ကူချိုက်၏ ရည်မှန်းချက်
Vol. 86 Ch. 1197
“အစ်ကိုကြီးမို… သူမက ကျွန်မရဲ့ကူမျိုးနွယ်က တပည့်တွေကို သတ်ပစ်ခဲ့တယ်”
ကူချိုက်က စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီးမှ ပြောလိုက်သည်။
မိုဝူကျိက ခေါင်းငြိမ့်ကာ
“ကျုပ် သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်က သိုက်နန်ကျန်းနဲ့ မိတ်ဆွေဖြစ်နေလို့ပဲ။ သူမနဲ့ ကူမျိုးနွယ်ကြားက ပတ်သက်မှုက နည်းနည်း ရှုပ်ထွေးတယ်ဆိုတာကိုလည်း ကျုပ် သိထားပြီးသား။ နန်ကျန်း… ကူချိုက်ကို အရင်က ဘာဖြစ်ခဲ့လဲဆိုတာ ရှင်းပြလိုက်ပါဦး”
“ဟုတ်ကဲ့”
ကူချိုက်၏ အင်အားကို မြင်ပြီးနောက် သိုက်နန်ကျန်းသည် သူမအစ်ကိုအတွက် လက်တုံ့ပြန်ဖို့ရာမှာ မဖြစ်နိုင်တော့မှန်း သိလိုက်သည်။ သိသာစွာပင် ကူချိုက်က သူမထက် အဆပေါင်းများစွာ ပိုအားကောင်းလေသည်။
သိုက်နန်ကျန်းက သူမ အစ်ကိုအကြောင်းနှင့် ကူချူက သူမဆီမှ မည်သို့မည်ပုံ လိမ်ညာ၍ သစ်နက်အပိုင်းအစ ယူသွားခဲ့ပုံတို့အား ပြန်ပြောပြလိုက်သည်။ သိသာစွာပင် သူမနှင့် သူမ အစ်ကိုတို့သည် ပြဿနာ၏ မြေဇာပင် ဖြစ်ခဲ့ရလေသည်။ ကူမျိုးနွယ်က သူမအစ်ကိုကို ဦးဆောင်သတ်ဖြတ်ခဲ့ပြီး သူမကိုလည်း အမှောင်ထု မူလခန်းမ၏ အပြင်ဘက်နံရံတွင် ကပ်ထားကြသည်။
ဇာတ်ကြောင်းစုံကို နားထောင်ပြီးသည့်နောက်၌ ကူချိုက်က တည်တည်ငြိမ်ငြိမ်ပဲ ရှိနေကာ မျက်နှာတွင်လည်း မည်သည့် အမူအယာမှ မရှိချေ။ သူမက ဤအကြောင်းများကို သိပြီးနှင့်သည်မှာ ကြာလှပြီ ဖြစ်သည်။ သူမက ကူမျိုးနွယ်ဆီတွင် သစ်နက်အပိုင်းအစကို လာရှာခြင်း ဖြစ်သည်။ သေချာစုံစမ်းကြည့်လိုက်သောအခါ ကူချူက သစ်နက်အပိုင်းအစကို အမှန်တကယ် ယူသွားခဲ့ကြောင်း သိလိုက်ရသည်။ သို့သော် ကူချူက သစ်နက်နှင့်အတူ ထွက်ပြေးသွားကာ နတ်ဘုရားနယ်မြေကို ရောက်သွားခဲ့သည်။
မည်သို့ပင် ဆိုစေကာမူ ကူချူက သူမ၏ ဘိုးဘွားဖြစ်လေရာ ဘိုးဘေးမကောင်းကြောင်းကိုတော့ သူမ ပြောမည် မဟုတ်ပေ။ ကူချိုက်သည် ပြန်ရောက်လာသည့်အချိန်၌ သူမ၏ အင်အားကြောင့် မျိုးနွယ်၏ နံပါတ်တစ် အဆင့်မြင့်ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
