘာထိခိုက်မှုမှ မရှိဘဲ စားနိုင်ပါသည်။ အရမ်းကြီး မအေးခဲရင် ရပါပြီ။
ချိုမြိန်သည့် မတ်ပဲစွပ်ပြုတ်က အရသာရှိပါသည်။ သို့သော်လည်း ဆာလောင်မှုဝေဒနာကိုတော့ မပြေစေခဲ့ပါ။ မတ်ပဲစွပ်ပြုတ် ၂ ပန်းကန် စားပြီးနောက် သူမ တီဗီခဏကြည့်လိုက်သည်။ ဒီလောက်ဆို လုံလောက်ပါပြီ။
သို့သော်လည်း ဒီအချိန်မှာတော့ ကျိုးချင်းပိုင်က ညစာ စပြင်နေပြီဖြစ်သည်။
ငါးပုတ်သင်၊ ဖရဲဝက်နံရိုးစွပ်ပြုတ်၊ ဂေါ်ဖီကြော်နဲ့ အာလူးဟင်းတို့ဖြစ်သည်။ အားလုံးကို ထမင်းနဲ့ စားရပါသည်။
စားသောက်ပြီး လေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် လင်းချင်းဟယ်က အဘွားကျန်းတို့အိမ်ကို သွားလည်ခဲ့သည်။ ဟိုဘက်အိမ်လေးတင်ဖြစ်သဖြင့် ကျိုးချင်းပိုင် လိုက်မလာခဲ့ပေ။
ကော်မိသားစုတို့အကြောင်းကို အဘွားကျန်းဆီက ကြားရမည့် အခွင့်အရေးကို သူဆုံးရှုံးသွားခဲ့ပါသည်။
လင်းချင်းဟယ်တစ်ယောက် ထိုအကြောင်းကို နားထောင်ပြီးနောက် ကော်မိသားစု၏ အကြံကို လုံးဝ နားလည်သွားပါသည်။
သူတို့ သဘောထား ဘာလို့ပြောင်းလဲသွားကြတာလဲဟု သူမလည်း တွေးနေမိခဲ့သည်။ ဖြစ်ချင်တော့ သူတို့က သူမ၏ သားလတ်ကို မျက်စိကျနေကြတာဖြစ်ပါသည်။
သူမလည်း ကော်မြောင်ကျွင်းကို တွေ့ဖူးပါသည်။ ကောင်မလေးကို ဒီတိုင်း အကဲဖြတ်လို့တော့ မရပါ။ သို့သော်လည်း သူမ၏ သားလတ်နဲ့တော့ မသင့်တော်ပေ။
သင့်တော်ရင်တောင် နှစ်ခါပြန်စဥ်းစားရမည်။ ကော်မိသားစုက ပြဿနာအိုးများဖြစ်ပုံရသည်။
"နင့်ဗိုက်က အခု အရမ်းကြီးနေပြီ။ ပြဿနာမဖြစ်အောင် နေတာ အကောင်းဆုံးပဲ။ အဲ့တာကြောင့် ဒီတိုင်းပဲ အချိန်ဆွဲထားလိုက်ပါ။ နောက်မှ ပြောကြ။ သူ့သမီးက မစောင့်နိုင်တော့ဘဲ စောစောလက်ထပ်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲ" အဘွားကျန်းက ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းသာငြိမ့်လိုက်ပြီး အများကြီး မပြောခဲ့ပါ။
သို့သော်လည်း အဘွားကျန်းပြောတဲ့အတိုင်းပဲဖြစ်သည်။ အမေကော်က ထိုအကြောင်းပြောပြီးပြီးချင်း အောင်သွယ်တစ်ယောက်က ကော်မိသားစု၏ အိမ်သို့ရောက်လာပြီး မင်္ဂလာကိစ္စ ဆောင်ရွက်ချင်သည်ဟု ပြောခဲ့ပါသည်။