အခန်း(၆၀၁) အစားဆင်ခြင်ပါ
Vol. 43 Ch. 601
အခန်း(၆၀၁) အစားဆင်ခြင်ပါ
လင်းချင်းဟယ်က မိမိလေး လှမည် မလှမည်ကို ဂရုမစိုက်ပါ။
သူမ၏ သမီးက ဘေးကင်းလုံခြုံ၊ ကျန်းမာပြီး အကောင်းမြင်တတ်သ၍ ဘယ်သူတွေ ဘာပဲထင်ထင် သူမ မျက်လုံးထဲမှာတော့ အလှဆုံးဖြစ်ပါသည်။ သူမ ကြည့်ကောင်းပြီး စိတ်ကောင်းနှလုံးကောင်းမရှိပါက ဘယ်လောက်ပဲ လှပါစေ အရုပ်ဆိုးပါလိမ့်မည်။
သို့သော်လည်း လင်းချင်းဟယ်က မပြောခဲ့ပါ။ သူမ မဖြစ်ချင်ရင်တောင် စည်းကမ်းတင်းကြပ်သည့် အမေလုပ်ရတော့မှာကို သူမသိပါသည်။
ကလေးတစ်ယောက် မွေးဖွားပြီးသောအခါ စာရွက်အလွတ်တစ်ရွက်လိုပင်။ ဘယ်လို ဖွံ့ဖြိုးလာမလဲဆိုတာက လူကြီးမိဘများ၏ သင်ကြားပုံအပေါ်မှာသာ မူတည်ပါသည်။ ပညာသင်ကြားပေးခြင်း၏ အရေးပါမှုက သက်သေဖြစ်သည်။
သူမသမီးလေးကို အခန်းထဲမှာ မထားခဲ့ဘဲ အပြင်ပြန်ခေါ်လာခဲ့ပါသည်။
အဖေကျိုးနဲ့ အမေကျိုးတို့က သူမကို အလွန်ချစ်ကြသည်။ အဘိုးဝမ်လည်း ချစ်မြတ်နိုးပါသည်။ သူမက အသားဖြူပြီး နူးညံ့လွန်းသည်။ သူမ၏ မျက်လုံးဝိုင်းဝိုင်းကလေးများက ကြည့်လိုက်သောအခါ ဘယ်လောက်ပဲ အသည်းမာတဲ့လူ ဖြစ်ပါစေ ပျော့ပြောင်းသွားနိုင်ပါသည်။
အခု မိသားစု စုံစုံလင်လင် ညစာစားနေကြပြီး မိမိလေးကတော့ အိပ်ပျော်နေသည်။ လင်းချင်းဟယ်နဲ့ ကျိုးခိုင်းပိုင်တို့ ရေချိုးအိမ်ကို အရင်သွားခဲ့ပြီးမှ လန်းလန်းဆန်းဆန်း အိမ်ပြန်လာခဲ့ကြပါသည်။
ထို့နောက် ညီအစ်ကိုနှစ်ယောက်ကို အိမ်ပြန်ခေါ်သွားခဲ့ကြသည်။
"အခန်းကို သန့်ရှင်းရေးလုပ်ပြီးသွားပြီ။ အိပ်ယာခင်းတွေကိုလည်း ဝါဂွမ်းအိပ်ယာခင်းတွေနဲ့ လဲပေးထားတယ်။ လုံးဝ နွေးထွေးပြီး ညီမလေး အေးမှာမဟုတ်ဘူး။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
သူ့ညီမလေးက လောလောဆယ် သူ့လက်ထဲမှာဖြစ်သည်။ ကျိုးကွေ့လိုင် သူမကို ချီထားသည့်ပုံစံက အတော်လေး သေသပ်ပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ အိမ်ထဲ ဝင်လိုက်သောအခါ လုံးဝ အေးဆေးသွားကြပါသည်။ အိမ်ကသာ အအေးချမ်းဆုံးနဲ့ သက်တောင့်သက်သာ အရှိဆုံး ဖြစ်သည်။
အမှန်ပင်။ သူတို့ ရှန်ဟိုင်းမြို့တော်မှာလည်း ပြဿနာတော့ မရှိပေ။ သို့သော်လည်း ပိုင်ဆိုင်သည့် ခံစားချက်မျိုး မရရှိရုံသာ ရှိသည်။ သို့သော် ဒီတိုက်ခန်းသေးသေးလေးထဲသို့ ပြန်ရောက်လာသောအခါ ခံစားချက်က ခြားနားပါသည်။
ဒေါ်လေးမာ၊ ဟွမ်ရှောင်လျို့နဲ့ မာချန်းမင်တို့လည်း ရောက်လာကြသည်။
သူတို့ကို နှစ်ဝက်လောက် မမြင်ခဲ့ရသဖြင့် လာကြည့်ခြင်း ဖြစ်ပါသည်။ သို့သော်လည်း အချိန် ကနောက်ကျနေပြီး သူတို့ကလည်း အခုမှ ခရီးက ပြန်ရောက်ကာစ ဖြစ်သဖြင့် ပြောစရာရှိတာတွေကို မနက်ဖြန်အတွက်သာ ချန်ထားခဲ့ပါသည်။