ကူချိုက်၏ မျက်လုံးထဲတွင် အပျော်တို့ မရှိတော့သည်ကို ခံစားမိသောအခါ မိုဝူကျိက သက်ပြင်း ကျိတ်ချလိုက်သည်။ ကူမျိုးနွယ်၏ လုပ်ရပ်များကို သူက တော်တော်လေး သဘောမတွေ့လှချေ။ သို့သော် ကူချိုက်မှာ ကူမျိုးနွယ်၏ မျိူးဆက်ဖြစ်လေရာ သူတို့ဘက်မှ စဉ်းစားပေးပေလိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်ပြီး မိုဝူကျိက ဘာမှဝင်မပြောနိုင်ပေ။
သို့သော် ကူချိုက်က သိုက်နန်ကျန်းအား သတ်မည်ကိုလည်း မိုဝူကျိက ခွင့်ပြုမည် မဟုတ်ပေ။
“အစ်ကိုကြီးမို… အစ်ကို့မျက်နှာကို ထောက်ပြီး ကျွန်မ သူမကို ဒီနေ့ မသတ်တော့ပါဘူး”
ခဏကြာပြီးနောက် ကူချိုက်က စကားပြန်စလိုက်သည်။
မိုဝူကျိက ခေါင်းအသာငြိမ့်လိုက်သည်။ သူ၏ ရင်ထဲတွင်လည်း ကူချိုက်နှင့် ပြန်တွေ့ရသဖြင့် ဖြစ်ပေါ်လာသော အပျော်များ မရှိတော့ချေ။ သူက သိုက်နန်ကျန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။
“နန်ကျန်း… သွားကြစို့”
“ဟုတ်ကဲ့… စီနီယာအစ်ကိုမို”
သိုက်နန်ကျန်းက ယနေ့အဖို့ သူမအစ်ကိုအတွက် လက်တုံ့မပြန်နိုင်တော့မှန်း သိသည်။ ထိုမျှသာမက ရှေ့လျှောက် ကူချိုက်၏ လိုက်လံဖမ်းဆီးမှုကိုပါ ခံရတော့မည် ဖြစ်သည်။ စောစောတုန်းက ကူချိုက်သည် မိုဝူကျိ၏ မျက်နှာကြောင့် သူမကို ယနေ့ မသတ်တော့ဟုသာ ပြောခဲ့သည်။ အနာဂတ်တွင် မသတ်တော့ပါဟု ပြောခဲ့သည် မဟုတ်ပေ။
“အစ်ကိုကြီးမို… ကျွန်မမှာ အစ်ကို့ကို အကူအညီတောင်းစရာ တစ်ခုရှိတယ်”
သိုက်နန်ကျန်းကို လွှတ်ပေးလိုက်ပြီးနောက် ကူချိုက်သည် နောက်ဆုံးတွင် စိတ်ငြိမ်သွားပြီ ဖြစ်သည်။ သူမက စကားပြောနေရင်းဖြင့်ပင် မိုဝူကျိအား ဦးညွှတ်လိုက်လေ၏။
မိုဝူကျိက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
“ပြောကြည့်ပါဦး။ ကျုပ်ရဲ့ခံယူချက်ကိုလည်း မဆန့်ကျင်နေဘူး၊ ကျုပ်လည်း ကူညီပေးနိုင်တယ် ဆိုရင်ပေါ့”
ကူချိုက်က တစ်ခါထပ်မံ ဦးညွှတ်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အစ်ကိုကြီးမိုကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီနေ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်းဆို ဒီလိုကိစ္စမျိုး မပြောသင့်မှန်း သိပေမဲ့ အမှောင်ထု သဘာဝအမြုတေက ကျွန်မအတွက် အရမ်းကို အရေးပါနေလို့ပါ။ အစ်ကိုကြီးမို ကျွန်မကို အဲ့ဒီဟာ ပေးငှားဖို့ ကျွန်မ တကယ်မျှော်လင့်မိပါတယ်”
