အခန်း(၅၈၇) အိမ်မီးလောင်သလို
Vol. 42 Ch. 587
အခန်း(၅၈၇) အိမ်မီးလောင်သလို
သို့သော်လည်း သူမကို အရွယ်လွန် ကိုယ်ဝန်သည် ဖြစ်စေခဲ့သည့် ကျိုးချင်းပိုင်ကိုလည်း အပြစ်တင်လို့မရပါ။ ကံတရားသာဖြစ်ပြီး ရှောင်လွှဲလို့မရနိုင်ပေ။
"မကြောက်ပါနဲ့" ကျိုးချင်းပိုင်က ချော့မြူလိုက်ပါသည်။
"ကလေးမွေးပြီးသွားပြီး ပြန်ကြရတော့မယ်ဆိုရင် ရှင် ဒီကားကို ရောင်းဖို့ကြေညာလိုက်။ ဝယ်ချင်တဲ့လူကို ရောင်းလိုက်တော့" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ဘာလို့ ရောင်းမှာလဲ" ကျိုးချင်းပိုင်က ဇဝေဇဝါဖြစ်စွာ ပြောလိုက်ပါသည်။
"မရောင်းရင် ပြန်မောင်းသွားမလို့လား။ အပြင်ဘက်မှာ အရမ်းဗရုသုက္ခတွေဖြစ်နေတယ်လို့ သားငယ်ပြောသွားတယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က စိတ်ပျက်သွားပြီး သူ့မိန်းမကို ကြည့်လိုက်ပါသည်။ "မိန်းမ ကိုယ်တို့ ထရပ်ကားကို မြို့တော်ဆီ ဘယ်လိုပြန်ယူသွားလဲ မေ့သွားပြီလား။”
လင်းချင်းဟယ် ကြက်သေသေသွားပါသည်။ ထို့နောက် သူမယောက်ျားချင်းပိုင်ကို ကသိကအောက်ဖြစ်စွာ ကြည့်လိုက်ပါသည်။ သူမ ကိုယ်ဝန်တစ်ခါဆောင်လိုက်တာ ၃နှစ်လောက် တုံးအသွားသလိုပင်။
"ဟင်း မိန်းမ ဆန်ကိတ်မုန့်စားဦးမလား" ကျိုးချင်းပိုင်က စကားလမ်းကြောင်းလွှဲလိုက်ပါသည်။
လင်းချင်းဟယ်က သူ့ကို အငြှိုးဖြင့် တိတ်တိတ်ဆိတ်ဆိတ်ကြည့်လိုက်ပြီး ပြောလိုက်၏။ "တစ်ခုပေး"
လင်းချင်းဟယ်သည် သူမ၏ သောကနှင့် ဒေါသတို့ကို စားချင်စိတ်အဖြစ် ပြောင်းလဲလိုက်ပါသည်။ ထို့နောက် ၁ခုသာ စားမည်ဟုပြောသော်လည်း ၃ ခုလောက် မရပ်မနား စားသောက်ခဲ့ပါသည်။ စားသောက်ပြီးနောက် အိပ်လိုက်ပါသည်။
သူမ တုံးအလာသော်လည်း လင်းချင်းဟယ်က စာဖတ်ဖို့ အကောင်းဆုံး ကြိုးစားပါသည်။ သူမ၏ အင်္ဂလိပ်စာစွမ်းရည်ကို နိမ့်ကျမသွားအောင် ကြိုးစားနေသည်။
ဘာပဲဖြစ်ဖြစ် သူမတို့ ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စကား ပြောတတ်သူများ မရှိကြပါ။ ဒေသခံဘာသာစကား တရုတ်စကားလို မဟုတ်သဖြင့် နေ့တိုင်း လေ့ကျင့်နေရပါမည်။
