အခန်း(၅၉၅) ကြမ်းကြုတ်မှုနဲ့ ရန်ပွဲ
Vol. 43 Ch. 595
အခန်း(၅၉၅) ကြမ်းကြုတ်မှုနဲ့ ရန်ပွဲ
လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ရက်အနည်းငယ်ကြာတိုင်း ဖုန်းဆက်တတ်သည်။ ဖုန်းဆက်လိုက်မှ ထိုအကြောင်း သူမ သိခဲ့ရပါသည်။
"ဝမ်ယွမ်က သူ့ကို ဆေးရုံချက်ချင်း ပို့ပေးလိုက်ရလို့ အမေက အရမ်းဒေါသထွက်နေတာ။ ငါလည်း အတူတူပဲ။ ငါတို့ ကျိုးမိသားစုမှာ အဲ့ဒီမောင်နှမတွေအပေါ် ဘာအကြွေးရှိလို့လဲ။ ကောင်းတဲ့ကိစ္စတွေဆိုရင် ငါတို့ဆီရောက်မလာဘူး။ ဒီလိုပြဿနာတွေဖြစ်လာမှ ချက်ချင်း ငါတို့ဆီလာပြီး ဒုက္ခပေးတတ်ကြတယ်။" ကျိုးရှောင်မိန်က ဖုန်းထဲတွင် အလွန်ဒေါသထွက်စွာ ပြောနေခဲ့ပါသည်။
ဒီတစ်ခေါက် ရှုရှန့်ချမ်းက လမ်းဘေးအထည်များ ရောင်းနေရင်း ရန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ တဖက်လူက စျေးဆစ်ချင်၏။ ထိုအခါ သူက ဝယ်သူများကို ဆင်းရဲရင် အဝတ်အစားမဝယ်ဖို့ ရိုင်းစိုင်းစွာ ပြောခဲ့ပါသည်။ တဖက်လူက လက်မခံနိုင်ဘဲ တခြားသူတွေ မဝယ်နိုင်အောင် ဆိုင်ရှေ့မှာ ပိတ်ရပ်ထားပါသည်။
ပြောစရာမလိုအောင် ရှုရှန့်ချမ်းလည်း မကျေနပ်ဘဲ ချက်ချင်းဆိုသလို ရန်ပွဲဖြစ်ပွားခဲ့ပါသည်။
တခြားသူတွေ ထိုးနှက်တာကို ခံခဲ့ရရုံသာမကဘဲ သူကလည်း ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို အသုံးပြုခဲ့သည်။ သူကြမ်းတမ်းစွာ တိုက်ခိုက်ရင်း အုတ်ခဲတစ်လုံးကို ကောက်ကာ တဖက်လူ၏ ခေါင်းကို ရိုက်ခဲ့ပါသည်။ ထိုလူက ချက်ချင်း လဲကျသွားသည်ဟု ပြောကြ၏။
ထို့နောက် သူ အဖမ်းခံခဲ့ရပါသည်။
ရှုရှန့်မိန်က မသိခဲ့ပါ။ ကျန့်မေ့လျန်က သတင်းကြားရပြီးမှ ကျောက်မိသားစုအိမ်ကို အကူအညီလာတောင်းခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးဖြစ်လာသောအခါ ကျောက်မိသားစုတွင် ရှုရှန့်မိန်ကိုသာ အကူအညီသွားတောင်းဖို့ တတ်နိုင်ခဲ့ပါသည်။
ရှုရှန့်မိန်က ဒေါသထွက်လွန်းသဖြင့် သူမကို ပါးရိုက်ခဲ့သည်။ ထို့နောက် ကျောက်မိသားစုကို သူမ တောင်းပန်ခဲ့ရသည်။ ကျောက်မိသားစုက ဘာမှ မသက်ဆိုင်သဖြင့် ဂရုမစိုက်ခဲ့ပါ။
