မန်ဟို သောင်းကျန်းခြင်း
Vol. 82 Ch. 1136
လောကပါလအင်မော်တယ်
မိုးပြာရောင်အလင်းဖြင့် တောက်ပနေလျက် မန်ဟို့စွမ်းအားသည် မြင့်မားလာပြီး အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။ သူ့မှာ လေဟုန်ခွင်းလောကတွင် ဆက်တိုက်ချုပ်တည်းထားခဲ့ရသော်လည်း ယခုတော့ အမှန်တကယ် ထွန်းတောက်လာပေတော့မည်။
သူ့သွေးခွေးကြီးကို နာကျင်အောင် လုပ်ခဲ့သူတိုင်း မလွဲဧကန် သေရမည်။
သူ့တွင် စိုးရိမ်ထိတ်လန့်မှုလည်း မရှိ။ မိုးပြိုမြေပြိုအောင် တိုက်ခိုက်မည်။ သူ့ကိုယ်သူ ချုပ်တည်းထားခဲ့ရသည်မှာ ကြာခဲ့ပြီမဟုတ်လော။
“မင်းတို့အားလုံး သေဖို့ပြင်ထား”
သူက ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် လေကို ခွင်းလာရင်း တဘုန်းဘုန်း ပေါက်ကွဲသံများအား နောက်ချန်ထားခဲ့သည်။ တခဏကြာသော် သူသည် ဝတ်ရုံနက်လူတစ်ယောက်၏အရှေ့တွင် ပေါ်လာပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်လေပြီ။
ထိုလက်သီးသည် အသက်နုတ်လက်သီးမဟုတ်၊ လောကပါလအင်မော်တယ်အဆင့်တွင် ရှိနေစဉ် အပြင်အားကိုယ်ခွန်အားမှ ထောက်ပံ့ပေးထားသော သာမန်လက်သီးသာ ဖြစ်သည်။
အရာအားလုံး တုန်ခါသွားသည်။ ဝတ်ရုံနက်လူမှာ မီးငြိမ်းဝိညာဉ်မီးအိမ်ရှစ်လုံးဖြင့် ရှေးဟောင်းနယ်ပယ်ပညာရှင်တစ်ဦး ဖြစ်သည်။ သို့သော် သူ့မှာ မန်ဟို့ကို ရှောင်ရန် ၊ တားရန်ပင် အရည်အချင်းမရှိပေ။ သူ တုံ့ပင် မတုံ့ပြန်နိုင်ခင် လက်သီးက ကျရောက်လာ၏။
မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်မှာ စိစိညက်ညက် ကြေမွသွားပြီး သူကား သေဆုံးသွားတော့သည်။
လက်သီးတစ်ချက်တည်းနှင့် ရှေးဟောင်းနယ်ပယ်ပညာရှင်ကို အသက်ထွက်သွားစေခြင်းက ကျန်ဝတ်ရုံနက်ကျင့်ကြံသူအားလုံးကို ပင့်သက်ရှိုက်မိလိုက်ရစေသည်။
သို့သော် ဤမျှနှင့်မပြီးသေး။ လက်သီးပစ်သွင်းပြီးနောက် မန်ဟိုက လှစ်ခနဲ လေကို ခွင်းကာ ဝတ်ရုံနက်ကျင့်ကြံသူနောက်တစ်ယောက်၏ အရှေ့တွင် ပေါ်လာပြီး နောက်တစ်ချက် ပစ်သွင်းလိုက်ပြန်သည်။
