အခန်း(၅၈၆) နှစ်ယောက်စလုံးကို သဘောကျတယ်
Vol. 42 Ch. 586
အခန်း(၅၈၆) နှစ်ယောက်စလုံးကို သဘောကျတယ်
ဆိုရိုးစကားတစ်ခုရှိသည်။
ယောက်ျားတစ်ယောက်က သူ လက်အထပ်ချင်ဆုံး မိန်းမတစ်ယောက်ကို လွဲသွားပါက ဇီဇာမကြောင်တော့ပါ။ ဘယ်သူ့ကိုမဆို လက်ထပ်နိုင်သည်။
သို့သော်လည်း မိန်းမ တစ်ယောက်က သူလက်အထပ်ချင်ဆုံး ယောက်ျားတစ်ယောက်ကို လွဲသွားပါက အလွန်ချေးများလာတတ်သည်။ အာလုံးမှာ အပြစ်ကိုယ်စီရှိနေကြသည်။
ကော်မြောင်ကျွင်းက ကျိုးရွှမ်ကို သဘောကျသည်။ တကယ်သဘောကျခြင်း ဖြစ်ပါသည်။ ကျိုးရွှမ်ကို မြင်လိုက်တိုင်း သူမရှက်သွေးဖြာလာပြီး ရင်ခုန်မိပါသည်။ သူ့ကို စကားပင် သွားမပြောရဲပါ။
ထို့အပြင် ကျိုးမိသားစု၏ အခြေအနေများကလည်း ကောင်းမွန်ပါသည်။ ဘာမှ အပြစ်ဆိုစရာမရှိပါ။
ထို့ကြောင့် အောင်သွယ်သူ လာကမ်းလှမ်းသည့် မင်္ဂလာကိစ္စကို သူမ သဘောမကျခဲ့ပါ။
တကယ်တော့ ယောက်ျားလေး၏ အခြေအနေများက အတော်လေး ကောင်းမွန်ပါသည်။ အလုပ်တစ်ခုရှိသည်။ ဒီနှစ်မှ အသက် ၂၃ နှစ်သာရှိသေး၏။ သူမထက် ၄ နှစ်သာပိုကြီး၏။ သူ့လစာကလည်း မနည်းပါ။ ယွမ် ၆၀ ကျော်သည်ဟု ဆိုသည်။ ဒီနှစ်မှ လစာတိုးထားခြင်းဖြစ်ပါသည်။
လစာအဆင့်က သေချာပေါက် မနိမ့်ပါ။ ကျန်ကော်မိသားစုများကလည်း အတော်လေးကျေနပ်ကြပါသည်။ တခြားသူကို မဆိုဦးနဲ့ အမေကော်တောင် စိတ်လှုပ်ရှားသွားမိပါသည်။
လစာက ကောင်းလွန်းပါသည်။
သို့သော်လည်း ကော်မြောင်ကျွင်းက ငြင်းဆန်ခဲ့သည်။ အမေကော်က သူမ၏ အတွေးကို နားလည်ပြီး ပြောလိုက်ပါသည်။ "ကျိုးရွှမ်က ဘာမှ အပြစ်ဆိုစရာတော့ မရှိပါဘူး။ ဒါပေမယ့် သူက အခုကောလိပ်တက်နေပြီး ပညာသင်နေတုန်းပဲလေ။ သူပြောပုံအရဆိုရင် ဘွဲ့ရပြီးမှ ရည်းစားထားမယ့်ပုံပဲ။ အဲ့တာဆို ဘယ်လောက်တောင် စောင့်လိုက်ရမလဲ။ အခု အိမ်ထောင်ဖက်ကောင်းကောင်းပေါ်လာတုန်း လက်ထပ်လိုက်စမ်းပါဟယ်။"
"အမေ သူ့မိသားစု အခြေအနေက ကျိုးမိသားစုနဲ့ ယှဥ်နိုင်လို့လား။ ကျိုးမိသားစုက ကားတောင်ဝယ်စီးနိုင်တယ်နော်" ကော်မြောင်ကျွင်းက သူမအမေ စိတ်ပြောင်းသွားသည်ကိုမြင်ကာ ပြောလိုက်ပါသည်။