ထို့ကြောင့် သူတို့ရောက်လာပြီးနောက် အကြာကြီး မနေခဲ့ကြပါ။
သမီးဖြစ်သူကို ကျိုးချင်းပိုင်အား ကြည့်ခိုင်းထားသည်။ လင်းချင်းဟယ်က သားလတ်ကို မေးလိုက်၏။ "လုပ်ငန်းတွေ တစ်ခုခု ဖြစ်သေးလား။"
"ဘာမှမဖြစ်ပါဘူး အမေ စိတ်ချပါ။ တစ်နေကုန် ပင်ပန်းလာတာ စောစော သွားနားလေ" ကျိုးရွှမ်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်ကလည်း အများကြီး မပြောတော့ပါ။ သူမ ကျိုးချင်းပိုင်နဲ့ အတူတူ သွားအိပ်လိုက်သည်။ သူတို့သမီးလေးကတော့ ကျိုးချင်းပိုင်ဘေးမှာ အိပ်နေပါသည်။ သူမ၏ ကိုယ်ပိုင်စောင်လေးဖြင့် ခြုံပေးထား၏။ အတော်လေး နွေးထွေးပါသည်။
ညသန်းခေါင်တွင် လင်းချင်းဟယ်က အိပ်ချင်မူးတူးဖြင့် သူမကို နှစ်ခါလောက် နို့ထတိုက်ရသည်။ ထို့နောက် အရုဏ်တက်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့ပါသည်။ မိမိလေးလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
ဒီကောင်မလေးက ထိန်းသိမ်းရ အလွန်လွယ်ကူပါသည်။
ကျိုးချင်းပိုင်ကလည်း ပင်ပန်းနေတာ သိသာပါသည်။ သူအိမ်ပြန်ရောက်လာပြီး အေးအေးဆေးဆေး ဖြစ်သွားသောကြောင့် မနက်ပိုင်း လင်းချင်းဟယ် ထတာတောင် နိုးမလာသေးပါ။
မနေ့ညလယ်ခေါင်တုန်းက သူတို့သမီးလေးကို ကျိုးချင်းပိုင် အပြင်ခေါ်ချော့ကာ ပြန်ခေါ်လာပြီးမှ အိပ်ရသည်ကို လင်းချင်းဟယ်သိပါသည်။ သူမ မွေးပြီးကတည်းက ဒီတိုင်းပဲဖြစ်ပါသည်။
လင်းချင်းဟယ် ကိုယ်ဝန်ဆောင်ခဲ့စဥ်တုန်းက ခက်ခဲတာ မှန်ပါသည်။ သူ ကလေးကို ဂရုစိုက်ဖို့ကလည်း ထိုနည်းလည်းကောင်း ခက်ခဲပါသည်။
အခု သူတို့အိမ်ပြန်ရောက်နေပြီဖြစ်သဖြင့် ပိုပြီး အေးဆေးသွားကြပါပြီ။ စောစောထဖို့ မလိုတော့ပါ။
လင်းချင်းဟယ်က အရင်ဆုံး ထလိုက်ပြီး သွားတိုက်ကာ မျက်နှာသစ်လိုက်ပါသည်။ သားလတ်က ဘန်းမုန့်နဲ့ ပဲနို့များ ဝယ်လာပြီးသား ဖြစ်သည်ကို မြင်လိုက်ပါသည်။ သူ့အငယ်ဆုံး ဦးလေးဆီက ယူလာခြင်းဖြစ်၏။
ဘန်းမုန့်များ စားဖို့ဆို သူ့အငယ်ဆုံးဦးလေးက ပထမဆုံးရွေးချယ်မှု ဖြစ်ပါသည်။ လုံးဝ အရသာရှိပြီး သန့်ရှင်းကာ တန်ဖိုးရှိပါသည်။
"အမေ မနက်စာ စားတော့မလား။ အဖေ နိုးလာမှ သူ့အတွက် ပြန်နွှေးပေးလိုက်မယ်" ကျိုးရွှမ်က ပြောလိုက်သည်။
"သားငယ် ထပြီလား" လင်းချင်းဟယ်က သွားတိုက်ဆေးအမြှုပ်များကို ထွေးထုတ်လိုက်ပြီး မေးလိုက်ပါသည်။
"မနိုးသေးဘူး။ ကျွန်တော် သွားခေါ်လိုက်မယ်။" ကျိုးရွှမ်က ပြောလိုက်ပါသည်။
သူတို့ ဆောင်းရာသီအားလပ်ရက် မရသေးဘဲ စားသောက်ပြီးနောက် အတန်းသွားတက်ရပါသေးသည်။ သားငယ် နိုးလာပြီး ဆံပင်ရှုပ်ပွစွာဖြင့် ထွက်လာခဲ့ပါသည်။
