အခန်း(၅၉၃) ဘာသာပြန်အလုပ်
Vol. 43 Ch. 593
အခန်း(၅၉၃) ဘာသာပြန်အလုပ်
ဒီသမီးလေးကို မွေးပြီးနောက် လင်းချင်းဟယ်က သူမ၏ တစ်ခုတည်းသော တာဝန်မှာ နို့တိုက်ဖို့သာ ဖြစ်သည်ဟု ခံစားမိပါသည်။ ကျန်တာက ဒီသမီးနဲ့ အဖေတို့ ချစ်မြတ်နိုးနေကြတာကို ထိုင်ကြည့်နေဖို့သာ ဖြစ်သည်။
သားများက အမေ့ဘက်လိုက်ပြီး သမီးများက အဖေ့ဘက်လိုက်လိမ့်မည်။ သူမ၏ သမီးက သူမ ချီထားသောအခါ မပြုံးသဖြင့် ထိုစကားမှာ အလွန်မှန်ကန်နေပါသည်။
၁၀ လလောက် ကြိုးစားပမ်းစား လွယ်ကာ သူမ မွေးထားသော သမီး ဖြစ်သည်။ သို့သော် သူမကို ပြုံးတောင် ပြုံးမပြပါ။ သူမအဖေ၏ အသံကိုသာ သဘောကျပြီး တခစ်ခစ် ရယ်မောနေပါသည်။
မကြာခဏ သူမ ငိုပြီး သူမ၏ အဖေက ရေချိုးနေသောကြောင့် မချော့နိုင်သောအခါ ငိုတာ အဆုံးမရှိနိုင်တော့ပါ။ သို့သော်လည်း သူမကို ရေချိုးခန်းနား ခေါ်သွားပြီး သူမအဖေကို နှစ်ခါလောက် ခေါ်ခိုင်းလိုက်သောအခါ မှော်ဆန်စွာဖြင့် ပြန်ငြိမ်သွားတတ်ပါသည်။
သူမ၏ အဖေရေချိုးပြီးသွားပြီး သူမကို ချီလိုက်သောအခါ သူမအဖေဆီသို့ အတင်းပြန်သွားသည်။
လင်းချင်းဟယ်၏ ဦးနှောက်လည်း ခေတ္တ ပွင့်သွားရ၏။ သူမသမီးလည်း သူမအဖေကို ချော့မြူနိုင်အောင်လို့ ပြန်ဝင်စားလေသလား ပြန်မွေးဖွားလာခြင်းလားဟု တွေးနေမိပါသည်။
သူမအဖေ၏ အိုင်ကျူကို သုညထိရောက်အောင် ချော့နိုင်သည်။
အမှန်ပင်။ ဒါက လင်းချင်းဟယ်၏ အတွေးသက်သက်သာ ဖြစ်ပါသည်။ သူမ၏ သမီးက သာမန်ကလေးတစ်ယောက်သာဖြစ်သည်။ သို့သော်လည်း ကံကြမ္မာက ဆန်းကြယ်လွန်းပါသည်။ ဧကန္တ သူမဗိုက်ထဲမှာ ရှိနေစဥ်တုန်းက ကျိုးချင်းပိုင် ဗိုက်ကို ခဏခဏ စကားပြောခဲ့တာကြောင့်လား မသိပေ။
"မိန်းမ ဒီကြက်စွပ်ပြုတ်က မင်းအတွက် အထူးတလည် ပြုတ်ပေးထားတာ" ကျိုးချင်းပိုင်က စားသောက်ချိန်တွင် ပြောလိုက်ပါသည်။
လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက််ပြီး မကျေနပ်စွာဖြင့် ပြောလိုက်ပါသည်။ "ဘာကို ကျွန်မအတွက် အထူးတလည် ပြုတ်ပေးထားတာလဲ။ ရှင့်သမီးအတွက် ပြုတ်ပေးထားတာ မဟုတ်ဘူးလား။"