စက်တင်ဘာလသို့ ရောက်ရှိလာခဲ့သည်။ အစက ပူအိုက်ပူစပ်ဖြစ်နေသော ရာသီဥတုမှာ အနည်းငယ် တိုးတက်လာခဲ့ပါသည်။ အနည်းဆုံးတော့ အရမ်းမပူအိုက်တော့ပါ။
စက်တင်ဘာလလယ် ဆောင်းလယ်ပွဲတော်နေ့တွင် လင်းချင်းဟယ်က မွေးရပ်မြေကို ဖုန်းဆက်ခဲ့ပြီး အကြီးဆုံးမရီးနှင့် ဖုန်းပြောခဲ့ပါသည်။
"အဲ့ဒီကောင်မလေး လျို့နီကတော့ ငါတို့ကျိုးမိသားစုကို အရှက်ခွဲနေတာပဲ" အကြီးဆုံးမရီးက လင်းချင်းဟယ်ကို မပြောချင်သော်လည်း မနေနိုင်ဘဲ ပြောလိုက်မိပါသည်။
"ဘာဖြစ်လို့တုန်း" လင်းချင်းဟယ်က မေးလိုက်၏။
"သူ့ယောက်ျားရဲ့ တတိယဦးလေးနဲ့ စပါးခင်းထဲ ဝင်သွားတယ်လို့ကြားတယ်။ ပြဿနာ တော်တော်လေးကို အကြီးအကျယ် ဖြစ်သွားတယ်" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။ တကယ့်ကို စာရိတ္တပျက်ပြားခြင်းဖြစ်သည်။
လင်းချင်းဟယ် ကြက်သေသေသွားသည်။ "အဲ့လိုဖြစ်သွားတာလား။ သူတို့ကို မိသွားတာလား" ကျိုးလျို့နီက မျိုးရိုးနာမည်က ကျိုးဖြစ်သော်လည်း လင်းချင်းဟယ်က သူမကို စိတ်ထဲမှ ထုတ်ပယ်ထားပြီးပြီဖြစ်သည်။ သူမ အတင်းပြောတာကိုပဲ နားထောင်နေခြင်းဖြစ်၏။
"မမိပါဘူး။ လူတွေပြောနေကြတာပဲရှိသေးတယ်။ မဟုတ်ရင် ပြဿနာက ပြီးမှာ မဟုတ်ဘူး" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။
သို့သော်လည်း ဒီလိုကိစ္စမျိုးက ရိုက်ခတ်မှုမရှိဘဲ လှိုင်းမထနိုင်ပါ။ အခြေအမြစ်မရှိသည့် ကောလဟာလများ မဖြစ်နိုင်ပေ။ တကယ်သာ မဖြစ်လျှင် လူတွေက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောပြီး နာမည်တစ်ခုကို အလွယ်တကူ ဖျက်မည် မဟုတ်ပါ။ သူမကို မမိသေးသော်လည်း ရှက်ဖို့ကောင်းပါသည်။
"ဒုတိယမိသားစုကကော ဘယ်လိုတုံ့ပြန်လဲ" လင်းချင်းဟယ် မေးလိုက်ပါသည်။
"ဒုတိယအစ်ကိုက ဒေါသထွက်တာပေါ့။ ဒုတိယမရီးက လျို့နီကို သွားရိုက်နှက်တယ်" အကြီးဆုံးမရီးက ပြန်ဖြေလိုက်ပါသည်။
"အဲ့တာက ရှားရှားရဲ့ မင်္ဂလာကိစ္စကို ထိခိုက်မှာ စိုးလို့နေမှာပေါ့" လင်းချင်းဟယ်က စကားတစ်ခွန်းတည်းနဲ့ နိဂုံးချုပ်ခဲ့ပါသည်။
