ကူမျိုးနွယ်၏ ဝိဇ္ဇာသခင်
Vol. 86 Ch. 1196
သူမအား ဝတ်ရုံလာထိသည်ကို စောင့်မနေဘဲ သိုက်နန်ကျန်းက သူမ၏ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဓားအလင်းတန်း ဆယ်ချက်ကျော်ကို ထုတ်လွှတ်လိုက်သည်။
အချုပ်အနှောင်ဝတ်ရုံက လေထဲတွင် ရပ်တန့်သွားကာ ထိုလူနှစ်ယောက်မှာလည်း သိုက်နန်ကျန်း၏ ဓားချက်ဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေသည်။ သူတို့ခင်မျာ သူတို့ကိုယ်သူတို့ ကာကွယ်ရန် အခွင့်အရေးပင် မရလိုက်ကြချေ။
သိုက်နန်ကျန်းကို ခေါ်လာသည့် ဆံပင်တိုနှင့်လူက သူမအား အံ့သြတကြီး ကြည့်လိုက်သည်။ သူက ရေရွတ်လိုက်သည်မှာ
“ခင်ဗျားက ကျုပ်တို့ထျန်းကူမြို့ရဲ့ အစောင့်အရှောက်တွေကို သတ်ပစ်ရဲ…”
သိုက်နန်ကျန်းက နောက်ထပ် ဓားအလင်းတန်း တစ်ချက်ကို ထုတ်လိုက်သည်။ ဤဆံပင်တိုနှင့်လူမှာလည်း အသတ်ခံလိုက်ရလေသည်။
သူမက သူမအစ်ကိုအတွက် လက်တုံ့ပြန်ရန် ကူမျိုးနွယ်အား သုတ်သင်ဖို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
မြို့ထဲမှ လူများက ပြေးထွက်လာကြသည်။ သိုက်နန်ကျန်း၏ စိတ်စွမ်းအားက သူတို့အပေါ် ရောက်သွားသည်နှင့် သူမက စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။
နတ်ဘုရားဘုရင် ငါးယောက်နှင့် သဟဇာတ နတ်ဘုရားတစ်ယောက်…
ဆံပင်တိုနှင့်လူ ပြောပြထားသည့်အတိုင်းပင် သဟဇာတနတ်ဘုရားမှာ တစ်ယောက်တည်းသာ ရှိသည်။ သူက သဟဇာတ နတ်ဘုရားအစောပိုင်းအဆင့်လည်း ဖြစ်နေသေးသည်။
သိုက်နန်ကျန်းက ဓားရှည်ကို ဆွဲထုတ်လိုက်၏။ သူမ၏ စိတ်စွမ်းအားက နေရာအနှံ့လွှမ်းခြုံသွားကာ သူမ၏ ဓားမှ သန်းထောင်ချီသော ဓားအလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ထိုဓားအလင်းတန်းများက ထျန်းကူမြို့ဟူသော ဧရာမစာလုံးကြီးများကို ပေါက်ကွဲသွားစေသည်။ ပေါက်ကွဲမှုအပြီး၌ စာတန်းတစ်ဝက်လောက် ပျောက်သွားလေပြီ။
သိုက်နန်ကျန်းက အနည်းငယ် အံ့သြသွားသည်။ သူမက အားကုန်ထုတ်သုံးလိုက်သော်လည်း စာလုံးအကုန်လုံးကို မဖျက်ဆီးနိုင်လိုက်ချေ။
သူမ ဆက်မတိုက်နိုင်ခင် နတ်ဘုရားဘုရင်ငါးယောက်နှင့် သဟဇာတနတ်ဘုရားတစ်ယောက်က သူမအား ဝိုင်းထားလိုက်ကြသည်။
“တာအိုရောင်းရင်းက ကျုပ်တို့ရဲ့ထျန်းကူမြို့ကို အကြောင်းမရှိဘဲ ရန်လာစနေ…”