မိုဝူကျိက ကူချိုက်ကို စိုက်ပဲကြည့်နေပြီး အချိန်တော်တော်ကြာသည်အထိ ဘာစကားမှမပြောချေ။
ကူချိုက် စကားများ၏ ဆိုလိုရင်းကို သူနားလည်သည်။ သူမက သူမ၏ အင်အားသည် သူ့ကို အပုံကြီး ကျော်လွန်သွားပြီဖြစ်ကြောင်း ပြောပြနေခြင်း ဖြစ်သည်။ အကယ်၍ သူတို့သာ လက်သုံးပြီး ဖြေရှင်းမည်ဆိုပါက သူမက သူ့ဆီမှ ထိုအမြုတေကို လုယူနိုင်လိမ့်ဦးမည် ဖြစ်သည်။ မိုဝူကျိအပေါ် တင်နေသည့် ကျေးဇူးတရားကြောင့် သူမက ငှားပါဆိုသည့် အသုံးကို သုံးလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမအား ငှားလိုက်ခြင်းက ပြန်ပေးလိုက်ခြင်းနှင့် တူညီနေမှန်း မိုဝူကျိ သိသည်။
မိုဝူကျိ ဘာမှမပြောသည်ကို သတိပြုမိသောအခါ၌ ကူချိုက်က ဆက်ပြောလိုက်သည်။
“အစ်ကိုကြီးမို… ကျွန်မ ကံကောင်းလို့ ကျွန်မမှာ အစ်ကိုကြီးမိုထက် နည်းနည်းလေး ပိုမြင့်တဲ့ ကျင့်ကြံဆင့် ရှိနိုင်ခဲ့တာ။ တကယ်လို့ အစ်ကိုကြီးမိုမှာ အခက်အခဲ ရှိနေရင် ကျွန်မ ဒီကိစ္စကို နောင်ဘယ်တော့မှ ထပ်မပြောတော့ပါဘူး”
ကူချိုက်က ခဏလောက် စဉ်းစားတွေဝေနေပြီးမှ ထပ်မံ ရှင်းပြလိုက်သည်။
“အစ်ကိုကြီးမို… စကြဝဠာထဲမှာ ပြောင်းလဲကြီးတစ်ခု ဖြစ်ပေါ်တော့မယ်ပုံပဲ။ အင်မတန် အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ အများကြီးက ဒီကာလတွေအတွင်းမှာ ပေါ်လာကြလိမ့်မယ်။ ကျွန်မ ကျင့်ကြံတာ အမှောင်ကျင့်စဉ်လေ။
ဒါကြောင့် အမှောင်ထု သဘာဝအမြုတေ မရှိရင် ကျွန်မအတွက် ရှေ့တက်လှမ်းဖို့ တကယ်ကို ခက်ခဲနေလို့ပါ။ အရင်တုန်းက ကျွန်မက အရမ်းကိုအားနည်းနေခဲ့လို့ အမှောင်ထု သဘာဝအမြုတေက ကျွန်မအတွက် ဘယ်လောက်တောင် အရေးပါသလဲဆိုတာ ကျွန်မ မသိခဲ့မိဘူး”
မိုဝူကျိက နှုတ်ဆိတ်မြဲသာ နှုတ်ဆိတ်နေသည်။ သူ့ကြောင့်သာ မဟုတ်ပါက ကူချိုက်သည် အသစ်ထွက်ပေါ်ကာစ နတ်ဘုရားသိုက်မြုံထဲသို့ပင် ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အမှောင်ထု မူလခန်းမကိုဆိုလျှင် ပိုတောင်ဝေးသေးသည်။ ကူချိုက်၏ တစ်ခုတည်းသော ပန်းတိုင်မှာ အမှောင်ထု မူလခန်းမဆီမှ ထွက်ပေါ်နေသော အမှောင်ထု စည်းမျဉ်းများ၏ ဦးတည်ရာကို သူ့အား ကူရှာပေးရန် ဖြစ်သည်။