လင်းချင်းဟယ်က မျက်နှာသစ်လို့ပြီးသွားပါသည်။ မနေ့ကတည်းက သူ့ဆံပင်ကို သတိထားမိသည်။ သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဆံပင်ညှပ်ဖို့ အချိန်ကျပြီ ထင်တယ်နော်။"
"ရှည်နေပြီလား။" သားငယ်က သူ့ဆံပင်ကို ကိုင်ကြည့်လိုက်သည်။
"ရှည်တာပေါ့။" လင်းချင်းဟယ်က ပေါင်စီစားရင်း ခေါင်းငြိမ့်လိုက်ပါသည်။
"ကျွန်တော့် ဆံပင်စတိုင်ကို ပြောင်းချင်လို့။ ဆံပင်မညှပ်ချင်တော့ဘူး။ ကျွန်တော် ငယ်ငယ်လေးကတည်းက မပြောင်းရသေးဘူး။ ဆံပင်စတိုင်ပြောင်းဖို့ အချိန်တန်ပြီထင်တယ်။" သားငယ်က ပြောလိုက်သည်။
လင်းချင်းဟယ်က သူ့ကို လွှတ်ထားလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူက အသက် ၁၇ နှစ်အရွယ် ကောင်လေး ဖြစ်သည်။ မကြာခဏ ရူးမိုက်မှုက ရှောင်လွှဲလို့မရနိုင်ပါ။
"အမေ ဒေါ်လေးနဲ့ အစ်မစန်းနီတို့လို ဝလာမယ်လို့ ထင်ထားတာ။ ကိုယ့်ကိုယ်ကို ဘယ်လို ပြုစုခဲ့တာလဲ။ ထွက်သွားတုန်းကနဲ့ သိပ်ပြီးတောင် မခြားနားဘူး။" သားငယ်က သွားတိုက်ပြီး ပြန်လာသောအခါ ပြုံးကာ ပြောလိုက်ပါသည်။
"နင့်ဒေါ်လေးနဲ့ သူများတွေကို ဝေဖန်ရဲတယ်ပေါ့။" လင်းချင်းဟယ်က သူ့ကိုစိုက်ကြည့်လိုက်ပါသည်။
"ကျွန်တော် သိချင်ရုံပါ။ အစ်မအာ့နီလည်း အရင်တုန်းက ဝသွားတာ မြင်ဖူးတယ်။ အမြွှာတွေကို စောင့်ရှောက်ရတာ မလွယ်ဘူးဆိုတော့ ပင်ပန်းပြီး ပိန်လာတာ။ အမေ့ကိုယ်လုံးကိုယ်ပေါက်ကတော့ အရင်တုန်းကထက် အများကြီး ပိုလှလာတယ်။ အသားအရေကောပဲ။ ဘယ်အစိတ်အပိုင်းက ကလေးမွေးထားတဲ့ ပုံစံနဲ့တူလို့လဲ။ ရေပူစမ်း သွားလာသလိုမျိုးနဲ့ တူနေတယ်" သားငယ်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က သူ့ချီးကျူးစကားများကြောင့် ကျေနပ်သွားသည်။ "စကားအများကြီးမပြောနဲ့။ မြန်မြန်စားတော့။ စားပြီးရင် အတန်းသွားရဦးမယ်။"
သူမလည်း ကျောင်းသို့ သွားရပါဦးမည်။ ကျောင်းအုပ်ကြီးကို ဘာသာပြန်ကိစ္စမေးကြည့်ဖို့ စီစဥ်ထား၏။ မဟုတ်ပါက သူမအတွက် ကျောင်းက စီစဥ်ပေးထားသည့် အိမ်ခန်းမှာ အလကားသက်သက် ဖြစ်နေပါလိမ့်မည်။
ကျိုးကွေ့လိုင်က စားသောက်နေရင်း ပြောလိုက်ပြန်သည်။ "အဖေကတော့ ဝိတ်တွေ အများကြီး တက်လာတယ်လေ။"
အစက သူ့အဖေ အရပ်မပုပါ။ အခုတော့ အနည်းငယ် ဆူဖြိုးလာသည်ဟု ပြောနိုင်သည်။ ဝက်သားသည်တစ်ယောက်နဲ့ပင် တူနေပါသည်။ အရင်ကလို ကျန်းမာပြီး မကြံ့ခိုင်တော့ပါ။
လင်းချင်းဟယ်က ကျိုးချင်းပိုင် ပုံပျက်လာသည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် သူမ ညွှန်ကြားလိုက်၏။ "အတန်းပြီးရင် အိမ်စောစော ပြန်လာပြီး နင့်ညီမလေးကို ထိန်းပေးလိုက်။ နင့်အဖေကို လေ့ကျင့်ခန်း လုပ်ပါစေ။"
