အခန်း(၅၉၉) မြို့တော်သို့ ပြန်လာခြင်း
Vol. 43 Ch. 599
အခန်း(၅၉၉) မြို့တော်သို့ ပြန်လာခြင်း
ဘာသာပြန်အလုပ်က မလွယ်ကူပါ။ သို့သော်လည်း လင်းချင်းဟယ်က မပင်ပန်းပေ။ ဒီလိုအလုပ်မျိုးရှိနေရင် သူမ ဘဝက ပြည့်စုံပါပြီ။
အခုတော့ မြို့တော်ကိုပြန်ရဖို့ သူတို့သမီးလေး အနည်းငယ် ပိုကြီးပြင်းလာမည့်အချိန်ကို စောင့်နေကြပါသည်။
ပြောရမည်ဆိုလျှင် ကလေးတစ်ယောက်က နေ့တိုင်း ကြီးပျင်းလာသည်ဟုဆိုလျှင် မမှားနိုင်ပါ။ သူမလေးက အရွယ်ရောက်မြန်လွန်းပါသည်။ ပထမလမှာတော့ အိပ်လိုက်စားလိုက်သာဖြစ်သည်။ သို့သော် အခု ဒုတိယလမှာတော့ နိုးနေသည့်အချိန် ပိုများလာပါသည်။
အချိန်အတော်များများမှာ အိပ်နေတတ်သေးသော်လည်း သူနဲ့ တစ်ယောက်ယောက်က စကားပြောလျှင် ရယ်နေတတ်ပါပြီ။
ဝက်နံရိုးနဲ့ဖရုံသီးစွပ်ပြုတ်က အရသာရှိပါသည်။ လင်းချင်းဟယ် ကြိုက်နှစ်သက်သည်။
ဘဝက ရိုးရှင်းသော်လည်း အလွန်နွေးထွေးပါသည်။ ကျိုးချင်းပိုင်က ကျန်ကိစ္စများကို တာဝန်ယူခဲ့သည်။ ပန်းကန်များ ဆေးကြောပြီးနောက် သူ့မိန်းမကို ဖက်ကာ တီဗီကြည့်ပါသည်။
သူတို့ သမီးလေးကတော့ အခန်းထဲမှာ တစ်ယောက်တည်း ကစားနေသည်။
သူ့သမီးလေးကို အလွန်ချစ်မြတ်နိုးသော်လည်း သူ့မိန်းမကိုလည်း နေ့တိုင်း အချိန်ပေးပါသည်။ လင်းချင်းဟယ်က သူတို့၏ အတူတူရှိနေချိန်လေးကို သဘောကျပါသည်။
"ရှင်အခု တော်တော်ဝလာတာပဲ။ ဒီခန္ဓာကိုယ်ကြီးကတော့ လေ့ကျင့်ခန်းလုပ်ဖို့ လိုနေပြီ" လင်းချင်းဟယ်က သူ့လက်တွင်မှီရင်း ပြောလိုက်ပါသည်။
"အကုန်လုံးကို ကိုယ်စားဖို့ပဲ ချန်မထားနဲ့ပေါ့" ကျိုးချင်းပိုင်က အနည်းငယ် စိတ်ပျက်နေပါသည်။ သူမဝဘဲ နေနိုင်ပါ့မလား။ ဟင်းအများကြီး ချက်ပြီး နောက်ဆုံး သူ့ဗိုက်ထဲပဲ ရောက်လာတတ်သည်။ သူဝမလာမှ ထူးဆန်းနေပါလိမ့်မည်။
"ရှင်က အများကြီး ချက်တာကိုး။ ကျွန်မဗိုက်က ပြန်ကောင်းနေပါပြီ။" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ဒါဆို ကိုယ် မနက်ဖြန်ကစပြီး အပြေးပြန်လေ့ကျင့်တော့မယ်။"
"ပြေးပေါ့။ အရင်တုန်းက ခန္ဓာကိုယ်မျိုး ပြန်ရအောင် ကြိုးစား။ ကျွန်မ အရင်တုန်းက ခန္ဓာကိုယ်ကို သဘောကျတယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ကျိုးချင်းပိုင် "..."