"သူတို့မိသားစု အခြေအနေကောင်းတာ ငါသိတယ်။ ဒါပေမယ့် ငါတို့တွေ လက်တွေ့ဆန်မှဖြစ်မယ်လေ။ သူဘယ်တော့ ဘွဲ့ရမှန်းမသိဘူး။ ပြီးတော့လည်း မြို့တော်မှာပဲ သူက နေရမှာ။ နင်က သူ့ထက် ၂ နှစ်လောက် ငယ်နေရင်တောင် စောင့်နေလို့ရတယ်။ အခု နင်က သူနဲ့ အသက်အတူတူပဲဆိုတော့ မေ့လိုက်စမ်းပါ။ နင့်ဝမ်းကွဲအတွက်သာ ထားလိုက်" အမေကော်က ပြောလိုက်ပါသည်။
ကော်မြောင်ကျွင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။ "အမေ သမီးက အမေ့သမီးအရင်းပါ။ ဘာလို့ ဒီလောက်တော်တဲ့ လူကို ဝမ်းကွဲအတွက်ပေးပြီး သမီးကို မပေးရတာလဲ။"
အမေကော်က မကျေနပ်စွာဖြင့် ပြန်ပြောလိုက်ပါသည်။ "နင်ဘာတွေပြောနေတာလဲ။ နင်က အချိန်မမှီဘူးလေ မဟုတ်ဘူးလား။ သူက ဘွဲ့ရတဲ့အထိ စောင့်ပြီး ဘွဲ့လွန်ကျောင်းဆိုလား ဘာလားတောင်တက်ဦးမယ်တဲ့။ သူဘယ်အချိန်ထိတောင် ဆက်ပြီး ပညာသင်နေဦးမှာလဲမသိဘူး။ နင်က စောင့်နိုင်မှာလား။"
"သမီး ဂရုမစိုက်ဘူး။ သမီး သူ့ကို ချစ်မိသွားပြီ။ အဲ့ဒီလူက ကျိုးရွှမ်နဲ့ ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။ သူက ကျိုးရွှမ်ထက် အရပ်လည်းပုတယ်။ ပုံပန်းသဏ္ဌာန်ကလည်း ယှဥ်နိုင်စရာမရှိဘူး။ ရုပ်ဆိုးလွန်းပါတယ်။ အဲ့လိုလူမျိုးကို သမီးမယူချင်ဘူး" ကော်မြောင်ကျွင်းက ပြောလိုက်ပါသည်။
"မိန်းမတစ်ယောက် ယောက်ျားယူတယ်ဆိုတဲ့ ကောင်းကောင်းဝတ် ကောင်းကောင်းစားနိုင်ဖို့ဟဲ့။ သူ့မှာ လစာကောင်းကောင်းရှိရင် ကျန်တာ ဘာဂရုစိုက်ဖို့လိုသေးလဲ။ ပုံပန်းသဏ္ဌာန်က နင့်ကို ရှာကျွေးမှာလား” အမေကော်က ပြန်တုံ့ပြန်လိုက်ပါသည်။
"ကျိုးရွှမ်က ပုံပန်းသဏ္ဌာန်ပဲ ကြည့်ကောင်းတာ မဟုတ်ဘူး။ ကောလိပ်ကျောင်းသားလည်း ဟုတ်တယ်။ အစွမ်းအစရှိပြီး သူ့မိသားစုကလည်း ပိုက်ဆံရှိကြတယ်။ ဘယ်အပိုင်းက သူ့ထက် ပိုမသာတာရှိလဲ" ကော်မြောင်ကျွင်းက ခိုင်မာစွာ ပြောလိုက်ပါသည်။
အမေကော်က ပြန်မတုံ့ပြန်နိုင်တော့ပေ။ ထို့ကြောင့် သူမ၏ ယောက္ခမကိုသာ သွားပြောနိုင်တော့သည်။
အဘွားကွေ့က သူမ ချွေးမ၏ အစီအစဥ်ကို မသိခဲ့ပါ။ ထို့ကြောင့် သူတို့တွေ အတူတူ စုနေကြတာ မဟုတ်လား။ လောလောဆယ် ယောက်ျားလေးဘက်က အခြေအနေတွေက ကောင်းမွန်သည်။ ထို့အပြင် အဓိက အိမ်အသုံးဆောင်ပစ္စည်း ၄ မျိုးဖြင့် တင်တောင်းမည်ဟု ဆိုခဲ့ပါသည်။