ထို့နောက် ကူချိုက်အား အမှောင်ထု မူလခန်းမထဲသို့ ခေါ်ဆောင်သွားခဲ့သူမှာ သူ ဖြစ်သည်။ ကူချိုက် ကျင့်ကြံရန်အတွက် အမှောင်ထု မူလသလင်းကျောက်ကို ပေးခဲ့သူမှာလည်း သူသာလျှင် ဖြစ်သည်။ အမှောင်ထု သဘာဝအမြုတေကိုလည်း သူသာ ရှာတွေ့ပြီး သိမ်းထားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အမှောင်ထု သဘာဝအမြုတေမှာ သူ့အတွက် အသုံးဝင်သောကြောင့်သာ သူ သိမ်းထားခြင်းဖြစ်ကြောင်း သူက ကူချိုက်အား ရှင်းပြခဲ့သည်။ သူ ထိုသို့ရှင်းပြခဲ့ရသည့် အကြောင်းအရင်းမှာ အမြုတေကို ရှာတွေ့ခဲ့သူမှာ ကူချိုက် ဖြစ်သောကြောင့် မဟုတ်ပေ။ ကူချိုက်အား အလေးထားသောကြောင့်သာ ရှင်းပြခဲ့ခြင်းသာ ဖြစ်သည်။ သူက သူမအား အားနည်းသူ တစ်ယောက်အဖြစ် မသတ်မှတ်လိုသောကြောင့် ဖြစ်သည်။
မိုဝူကျိက မိတ်ဆွေ သံယောဇဉ်ကို အလေးအထားဆုံး ဖြစ်သည်။ ထို့အပြင် သူကျင့်ကြံသည်မှာ လူသားတာအိုဖြစ်လေရာ မိတ်ဆွေနှင့် ချစ်ရသူများက သူ့အတွက် အလွန်အရေးပါလေသည်။ အကယ်၍ သူ့ဆီတွင် အမှောင်ထု သဘာဝအမြုတေ ရှိနေသေးပါက လမ်းခွဲနှုတ်ဆက်စကား မဆိုခင် ကူချိုက်အား လက်ဆောင်အဖြစ် လက်မတွန့်ဘဲ ပေးလိုက်မည် ဖြစ်သည်။
သည်နှစ်များအတွင်း ကူချိုက်တစ်ယောက် မည်သည့်အရာများ ကြုံတွေ့ခဲ့ရသနည်းအား မိုဝူကျိ မသိပေ။ စွမ်းအားနှင့် မဟာတာအိုတို့၏ရှေ့တွင် သူမက မိတ်ဆွေသံယောဇဉ်ကို ဖြတ်တောက်ဖို့ ရွေးချယ်ခဲ့လေသည်။
သူ သေမည်ထက် သူမဘာသာ အသေခံလိုက်မည်ဖြစ်သော ဟန်ချင်းရုအကြောင်း တွေးမိသောအခါ မိုဝူကျိက သက်ပြင်းချလိုက်သည်။ သူမ အသက်နှင့် ရင်းပြီး မိုချင်းချယ်အား အဝေးသို့ ခေါ်သွားပေးခဲ့သော ယန်လီအကြောင်းကို တွေးမိသည်။ သူနှင့်အတူ အားကုန်သုံး၍ တိုက်ခိုက်လိမ့်မည်ဖြစ်သော ယွမ်ကျန်းရီနှင့် ဒေါ်လေး ဆယ့်တစ်တို့အကြောင်းအား တွေးမိသည်။
မိတ်ဆွေတိုင်းက ပြောင်းလဲသွားသည်တော့ မဟုတ်ချေ။ တကယ်တမ်းတွင် မိတ်ဆွေသံယောဇဉ် အများစုသည် အချိန်ကြာလာသည်နှင့်အမျှ ပိုပိုပြီး အဖိုးတန်လာကြလေသည်။
မိုဝူကျိက အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ကူချိုက်အား ပြောလိုက်သည်။။
“တကယ်ကို စိတ်မကောင်းပါဘူး… ကျုပ် အမှောင်ထု သဘာဝအမြုတေကို ထုတ်မပေးနိုင်ဘူး”