ခက်တော့ ခက်တော့မည်။
ထိုအချိန်တုန်းက သူက အသက် ၂၀ - ၃၀ ဝန်းကျင်သာ ဖြစ်သည်။ အခုတော့ သူက အသက် ၄၀ ဝန်းကျင် ရှိနေပါပြီ။
လင်းချင်းဟယ်က သူ့ကို စနေခြင်းသာဖြစ်ပြီး အတည်မယူခဲ့ပါ။ သူမယောက်ျား ဘယ်လိုပုံစံ ဖြစ်လာပါစေ ဂရုမစိုက်ပါ။ အမှန်ပင်။ ဝက်ကြီးတစ်ကောင်လိုတော့ ဖြစ်လာလို့မရပါ။ မဟုတ်ပါက သူမ လက်ခံနိုင်မည် မဟုတ်ပေ။
ရှန်ဟိုင်းမြို့တော်က တောင်ပိုင်းမှာ ရှိသော်လည်း ရာသီဥတုက အေးလွန်းနေပါသေးသည်။ ဒီလိုရာသီဥတုမျိုးက စိုစွတ်စွတ်အေးစက်သည့် အအေးမျိုးဖြစ်ကာ ခြောက်သွေ့သွေ့ အအေးမျိုး မဟုတ်ပါ။
အထူးသဖြင့် လူနာလ ၁၂ လပိုင်းထဲ ဝင်လာသောအခါ တကယ်ပဲ အုံ့မှိုင်းပြီး အေးစက်လာပါသည်။
လင်းချင်းဟယ်က အမွှေးပွ ဂျတ်ကတ်တစ်ထည်ကို ဝတ်ရင်း အပြင်ထွက်လာခဲ့သည်။ ဘောင်းဘီများကိုဖြတ်ပြီး အအေးဒဏ်များ ဝင်လာသည်ကို ခံစားမိပါသည်။
လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့နှစ်ယောက်စလုံး ဆွေးနွေးပြီးနောက် ဒီရက်ပိုင်းအတွင်း ပြန်ကြဖို့ စီစဥ်လိုက်ပါသည်။ ဒီအချိန်တွင် မိမိလေးလည်း ၂ လကျော်နေပြီဖြစ်သည်။
သူမက အောက်တိုဘာလ ၁၀ ရက်နေ့တွင် မွေးဖွားခြင်းဖြစ်သည်။ လူနာပြက္ခဒိန်အရဆိုလျှင် စက်တင်ဘာလလယ် ဖြစ်သည်။ မျက်စိတစ်မှိတ်အချိန်အတွင်း မိမိလေး ၂ လ ကျော်သွားပါပြီ။ ၃ လ နီးပါးပင် ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ကျိုးချင်းပိုင်က အဘွားကျန်းကို အိမ်လည်လာဖို့ သွားဖိတ်ခဲ့သည်။ မိမိလေးကတော့ ဗိုက်ပြည့်လျှက် အခန်းထဲမှာ အိပ်နေပါသည်။
တစ်ယောက်ယောက်ကို ကြည့်ခိုင်းထားဖို့ လိုအပ်ပါသည်။
ထို့ကြောင့် အဘွားကျန်းက ဧည့်ခန်းထဲတွင် ဦးထုပ်ချည်ထိုးရင်း တီဗီကြည့်နေဖို့သာ လိုသည်။ ကျိုးချင်းပိုင်က သူ့မိန်းမနဲ့အတူ မြို့ပြင်သို့ ကားမောင်းလာ၏။ လမ်းလယ်လောက် ရောက်သောအခါ ကားကို ပြန်သိမ်းထားလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် လမ်းလျှောက်ကြရင်း အိမ်ကို ဘတ်စ်ကားစီးကာ ပြန်လာခဲ့ပါသည်။
စုစုပေါင်း ၁ နာရီခွဲလောက် ကြာမြင့်သည်။ ကားကို နေရာလွတ်ထဲတွင် သိမ်းထားလိုက်သည်။ မြို့တော်သို့ ရောက်သောအခါ သူတို့ ပြန်ထုတ်ယူနိုင်ပါသည်။