တီဗီ၊ တိပ်ခွေအသံဖမ်းစက်၊ ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်တို့ဖြစ်ပါသည်။
ဒါက ၁၉၈၀ ခုနှစ်က မင်္ဂလာပွဲများ၏ ထုံးစံဖြစ်သည်။ ထို အဓိက အိမ်အသုံးအဆောင်ပစ္စည်း ၄ မျိုးကို ဝယ်ဖို့ ယွမ် ၂,၀၀၀ ကျော် ကုန်ကျနိုင်ပါသည်။ ထို့အပြင် ဧည့်ခံကျွေးမွေးဖို့ စတာတွေလည်း လိုအပ်သေးသည်။ အပြီးအပြတ်သာဆို ယွမ် ၂,၅၀၀ လောက်တော့ လက်ထဲ ရှိထားသင့်ပါသည်။
ဒီအဓိကပစ္စည်းလေးမျိုးဖြင့် တင်တောင်းနိုင်သည့် ယောက်ျားတစ်ယောက်၏ အခြေအနေမှာ ကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။
အဘွားကွေ့က ကျိုးမိသားစုကို မျက်စိကျသော်လည်း အောင်မြင်လိမ့်မည်ဟု အာမမခံနိုင်ပေ။ သူတို့ ဒီလိုအိမ်ထောင်ဖက်ကောင်းဖြင့် တွေ့လာပြီဖြစ်သဖြင့် အရင်ဆုံး စေ့စပ်ထားတာ ကောင်းပါသည်။ သူမ၏ မြေးမလေးက အသက် ၁၉ နှစ်သာရှိသေးသည်။ မင်္ဂလာလက်မှတ်ထိုးရမည့် အရွယ် မဟုတ်သေးပါ။ အသက် ၂၀ မှ လက်မှတ်ထိုးနိုင်ပါသည်။
မိသားစု၏ လူကြီးများက သဘောတူသဖြင့် ကော်မြောင်ကျွင်းလည်း မတတ်နိုင်တော့ဘဲ လက်ခံလိုက်ရပါသည်။
ကော်မြောင်ကျွင်း အခန်းထဲမှာ အကြိမ်ပေါင်းများစွာ ငိုခဲ့ရသည်။ ရက်ပေါင်းများစွာ သူမ စိတ်ဓာတ်ကျနေခဲ့ရပါသည်။ နောက်ဆုံးတော့ ကျိုးရွှမ်ကို သွားတွေ့ဖို့ သူမ သတ္တိစုစည်းလိုက်ပါသည်။ သူမ ဇာတ်လမ်းတွေထဲက ဇာတ်ကွက်အတိုင်း လိုက်လုပ်ပြီး ကျိုးရွှမ်နဲ့ ခိုးရာလိုက်ပြေးချင်နေပါသည်။ သို့သော်လည်း သူမ ကျိုးရွှမ်ရှေ့မှာ ရပ်လိုက်တိုင်း ရှက်သွေးဖြာပြီး စကားမပြောနိုင်ခဲ့ပါ။
သူမကို တကယ်ပဲ ခိုးပြေးခိုင်းဖို့ ပြင်လိုက်စဥ်မှာတော့ ကျိုးရွှမ်က မြို့တော်သို့ ရထားဖြင့် ပြန်သွားပြီဖြစ်ပါသည်။
ဒီအချိန်က သြဂုတ်လကုန်ပိုင်းထဲ ရောက်နေပါပြီ။ စာသင်နှစ်အသစ်က စတင်တော့မည်။ သူ ဒီရောက်နေတာ အတော်ကြာပြီ ဖြစ်ပါသည်။ သူ့အမေကလည်း အဆင်ပြေနေသဖြင့် သူ အများကြီး စိတ်ပူဖို့ မလိုအပ်ပါ။
ထို့ကြောင့် ကော်မြောင်ကျွင်း လက်ဗလာဖြင့် ပြန်လာခဲ့ရပါသည်။