ထိုလူ့မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး သူက ချက်ချင်းပင် ဓားပျံတစ်လက်အား ထွေးထုတ်လိုက်သည်။ မန်ဟိုက အေးစက်စက် နှာမှုတ်၍ ရပ်ပင် မရပ်။ သူသည် လက်သီးနှင့်အတူ ရွေ့လျားလာရင်း ဓားပျံကို အစိတ်စိတ်အမြွှာမြွှာ ခွဲပစ်လိုက်၏။ အံ့အားသင့်နေသော ရန်သူခမျာ မန်ဟို့လက်သီး ပြေးဝင်လာသည်ကိုသာ ကြည့်နေနိုင်တော့သည်။
ဘုန်းးးးးးးးးးးးး
မန်ဟိုက လျှပ်စီးလို ရွေ့လျားသွားသည်။ သူသည် ခုနစ်ကြိမ်ဆက်တိုက် နေရာရွှေ့ပြောင်း၍ တစ်ကြိမ်လျှင် လက်သီးတစ်လုံးစီ ပစ်လွှတ်ခဲ့၏။ လက်သီးချက်တိုင်း၏နောက်တွင် မချိတင်ကဲ အော်သံများနှင့် ဝတ်ရုံနက်လူများ၏သေဆုံးမှု လိုက်ပါလာသည်။ ခုနစ်ယောက်ကား သွေးအမှုန်အမွှားများအဖြစ် တဖောင်းဖောင်း ပေါက်ကွဲကုန်ကြလေပြီ။
ဤသုတ်သင်သတ်ဖြတ်မှုကား မန်ဟို လောကပါလအင်မော်တယ်အဆင့်တက်တက်ချင်း ဖြစ်ပွားသွားခြင်းပင်။
ဝတ်ရုံနက်လူများမှာ မယုံနိုင်ဖြစ်ရင်း မှင်သက်နေကြသည်။ သူတို့သည် မန်ဟို့ကို ဖမ်းဖို့ ဤနေရာသို့ ရောက်လာခဲ့ကြသော်လည်း သူ့အကြောင်း များများစားစား မသိကြပေ။ ဤအခိုက်အတန့်တွင်တော့ သူတို့ လိုက်ဖမ်းနေခဲ့သော လူမှာ ... တကယ်တော့ ဘီလူးသရဲစီးသလို ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် တုန်လှုပ်ကုန်ကြလေပြီ။
ဝတ်ရုံနက်လူများ မျက်စိမျက်နှာပျက်နေကြသည့်အချိန်မှာပင် သူတို့ထဲမှ တစ်ယောက်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ “အကုန်အတူတူ တိုက်ကြ” သူက အော်သည်။ “သူ အခုပိုပြီး အစွမ်းထက်နေရင်တောင်မှ ငါတို့ကို တစ်ပြိုင်တည်း မရင်ဆိုင်နိုင်ဘူး။ သူ့ကို သတ်ပစ်ကြစို့”
တခဏကြာသော် ထိုလူ့ခေါင်းပြတ်ကြီး ပျံထွက်သွားသည်။ သူ မသေခင် သူ့မျက်နှာပေါ်တွင် အံ့ဩနေသောအမူအရာအား မြင်ရနိုင်သည်။ ခေါင်းပြတ်နေသော သူ့အလောင်း၏နောက်မှ မန်ဟိုက ဓားတစ်လက်ကို ကိုင်စွဲလျက် လမ်းလျှောက်ထွက်လာသည်။
သစ်သားဓားတစ်လက်
“ငါ ပြောခဲ့သလိုပဲ မင်းတို့အားလုံး ဒီနေ့ သေရမယ်” သူ့အသံက အေးစက်နေပြီး လူသတ်ငွေ့များသည် သူ့ခန္ဓာကိုယ်မှ တထောင်းထောင်း ထွက်နေ၏။
ကျန်ဝတ်ရုံနက်လူများမှာ ကြောက်ဒူးတုန်လာကြသည်။ သူတို့သည် အစစ်အမှန်တာအိုနောက်လိုက်သူများ ဖြစ်သော်လည်း သေရမည်ကို မကြောက်ဟု မဆိုလိုပေ။ မန်ဟို့ကို ထိုမျှအစွမ်းထက်သောအဆင့်ဖြင့် မြင်ရခြင်းက သူတို့စိတ်နှလုံးတွင် ထိတ်လန့်မှုတို့ ပြည့်သျှမ်းလာစေပြီး အကုန် နောက်ဆုတ်သွားကြတော့သည်။