"တစ်ယောက်သောက်ရင် နှစ်ယောက် အာဟာရ ရတာပေါ့ ဝလာမှာ မစိုးရိမ်ပါနဲ့။ ဒီလောက်နည်းနည်းလေးစားတာ မဝနိုင်ပါဘူး" ကျိုးချင်းပိုင်က ချော့လိုက်ပါသည်။
လင်းချင်းဟယ်က သူမ စားတာ နည်းသည်ဟု မထင်ပါ။ ထမင်းတစ်ပန်းကန်၊ အသား၊ ငါး၊ ကြက်ဥများ၊ စွပ်ပြုတ် စသည်တို့ပါသည်။ ပမာဏက အများကြီး မဟုတ်သော်လည်း သေချာပေါက် အများကြီး ဖြစ်ပါသည်။
သို့သော်လည်း ရိုးရိုးသားသား ပြောရလျှင် နို့တိုက်ကျွေးရခြင်းက အနည်းငယ် ပင်ပန်းရသော်လည်း သူမ အစားကို ဂရုစိုက်သဖြင့် ဝလာမည်မဟုတ်ပါ။
အစကတော့ သူမ စိုးရိမ်နေခဲ့သည်။
သို့သော်လည်း လင်းချင်းဟယ်သောက်လိုက််ပါသည်။ သူမ ကျိုးစစ်နီဘက်ကို လှည့်ကာ ပြောလိုက်သည်။ "စစ်နီ များများသောက်လေ။"
"သမီး ဒီလာကတည်းက ဝိတ်တွေ အများကြီး တက်လာတာ။ ဒါပေမယ့် စတုတ္ထဒေါ်လေး၊ စတုတ္ထဦးလေးပြောတာ မှန်ပါတယ်။ ဝလာမှာ မကြောက်ပါနဲ့။ ဒေါ်လေး များများစားမှ မိမိလေးအတွက် နို့ရည်က အာဟာရပိုရှိလိမ့်မယ်" ကျိုးစစ်နီက တိုက်တွန်းလိုက်ပါသည်။
သူမ အစ် အာ့နီနဲ့ စစ်နီတို့တုန်းက အများကြီး စားသောက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့ ကလေးများက ဝဝဖြိုးဖြိုးလေးများ ဖြစ်ကြသည်။
လင်းချင်းဟယ်က ပြောလိုက်သည်။ "ငါ့အတိုင်းအတာကို ငါသိပါတယ်။"
သူမက မိထွေး မဟုတ်ပါ။ ကိုယ့်သမီးကိုယ်တော့ အငတ်ထားမှာ မဟုတ်ပေ။ ဒီကလေးမလေးက အများကြီး မစားနိုင်သောကြောင့် ဖြစ်ပါသည်။
စားသောက်ပြီးနောက် လင်းချင်းဟယ်က အကြောဆန့်လေ့ကျင့်ခန်းများ လုပ်လိုက်သည်။ ဟင်းခွက်ပန်းကန်များကိုတော့ စစ်နီက ရှင်းလင်းသည်။ ကျိုးချင်းပိုင်က သူ့သမီးလေးကို သွားကြည့်ပါသည်။
အခုတော့ မိမိလေးက အသက် ၂ လလောက်ရှိနေပြီ ဖြစ်သည်။ ကလေးများစွာက ဒီအရွယ်ဆို ဆူညံနေကြပြီ ဖြစ်သည်။ သို့သော်လည်း သူ့အငယ်ဆုံးသမီးလေးကတော့ အတော်လေး ငြိမ်သက်နေပါသည်။ နေလို့ထိုင်လို့မကောင်းမှ သို့မဟုတ် နိုးလာမှ ဂျီကျတတ်သည်။ သူမ အဖေက မဖက်ထားလျှင် သို့မဟုတ် သူမ အဖေကို မတွေ့လျှင် ငိုတတ်ပါသည်။
တော်တော်လေးကို လည်ဝယ်ပါသည်။ မဟုတ်ပါက လင်းချင်းဟယ် ဘာကြောင့် ဒီလိုတွေးမိမည်နည်း။