ကူချိုက်က အနည်းငယ် အံ့သြသွားသည်။ သူမမျက်လုံးထဲတွင် မိုဝူကျိသည် အင်မတန် ရက်ရောသူ တစ်ယောက် ဖြစ်သည်။ သူမ ပြောပြလိုက်လျှင် မိုဝူကျိက သေချာပေါက် သူမအား ပေးလိမ့်မည်ဟု ကူချိုက်က တွေးထားသည်။ ထို့နောက်မှ ဖြစ်နိုင်သည်မှာ မိုဝူကျိကလည်း သူမ၏ အမှောင်ကျင့်စဉ်ကို ကျင့်ကြံလောက်သည်ဟု သူမက နားလည်သွားသည်။ ထို့သို့ဆိုလျှင် အမှောင်ထု သဘာဝအမြုတေက သူ့အတွက်လည်း ထပ်တူထပ်မျှ အရေးပါနေပေလိမ့်မည်။
မည်သူကများ ဝိဇ္ဇာအဆင့်သို့ မရောက်ချင်ဘဲ နေပါ့မည်နည်း။ သူမက ဝိဇ္ဇာတစ်ယောက် ဖြစ်ချင်သလို မိုဝူကျိလည်းပဲ ဖြစ်ချင်ပေလိမ့်မည်။
ဤသို့တွေးမိကာ ကူချိုက်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
“ဒီလိုဆိုမှတော့ ကူချိုက် အစ်ကိုကြီးမိုကို အခက်တွေ့အောင် မလုပ်တော့ပါဘူး။ ကူချိုက်နဲ့ အစ်ကိုကြီးမိုနဲ့ မတွေ့တာ ကြာမြင့်လှပြီ။ အခု အစ်ကိုကြီးမိုက ထျန်းကူမြို့ကို ရောက်နေပြီဆိုမှတော့ ကျွန်မတို့မြို့မှာ ရက်အနည်းငယ်လောက် လာနေပါ့လားရှင်”
မိုဝူကျိက အသာတုံ့ပြန်လိုက်သည်။
“နေပါစေ။ ကျုပ် သွားမှရတော့မယ်။ ပြီးတော့ ကျုပ်တို့တွေ ပြန်ဆုံကြဦးမှာပါ”
မိုဝူကျိ ထွက်သွားတော့မည်ကို သတိပြုမိသောအခါ သိုက်နန်ကျန်းက အမြန် သတိပေးလိုက်သည်။
“စီနီယာအစ်ကိုမို… ကူမျိုးနွယ်ဆီမှာ ကျွန်မအစ်ကိုရဲ့ပစ္စည်း ရှိသေးတယ်လေ”
သူမက ကမ္ဘာဦးမိခင်သံမဏိကို မိုဝူကျိအား လက်ဆောင်ပေးရန် စိတ်စောနေသည်။ သူမ မျက်လုံးထဲတွင် မိုဝူကျိက ကူချိုက်အောက် နည်းနည်းလေးမှ အားမနည်းနေပေ။
“မလိုတော့ဘူး။ အရင်ဆုံး ပြန်ကြရအောင်ပါ”
သိုက်နန်ကျန်းက ကမ္ဘာဦး မိခင်သံမဏိအကြောင်းကို ပြောနေမှန်း မိုဝူကျိ သိသည်။ သိုက်နန်ကျန်း ရထားသည့်သတင်းမှာ မှားနေသည်ဟု သူက သံသယဝင်မိသည်။ သံမဏိကို မော့နီမြို့အောက်တွင် ရှာတွေ့ခဲ့ပြီးလေပြီ။ သံမဏိမှာ နဂိုကတည်းက ကူမျိုးနွယ်အပိုင် ဖြစ်နိုင်ချေ များလေသည်။
“အစ်ကိုတို့ ရှာနေတာ ကမ္ဘာဦး မိခင်သံမဏိလား”
ကူချိုက်က ရုတ်တရက် လက်သီးအရွယ် သံမဏိပိုင်းကို ထုတ်ပြလိုက်သည်။
မိုဝူကျိက လက်သီးအရွယ် သံမဏိပိုင်းကို မြင်သောအခါ ထိုအရာမှာ ကမ္ဘာဦး မိခင်သံမဏိမှန်း သိလိုက်သည်။ ဤအပိုင်းအစမှာ သူရှာတွေ့ခဲ့သော ဆယ်ပေကျော် ကမ္ဘာဦး မိခင်သံမဏိချောင်းမှ ထုယူထားမှန်း သေချာသွားသည်။ သို့သော် ထိုအပိုင်းကို သိုက်ဖန်းက ထုယူခဲ့သလား သို့မဟုတ် ကူမျိုးနွယ်က ထုယူခဲ့သလား ဆိုသည်ကား သူမသိပေ။