သို့သော် ဤအခိုက်အတန့်တွင် ကျုံးဝူရ ဘေးတွင် ရပ်နေသော ဧကရာဇ်က အနီရောင်တောက်နေသော မျက်လုံးများဖြင့် ထိုလူများကို ကြည့်လိုက်သည်။ သူသည် လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်ပြီးနောက် သူတို့ကို လက်ညှိုးထိုးလိုက်၏။
ရုတ်တရက် နောက်ဆုတ်နေသော ဝတ်ရုံနက်လူများ၏ မျက်လုံးများမှာ ထိုနည်းတူ အနီရောင်တောက်လာတော့သည်။
“အစစ်အမှန်တာအိုအတွက်”
“အစစ်အမှန်တာအိုအတွက်”
ဟစ်ကြွေးသံများက ဒေါသထွက်နေသော သားရဲများ၏ ဟိန်းဟောက်သံများနှင့် တူသည်။ ဝတ်ရုံနက်လူများသည် တစ်ဖက်စွန်းရောက်ယုံကြည်နေပြီး ရူးသွပ်နေသော အမူအရာများဖြင့် ခရမ်းရောင်အလင်းများ ဖြန့်ကျက်လျက် မန်ဟို့ထံ ပြေးတက်လာကြ၏။ ကြည့်ရသရွေ့ သူတို့ကား အသက်စွမ်းအားများကို လောင်ကျွမ်းပစ်နေသည့်အလားပင်။
နတ်ဘုရားစွမ်းရည်အမြောက်အမြားကို ဆင့်ခေါ်ရင်း ပျံသန်းလာကြသော လူတစ်ဒါဇင်ကျော်ရှိသည်။ ခရမ်းရောင်မိုးကြိုးတန်းတစ်တန်း၊ ပုံရိပ်ယောင်သားရဲတစ်ကောင်၊ တောက်ပနေသော မှော်ရတနာများနှင့် ဧရာမမှော်လက်ကြီးတစ်ဖက်ပင် ပေါ်လာသည်။
ဂျိန်း ဂျိန်း ဂျိန်း
မတူညီသောနတ်ဘုရားစွမ်းရည်ဆယ်ခုကျော်နှင့် မှော်ပစ္စည်းများက မိုးကောင်းကင်အပြည့်ဖုံးရင်း မန်ဟို့အပေါ် ထိုးဆင်းလာသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်နေတော့သည်။
မန်ဟို့မျက်လုံးများက သတ်ဖြတ်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်လာသည်။ သူသည် အဝေးရှိ ဧကရာဇ်ကို လှမ်းကြည့်၍ အေးစက်စက် နှာမှုတ်လိုက်၏။ သူ့လက်ရှိ ဓားသည် ပျောက်ကွယ်သွားပြီး သူက ခြေတစ်လှမ်းတက်ကာ ခရမ်းမိုးကြိုးကို ထိုးဖောက်၍ ၎င်းကို ထုတ်လွှတ်လိုက်သော လူဆီ ပြေးဝင်သွားလေပြီ။ သူသည် ထိုလူ့နဖူးကို လက်ချောင်းဖြင့် ဖိလိုက်ပြီးနောက် ချာခနဲလှည့်ကာ ဒုတိယတစ်ယောက်ထံ ရွေ့လျားသွား၏။ အင်္ကျီလက်စအဝှေ့က ထိုလူ့နတ်ဘုရားစွမ်းရည်ကို ပြိုကွဲသွားစေပြီး မန်ဟိုက သူ့နဖူးကိုလည်း ဖိလိုက်ပြန်သည်.