သူမ လင်းချင်းဟယ်ဆီသို့ပင် လာခဲ့ပြီး မေးရဲခဲ့ပါသည်။ "ဒေါ်လေး မောင်လေးကမ်းရဲ့ အစ်ကိုလတ်ကို မတွေ့တာ နှစ်ရက်ရှိပြီနော်။"
လင်းချင်းဟယ်က သူမ၏ ဆိုလိုရင်းကို နားလည်ပါသည်။ အရင်တုန်းက သဘောကျတာ ပြဿနာမရှိသော်လည်း အခု သူမက စေ့စပ်ထားပြီးသားဖြစ်သဖြင့် သူ့သားကို ဘာဘဘောနဲ့ မေးမှန်းမသိပါ။
ကော်မြောင်ကျွင်း၏ စေ့စပ်သတင်းက ဒီရပ်ကွက်ထဲ ပြန့်နှံ့နေပါပြီ။ ဘာပဲဖြစ်ဖြစ် ယောက်ျားလေးဘက်က အခြေအနေများက တော်တော်လေး ကောင်းမွန်သည်။ အဓိက အိမ်ထောင်ပစ္စည်း ၄ မျိုးကို ဝယ်နိုင်သည်။ ဒါက မျက်နှာရဖို့လည်းဖြစ်သည်။ ထို့ကြောင့် ကော်မိသားစုက ဖုံးကွယ်မထားခဲ့ပါ။
"သူ မြို့တော်ကို ပြန်သွားပြီလေ။ စာသင်နှစ်သစ် စတော့မယ်လေ မဟုတ်ဘူးလား" လင်းချင်းဟယ် ဘာပဲတွေးတွေး ယဥ်ယဥ်ကျေးကျေး ပြန်ပြောလိုက်ပါသည်။
ကော်မြောင်ကျွင်းက အပြင်ဘက်မှ ဘာမှထုတ်မပြသော်လည်း ရင်ထဲမှာတော့ နောင်တများဖြင့် တောက်လောင်နေတာ သိသာပါသည်။
အရင်တစ်ခေါက် သူမ နောက်ဆုံးတော့ သတ္တိ မွေးနိုင်ခဲ့သော်လည်း ဘာမှ မပြောရဲခဲ့ပါ။ ဒီတစ်ခေါက်လည်း ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြန်လာခဲ့သည်။ သို့သော် သူပြန်သွားပါပြီ။
ကော်မြောင်ကျွင်းက စေ့စပ်ထားပြီးသားဖြစ်သော်လည်း ကော်မိသားစု၏ သဘောထားက မပြောင်းလဲသေးပါ။ ကော်မြောင်ကျွင်းအတွက် မအောင်မြင်ခဲ့သော်လည်း သူမနောက်မှာ ဝမ်းကွဲညီမတွေ သမီးတွေ ရှိနေပါသေးသည်။
လောလောဆယ်တော့ စောလွန်းပါသေးသည်။ အတိုချုံးပြောရလျှင် ဆက်ဆံရေးကို မတင်းမာအောင်လုပ်တာ ပိုကောင်းပါလိမ့်မည်။
လောလောဆယ် အခုအခြေအနေကတော့ သာယာနေပါသည်။
လင်းချင်းဟယ်က ဂရုမစိုက်ပါ။ ကျိုးချင်းပိုင်ကတော့ သူ့မိန်းမဗိုက်က တော်တော်ကြီးလာပြီဖြစ်သဖြင့် အခုတလော အစွန်းရောက်နေပါသည်။
ပျင်းရိခြင်းနဲ့ ချိတုံချိတုံဖြစ်ခြင်းတို့ကလွဲပြီး တခြား နေထိုင်ရခက်တာမျိုး မဖြစ်ပါ။ လင်းချင်းဟယ်က အေးဆေးနေပါသည်။ သူမ ကျိုးချင်းပိုင်ကို ဒီတိုင်း လွှတ်ထားပေးလိုက်သည်။ သူ အေးအေးဆေးဆေး အိပ်နိုင်ဖို့ ညလယ်ခေါင်ကြီး သူ့မိန်းမကို ထကြည့်ရပါသေးသည်။