သူတို့ ထရပ်ကားရှိသည့် မိတ်ဆွေတစ်ယောက်ကို တွေ့ပြီး မြို့တော်သို့ သယ်ယူပို့ပေးစေခဲ့သည်ဟု အဘွားကျန်းကို သူတို့ ရှင်းပြခဲ့သည်။
အဘွားကျန်းက သူ့ကို သံသယ မဖြစ်ပါ။ ဘေးကင်းသည်ဟု ဆိုသော်လည်း အပြင်ဘက်က မလုံခြုံပါ။ ရွာတချို့မှာဆို တစ်ရွာလုံးက ထွက်လာကြပြီး လမ်းကို ပိတ်ကာ ဓားပြတိုက်တတ်ကြသည်။ သူစိမ်းများကို အနိုင်ကျင့်ခြင်းသာဖြစ်သည်။
ကားကို သိမ်းထားပြီး ၃ ရက်မြောက်နေ့တွင် ကျိုးချင်းပိုင်က အဘိုးကျန်းနဲ့ အဘွားကျန်းတို့ကိုခေါ်ပြီး ပစ္စည်းများ စရွှေ့ပါတော့သည်။
ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များနှင့် တီဗီစက်များအားလုံးကို သူတို့အိမ်သို့ ရွှေ့လိုက်ကြ၏။ သူတို့နဲ့ ယူသွားလို့လည်း မရသလို ယူလည်း ယူသွားမှာ မဟုတ်ပေ။ ထို့အစား လူကြီးနှစ်ယောက်အတွက် ထားခဲ့ပေးလိုက်ပါမည်။
သို့သော်လည်း အဘိုးကျန်းက သဘောမတူပါ။ ပိုက်ဆံပေးဖို့ ကြိုးစားကာ လက်မခံပါက ပြန်ရွှေ့ထားမည်ဟု ပြောသည်။ ခေါင်းဆောင်ကျန်းကလည်း တကူးတက အချိန်ယူပြီး ရောက်လာခဲ့ပါသည်။
နှစ်ကုန်ခါနီးအချိန် ဖြစ်ပါသည်။ ဒီအချိန်မျိုးတွင် အကြွေးဆပ်ဖို့အတွက် တစ်ခုခု လုယက်ခိုးယူချင်နေကြသည့် သူခိုးများစွာ ရှိတတ်ကြသည်။ ထို့ကြောင့် ခေါင်းဆောင်ကျန်းက အလွန်အလုပ်များနေပါသည်။ သို့သော်လည်း သူကိုယ်တိုင် ရောက်လာခဲ့ပါသေးသည်။
ကျိုးချင်းပိုင်ကို ယွမ် ၅၀၀ ပေးလိုက်၏။ "ဒီလောက်နဲ့ သေချာပေါက် မလောက်မှာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော် ယွမ် ၁,၀၀၀ ပေးလည်း ခင်ဗျားယူမှာမဟုတ်ဘူး။ ဒါဆိုလည်း ယွမ် ၅၀၀ ပဲပေါ့။ လူကြီးတွေကို စိတ်အေးခွင့် ပေးလိုက်ပါ။ ခင်ဗျားတို့ရဲ့ အတွေးကို လက်ခံပါတယ်။"
လျှပ်စစ်ပန်ကာများ၊ တီဗီစက်များ၊ ရေခဲသေတ္တာများနဲ့ အဝတ်လျှော်စက်များ ရှိသည်။ ကျိုးချင်းပိုင်က ဒါတွေကို ပြန်ယူသွားဖို့ အစီအစဥ် မရှိပါ။ အားလုံးကို အဘိုးကျန်းနဲ့ အဘွားကျန်းတို့အတွက်သာ ထားခဲ့ပေးလိုက်သည်။ ထိုအရာအားလုံးကို ဝယ်မည်ဆိုလျှင် အနည်းဆုံး ယွမ် ၁,၄၀၀ - ၁,၅၀၀ လောက် ရှိနိုင်သည်။ အားလုံးက အသစ်အတိုင်းပဲ ရှိသေးသောကြောင့်ဖြစ်သည်။