ကျိုးချင်းပိုင်က ကြည့်လိုက်သည်။ အငယ်ဆုံး သမီးလေးက အိပ်ပျော်နေပါသည်။ ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခြင်း ဖြစ်သည်။ ထို့ကြောင့် မနှောင့်ယှက်တော့ဘဲ အခန်းထဲက ထွက်လာခဲ့ပါသည်။
"နောက်နှစ် နွေဦးရာသီရောက်ရင် သူ့ကို နို့ဖြတ်မယ်။" လင်းချင်းဟယ်က သူ့ကိုပြောလိုက်သည်။
သူမလည်း လျှောက်သွားချင်ပြီး ဆိုင်တချို့ကို နေရာချချင်နေပါသည်။ သို့သော်လည်း မသွားနိုင်ပါ။ ခရီးတစ်ခုက အလွန်ကြာမြင့်ပြီး သူ့အငယ်ဆုံးသမီးလေးကလည်း တစ်နာရီ နှစ်နာရီတိုင်း နို့တိုက်ရသဖြင့် ဘယ်လိုလုပ် သွားနိုင်မည်နည်း။
"နောက်နှစ်ဆိုရင် သူ ငယ်လွန်းပါသေးတယ်။" ကျိုးချင်းပိုင်က တွန့်ဆုတ်နေသည်။
"မငယ်ပါဘူး။ ၄ လကျော်နေပြီ။ ထမင်းပျော့ပျော့ စားလို့ရတာပဲ။" လင်းချင်းဟယ်က ပြောလိုက်သည်။
"နို့ကို ၆ လလောက်အထိ တိုက်ပြီးမှ ဆွေးနွေးကြတာပေါ့" ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်ပါသည်။
၄ လသားအရွယ်မှာ နို့ဖြတ်မယ်တဲ့လား။ ငယ်လွန်းပါသေးသည်။ ကျိုးချင်းပိုင်က သူမကို နည်းနည်းလောက်ကြာကြာ ထပ်တိုက်နိုင်သေးသည်ဟု ခံစားမိသည်။ ၆ လသားလောက်ဆို ပိုကောင်းပါသည်။
"ဒါဆို ကျွန်မ နောက်နှစ် ဘာလုပ်လို့ရမှာလဲ။" လင်းချင်းဟယ်က သူ့ကိုကြည့်ကာ မေးလိုက်ပါသည်။
"ကိုယ်တို့ နောက်နှစ် လက်ဖက်ရည်ဆိုင်ဖွင့်မှာ မဟုတ်ဘူးလား။ အဲ့အချိန်ကျရင် ကိုယ်တို့ အရမ်းအလုပ်ရှုပ်မှာလေ။ ကိုယ်တို့ သမီးလေးကိုပါခေါ်ပြီး လက်ဖက်ရည်ဆိုင်တွေ သွားကြည့်တာပေါ့။" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပါသည်။
"ရှင်ကတော့ ဒုက္ခရောက်မှာ မကြောက်ဘူးပဲ” လင်းချင်းဟယ်က မကျေနပ်စွာပြောလိုက်ပါသည်။ သူမလည်း ၄ လက ငယ်လွန်းသည်ဟု ခံစားမိပါသည်။ ထို့ကြောင့် သူမ ပြောလိုက်၏။ "ဒါဆိုလည်း ၆ လပေါ့။ ၆ လပြီးရင်တော့ ကျွန်မ မတိုက်တော့ဘူး။ တခြားဟာတွေပဲ ကျွေးမယ်"
"ကောင်းပါပြီ" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။
လင်းချင်းဟယ်က လေ့ကျင့်ခန်းလုပ်တာ ပြီးသွားပြီး စာအုပ်တစ်အုပ် ဖတ်နေလိုက်ပါသည်။ ကျိုးချင်းပိုင်က သူမအတွက် အင်္ဂလိပ်စာအုပ်တချို့ ယူလာပေးခဲ့သည်။ ထိုစာအုပ်များကို ဘာသာပြန်ဖို့ လိုအပ်နေ၏။ သူမ ဘာမှလုပ််စရာမရှိသောအခါ ဘာသာပြန် လေ့ကျင့်ခန်းများ လုပ်နေလိုက်ပါသည်။