သူ၏ စကားပင် မဆုံးသေးခင် သဟဇာတနတ်ဘုရားက သိုက်နန်ကျန်းအား တအံ့တသြ ပြူးကြည့်လိုက်၏။
“မင်းက သိုက်ဖန်းရဲ့ ညီမ၊ သိုက်နန်ကျန်းလား”
သိုက်နန်ကျန်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ကူရှဲ့၊ ရှင့်အဖေ ကူဖန်းလန်က ကျွန်မအစ်ကိုကို ဝိုင်းသတ်တဲ့ထဲမှာ ပါတယ်မလား။ ရှင့်အဖေ အသက်ရှင်နေသေးလား သိချင်မိသား”
“မင်း…”
ကူရှဲ့အမေး ပြီးဆုံးရန် စောင့်မနေတော့ဘဲ သိုက်နန်ကျန်း၏ လက်ထဲမှ ဓားရှည်က ဖျက်ခနဲ လက်သွားကာ အဆုံးမဲ့ ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုဓားအလင်းတန်းများက သူတို့ခြောက်ယောက်စလုံးကို ဖုံးလွှမ်းသွားလေ၏။
မိုဝူကျိက သူမအား ပိုအားကောင်းသော မှော်ရတနာ ပေးခဲ့သည်ပင်။ သို့သော် သူမက သဟဇာတနတ်ဘုရား အလယ်အလတ်အဆင့်ထဲသို့ တက်လှမ်းပြီးပြီးချင်း လာခဲ့မိသည်။ ထို့ကြောင့် ပိုအားကောင်းသော လက်နက်များကို သန့်စင်ရန် သူမ အချိန် မရခဲ့ပေ။ သို့ပေသည့်တိုင် သူမ၏လက်ရှိအင်အားဖြင့် သဟဇာတ နတ်ဘုရား တစ်ယောက်တည်းသာရှိသည့် ကူမျိုးနွယ်ကို သုတ်သင်နိုင်လိမ့်မည်ဟု သိုက်နန်ကျန်းက ယုံကြည်သည်။
***
“ဝုန်း”
၁၀၈ ခုသော အစီအရင် မှော်အက္ခရာများကို ချိုးဖောက်ပြီးသွားသောအခါ မိုဝူကျိက သူ၏ရှေ့မှ အစီအရင် မှော်အက္ခရာများအားလုံး ပျောက်ကွယ်သွားသည်ဟု ခံစားမိလိုက်၏။
အစီအရင်အလံများကို ဖယ်ရှားပြီးနောက် မိုဝူကျိက နတ်ဘုရားအတားအဆီးအစီအရင်ထဲသို့ ဝင်နိုင်သွားလေပြီ။
အတိုင်းမသိသော ကျေနပ်ဝမ်းမြောက်မှုကြီးက မိုဝူကျိ၏စိတ်နှလုံးထဲ လွှမ်းခြုံသွားသည်။ သူ၏ အစီအရင်တာအိုက နောက်ထပ် အဆင့်တစ်ဆင့် ထပ်တိုးတက်သွားမှန်း မိုဝူကျိက သိလိုက်သည်။
ခဏကြာပြီးနောက် မိုဝူကျိက မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ၏ရှေ့တွင် ဆယ်ပေမြင့်သော အနက်ရောင် သံမဏိချောင်း တစ်ချောင်း ရှိနေသည်။ ဤသံမဏိပိုင်းဆီမှ စည်းမျဉ်းအက်ကြောင်းထဲကအတိုင်း ဖန်းတီးမှု စွမ်းအင်လိုမျိုး စွမ်းအင်တစ်ခု ထုတ်လွှတ်နေသည်။ ထို့အပြင် ထိုစွမ်းအင်ထဲတွင် ရှေးဦးတာအို အငွေ့အသက်တစ်ခုပင် ပါဝင်နေသည်။
ဤသည်ကား ကမ္ဘာဦးမိခင်သံမဏိ ဖြစ်သည်မှာ ကြိမ်းသေသည်။