သို့သော်လည်း ခေါင်းဆောင်ကျန်းပြောသလိုပဲ သူတို့ ဒီလောက်ပစ္စည်းအများကြီးအတွက် ပိုက်ဆံမယူပါက လူကြီးနှစ်ယောက်က ဒါတွေကို အသုံးပြုရမှာ စိတ်မသန့် ဖြစ်နိုင်ပါသည်။
ထို့ကြောင့် ကျိုးချင်းပိုင်က ယွမ် ၅၀၀ ကို မငြင်းတော့ပါ။။
သို့သော်လည်း ယွမ် ၅၀၀ တည်းဆိုရင်တောင် ခင်မင်ရင်းနှီးမှုအား တည်ဆောက်နိုင်ခဲ့ပါသည်။ အဟောင်းများကို ပြန်ဝယ်ရင်တောင် ဒီစျေးနဲ့ မရနိုင်ပါ။ သို့သော်လည်း အဘိုးကျန်းတို့ကို စိက်သက်သာရာရစေခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် ဘယ်ပိုက်ဆံကမှ လေထဲက ကျလာတာ မဟုတ်ပေ။ သူတို့မြေး၏ ခေါင်းကိုင်အဖေက ရက်ရောသော်လည်း အများကြီး အခွင့်ကောင်းယူလို့မဖြစ်ပါ။
"ဒီအိမ်ကိုတော့ ဦးလေးကျန်း ကျွန်တော့်ကို ငှားလို့ရအောင် ကူညီပေးပါဦး။ တခြားနေရာတွေမှာလည်း အိမ်တွေနဲ့ ဆိုင်တွေရှိသေးတယ်။ အကုန်လုံးကို ဝယ်ထားပြီးသား။ နောက်နှစ် နွေဦးရာသီစရင် ကျွန်တော်ကို့ ကူညီ စီမံပေးပါဦး။ ကျွန်တော် စျေးသတ်မှတ်ထားပြီးသားပါ။ တစ်လုံး ငှားလိုက်တိုင်း ဦးလေး အမြတ် ၃၀ ရာခိုင်နှုန်းရမှာပါ ဦးလေးကျန့်" ကျိုးချင်းပိုင်က ပြောပြလိုက်ပါသည်။
"ဘယ်က အိမ်တွေ ဆိုင်တွေလဲ" အဘိုးကျန်း ထိတ်လန့်သွားပါသည်။
"အရင်တုန်းက ချင်းပိုင် ဝယ်ထားတာတွေပါ။ အခု ကျွန်မတို့ မြို့တော်ကို ပြန်ကြတော့မှာဆိုတော့ ဘယ်သူမှ စီမံပေးမယ့်လူမရှိလို့လေ။ ဦးလေးကျန်း ကျွန်မတို့ကို ကူညီပြီး စီမံပေးပါလား။ လစာက ရာခိုင်နှုန်းအတိုင်း တွက်ချက်ပြီး ပေးသွားမှာပါ။ ဒါပေမယ့် အခြေခံလစာတော့ မရှိဘူးနော်" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
"ဘာရာခိုင်နှုန်းမှ တွက်စရာ မလိုပါဘူး။ ဆိုင်တွေက ဘယ်မှာတုန်း။ ချင်းပိုင် ဒီနေ့ ငါ့ကိုလိုက်ပြစမ်း။ နောက်နှစ်ကျရင် ငါကူပြီး ငှားပေးပါ့မယ်" အဘိုးကျန်းက ရွှင်ပျစွာ ပြောလိုက်ပါသည်။
"ဘယ်ဟုတ်ပါ့မလဲ" လင်းချင်းဟယ်က ပြန်ပြောသည်။ "ရာခိုင်နှုန်းတစ်ခုတော့ ပေးမှပေါ့။ ဘယ်လောက်ရမလဲဆိုတာကတော့ ဦးလေးရဲ့ အစွမ်းအစပေါ်ပဲ မူတည်တယ်နော်။"