ရှုရှန့်ချမ်း ဒီလို ရိုင်းစိုင်းကြမ်းကြုတ်တာ ပထမဆုံးအကြိမ်မဟုတ်ပေ။ စက်ရုံမှာလည်း တစ်ယောက်ယောက်ကို ဆိုးဆိုးရွားရွား ထိုးကြိတ်ခဲ့ဖူးသည်။ ထိုအချိန်တုန်းက ကျောက်မိသားစု အောက်ကျခဲ့ရသည်။ ထို့နောက် ညကျောင်းမှာ ရန်ထပ်ဖြစ်သေးသည်။ အခုတော့ အပြင်မှာ လမ်းဘေးဆိုင်ဖွင့်ပြီး ရန်ထပ်ဖြစ်ပြန်သည်။
ကျောက်မိသားစုက သူများ ပြဿနာ လိုက်ရှင်းပေးရတာ ဝါသနာမပါပေ။ တစ်ခေါက်ဆို လုံလောက်ပါပြီ။ ဒုတိယအကြိမ် ထပ်ဖြစ်တယ်တဲ့လား။ ရှုရှန့်မိန် ကလေးမွေးပေးထားရင်တောင် ဘာမှ အသုံးမဝင်ပါ။
ကျောက်မိသားစုက လုံးဝ ဝင်မပါချင်ပါ။ သူတို့မှာ ထိုကဲ့သို့ အဆက်အသွယ်မျိုးလည်း မရှိပေ။
ထို့ကြောင့် ရှုရှန့်မိန်က ကျိုးမိသားစုကိုသာ လာရောက် တောင်းပန်နိုင်ပါသည်။ သူမ ဒီကို မလာတာ အရင်တစ်ခေါက် ပြဿနာ ပေါ်ပြီးကတည်းက ဖြစ်ပါသည်။ အမှန်ပင်။ ကျိုးမိသားစုကလည်း ဒီမောင်နှမကို မလာစေချင်ပါ။
ကိုယ့်ဘဝနဲ့ကိုယ်သာ နေကြပါစေ။
မထင်ထားစွာဖြင့် သူတို့ ထပ်ရောက်လာကြပြန်သည်။ သူတို့ ရောက်လာတာနဲ့ ပြဿနာပါ ပါလာသည်။ ထို့အပြင် သူများခေါင်းကို ရိုက်ခွဲမိ၍ ရဲစခန်းရောက်သွားသည့် ပြဿနာကြောင့်ဖြစ်နေသည်။
ထိုအချိန်တုန်းက အမေကျိုး အသက်ပင် မရှူနိုင်တော့ဘဲ မူးလဲသွားသည်။
"ဘယ်လိုရှင်းလိုက်ကြလဲ။" လင်းချင်းဟယ်က ထိုအကြောင်းများကို တကယ်မကြားချင်ပါ။ အတင်းအဖျင်းဟုသာ သဘောထားပြီး မေးလိုက်ပါသည်။
"ဝမ်ယွမ်က ရှင်းပေးလိုက်တယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
ဝမ်ယွမ်က စီးပွားရေးလောကမှ ဖြစ်သည်။ သို့သော်လည်း ကျန်မိသားစုများက နိုင်ငံရေးအပိုင်းမှ ဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်ကို အချုပ်ကထုတ်ဖို့ သိပ်ပြီး မခက်ခဲခဲ့ပါ။
ရှုရှန့်ချမ်း လူမသတ်မိသဖြင့် ကံကောင်းသွားသည်။ ထိုလူက ခေါင်းမှ သွေးအများကြီး ဆုံးရှုံးခဲ့သော်လည်း အသက်မသေခဲ့ပါ။
ထို့ကြောင့် ရှုရှန့်ချမ်းအား ၇ ရက် အချုပ်ချခဲ့ပြီး နောက်ဆုံးတော့ အလျော်ပေးကာ ပြေလည်သွားခဲ့ပါသည်။
ယွမ် ၅,၀၀၀ လျော်ကြေးပေးလိုက်ရပါသည်။