စိတ်လှုပ်ရှားနေသော မိုဝူကျိက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ကမ္ဘာဦး မိခင်သံမဏိအား ထိလိုက်သောအခါ ရှေးကျသော ကမ္ဘာဦး စွမ်းအင်တစ်ခုကို ခံစားလို့ရလေသည်။ ဤသည်က ခေါ်ဆိုမှုတစ်ခုနှင့်ပင် တူနေလေသည်။
အထွတ်အထိပ်တာအို၏ အစအနများပင်တည်း။
၎င်းမှာ သံမဏိတစ်ပိုင်းသာ ဖြစ်သော်လည်း မိုဝူကျိက ထိုအရာမှ အတိုင်းမရှိ အားကောင်းသော စွမ်းအင်ကို ခံစားလို့ရသည်။ ထိုစွမ်းအင်သည်ကား စကြဝဠာကြီးအား စိုးမိုးနိုင်စွမ်းရှိသည့် တည်ရှိမှုမျိုးနှင့် တူနေလေသည်။
အမွှေးတိုင် တစ်ဝက်စာခန့် ကြာပြီးသည့်နောက် မိုဝူကျိက တည်တည်ငြိမ်ငြိမ် ပြန်ဖြစ်သွားသည်။ သူက ဤကမ္ဘာဦး မိခင်သံမဏိကို သူ၏လူသားကမ္ဘာထဲသို့ ထည့်ရန်အလို့ငှာ လက်ကို မတင်လိုက်သည်။
သို့သော် သူက အက်ရာတစ်ခုကို သတိပြုမိလိုက်သဖြင့် အချိန်မှီ ရပ်တန့်လိုက်လေ၏။ ဧရာမ ကမ္ဘာဦးမိခင် သံမဏိပိုင်းကြီးပေါ်တွင် လက်သီးအရွယ်အက်ရာတစ်ခု ရှိနေပုံပေါ်သည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က သံမဏိပိုင်းကို ထုထွင်းထားဟန် ရှိသည်။
မိုဝူူကျိက သိုက်နန်ကျန်း၏ စကားများကို ရုတ်တရက် ပြန်သတိရသွားသည်။ သူမက ကူမျိုးနွယ်ယူသွားသော ကမ္ဘာဦး မိခင်သံမဏိအကြောင်းကို ပြောပြခဲ့သည်။ ထိုအရာမှာ ကူမျိုးနွယ်၏ ဘိုးဘေးတို့ ထိုးထွင်းထုယူသွားသော ကမ္ဘာဦးမိခင် သံမဏိအပိုင်းလေး ဖြစ်လိမ့်မည်ဟု မိုဝူကျိက တွေးလိုက်မိသည်။
အဘယ်ကြောင့်များ ကူမျိုးနွယ်က အပိုင်းလေး တစ်ပိုင်းတည်းကိုသာ ထုယူခဲ့သနည်းဟု သူတွေးမိသည်။ အဘယ်ကြောင့်များ ဤဧရာမ ကမ္ဘာဦး မိခင်သံမဏိပိုင်းကြီးကို ယူမသွားခဲ့သနည်းဟုလည်း တွေးမိလိုက်၏။
သူအတွက် ကမ္ဘာဦး မိခင်သံမဏိ၏ အပိုင်းအစလေးတစ်ခုနှင့်ပင် လက်နက်များ လုပ်ယူဖို့ လုံလောက်နေလေပြီ။ သို့သော် သူက ဤဧရာမ သံမဏိပိုင်းကြီးကိုလည်း လက်လွှတ်ဖို့ စိတ်ကူးမရှိပေ။
မိုဝူကျိက လက်ကိုဆန့်ထုတ်ပြီး တာအိုအစအနများကို ဖယ်ရှားပစ်လိုက်သည်။ သို့သော် သံမဏိပိုင်းကြီးက အနည်းငယ်သာ တုန်ခါသွားသည်။ သူ၏လူသားကမ္ဘာထဲသို့ ရောက်မသွားချေ။