“အဲ့ဒါက ကျွန်မအစ်ကို သိုက်ဖန်း ပိုင်တဲ့ဟာ”
သိုက်နန်ကျန်း၏ လေသံက ရေခဲပမာ အေးခဲသွားသည်။ ကူမျိုးနွယ်သည် သူမအစ်ကိုကို သတ်ခဲ့သည်။ သို့တိုင် သူတို့က သူမအစ်ကို၏ ပစ္စည်းကို သူမရှေ့တွင် ထုတ်ပြရဲသည်။
ကူချိုက်က တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြန်သည်။
“ဒါကို ဘယ်သူပိုင်သလဲ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မ ရှင့်ကို တစ်ခုမေးချင်တယ်။ ရှင့်အစ်ကိုက ဒီကမ္ဘာဦး မိခင်သံမဏိကို ဘယ်ကနေ ရလာခဲ့တာလဲ”
မိုဝူကျိ၏ မျက်နှာမှာ သုန်မှုန်သွားသည်။ ကူချိုက်၏ လေသံမှာ အရမ်းကို အထက်စီးဆန်လွန်းနေ၏။ မိုဝူကျိက ကူချိုက်အား တောက်လျှောက် ကူညီခဲ့သည်။ သူမ၏ အမှောင်ကျင့်စဉ်ကို မိုဝူကျိအား တစ်ခေါက်ပေးကြည့်သည်မှလွဲ၍ ကူချိုက်က မိုဝူကျိအား တခြားဘာမှ မည်မည်ရရ ကျေးဇူးပြန်ဆပ်ထားခြင်းမျိုး မရှိချေ။ ထို့အပြင် ကူချိုက်၏ စကားတို့မှ ထိုသံမဏိပိုင်းကို သိုက်ဖန်း ပိုင်ဆိုင်မှန်း မိုဝူကျိက ပြောနိုင်လေသည်။
“စီနီယာအစ်ကိုမို… ကျွန်မတို့ သွားကြရအောင်”
သိုက်နန်ကျန်းက ထိုမေးခွန်းကို ပြောဖြေရန်ပင် ဂရုစိုက်မနေတော့ဘဲ မိုဝူကျိဘက်သို့ လှည့်ပြောလိုက်သည်။
စကားအနည်းငယ် ပြောပြချင်သော မိုဝူကျိသည်လည်း တခြားပြဿနာတွေ ထပ်မရှာချင်တော့ပေ။ သူက လက်ကိုဝေ့လိုက်ပြီး သိုက်နန်ကျန်းကို သူ၏ အချိန်စက်ဝန်းပြားပေါ်သို့ ခေါ်ဆောင်လိုက်သည်။ ချက်ချင်းပင် သူတို့က ထျန်းကူမြို့မှ ပျောက်ကွယ်သွားလေသည်။
ကံကြမ္မာ ထိပ်သီးရတနာ အချိန်စက်ဝန်းပြားပါလား…
မိုဝူကျိ၏ အချိန်စက်ဝန်းပြားကို မြင်သောအခါ ကူချိုက်၏ မျက်လုံးများက တွန့်ချိုးသွားသည်။ သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ အမှာစကား ပို့လွှတ်လိုက်သည်။ ထို့နောက် သူမက တခြားသူတွေ အားလုံးဘက်သို့ လှည့်ကာ
“ကူရှဲ့ကလွဲပြီး ကျန်တဲ့လူတွေအကုန်လုံး ပြန်လို့ ရပြီ”
အမွှေးတိုင် တစ်ဝက်စာပင် မရှိသေးခင် ပိန်ပိန်ရှည်ရှည်နှင့်လူတစ်ယောက်က ကူချိုက်၏ အရှေ့သို့ ရောက်ရှိလာသည်။
“ဝိဇ္ဇာသခင်ကို ဂါရဝပြုပါတယ်”