"အဲ့ဒီ ကျန့်မေ့လျန်ကတော့ အသည်းအသန်ကို ငိုနေတာ။ တကယ့်ကို ရှက်ဖို့ကောင်းတယ်။ သူ့ယောက်ျားက သူများကို ရိုက်နှက်ခဲ့တာတောင် ပိုက်ဆံမကုန်ဘဲ ပြေလည်စေချင်နေတာလား။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
သူမ ငိုကြွေးကာ အော်ဟစ်ခဲ့သည်။ တဖက်လူက မှားယွင်းသည်ဟု ပြောခဲ့ပါသည်။ တဖက်လူက မှားယွင်းပြီး ရန်ဖြစ်ခဲ့သော်လည်း လက်သာသုံးခဲ့သည်။ ရှုရှန့်ချမ်းကတော့ အုတ်ခဲဖြင့် ရိုက်နှက်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မှန်ကန်သည့်လူပင် မှားယွင်းသည့်လူဖြစ်သွားနိုင်သည်. ရှုရှန့်မိန်လို အစကတည်းက မမှန်ကန်သည့် လူမျိုးဆိုရင် ပိုဆိုးပါသည်။
"သူတို့ အဲ့လောက် ပိုက်ဆံတွေ အများကြီး ရှိတယ်လား။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ယွမ် ၅,၀၀၀ ဆိုတာ အများကြီး ဖြစ်ပါသည်။
"ကျန့်မေ့လျန်က ယွမ် ၃,၀၀၀ ပေးပြီး ရှုရှန့်မိန်က ယွမ် ၂,၀၀၀ ထုတ်ပေးတယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
ကျိုးမိသားစုကတော့ သေချာပေါက် ပိုက်ဆံပေးမှာ မဟုတ်ပေ။ ဟာသလို ဖြစ်သွားလိမ့်မည်။ ဒီကိစ္စက သူတို့ဘက်နဲ့ ဘာမှမဆိုင်ပေ။ ဝမ်ယွမ်က ဝင်ပါပြီး သူ့ကို ထုတ်ပေးနိုင်ခဲ့တာတောင် လွန်နေပါပြီ။ မဟုတ်ပါက ရှုရှန့်ချမ်း ဒီလောက် စောစော ထွက်လာနိုင်ပါ့မလား။
"သူ ထွက်လာတော့ မျက်နှာတောင် လုံးဝ လာမပြဘူး" ကျိုးရှောင်မိန်က ဆက်ပြီး အပြစ်တင်ပါသည်။
ရှုရှန့်ချမ်းကို ကျေးဇူးလာတင်စေချင်သောကြောင့် မဟုတ်ပါ။ သို့သော်လည်း ဒီအပြုအမူက သူ့ကို ကယ်တင်ပေးရတာ မတန်ဘူးဟု ဖော်ပြနေခြင်း ဖြစ်ပါသည်။
"ကျန်တာ မပြောပါနဲ့တော့။ ဒီတစ်ခေါက် အဖြစ်အပျက်ကို ဟူကျစ်နဲ့ ကန်းကျစ်တို့ကို သင်ခန်းစာ ယူခိုင်းလိုက်ပေါ့။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"သူတို့အားလုံးကို ပြောပြီးပါပြီ။ သူတို့ ညီအစ်ကိုတွေက ကောင်းကောင်း နားလည်ပါတယ်။" ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်သည်။
ပြောစရာမလိုအောင် ဟူကျစ်နဲ့ ကန်းကျစ်တို့က မှတ်သားထားကြပါသည်။ သူတို့ ဆိုင်ကို စောင့်ရသောအခါ သူတို့ဒေါ်လေးက နှုတ်ချိုသျှိုတစ်ပါးဖြစ်ကြောင်း သင်ပေးခဲ့သည်။