ကူမျိုးနွယ်က အဘယ်ကြောင့် ဤသံမဏိပိုင်းကြီးတစ်ခုလုံးကို ယူမသွားသနည်းအား နောက်ဆုံးတွင်တော့ မိုဝူကျိလည်း နားလည်သွားလေ၏။ သူတို့က မယူသွားချင်၍ မဟုတ်ဘဲ ယူသွားနိုင်စွမ်း သူတို့ဆီတွင် မရှိသောကြောင့် ဖြစ်သည်။
သူ၏ ဝိဇ္ဇာတစ်ပိုင်းအဆင့် ၉ အင်အားဖြင့် ဝတ်ရုံစိမ်းသူတော်စင် သခင်မနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင်ပင် ကြောက်စရာမလိုတော့ဘူးဟု မိုဝူကျိက ယုံကြည်သည်။ သို့ပေသည့်တိုင် ဤကမ္ဘာဦး မိခင်သံမဏိကို သူ၏လူသားကမ္ဘာထဲသို့ မထည့်နိုင်သေးချေ။ ဤသံမဏိပိုင်းမှာ မည်မျှတောင် လေးပါသနည်း။
တော်သေးသည်မှာ သူက ထိပ်တန်းအဆင့် နတ်ဘုရားအစီအရင် ဧကရာဇ်တစ်ဦးလည်း ဖြစ်နေသေးသည်။ သူက အစီအရင်အလံ ဆယ်ခုကျော်ကို ပစ်လွှတ်ပြီး ကာကွယ်ရေးအစီအရင် တစ်ခုကို အသက်သွင်းလိုက်သည်။ ကမ္ဘာဦး မိခင်သံမဏိက သူ၏လူသားကမ္ဘာထဲသို့ ချက်ချင်းပင် အထည့်ခံလိုက်ရသည်။
သံမဏိပိုင်းကို ယူနိုင်လိုက်သည့်အခိုက် မြေအောက်ထဲတွင် ကျယ်လောင်သော ဆူညံသံများ ဖြစ်ပေါ်လာသည်။ ဤနေရာမှာ ပြိုလဲတော့မည်မှန်း မိုဝူကျိက ချက်ချင်း သဘောပေါက်လိုက်၏။
………………………
“ဘန်း”
နတ်ဘုရားဘုရင်ငါးယောက်ထဲမှ သုံးယောက်သည် သိုက်နန်ကျန်း၏ ဓားအလင်းတန်းကြောင့် သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။ သဟဇာတ နတ်ဘုရားအစောပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် သိုက်နန်ကျန်းကြောင့် လက်တစ်ဖက်ပြတ်သွားလေသည်။
“သဟဇာတ နတ်ဘုရား အလယ်အလတ်အဆင့်ပဲ”
ကူရှဲ့က စိတ်ထဲတွင် အံ့သြသွားကာ သူက ကပျာကယာ ဆုတ်ခွာဖို့ ကြိုးစားလိုက်သည်။ သိုက်နန်ကျန်း၏ အလယ်အလတ်အဆင့် သဟဇာတနတ်ဘုရား စွမ်းအားစက်ကွင်းက ကြောက်ခမန်းလိလိ အရှိန်ဖြင့် ကျယ်ပြန့်လာကာ နေရာတစ်ခုလုံးကို ရစ်ပတ်လွှမ်းခြုံထားသည်။
ကူရှဲ့က လှုပ်ရှားဖို့ ကြိုးစားသောအခါ ဧရာမနွံအိုင်ကြီးတစ်ခုထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရသည်။ သူက သူ့လုပ်ရပ်တို့ကို နောင်တရစပြုလာသည်။ သဟဇာတ နတ်ဘုရား အဆင့် ၁ နှင့် အဆင့် ၄ တို့၏ ကြားမှ ကွာခြားချက်မှာ အရမ်း မကြီးမားမှန်း သူသိသည်။ ဤသည်မှာ သူ၏ကျင့်ကြံဆင့်ကို အခြေတည်အောင် မလုပ်ရသေးသောကြောင့်လည်း ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက သိုက်နန်ကျန်းမှန်းသာ သူသိခဲ့ပါက ဝိဇ္ဇာသခင်ဆီသို့ အရင်အကြောင်းကြားမိမည် ဖြစ်သည်။