သူကား တတိယအနက်ဝတ်လူဆီ ရွေ့လျားသွားပြန်ပြီး မှော်ပစ္စည်းကို လျစ်လျူရှုရင်း အနားကပ်ပြီးနောက် ထိုလူ့ဝမ်းဗိုက်ကို ပခုံးဖြင့် ဆောင့်တိုက်လိုက်သည်။ ထို့နောက် သူသည် ချာခနဲ လှည့်၍ ညာခြေဖြင့် ဝိုက်ကန်လိုက်ကာ လေပြင်းတစ်ချက်သည် ဝတ်ရုံနက်ရန်သုံးယောက်၏ ခေါင်းများအား ဆက်တိုက်ရိုက်ခတ်လိုက်၏။ သူ နောက်တစ်ခေါက် ပေါ်လာသောအခါ ခုနစ်ယောက်မြောက် ဝတ်ရုံနက်ကျင့်ကြံသူအရှေ့တွင် ဖြစ်နေလေပြီ။ သူက လက်သီးတစ်ချက်ပစ်သွင်း၍ ထိုလူ့တာအိုမှော်သိုင်းမှ ဖန်ဆင်းထားသော သားရဲကို ဖျက်စီးပစ်လိုက်သည်။
သူသည် သားရဲအပိုင်းအစများမှ ဖြတ်လာရင်း ခုနစ်ယောက်မြောက်လူ၏ ရင်ဘတ်ကို ထိုးနှက်လိုက်၏။ ထို့နောက် ဘေးသို့ ဆတ်ခနဲ ရွေ့လျား၍ ကျောကို သုံးကာ ရှစ်ယောက်မြောက်ဝတ်ရုံနက်လူကို တိုက်ချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဘယ်လက်ကို ဆန့်တန်းလိုက်ရာ အရိုးထိပ်လှံပေါ်လာသည်။ သူက ၎င်းကို လွှဲပစ်လိုက်ကာ ကိုးယောက်မြောက်ဝတ်ရုံနက်လူ၏ နဖူးကို စိုက်ဝင်သွားစေ၏။ ထို့နောက် အင်္ကျီလက်စကို ခါလိုက်ရာ နတ်မီးတောက်က တရှဲရှဲမြည်ရင်း နောက်ထပ်ရန်သူလေးယောက်ကို ဝါးမြိုလိုက်လေပြီ။
သူက နောက်ဆုံးလှုပ်ရှားမှုဖြင့် ဆယ့်လေးယောက်မြောက် ဝတ်ရုံနက်လူ၏ခေါင်းပေါ်တွင် ပေါ်လာပြီးနောက် ညာလက်ဖြင့် ရက်ရက်စက်စက် ထိုးချလိုက်သည်။
လေထုသည် တုန်ခါသွားပြီး တုန်ခါလှိုင်းများက အရပ်လေးမျက်နှာသို့ လိမ့်ထွက်၍ အနီးရှိဝတ်ရုံနက်ကျင့်ကြံသူသုံးယောက်ကို ဝင်တိုက်ရင်း သူတို့အား ပြင်းပြင်းထန်ထန် တုန်ရီစေ၍ မချိတင်ကဲ အော်လိုက်ရစေသည်။
မန်ဟိုကား လက်ကလေးလှန်သလို လွယ်ကူစွာ လှုပ်ရှားခဲ့ပြီး ဝတ်ရုံနက်ကျင့်ကြံသူအယောက်နှစ်ဆယ်ခန့်မှာ ဆက်တိုက် ဇီဝိန်ချုပ်ခံခဲ့ရလေပြီ။ တိုက်ပွဲ၏ ကျန်ရစ်ခဲ့သော ပေါက်ကွဲသံများက စစ်မြေပြင်တစ်လျှောက် ပဲ့တင်ထပ်နေဆဲပင်။
ထို့နောက် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
အသက်ရှင်ကျန်ခဲ့သူများမှာ လုံးလုံးလျားလျား အံ့အားသင့်နေကြတော့သည်။ သူတို့သည် ရူးမိုက်မှုနှင့် တစ်ဖက်စွန်းရောက်ယုံကြည်မှုနယ်ပယ်အတွင်းမှ နိုးထလာခဲ့သည့်အလား မန်ဟို့ကို ကြောက်ကြောက်လန့်လန့် ကြည့်နေကြတော့၏။ ယခုတွင် သူတို့မှာ ကြောက်ဒူးတုန်တုန်ဖြင့် သူ့ထံ နောက်ဆုတ်သွားကြလေသည်။
“သူ့ ကျင့်ကြံအဆင့်က ဘာ...ဘာများလဲ”