သူမ၏ ဘာသာပြန်နှုန်းက မြန်ဆန်လွန်းပါသည်။ စာအုပ်ဆိုင်ကတောင် အိမ်သို့ရောက်လာပြီး ကာလရှည်လုပ်ငန်း တွဲလုပ်ချင်သည်ဟု ကမ်းလှမ်းလာသည်။
ဒါက လင်းချင်းဟယ်အတွက် နောက်ထပ် လုပ်ငန်းလမ်းစတစ်ခု ပွင့်သွားစေခဲ့ပါသည်။ နောက်နှစ် မတိုင်ခင်အထိ သူမ အိမ်ပြန်နိုင်မှာ မဟုတ်သည်ကို စဥ်းစားလိုက်သည်။ ထို့ကြောင့် သူမ ဘာသာပြန်အလုပ်တစ်ခုလောက် လုပ်နိုင်ပါသည်။ ဒါမျိုးက အိမ်မှာပဲ လုပ်နိုင်သော လုပ်ငန်းမျိုး ဖြစ်၏။
ဒီခေတ်က ဘာသာပြန်ခြင်းများက အတော်လေး ရေပန်းစားပါသည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြား ဂန္တဝင်လက်ရာများကို တရုတ်ဘာသာသို့ သို့မဟုတ် အပြန်အလှန် ဘာသာပြန်ဖို့ လိုအပ်နေသောကြောင့် ဖြစ်ပါသည်။
ကာလရှည်လုပ်ငန်းတွဲလုပ်ဖို့ကိုတော့ မမျှော်လင့်နိုင်ပါ။ သူမက အခုချိန်တောအတွင်းမှာသာ အားလပ်သဖြင့် လောလောဆယ်အတွက်သာ တွဲလုပ်နိုင်ပါသည်။
ရွှယ်မိန်လီက ဝက်ခြေထောက်စွပ်ပြုတ်ဖြင့် ရောက်လာသောအခါ သူမ ဘာလုပ်နေတာလဲဟု မေးလိုက်သည်။
အချိန်ပိုင်း ဘာသာပြန်အလုပ်လုပ်နေသည်ဟု ကြားသောအခါ သူမ ချက်ချင်း အထင်ကြီးသွားပါသည်။ "ကျွန်မလည်း အိမ်မှာလုပ်လို့ရတဲ့ လက်လုပ်အလုပ်တစ်ခုလောက် လိုချင်နေတာ။ ဒါပေမယ့် ကျွန်မအမေလိုမျိုးလည်း ချည်မထိုးတတ်ဘူး။ ဘာသာပြန်အလုပ်ဆို ပိုဝေးတာပေါ့။ ကျွန်မ အသုံးမကျဘူးလို့ ပိုပိုပြီး ထင်လာပြီ။"
"ဘာမှ မဖြစ်ပါဘူး။ ရှင်က ခေါင်းဆောင်ကြီးရဲ့ မိန်းမပဲကို။ ဘာမှလုပ်စရာမရှိဘဲ အားနေရင် ကော်ဖီထွက်သောက်၊ လက်ဖက်ရည်ထွက်သောက်၊ တယောသံလေးနားထောင်။ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။" လင်းချင်းဟယ်က ပြောလိုက်သည်။
ရွှယ်မိန်လီက ရယ်မောလိုက်ပါသည်။ "ကျွန်မ အဲ့လိုဘဝမျိုးနဲ့တော့ မနေနိုင်ပါဘူးရှင်။"
"အရာရှိတစ်ယောက်ရဲ့ မိန်းမတစ်ယောက်ပဲကို ဘာလို့ မနေနိုင်ရမှာလဲ။ ရှင်နေထိုင်တာ အရမ်းရိုးလွန်းနေတယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။