ဓားအလင်းတန်းက သူဦးခေါင်းထိပ်ပေါ်သို့ ချိန်ရွယ်ထားသည်ကို မြင်သောအခါ ကူရှဲ့က နောင်တအကြီးကြီး ရမိလေသည်။ သူက ဤနေရာ ဤအချိန်၌ သေကိုသေရတော့မည်မှန်း သေချာသွားသည်။
“ဘုန်း… ဝုန်း”
ကူရှဲ့က သေဖို့ စိတ်ပိုင်းဖြတ် ပြင်ဆင်ပြီးသွားရုံ ရှိသေးသည့်အချိန်၌ သူ၏ ဦးခေါင်းထိပ်ပေါ်မှ သေစေလောက်သည့် စွမ်းအင်က အစအနမကျန် ပျောက်ကွယ်သွားသည်ကို ရုတ်တရက်ကြီး ခံစားမိလိုက်သည်။ ထို့နောက် ချက်ချင်းပင် သိုက်နန်ကျန်းသည် ကြိုးပျက်သွားသည့် စွန်တစ်ခုအလား လွင့်ထွက်သွားသည်ကိုလည်း သူ မြင်လိုက်ရသည်။
ထိုမျှသာမက သိုက်နန်ကျန်း၏ လက်တစ်ဖက်သည်ပင် အဖြတ်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ လက်က သွေးများနှင့်အတူ မြေပေါ်သို့ ကျသွားသည်။
“ဝိဇ္ဇာသခင်”
ကူရှဲ့က ဦးညွှတ်လိုက်၏။ ကူမျိုးနွယ်၏ ဝိဇ္ဇာသခင် ရောက်လာပြီမှန်း သူက သေချာသွားသည်။
“ဖူး”
အဝေးသို့ လွင့်စင်သွားသော သိုက်နန်ကျန်းက ပါးစပ်အပြည့်စာ သွေးတစ်ကွက် အန်ထုတ်လိုက်သည်။ မြေပေါ်သို့ ကျသွားသောအခါ သူမက သူမ၏ လက်ကို အလွယ်တကူ ဖြတ်ပစ်နိုင်လိုက်သည့် ပုဂ္ဂိုလ်အား အံ့သြတကြီး စိုက်ကြည့်လိုက်၏။
ဤပုဂ္ဂိုလ်မှာ သူမထက် အနည်းဆုံး ဆယ်ဆမက ပိုအားကောင်းကြောင်း သူမက သေချာသိသည်။ ထိုလူက အမျိုးသမီးတစ်ယောက် ဖြစ်နေသည်ကို တွေ့သောအခါ သူမက ပို၍ အံ့သြသွားလေ၏။
ထိုမျှသာမက သူမကို ကြည့်ရသည်မှာ အင်မတန် ပိန်လှီနေကာ အားနည်းချည့်နဲ့နေပုံ ပေါ်လေသည်။ တစ်ခေါင်းလုံး ဆံပင်အဝါတို့နှင့် သူမ၏ အသားအရေမှာလည်း အလွန်မည်းနက်နေလေသည်။ သူမသည်ကား အာဟာရ မပြည့်ဝသော မိန်းမငယ်လေး တစ်ယောက်နှင့်ပင် တူနေလေ၏။
သူမက စကားပြောမည့်ဟန် ပြုလိုက်စဉ် ကြောက်မက်ဖွယ် နက်နဲလွန်းသော စွမ်းအားစက်ကွင်းတစ်ခုက သူမဆီသို့ ရောက်ရှိလာသည်။ အာကာပြင်တစ်ခုလုံးက သူမအား ချုပ်နှောင်ဖမ်းဆီးထားသည့် မမြင်ရသော အတားအဆီးများအဖြစ် ပြောင်းလဲသွားသည်။ သူမက နောက်တစ်ကြိမ် သွေးတစ်ပွက် ထပ်အန်ကာ တစ်လက်မတောင် မလှုပ်နိုင်တော့ချေ။
“မင်းက သတ္တိရှိလှချည်လား။ ငါ့ရဲ့ထျန်းကူမြို့ထဲမှာ ငါ့ကူမျိုးနွယ်က တပည့်တွေကို သတ်ပစ်ရဲတယ်ပေါ့လေ”