“ဘယ်လိုလုပ် သူက ဒီလောက်အထိ သန်မာနိုင်တာတုန်း။ တစ်ဝက်တစ်ပျက်တာအိုအဆင့်မှာလား”
“မြန်..မြန်လိုက်တာ။ အသက်ရှူချိန်အနည်းငယ်လေးအတွင်းနဲ့ သူက ငါတို့လူအယောက်နှစ်ဆယ်လောက်ကို သတ်ခဲ့ပြီးပြီ”
အဝေးရှိ ဧကရာဇ်၏မျက်နှာ ပျက်ယွင်းနေသည်။ သူသည် မန်ဟို့ကို ကြည့်လျှင် ပြင်းထန်သောကြောက်စိတ်တို့ ဖြစ်ပေါ်လာ၏။ ကျုံးဝူရမှာမူ သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်သည် အားကောင်းလာပြီး တစ်ချိန်တည်းမှာပင် တိုက်ခိုက်ချင်နေပုံပေါက်သည်။
တာအိုကောင်းကင်မှာ မျက်နှာမသာမယာဖြင့် နောက်ဆုတ်သွားတော့သည်။ သူ့မှာ လက်ရှိမန်ဟို့ကို ရန်မစရဲပေ။
တာအိုကောင်းကင် နောက်ဆုတ်သွားသည့်အချိန်မှာပင် မန်ဟိုသည် တာအိုကောင်းကင်ရှိရာသို့ သွေးအေးအေးကြည့်ပြီး ပြောလိုက်၏။ “အခု ငါ သွေးပူလေ့ကျင့်ခန်းလုပ်ပြီးပြီဆိုတော့ မင်းအလှည့်ရောက်ပြီ”
သူတို့အကြည့်ချင်းဆုံလျှင်ချင်း တာအိုကောင်းကင်မှာ မျက်နှာပျက်သွားပြီး ပို၍မြန်မြန်ဆန်ဆန် ဆုတ်သွားတော့သည်။ သူသည် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ မန်ဟို့ထံ ပြေးတက်သွားသော ပုံရိပ်ယောင်သားရဲများစွာအား ပေါ်လာစေ၏။
မန်ဟိုက မြှားတစ်စင်းသဖွယ် လေကို ခွင်းသွားသည်။ သူသည် အရှိန်ပင်မလျှော့ဘဲ သားရဲများကို ပြေးတိုက်လိုက်လေ၏။ သားရဲများက သူ့ကိုယ်ပေါ်တွင် ပွန်းရာပဲ့ရာပင် မကျန်ခဲ့စေသည့်အပြင် သူ၏ဖြတ်သန်းသွားမှုက ၎င်းတို့ကို ပေါက်ကွဲသွားစေသည်။
“သေစမ်း” တာအိုကောင်းကင်မှာ ညာလက်ကို ဝှေ့ယမ်း၍ တစ်ချိန်တည်းမှာပင် မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း နောက်ဆုတ်လိုက်သည်။ ဧရာမမုခ်ဝကြီးတစ်ခု ပေါ်လာသဖြင့် လေလှိုင်းများ ထလာသည်။ မုခ်ဝထဲမှာ မန်ဟို့ကို ထိုးချလိုက်သော အနက်ရောင်လက်သီးတစ်လုံး ထွက်လာသည်။
“ပျက်စီးလိုက်စမ်း” မန်ဟိုက အသက်နုတ်လက်သီးကို ထုတ်လွှတ်ရင်း ပြောလိုက်သည်။ ၎င်း အနက်ရောင်လက်သီးကို ဝင်တိုက်သွားသောအခါ မိုးနှင့်မြေသည် တုန်ခါသွားပြီး လက်သီးကြီး ပေါက်ကွဲသွား၏။ မုခ်ဝမှာမူ ချက်ချင်းပင် လွင့်စင်ပြိုကွဲသွားတော့သည်။ မန်ဟို့လက်သီးက ၎င်းကို ခွင်း၍ တာအိုကောင်းကင်၏လက်ချောင်းနှင့် ထိတွေ့သွားသည်။
ဘန်းးးးးးး။ တာအိုကောင်းကင်၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့လက်ချောင်းသည် ပေါက်ကွဲသွားကာ သူ့အား ကြိုးပြတ်သွားသော စွန်ပမာ လွင့်ထွက်သွားစေသည်။