ကိုယ်ဝလ ပိုပြီးများလာလေလေ သူမ၏ စားသောက်ချင်စိတ်များ ပိုပြီး တိုးလာလေလေဖြစ်သည်။ အိပ်ပျော်နေရင်းတောင် ဗိုက်ဆာသဖြင့် နိုးလာနိုင်ပြီး ညသန်းခေါင်ကြီး တစ်ခုခု စားချင်လာနိုင်သည်။
ဒုက္ခခံရတာတော့ ကျိုးချင်းပိုင်သာဖြစ်ပါသည်။ သို့သော်လည်း ဒီယောက်ျားက တကယ်ပဲ နောင်တမရပါ။ လင်းချင်းဟယ်က သူ့ကို အနည်းငယ် လေးစားမိပါသည်။ ဒီကိုယ်ဝန်ဆောင်ရတာ တကယ်တန်ပါသည်ဟု ခံစားမိပါသည်။
ဒီယောက်ျား၏ တခြားစိတ်ကို မြင်စေနိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။
"အခုနောက်ပိုင်း ရှင်အကြာကြီးမျှော်လင့်နေခဲ့တဲ့ သမီးလေးကို မွေးပြီးသွားရင် မွေးပေတဲ့ ဗိုက်ကြီးသည် ကျွန်မကို စွန့်ပစ်သွားမှာလား" လင်းချင်းဟယ်က သူ့ကိုကြည့်ကာ ပြောလိုက်ပါသည်။
"ဘယ်က ဗိုက်ကြီးသည်လဲ။ မင်းက ကိုယ့်မိန်းမပါ။ အဖိုးတန်ကြီးပေါ့" ကျိုးချင်းပိုင်က ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ညည်းလိုက်သည်။ "ဘယ်က အဖိုးတန်ကြီးလဲ မရှက်ဘူးလား။"
"မင်းက ကိုယ့်ရဲ့အဖိုးတန်ကြီးလေ။ ဒါကကျတော့ အဖိုးတန်လေး ကိုယ်က မင်းတို့နှစ်ယောက်စလုံးကို သဘောကျပါတယ်။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
ဒီယောက်ျားက စကားလုံးလှလှများ ပြောသည့်နေရာတွင် တော်သူ မဟုတ်ပါ။ သို့သော်လည်း ဒီအချိန်မှာတော့ အရင်ဘဝက သူမ၏ ရည်းစားပြန်ရောက်လာသောကြောင့်လားမသိ သူက စွမ်းရည်အသစ်တစ်ခု ရသွားပါသည်။ လှည့်ကွက်တွေ တစ်ခုပြီးတစ်ခု ပေါ်လာ၏။
သို့သော်လည်း လင်းချင်းဟယ်က ကြားရတာ သဘောကျပြီး ပြောလိုက်ပါသည်။ "ရက်တွက်ကြည့်ရင် ကျွန်မ အမျိုးသားနေ့ဝန်းကျင်လောက်မှာ မွေးမှာပဲ။"
"စိတ်မပူပါနဲ့။ ကိုယ်ကားနဲ့လိုက်ပို့ပေးရင် အားလုံး အဆင်ပြေပါပြီ" ကျိုးချင်းပိုင်က အာမခံလိုက်ပါသည်။
"ရှင်ပြောတော့ လွယ်တာပေါ့။ ကလေးမွေးတာ အဲ့လောက်လွယ်မလား" လင်းချင်းဟယ်က မကျေနပ်စွာ ပြန်ပြောလိုက်ပါသည်။ သူမ အနည်းငယ် စိုးရိမ်နေမိသည်။ သူမက ကြံ့ခိုင်သူလည်းမဟုတ် ငယ်ရွယ်သူလည်း မဟုတ်ပါ။ ကလေးမွေးရတာ အန္တရာယ်ရှိနိုင်ပါသည်။