"ဒီတိုင်း အသေးစား လက်ထောက်ခေါင်းဆောင်လေးပါပဲ။ ဘယ်က အရာရှိမိန်းမရမှာလဲ" ရွှယ်မိန်လီက ပြုံးကာ ဆက်ပြောသည်။ "ဒီဝက်ခြောက်ထောက်နဲ့ မြေပဲစွပ်ပြုတ်က ရှင့်အတွက် တကူးတက ပြုတ်ပေးထားတာနော်။ နို့ထွက်ကောင်းတယ်။ ရှင် များများ သောက်ပေးသင့်တယ်။"
"ကျွန်မလက်ခံပေးရမှာပေါ့ရှင်" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။ သူမ မငြင်းနိုင်သော်လည်း ရွှယ်မိန်လီက တကယ်ပဲ တွေးပေးတတ်ပါသည်။ သူမအတွက် ဝက်ခြေထောက်နဲ့ မြေပဲစွပ်ပြုတ် ပြုတ်ပေးတာ တစ်ကြိမ်မကတော့ပါ။ အပြည့်အစုံပြုတ်ပြီးမှ ပို့ပေးခြင်း ဖြစ်ပါသည်။
"ရှောင်ကမ်းရဲ့ ခေါင်းကိုင်အဖေကော ဘယ်မှာလဲ။" ရွှယ်မိန်လီက မေးလိုက်သည်။
"အခန်းထဲမှာလေ၊ သူ့အငယ်ဆုံးသမီးလေးနဲ့ အိပ်နေတယ်။" လင်းချင်းဟယ်က ရယ်လိုက်ပါသည်။
"သူ့သမီးကို တကယ်ချစ်တာပဲနော်။” ရွှယ်မိန်လီက ပြုံးလိုက်ပါသည်။ ထို့နောက် လင်းချင်းဟယ်ကို စွပ်ပြုတ်သောက်ပြီး ဝက်ခြေထောက်စားဖို့ တိုက်တွန်းလိုက်ပါသည်။
လင်းချင်းဟယ်က သောက်လိုက်သည်။ အနည်းငယ် ဆီများသော်လည်း အရသာ တကယ် ရှိပါသည်။ သူမ ကျိုးချင်းပိုင်နဲ့သာ ဆိုးသော်လည်း ရွှယ်မိန်လီ ယူလာပေးသောအခါမှာတော့ သေချာပေါက် လက်ခံပါသည်။
"ရှင် အလုပ်ဆက်လုပ်လေ။ ကျွန်မ အိမ်ပြန်ပြီး ရှင့်အတွက် နောက်တစ်ခေါက် ပြုတ်ပေးပါ့မယ်" လင်းချင်းဟယ်က အကုန်အစင် အားလုံးသောက်ပြီးသွားတာကို မြင်သောအခါ ရွှယ်မိန်လီက ဝမ်းသာသွားပြီး ရွှင်မြူးစွာ ပြောလိုက်ပါသည်။
"ချင်းပိုင်က ဒီမနက် ငါးနဲ့ ပုစွန်တွေ အများကြီး ဝယ်လာတယ်။ ရှင် ရှောင်ကမ်းလေးအတွက် နည်းနည်း ပြန်ယူသွားလေ။ သူက ပင်လယ်ငါးနဲ့ ပုစွန်တွေ ကြိုက်တယ်" လင်းချင်းဟယ်က မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။
"ရပါတယ်ရှင်။ ကျွန်မလည်း ဒီမနက်ပဲ ဝယ်ထားသေးတယ်။" ရွှယ်မိန်လီက အမြန်ငြင်းလိုက်ပါသည်။
"နည်းနည်းလောက် ပြန်ယူသွားပါ။ အားလုံး လတ်လတ်ဆတ်ဆတ်တွေပဲ။" လင်းချင်းဟယ်က တိုက်တွန်းသည်။ နည်းနည်းလောက် ခွဲပေးပြီးသောအခါ ရွှယ်မိန်လီကို ယူသွားခိုင်းခဲ့ပါသည်။