တစ်ချိန်တည်းမှာပင် ကျိန်စာရွတ်သံအား ယခုလေးတင် ပြိုကွဲသွားခဲ့သော မုခ်ဝအတွင်းမှ ကြားနိုင်၏။
“ငါ နတ်ဆိုးအင်မော်တယ် ငါ့နာမည်နဲ့တိုင်တည်ပြီး မင်းရဲ့သွေးကို ကျိန် .... "
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ ကျိန်စာပြီးဆုံးမည်ကို စောင့်မနေဘဲ သူသည် လက်သီးဆုပ်ကို ဖြေ၍ တံခါးအတွင်းထဲ လှမ်းနှိုက်ကာ အထဲရှိ ချိုသုံးချိုနှင့် လူပုံစံသားရဲမည်းမည်းကြီးကို ဆုပ်ကိုင်လိုက်၏။
သားရဲမှာ ထိတ်လန့်သွားပြီးနောက် ကြောက်လန့်တကြား အော်တော့သည်။
“မ..မင်...မင်း.... မုခ်ဝထဲ တကယ်နှိုက်လို့ရတယ်လား”
မန်ဟို့လက်ထဲမှ နတ်မီးတောက်ထွက်လာသည်။ လူပုံစံသားရဲမှာ အရှက်လတ်လတ် မီးလောင်တိုက်သွင်းခံနေရ၍ သွေးပျက်စွာ အော်နေရလေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မီးလောင်ပြာကျသွားတော့သည်။
“တာအိုကောင်းကင်” မန်ဟိုက တုန်ခါလှိုင်းများကို ဖြန့်ကျက်ရင်း ထပ်ကြပ်မကွာ လိုက်လာသည်။ သူသည် တခဏလေးနှင့် တာအိုကောင်းကင်အပေါ် ရောက်သွားပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ တုံ့ပြန်သည့်အနေဖြင့် တာအိုကောင်းကင်က ဟိန်းဟောက်၍ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ထုတ်လွှတ်လိုက်သည်။ ရှေးဟောင်းနယ်ပယ်သို့ ကိုးကြိမ်ကိုးခါတက်ခဲ့ခြင်းမှ လာသော စွမ်းအားအပြည့်သည် မန်ဟို့ကို ရိုက်ခတ်လိုက်၏။
ဘန်းးး။ တာအိုကောင်းကင်၏ပါးစပ်မှ သွေးတစ်လုပ်အန်လိုက်ရသည်။ မန်ဟိုက ဆက်တက်လာသည်။ တစ်ချက်၊ နှစ်ချက်၊ သုံးချက်။
တာအိုကောင်းကင်မှာ သွေးတစ်လုပ်ပြီးတစ်လုပ် အန်နေရသည်။ သူက ဟိန်းဟောက်၍ လျှာထိပ်ကို ကိုက်ကာ သွေးတချို့ထွေးထုတ်လိုက်သည်။ သွေးများက ပင်လယ်တစ်စင်းဖြစ်လာ၏။ ၎င်းက မန်ဟို့ဆီ စီးဆင်းမသွားဘဲ ပေါက်ကွဲသွားလေသည်။ ဖြစ်ပေါ်လာသောအားက တာအိုကောင်းကင်နှင့် မန်ဟို့ကို ကွာသွားစေ၏။ ထို့နောက် တာအိုကောင်းကင်က ညာလက်ကို လေပေါ် မြှောက်လိုက်သည်။ မိုးကောင်းကင်မှာ လင်းလက်ပြိုးပြက်လာပြီး လူသတ်ငွေ့များ အလိပ်လိပ်ဖြာထွက်လာ၏။ အနက်ရောင်မြူခိုးတန်းများဖြစ်ပေါ်လာကာ ပန်းချီကားလိပ်ပုံသဏ္ဌာန်ပြောင်းသွားလေပြီ။
“မန်ဟို ငါ မင်းရဲ့ သွေးခွေးကြီးရဲ့ဒိုင်းကို နှစ်ခါပဲ ထိခဲ့တာပါ” သူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ “မင်းခွေးကို ထိခဲ့တာမဟုတ်ဘူး။ ငါတို့နှစ်ယောက်လုံးက အက်ရှလွန်တွေ။ မင်းကို လိုက်ဖမ်းပြီး မင်းခွေးကို ရန်လုပ်ခဲ့တာက ပြည်ထောင်သုံးက လူထူးဆန်းတွေကွ။ ငါ မဟုတ်ဘူး” သူက ဧကရာ