ကျိုးချင်းပိုင်က အဘိုးကျန်းကို ဆိုင်နဲ့ အိမ်များအား လိုက်ပြလိုက်ပါသည်။ လျှောက်ပတ်ကြည့်ပြီးသွားသောအခါ အဘိုးကျန်းတစ်ယောက် ဇဝေဇဝါ ဖြစ်သွားပါသည်။
“မင်းတို့ ဘာလို့ ဆိုင်တွေ အိမ်တွေ ဒီလောက် အများကြီး ဝယ်ထားရတာလဲ" အဘိုးကျန်း အံ့သြနေပါသည်။
"ကျွန်တော့် အားလပ်ချိန်တွေမှာ ဒီတိုင်း လျှောက်ကြည့်နေတာ။ ကျွန်တော် ဝယ်ချင်ရင် ဝယ်လိုက်တာပဲ။ အခု ကျွန်တော် ဒီကိုပြန်လာပြီး စီမံဖို့ အချိန်မရှိဘူးဆိုတော့ ဒီတိုင်း ပစ်ထားလို့လည်း မကောင်းဘူး။ အဲ့တာကြောင့် အရင်ဆုံး ငှားဖို့ စီစဥ်လိုက်ရတာပါ" ကျိုးချင်းပိုင်က ရှင်းပြရင်း စာရင်းပြလိုက်ပါသည်။ "ဒီက ဆိုင်တွေ၊ အိမ်တွေရဲ့ လိပ်စာတွေကို ရေးပေးထားတယ် ဦးလေး။ ကျွန်တော့်အတွက် ကြည့်ပေးထားပါ။ နောက်ပိုင်းကျရင်တော့ ကျွန်တော့်ဖာသာ ပြန်လည်ပတ်နိုင်လောက်တယ်။"
"ကိစ္စမရှိပါဘူး။ ငါ့တာဝန်သာ ထားလိုက်။ မင်းအတွက် အိမ်ငှားခအားလုံးကို တိတိကျကျ မှတ်ထားပေးမယ်။" အဘိုးကျန်းက အမြန် အာမခံလိုက်ပါသည်။
"ဖျက်ဖို့ ဒါမှမဟုတ် တစ်ခုခုဖြစ်လာခဲ့ရင် ကျွန်တော့်ကိုသာ ဖုန်းဆက်လိုက်ပါ။ ဒါက မြို့တော်က ဖက်ထုပ်ဆိုင်ရဲ့ ဖုန်းနံပါတ်ပါ။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ကောင်းပါပြီ" အဘိုးကျန်းက သဘောတူလိုက်ပါသည်။
နောက်နေ့ ကျိုးချင်းပိုင်နဲ့ လင်းချင်းဟယ်တို့ ထွက်လာခဲ့ကြသည်။ ခေါင်းဆောင်ကျန်းကိုယ်တိုင် သူတို့ကို ဘူတာရုံသို့ ရဲကားဖြင့် လိုက်ပို့ပေးလိုက်သည်။
"ခေါင်းကိုင်အမေနဲ့ ခေါင်းကိုင်အဖေတို့ နောက်နှစ် နွေရာသီကျရင် ကျွန်တော် လာခဲ့မယ်နော်။" ကျန်းကမ်းက မခွဲချင်ဘဲ ပြောလိုက်ပါသည်။
"လိပ်စာကို မှတ်မိလား။" လင်းချင်းဟယ်က မေးလိုက်သည်။
"မှတ်မိတယ်။ သေသေချာချာ မှတ်မိတယ်။" ကျန်းကမ်းက ပြောလိုက်သည်။
"ဟုတ်ပါပြီ။ ဒါပေမယ့် မလာခင် နင့်မိဘတွေရဲ့ ခွင့်ပြုတ်ချက်ကို အရင်တောင်းရမယ်နော်။ ခိုးလာခွင့်မပြုဘူး။" လင်းချင်းဟယ်က သတိပေးလိုက်သည်။
"သိပါတယ်။" ကျန်းကမ်းက အတည်ပေါက် ပြောလိုက်ပါသည်။