ခက်ခဲသည့် ကတ်စတမ်မာများနဲ့ ဆုံလာရပါကလည်း တည်ငြိမ်စွာဖြင့် ဖြေရှင်းဖို့ လိုအပ်ပါသည်။ ထိုလူကို ပထုတ်နိုင်ပါက သူတို့ ပိုက်ဆံ သိပ်မရရင်တောင် သို့မဟုတ် တစ်ပြားမှ မရရင်တောင် ပြဿနာမရှိပါ။ တခြား ကတ်စတမ်မာများကို မထိခိုက်စေဖို့သာ အရေကြီးပါသည်။
အဘယ့်ကြောင့်ဆိုသော် လူ ၁၀၀ တွင် ၉၅ ယောက်လောက်က ကျိုးကြောင်းသင့်လျော်ပြီး အဆင်ပြေသူများဖြစ်ပါသည်။ ကျန် ၅ ယောက်ကလည်း လူနည်းစုသာဖြစ်ပါသည်။
ညီအစ်ကိုနှစ်ယောက် စျေးရောင်းထွက်ရင်း ဒီလို ချေးများသည့် လူများကို ကြုံဖူးပါသည်။ စျေးလျှော့ရောင်းပေးလိုက်သောအခါ ထိုဒုက္ခများကို ပထုတ်နိုင်ပါသည်။
သူတို့ပြုမူပုံကောင်းမွန်ပါက ဒုက္ခများမှာ အကျိုးအမြတ်ကို ထိခိုက်စေမည် မဟုတ်ပေ။
ဟူကျစ်က ရှုရှန့်ချမ်း စျေးရောင်းထွက်တာကို မြင်ဖူးပါသည်။ တစ်ခေါက်ကြည့်လိုက်ရုံနဲ့ မကြာခင် ပြဿနာတက်တော့မှာကို မြင်နိုင်ပါသည်။ ထို့ကြောင့် သူ့အကျိုးအမြတ်ပဲ ဆုံးရှုံးခဲ့တာ မဟုတ်လား။
ယွမ် ၅,၀၀၀ တောင် ပြန်ရဖို့ ဘယ်လောက် ကြာလိုက်မလဲ။
အပြင်လူများတောင် ဒါကိုမြင်ပြီး နာကျင်သွားကြသည်။ သက်ဆိုင်ရာလူများဖြစ်သည့် ကျန့်မေ့လျန်နဲ့ ရှုရှန့်မိန်တို့ဆိုရင်တော့ မပြောပလောက်ပါ။
ရှုရှန့်ချမ်းကို အိမ်ပြန်ခေါ်လာသောအခါ ရှုရှန့်မိန်က သူ့ကို ပါးရိုက်သည်။ ကျန်းမေ့လျန်ကတော့ ပိုပြီး ဒေါသထွက်နေပါသေးသည်။ သူမ ရှုရှန့်ချမ်းကို အသုံးမကျသူ၊ အမှိုက်သရိုက်၊ ဖြုန်းတီးသူဟု အော်ခဲ့ပါသည်။
ယွမ် ၃,၀၀၀ က ကျန့်မေ့လျန်၏ ပိုင်ဆိုင်မှု အားလုံးတော့ မဟုတ်ပေ။ သူမ ဒီနှစ် အများကြီး ဝင်ငွေ ရရှိခဲ့ပါသည်။ သို့သော် သူမ အများကြီး ဝင်ငွေရထားရင်တောင် ဒီပမာဏက မနည်းပါးဘူး မဟုတ်လား။
အစကတော့ ကျန့်မေ့လျန်က ပိုက်ဆံပိုစုပြီး ဆိုင်တစ်ဆိုင်ဝယ်ဖို့ စီစဥ်ထားခြင်းဖြစ်သည်။ ဒီလိုမှ အိမ်ရှင်က ဆိုင်ခန်းငှားရမ်းခကို မတိုးနိုင်မှာ ဖြစ်မည်။ သို့သော်လည်း အခုတော့ သူမ မလုပ်နိုင်တော့ပါ။
ယွမ် ၃,၀၀၀ တောင်။ အဲ့လို ပိုက်ဆံမျိုးကို ချွေချွေတာတာ စုဆောင်းဖို့ ဘယ်လောက်တောင် ကြာလိုက်မလဲ။
အတိုချုန်းပြောရလျှင် ဒီအဖြစ်အပျက်ကြောင့် အဆုံးမဲ့ ပြဿနာများ ဖြစ်လာခဲ့ပါသည်။