"ဟုတ်တယ်။ အစကတည်းက ရှားရှားရဲ့ ရည်းစားက သူတို့မိသားစုကို သိပ်ပြီးအားရတာ မဟုတ်ဘူး။ ဒီနှစ် အိမ်သစ်တစ်လုံးဆောက်ပြီး ရှားရှားကလည်း နောက်ပိုင်း အိမ်မှာ ပြန်မနေလောက်ဘူးထင်လို့ သူက လက်ထပ်ချင်တာ။ အခု ဒုတိယမရီးက သူ့ဂုဏ်သတင်းကို တန်ဖိုးထားတတ်နေပြီပေါ့။ ဒီလို ကိစ္စမျိုးဖြစ်လာရင် မိသားစုရဲ့ ဂုဏ်သတင်းကို ပျက်စီးစေမှာပဲ မဟုတ်လား" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။
ကံကောင်းစွာဖြင့် မိသားစုများ စောစောစီးစီး ခွဲနေခဲ့ကြသည်။ မဟုတ်ပါက တခြားမိသားစုများ၏ ဂုဏ်သတင်းလည်း ထိခိုက်လာနိုင်ပါသည်။ ယခုတော့ ပုပ်သိုးနေတာ ဒုတိယမိသားစုသာဖြစ်သည်။
"သူ့ကို ကောင်းကောင်းမွန်မွန် မအုပ်ချုပ် မဆုံးမရင် တစ်ခုခုဖြစ်လာလိမ့်မယ်လို့ ကျွန်မ ပြောခဲ့သားပဲ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။ "ယောက်ျားလေးဘက်ကကော ဘယ်လိုလဲ"
"ရန်ဖြစ်ကြတာပေါ့၊ မိသားစုတွေ ကွဲသွားကြတယ်။ ကျန်တာတော့ ဘာမှမဖြစ်ခဲ့ဘူး" အကြီးဆုံးမရီးက ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဒီအကြောင်း မပြောတော့ဘဲ အကြီးဆုံးမရီး၏ ဘဲမွေးလုပ်ငန်းအကြောင်း မေးလိုက်ပါသည်။
သူမ၏ လုပ်ငန်းအကြောင်းပြောသောအခါ အကြီးဆုံးမရီးက တက်ကြွလာ၏။ "အရမ်းကောင်းပါတယ်။ ဘဲတွေက အပြင်ဘက်မှာ ဥတွေ အများကြီး ဥကြတယ်။ ငါသာ သတိမထားရင် လွတ်သွားနိုင်တယ်။"
ထို့နောာက် တတိယအစ်ကို၏ မိသားစုအကြောင်းနဲ့ သူမ၏ တတိယမောင်မိသားစု အကြောင်းကို ဆက်မေးခဲ့ပါသည်။ တတိယမောင်ပြန်လာသောအခါ သူမတို့အဖေက အစ်ကိုကြီးနှစ်ယောက်ကို ခေါ်လာပြီး ပြဿနာရှာသည့် ကိစ္စကလွဲပြီး တခြားဘာမှ မဖြစ်ခဲ့ပါ။
လင်းချင်းဟယ်ကလည်း သိပ်ပြီးဂရုမစိုက်ပေ။ သူမ၏ တတိယမောင်က သူ့အစ်ကိုကြီး နှစ်ယောက်နဲ့ အဖေတို့မှာ ဘယ်လိုစရိုက်မျိုးရှိလဲ ကိုယ့်မျက်စိနဲ့ကိုယ်မြင်ထားသင့်ပါသည်။
မနှစ်က သူမ ပြန်ခဲ့စဥ်အချိန်တုန်းက ပုံစံကို ကြည့်ခြင်းအားဖြင့် တတိယမောင်က သူတို့ကို သံယောဇဥ်ရှိနေသေးသည်။ မိသားစုကို အရေးစိုက်တာ ကောင်းမွန်သော်လည်း တစ်ဖက်လူအပေါ်မှာလည်း မူတည်ပါသည်။
အကြီးဆုံးမရီးနဲ့ စကားပြောပြီးနောက် သူမ ကျိုးရှောင်မိန်ကို ဖုန်းဆက်ခဲ့ပါသည်။ သူမ ဖုန်းချလိုက်ပြီး ဘော့စ်သူမကို ခေါ်မည့် အချိန်ကို စောင့်နေခဲ့ပါသည်။ ခဏလောက်ကြာသောအခါမှ ထပ်ခေါ်ကြည့်လိုက်ပြီး ကျိုးရှောင်မိန်က ဖုန်းလာဖြေသည်။