ဤဆံပင်ဝါနှင့်မိန်းမ၏ လေသံမှာ အေးခဲပမာ အေးစက်လှ၏။ လေသံထဲတွင် သတ်ဖြတ်ငွေ့တစ်စွန်းတစ်စပင် ပါနေလေသည်။
သိုက်နန်ကျန်း၏ ရင်ထဲတွင် အရမ်းကိုစိတ်ဆင်းရဲသွားလေသည်။ သူမက မိုဝူကျိ၏ ပြောစကားကို နားမထောင်မိသည့်အတွက် နောင်တရမိသည်။ စီနီယာအစ်ကိုမိုက သူမကို သူမအစ်ကိုအတွက် လက်တုံ့မပြန်ခင် ဝိဇ္ဇာတစ်ပိုင်းပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံဖို့ မှာထားသည်။ သို့သော် သူမက မထိန်းနိုင်ဘဲ သဟဇာတ နတ်ဘုရား အလယ်အလတ်အဆင့်ကို ရောက်ပြီးရုံနှင့် ရောက်လာခဲ့သည်။ နှစ်ပေါင်းများစွာ ဆင်းရဲဒုက္ခများကို ခံစားခဲ့ပြီးပြီဖြစ်လေရာ အဘယ်ကြောင့်များ နှစ်အနည်းငယ် ထပ်စောင့်ရမည်ကို မစောင့်နိုင်ဘဲ လာခဲ့မိလေသနည်း။
............................
မော့နီမြို့ ပြိုလဲသွားသည့်အခိုက် တစ်ချိန်တည်းလိုလိုပင် မိုဝူကျိက မြေအောက်မှ ပြေးထွက်လာခဲ့သည်။ သူ၏ စိတ်စွမ်းအားက သိုက်နန်ကျန်းကို အနီးအနားတွင် ရှာလို့ မတွေ့တော့ပေ။
သိုက်နန်ကျန်းသည် မပြောမဆိုဘဲ ထွက်သွားမည် မဟုတ်မှန်း သေချာသိသောကြောင့် မိုဝူကျိက အနည်းငယ် စဉ်းစားရကျပ်သွားသည်။ သူမက ထွက်သွားချင်လျှင်ပင် သူ့အား အရင်ဆုံး သတင်းပေးလိမ့်မည် ဖြစ်သည်။
သိပ်မကြာခင်ပင် မိုဝူကျိက သိုက်နန်ကျန်း ထွက်သွားသည့် အာကာပြင်လှုပ်ခတ်မှုများကို ရှာတွေ့သွားသည်။ ခြေတစ်လှမ်းတည်းနှင့် သူက အုံ့မှိုင်းနေသော မြူခိုးမြူဆိုင်းတစ်ခု ရှေ့သို့ ရောက်ရှိသွားလေသည်။
ခပ်လှမ်းလှမ်း၌ ရှိနေစဉ်က မိုဝူကျိသည် ထိုအရာကို သိပ်အာရုံမစိုက်မိပေ။ အနားရောက်သည့်အခါမှ ဤမြူခိုးများမှာ ထိပ်တန်းအဆင့် ကာကွယ်ရေးအစီအရင်တစ်ခုမှန်း သဘောပေါက်သွားလေသည်။ အနည်းဆုံးတော့ အဆင့် ၇ နတ်ဘုရား အစီအရင်တစ်ခု ဖြစ်မည်။
မိုဝူကျိက အမှောင်ကမ္ဘာမှ လူတစ်ယောက်သည် အဆင့် ၇ နတ်ဘုရားအစီအရင်တစ်ခုကို တကယ် ခင်းကျင်းနိုင်သည့်အတွက် အနည်းငယ် အံ့သြမိသည်။
နတ်ဘုရားအစီအရင်အတွင်း ဝင်ရောက်လိုက်သည့်အခိုက် ပထမဦးဆုံး မြင်လိုက်ရသည့်အရာမှာ သိုက်နန်ကျန်း၏ လည်ပင်းအား ရစ်ပတ်ညှစ်ပစ်တော့မည့် သဘာဝစွမ်းအင်လက် တစ်ခု ဖြစ်သည်။