ဇ်ကို စွပ်စွပ်စွဲစွဲ လက်ညှိုးထိုးလိုက်သည်။ သူ့မှာ ဤစကားများကို ပြောရုံမှတစ်ပါး အခြားမရှိသော်လည်း တစ်ချိန်တည်းမှာပင် ပန်းချီကားလိပ်ကို ကျန်လက်တစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ထားသေးသည်။ ပန်းချီကားလိပ်သည် သူ၏ဝှက်ဖဲဖြစ်သည့်အပြင် ထိရောက်သောခြိမ်းခြောက်မှုလည်း ဖြစ်၏။ သူ့မှာ ယခုတော့ စိတ်လိုက်မာန်ပါ လုပ်ခဲ့မိသည်ကို နောင်တရနေပြီး မန်ဟို့ကို ပြဿနာလာမရှာခဲ့လျှင် ကောင်းမည်ဟုပင် တွေးနေမိတော့သည်။
ဤအခိုက်အတန့်တွင် မန်ဟို အနှစ်သာရ ၂၇၀၀ ကို ဉာဏ်အလင်း ရသွားသည့်အတွက် ပြည်ထောင်တစ်၏ နိုင်ငံ့အရှိန်အဝါတောင်သည် ပြိုကျသွား၏။ ကိုးတန်းမြောက်အလင်းတန်း ထိုးတက်သွားကာ ကိုးခုမြောက်ဝဲလည်း လေထဲတွင် ပေါ်လာလေပြီ။
ကိုးခုမြောက်ဝဲက လေဟုန်ခွင်းလောကအား အာကာသထဲတွင် ရပ်တန့်သွားစေတော့သည်။
တဒုန်းဒုန်းမြည်သံများ မြေပြင်များမှ ထွက်ပေါ်နေပြီး ဧကရာဇ်မှာ စိုးရိမ်နေတော့သည်။
“ကျုံးဝူရ” သူက ပြောသည်။ “မင်း မပါဘဲ နေလို့ ရပေမယ့် အစီအစဉ် ကျရှုံးလို့မဖြစ်ဘူး။ မင်း အဲဒါရဲ့အမှန်တရားကို နားလည်ရမယ်” သူက ကျုံးဝူရကို လျစ်လျူရှုရင်း ညာလက်ကို ဆန့်တန်းလိုက်ရာ အထဲတွင် မြေအိုးတစ်လုံး ပေါ်လာသည်။
မြေအိုးသည် သွေးရောင်ဖြစ်ပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ဆူပွက်နေသည့်သွေးများဖြင့် ပြည့်သျှံနေ၏။
“နှစ်ပေါင်းမရေမတွက်နိုင်အောင် ပြင်ဆင်ခဲ့ပြီးနောက်မှာ လေဟုန်ခွင်းလောကအတွက် မျှော်လင့်ချက်ရောင်ခြည်သမ်းလာခဲ့တယ်။ ငါ့ကို သူတော်ကောင်းလို့ပဲမြင်မြင် ၊ သူယုတ်မာလို့ပဲ မြင်မြင် ငါဟာ ကောင်းကင်ဘုံ ၃၃ ခုရဲ့အောက်ကနေ လေဟုန်ခွင်းလောက လွတ်မြောက်အောင် ဦးဆောင်ပေးမယ်။ ကောင်းကင်ဘုံ ၃၃ ခုက ကောင်းကင်ဘုံ ၃၄ ခု ဖြစ်လာပြီး လေဟုန်ခွင်းလောကသားတွေအားလုံး အစစ်အမှန်တာအိုကို ဉာဏ်အလင်းရလိမ့်မယ်
“နှစ်ပေါင်းများစွာကြာခဲ့တဲ့တိုင်အောင် ဒီအကြောင်းအရင်းအတွက်၊ ဒီမျှော်လင့်ချက်အတွက် အသက်တွေ ဘယ်လောက်တောင် စတေးခဲ့သလဲ ပြောလို့တောင် မရဘူး။ ငါတို့ကို ကူညီဖို့ မင်းတို့ရဲ့သွေးကို သုံးပြီး ... သွေးလောကအစီအရင်ကို ငါ အသက်သွင်းမယ်” ဧကရာဇ်က ဟိန်းဟောက်ရင်း သွေးအိုးကို မြေကြီးအပေါ် အားပြင်းပြင်း ရိုက်ချလိုက်တော့သည်။