"စတုတ္ထယောက်မ ဆောင်းလယ်ပွဲတော်မှာ နင်သေချာပေါက် ဖုန်းဆက်မယ်လို့ ငါထင်သားပဲ" ကျိုးရှောင်မိန်က ပြုံးရယ်လိုက်ပါသည်။
"အဖေ အမေနဲ့ ဦးလေးဝမ်တို့ ဘယ်လိုနေကြလဲ။ နေကောင်းကြလား" လင်းချင်းဟယ်က ပြုံးကာ မေးလိုက်ပါသည်။
"အားလုံး တော်တော်ကောင်းကြပါတယ်။ နင်စိတ်ပူစရာမလိုပါဘူး။ စတုတ္ထယောက်မ အချိန်ကို တွက်ကြည့်ရင် နင့်ကိုယ်ဝန် လ တော်တော်များနေပြီပဲ" ကျိုးရှောင်မိန်က ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင် လာနေသည်ကို မြင်လိုက်သည်။ ဖုန်းထွက်ဆက်တာ တော်တော်ကြာနေပြီဖြစ်သောကြောင့် လိုက်လာခြင်း ဖြစ်ပါသည်။
တကယ်တော့ အမှန်တရားဖြစ်ပါသည်။
ကျိုးချင်းပိုင်ကို သူမကြည့်လိုက်ပြီး ကျိုးရှောင်မိန်နဲ့စကားဆက်ပြောလေသည်။ "အမျိုးသားနေ့ ဝန်းကျင်လောက် မွေးနိုင်တယ်။"
"မြန်လိုက်တာ။ နောက်မှ ငါလာခဲ့ဦးမယ်" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
"ရပါတယ် ကိုယ့်မိသားစုကိုယ်ပဲ ဂရုစိုက်။ နင့်စတုတ္ထအစ်ကို ရှိနေတာပဲကို" လင်းချင်းဟယ်က ကျိုးရှောင်မိန်၏ ရည်ရွယ်ချက်ကို သိပါသည်။ သူမ လင်းချင်းဟယ်ကို စိတ်ပူနေခြင်းဖြစ်၏။
"ငါ့စတုတ္ထအစ်ကိုက တစ်ယောက်တည်း ဘယ်လိုနိုင်မှာလဲ။ စိတ်ချသေချာရအောင် ငါလည်း သွားရမှာပေါ့။ တာ့လင်နဲ့ အဖေနဲ့အမေတို့ကို ပြောပြီးသွားပြီ အားလုံး သဘောတူကြတယ်" ကျိုးရှောင်မိန်ကပြောလိုက်ပါသည်။
"နင်ဒီကိုလာရင် မတ်လေးက ဖက်ထုပ်ဆိုင်မှာ တစ်ယောက်တည်း ကျန်ခဲ့မှာပေါ့ သူ စီမံနိုင်ပါ့မလား" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"သူ့ကို လမ်းဘေးဆိုင် မဖွင့်ခိုင်းဘူး။ စိတ်ပူစရာ မလိုပါဘူး စတုတ္ထယောက်မရယ်။ ဒီလထဲ နင့်ကို လာစောင့်ကြည့်ပေးမှဖြစ်မယ်" ကျိုးရှောင်မိန်က အာမခံလိုက်ပါသည်။
"စစ်နီကို လွှတ်လိုက်ရင်ကော" လင်းချင်းဟယ်က အကြံပေးလိုက်၏။
တကယ်တော့ သူမယောက်ျား ချင်းပိုင် တစ်ယောက်တည်းဆိုလည်း ပြဿနာရှိနိုင်မှာ မဟုတ်ဘူးဟု သူမ ထင်မိပါသည်။ သို့သော်လည်း သူမတို့မိသားစုက စိတ်ပူနေသည်။ ကျိုးရှောင်မိန် လာမည့်အကြံကိုတော့ မေ့လိုက်မှဖြစ်မည်။ ကလေးများနဲ့ ပေါက်စီဆိုင်က သူမကို လိုအပ်နေပါသည်။