ထိုပြဿနာများက ရှန်ဟိုင်းမြို့တော်ဘက်သို့ ဘာမှ သက်ရောက်မှုမရှိပါ။
လင်းချင်းဟယ်သာ အမေကျိုး ဒေါသကြောင့် မူးလဲသွားသည့်အကြောင်း မသိပါက ဒီတိုင်း မေ့ပစ်လိုက်လို့ရပါသည်။ ဖုန်းဆက်ပြီး သိလိုက်ရသောအခါ ကျိုးချင်းပိုင်ကို သတိပေးလိုက်ပါသည်။
"သူ ဒေါသဖြစ်ပြီး မူးလဲသွားတာ။ အခုတော့ သက်သာလာပါပြီ" လင်းချင်းဟယ်က ပြောလိုက်သည်။
သူမ အလွန်ဒေါသထွက်ရသည့် အကြောင်းအရင်းက မောင်နှမနှစ်ယောက်အတွက် မျှော်လင့်ချက်ထားနေသေးသောကြောင့် ဖြစ်ပါသည်။ မဟုတ်ပါက ဒီလောက်ထိ ဒေါသထွက်မှာ မဟုတ်ပါ။
ကျိုးချင်းပိုင်က အနည်းငယ် မျက်နှာပျက်နေသည်။
"ရှင့်သမီးလေးကို ကြောက်သွားအောင် မလုပ်နဲ့ဦး။" လင်းချင်းဟယ်က ပြောလိုက်သည်။
သူမယောက်ျားချင်းပိုင်က ထိုတူဖြစ်သူကို စိတ်ပျက်နေတာ သိပါသည်။ ဒီမျက်နှာပျက်မှုက သူ့အမေ ဒေါသကြောင့် မူးလဲသွားတာကြောင့်ဖြစ်သည်။
"ကျွန်မတို့ စောစောပြန်ကြမယ်။” လင်းချင်းဟယ်က သမီးလေးကို သူ့လက်ထဲက ခေါ်လိုက်ပြီး ပြောလိုက်ပါသည်။
သူမ အတွေးကြောင့်ပဲလားမသိ။ ယုတ္တိရှိအောင် ပြောရလျှင် သူမ၏ အသက်အရွယ်ဖြင့် ကလေးမွေးပြီးသွားသောအခါ အားပြတ်လပ်မှုတချို့ ရှိသင့်သည်။ ဘာပဲဖြစ်ဖြစ် သူမ အသက်အရွယ်က မငယ်တော့ပါ။ သူမ ကျန်းမာရေးကို ဘယ်လောက်ပဲ ဂရုစိုက်ပါစေ သူမ ခန္ဓာကိုယ်က မွေးဖွားပြီးနောက် ထိခိုက်မှုရှိလာနိုင်ပါသည်။
သို့သော်လည်း သူမ ဘာမှမဖြစ်ခဲ့ပါ။ ဆန့်ကျင်ဘက် အနေဖြင့် သူမ ခန္ဓာကိုယ် တောက်ပလာခဲ့ပြီး စိတ်အခြေအနေကလည်း ကောင်းမွန်နေပါသည်။
"ညစာဘာစားချင်လဲ။" ကျိုးချင်းပိုင်က မေးလိုက်သည်။
"သိုးသားစွပ်ပြုတ်နဲ့ ပေါက်စီလွတ်ပဲ စားမယ်။" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
သိုးသားစွပ်ပြုတ်က ရင်ပူစေပါသည်။ သို့သော်လည်း ကိစ္စမရှိပါ။ သူမ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အများကြီး သိုလှောင်ထားပါသည်။ အပူပြေအောင် နည်းနည်းလောက် ထပ်စားလိုက်ဖို့လိုသည်။
ကျိုးချင်းပိုင်က စိတ်မပါစွာဖြင့် ညစာချက်နေသည်။ လင်းချင်းဟယ်က သူ့သမီးလေးကို ပြောလိုက်သည်။ "နင့်အဖေစိတ်က ဒီလိုပဲ။ သူ့ကို လွှတ်ထားလိုက်"