အာကာပြင်ထဲတွင် မီးဝိုင်းကြီးတစ်ခု ရှိနေကာ ဤမီးတောက်ထဲတွင် အတားအဆီးများနှင့် ပြည့်နေသည်။ သိသာစွာပင် သဘာဝစွမ်းအင်လက်က သိုက်နန်ကျန်းအား မီးဝိုင်းထဲသို့ ပစ်ထည့်ရန် လုပ်နေခြင်းဖြစ်သည်။
“ရပ်လိုက်”
မိုဝူကျိက တိုက်ကွက် မထုတ်ဘဲ အော်သာအော်လိုက်သည်။
သူက သိုက်နန်ကျန်းကိုသာ သတိပြုမိသည်မဟုတ်ဘဲ တိုက်ကွက် ထုတ်နေသည့်သူကိုလည်း မှတ်မိသည်။
သူ တောက်လျှောက် လိုက်ရှာနေသော်လည်း ရှာမတွေ့ခဲ့သည့် ကူချိုက်…
ယခင် ကူချိုက်အား အသစ်ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံထဲသို့ သူခေါ်သွားခဲ့သည်။ အမှောင်ထုမူလခန်းမကို ရှာတွေ့ပြီးသည့်နောက် သူက ကူချိုက်ကျင့်ကြံဖို့အတွက် ကမ္ဘာဦး အမှောင်ထု မူလသလင်းကျောက်ကို ကူချိုက်နှင့်ထားခဲ့သည်။ နောက်ပိုင်း သူထွက်သွားခဲ့ပြီးနောက် ကူချိုက်ကိုလည်း နောက်တစ်ခါ ထပ်ရှာမတွေ့တော့ပေ။
သူက ကူချိုက်အား အမှောင်ကမ္ဘာတွင် ပြန်တွေ့ရလိမ့်မည်ဟု မထင်ထားပေ။ ကူချိုက်အား ဝိဇ္ဇာတစ်ပိုင်း နောက်ပိုင်းအဆင့်၌ပင် ရောက်နေလိမ့်မည်ဟုလည်း မထင်ထားပေ။
အပြစ်မဲ့ ဝိညာဉ်ကြောသည်ကား တကယ့်ကို ကြောက်စရာ ကောင်းလေ၏။ နှစ်အနည်းငယ်သာ ရှိသေးသည်၊ ကူချိုက်က ဝိဇ္ဇာတစ်ပိုင်း နောက်ပိုင်းအဆင့်ထဲတွင်ပင် ရောက်နှင့်နေလေပြီ။
“အစ်ကိုကြီးမိုလား”
ကူချိုက်က မိုဝူကျိအား မြင်သွားပြီးနောက် တိုက်ကွက်ကို ရပ်ကာ ဝမ်းသာအံ့သြစွာ အော်ခေါ်လိုက်သည်။ သူမက မိုဝူကျိအား နောက်တစ်ခေါက် ထပ်တွေ့ရသည့်အတွက် အလွန်ဝမ်းသာမိသည်။
ဤသည်မှာ သူမနှင့် မိုဝူကျိတို့ကြားမှ အင်အားကွာခြားမှုမှာ အင်မတန်ကြီးမားနေမှန်း သိလျက်နှင့်ကို ဖြစ်သည်။
မိုဝူကျိက အသာပြုံးကာ သိုက်နန်ကျန်း၏ ပြတ်သွားသောလက်ကို ကောက်ယူလိုက်သည်။ သူက ပြောလိုက်သည်မှာ
“ကူချိုက်… မင်းကို ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး။ မင်းရဲ့ကျင့်ကြံဆင့်က တော်တော်ကြီး တိုးတက်လာပြီကိုး။ ကြည့်ရတာ ဟိုအရင်တုန်းက ငါ့ရဲ့အထင် မမှားဘူးပဲ။ မင်းမှာ အလားအလာ ကောင်းကောင်း တကယ်ရှိတာပဲ”
သိုက်နန်ကျန်း၏ လက်ကို သူမအား မေးပင်မမေးဘဲ မိုဝူကျိက ကောက်လိုက်သည်ကို သတိပြုမိသောအခါ ကူချိုက်၏ အပျော်တို့မှာ အနည်းငယ် လျော့သွားလေသည်။
***