ထို့ကြောင့် ကျိုးစစ်နီကို လာခိုင်းဖို့သာ စဥ်းစားမိ၏။
"ငါမသွားခင် အားလုံး စီစဥ်ပေးခဲ့လိုက်လို့ ရပါတယ်။ ဒါပေမယ့် နင်က စစ်နီကိုခေါ်ချင်ရင် သူ ဒီနေ့ည လာစားတဲ့အချိန်ကျရင် အသိပေးလိုက်ပါ့မယ်။ အကြီးဆုံးမရီးနဲ့ အာ့နီတို့ ဖုန်းခဏခဏပြောပြီး စစ်နီကို သွားခိုင်းနေတယ်။ စစ်နီကလည်း ပြောပြပါတယ်။ ဒါပေမယ့် ကော်တုန်းဘက်ကို စဥ်းစားပေးပြီး ငါလာဖို့ တွေးလိုက်တာ" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
"ကော်တုန်းက ဘာလို့ ခံနိုင်ရည်မရှိရမှာလဲ" လင်းချင်းဟယ်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။
"စတုတ္ထယောက်မ အဲ့လိုမပြောပါနဲ့။ ကော်တုန်းက သူ့အိမ်မီးလောင်နေသလိုဖြစ်နေတာ။ ဒီကို ၂ ရက် ၃ ရက်လောက် လာလာနေပြီ" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
"သူ့ကို တကယ်သဘောကျတာလား" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
"စစ်နီက သေသပ်တဲ့ မိန်းကလေးတစ်ယောက်ပဲလေ။ သူက အိမ်မှုကိစ္စလုပ်တဲ့နေရာမှာလည်း တော်တယ်။ ငါတို့ အိမ်က သန့်ရှင်းပြီး သပ်ရပ်နေေတာပဲ။ သူ သဘောမကျဘဲ နေမလား။ သူမျက်လုံးကောင်းတာပဲကို" ကျိုးရှောင်မိန်ကပြောလိုက်ပါသည်။ ထို့နောက် အနည်းငယ် တွန့်ဆုတ်သွားပြန်သည်။ "စစ်နီဘက်ကပဲ အဆင်မပြေတာ။ ဒီကောင်မလေး အခုထိ အတည်ပေါက် သဘောမထားသေးဘူး ထင်တယ်"
"သူ မကြာမကြာ လာနေတာကို စစ်နီက စိတ်နှစ်မထားသေးဘူးလား" လင်းချင်းဟယ်က အံ့အားသင့်စွာပြောလိုက်ပါသည်။
"ကော်တုန်းက သူ့ကို အတည်ပေါက် သဘောကျလိမ့်မယ်လို့ မယုံကြည်တာလည်းဖြစ်နိုင်ပါတယ်။ အစကတည်းက ကော်တုန်း သူ့ကိုဖြတ်သွားတဲ့အထိ ဖရိုဖရဲလုပ်ဖို့ စီစဥ်ထားတာဖြစ်မယ်။ ကော်တုန်း သူ့ကို တကယ်သဘောကျလိမ့်မယ်လို့ မမျှော်လင့်ထားလောက်ဘူး" ကျိုးရှောင်မိန်က သဘောကျစွာ ပြောလိုက်ပါသည်။
ဝိန်ကော်တုန်းအား စစ်နီ အရင်ဆုံး သဘောကျသွားမိမှာကို လင်းချင်းဟယ် စိုးရိမ်နေခဲ့ရခြင်းများမှာ အလကားသက်သက် ဖြစ်နေခဲ့ပါသည်။ နောက်ဆုံးမှာတော့ စစ်နီကို ချစ်မိသွားတာ ဝိန်ကော်တုန်း ဖြစ်ပါသည်။