ကူချိုက်က ကျောက်စိမ်းပြားတစ်ပြားကို ထိုသူ့ဆီ ပေးကာ
“ဒီစိတ်ဝိညာဉ်အမှတ်အသားအတိုင်း လိုက်သွားပြီး အဲ့ဒီ့မိန်းမကို ပြန်ခေါ်လာခဲ့။ မှတ်ထား… နောက်တစ်ယောက်က ငါ့ရဲ့မိတ်ဆွေ။ သူ့ကိုမသတ်နဲ့။ အသက်ရှင်ခွင့် ပေးလိုက်။ ဒါပေမဲ့ သူရဲ့သိုလှောင်လက်စွပ်နဲ့ ယာဉ်ပျံရတနာကိုတော့ ပြန်ယူလာခဲ့”
“ဟုတ်ကဲ့”
ပိန်ပိန်ရှည်ရှည်နှင့်လူက ဦးညွှတ်ကာ ဖြေကြားလိုက်သည်။
ပိန်ပိန်ရှည်ရှည်နှင့်လူ ထွက်သွားပြီးသည့်နောက်တွင် ကူချိုက်က ကူရှဲ့အတွက် အဆောင်တစ်ခု ထုတ်ယူလိုက်ကာ
“ဒီအဆောင်ကို အသက်သွင်းလိုက်။ မင်း ပြန်ရောက်ရင် အခြေအနေအသေးစိတ်ကို ငါ့ကို ပြန်ပြောပြ”
ကူရှဲ့က အဆောင်ကို အမြန်ယူလိုက်သည်။ သူက သူ၏ အဖြတ်ခံထားရသောလက်ကို ကောက်ယူပြီးနောက် အမြန်ထွက်သွားလိုက်သည်။
……………………………..
“စီနီယာအစ်ကိုမို… တောင်းပန်ပါတယ်။ အစ်ကိုနဲ့ ကူမျိုးနွယ်က ကူချိုက်နဲ့ သိနေလိမ့်မယ်လို့ မသိလို့ပါ”
မြို့မှ ထွက်လာခဲ့ပြီးနောက် သိုက်နန်ကျန်းက ရှင်းပြလိုက်သည်။
မိုဝူကျိနှင့် ကူချိုက်တို့ကြားမှ ပတ်သက်မှုသည် သူမကြောင့် ခွာပြဲသွားရမှန်း သူမ ပြောနိုင်လေသည်။
မိုဝူကျိက ခပ်ယဲ့ယဲ့ ပြုံးကာ
“မင်းနဲ့မဆိုင်ပါဘူး။ မင်းရဲ့ပြဿနာ မရှိခဲ့ရင်တောင်မှ ကျုပ်တို့ရဲ့ပတ်သက်မှုက ဆက်ရှေ့ဆက်လို့ မဖြစ်ဘူး”
ကူချိုက်က သူ့ဆီမှ အမှောင်ထု သဘာဝအမြုတေကို တောင်းကတည်းက မိုဝူကျိက နားလည်သွားခဲ့သည်။ မိုဝူကျိနှင့်သူမ ယနေ့တွင် မတွေ့ခဲ့လျှင်တောင်မှ ကူချိုက်က နောင်အနာဂတ်တွင် အမြုတေကို လာတောင်းလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ကူချိုက်က ရည်မှန်းချက် အသစ်တစ်ခုကို ရှာတွေ့သွားသောကြောင့် ဖြစ်သည်။ သူမက ဝိဇ္ဇာတစ်ယောက် အရမ်းကို ဖြစ်ချင်နေသည်။ အမှောင်ထု သဘာဝအမြုတေ သို့မဟုတ် သစ်နက် မရှိပါဘဲနှင့် သူမအတွက် ဝိဇ္ဇာတစ်ယောက် ဖြစ်လာဖို့မှာလည်း အင်မတန် ခက်ခဲပေလိမ့်မည်။
သိုက်နန်ကျန်းက တစ်ခုခု ပြောချင်နေသည်ကို မြင်သောအခါ မိုဝူကျိက သူ၏ နှုတ်ခမ်းကို လက်ညိုးနှင့်ထိကာ စကားဆက်မပြောရန် အချက်ပြလိုက်သည်။ သူက အချိန်စက်ဝန်းပြားကို ရပ်လိုက်ပြီး ပြောလိုက်သည်မှာ
“ကျုပ်တို့နောက်ကို လိုက်လာနေတဲ့လူ ရှိတယ်”
***