သူမယောက်ျားချင်းပိုင်မှာ သူမ မီးဖွားပြီး ကာတုန်းက အစားအသောက်များကို ပေါများစွာ ချက်ကျွေးခဲ့သည်။ သူ့အတွေးကို မဆန့်ကျင်ချင်ဘဲ မိမိလေးကိုလည်း နို့တိုက်ရမည် ဖြစ်သောကြောင့် စားခဲ့ပါသည်။ သူမ၏ စားသောက်မှုပုံစံကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားသောကြောင့်သာ ဖြစ်သည်။
ထို့ကြောင့် အတော်များများကို ကျိုးချင်းပိုင်သာ စားလိုက်ရသည်။ သူက အလကားဖြစ်သည်ကို မကြိုက်ပါ။ ထို့အပြင် ကလေးထိန်းနေရသဖြင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိပါ။ ကိုယ်အလေးချိန် ကျင်း ၃၀ လောက် တက်လာခဲ့သည်။
သို့သော်လည်း အမေကျိုးက ပြုံးနေပါသည်။ သူမတို့မျိုးဆက်၏ မျက်လုံးထဲမှာတော့ ဝလေကောင်းလေဖြစ်သည်။
နှစ်ယောက်တည်းရှိချိန်တွင် သူမ၏ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့နဲ့ ကောင်းကောင်း စားသောက်ဖို့ ပြောသည်။
ထိုမြေး၏ လှုံ့ဆော်မှုကြောင့်လားပင်မသိ။ အမေကျိုးက သူမ၏ ချွေးမကို ပိုပြီး အထင်ကြီးလာမိပါသည်။ သူမ ရှုရှန့်ချမ်းကို လာခွင့်မပြုခဲ့တုန်းက သူပြဿနာရှာမှာကို ကြိုသိနေတာကြောင့်လားဟုပင် တွေးမိပါသည်။
ထိုအချိန်တုန်းက သူမ၏ ချွေးမကို အပြစ်တင်ခဲ့မိသည် မဟုတ်ပါလား။
လင်းချင်းဟယ်က စိတ်ထဲမထားပါ။ လူကြီးများက ငယ်ရွယ်သူများ မဟုတ်ကြပါ။ အသက် ၇၀ ဝန်းကျင် ရှိနေပါပြီ။ အရေးကြီးတာ မဟုတ်လျှင် သူမ ဘာမှပြောမည် မဟုတ်ပေ။ အဆင်ပြေအောင်သာ နေပါမည်။
ကျိုးရွှမ်နဲ့ ကျိုးကွေ့လိုင်တို့ သဘောတူလိုက်ကြပါသည်။ ကျောင်းမသွားခင် သူတို့ညီမလေးကို သွားကြည့်လိုက်ကြသည်။ သူမလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါသည်။ ထိုအခါမှ သူတို့ကျေနပ်စွာ ထွက်သွားကြတော့သည်။
ကျိုးချင်းပိုင်က ၇ နာရီကျော်မှ ထလာသည်။ ပြန်နွှေးပြီးသောအခါ ဖက်ထုပ်များနဲ့ ပဲနို့က နွေးလာပါသည်။
ဘန်းမုန့်နှစ်လုံးနဲ့ ပဲနို့တစ်ခွက်သာ ကျန်တော့သည်။
"ဝိတ်ချဖို့အတွက် အစားဆင်ခြင်တော့" လင်းချင်းဟယ် သူ့ကို ကြည့်လိုက်သည်။ ခုနတုန်းက သားငယ်နဲ့ သားလတ်တို့ကို များများ စားခိုင်းလိုက်ခြင်းဖြစ်ပါသည။
ကျိုးချင်းပိုင်က သူမကို ပြုံးကာ ကြည့်လိုက်သည်။ "ကိုယ့်ကို သဘောမကျဘူးလား။"
"သဘောကျပါတယ်။ အခု အများကြီး အသားတိုးလာလို့သာ။ ရှင့်အသက်အရွယ်နဲ့ အနေအစားဆင်ခြင်သင့်တယ်" လင်းချင်းဟယ်က သူ့ဗိုက်ကို ပွတ်လိုက်ပြီး ပြောလိုက်ပါသည်။
"ကိုယ် လဝက်အတွင်း ဝိတ်ချလို့ရပါတယ်။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။ ကျိုးချင်းပိုင်သည် သူ့ခန္ဓာကိုယ်ပေါ်က အသားများကို ရေးကြီးခွင်ကျယ်လုပ်မနေပါ။