အခန်း(၆၀၃) ဖျက်သိမ်းခြင်း
Vol. 43 Ch. 603
အခန်း(၆၀၃) ဖျက်သိမ်းခြင်း
နေ့လည်ခင်းတွင် ဖက်ထုပ်ဆိုင်မှာသာ ချက်ပြုတ်စားသောက်ခဲ့ကြသည်။ အိမ်မှာ မစားကြပါ။ ဆီနံ့က ပြင်းထန်လွန်းပြီး အိမ်ကို မွန်းကြပ်သွားစေနိုင်သည်။ ထို့ကြောင့် ဖက်ထုပ်ဆိုင်မှာ ချက်စားတာ ပိုကောင်းပါသည်။
"ဒီအာလူးချိုက မဆိုးဘူးပဲ။" လင်းချင်းဟယ်က အာလူးချိုများကို ဟင်းသီးဟင်းရွက်များဖြင့် စားရင်း ပြောလိုက်ပါသည်။
"စန်းနီက အရသာရှိတယ်လို့ပြောပြီး ပေးလိုက်တာ" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
လင်းချင်းဟယ်က မေးလိုက်သည်။ "စန်းနီနဲ့ ဖန်ဖန်လေးကော ဘယ်လိုနေလဲ။"
"မေးစရာ လိုသေးလို့လား။ နှစ်ယောက်စလုံး အဆင်ပြေတာပေါ့။ အစ်မစန်းနီက အများကြီး ဝလာတယ်။ ဖန်ဖန်လေးကလည်း နာမည်နဲ့ လိုက်အောင် ဘောလုံးလို လုံးဝိုင်းနေတာပဲ။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။
ထို့နောက်လင်းချင်းဟယ်က ဟူကျစ်နဲ့ ကန်းကျစ်တို့ဘက်သို့ လှည့်လိုက်ပါသည်။ "လုပ်ငန်းလုပ်ရတာ ဘယ်လိုနေကြလဲ။"
"အဆင်ပြေပါတယ်။" ဟူကျစ်က ပြုံးလိုက်ပါသည်။
"ငွေစာရင်းစာအုပ်ကို ဘယ်လို ကိုင်တွယ်ကြလဲ။" လင်းချင်းဟယ်က မျက်ခုံးပင့်ကာ မေးလိုက်ပါသည်။
ဟူကျစ်ကော ကန်းကျစ်ကော ကြက်သေသေသွားကြသည်။ "ဘာမှမလုပ်ပါဘူး။ အကုန်ပေါင်းလိုက်တာ။"
"ဘာလို့ ငွေစာရင်းတွေကို ပေါင်းလိုက်ရတာလဲ။ ကိုယ့်လုပ်ငန်းကိုယ် လုပ်မှပေါ့။ အဲ့တာကြောင့် ငွေစာရင်း သက်သက်စီ ရှိရမယ်။ ညီအစ်ကိုအရင်းတွေဆိုရင်တောင် ငွေစာရင်းကိစ္စ ရှင်းရှင်းလင်းလင်း ရှိရမယ်။ တစ်ကိုက်ဆို တစ်ကိုက်ပဲ။" လင်းချင်းဟယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပါသည်။
"ရပါတယ်။ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော်နဲ့ ရောင်းရတဲ့ ပမာဏချင်း အတူတူလောက်ပါပဲ။ ကျွန်တော့် အစ်ကိုက ၆၀ ရာခိုင်နှုန်း ယူတယ်။ ကျွန်တော်က ၄၀ ရာခိုင်နှုန်း ယူတယ်။" ကန်းကျစ်က ပြုံးလိုက်သည်။
"ဒါဆိုလည်း ဒီနေ့ကစပြီး မရောနဲ့တော့။ ကိုယ့်ပိုက်ဆံကိုယ်ရှာကြချေ။" လင်းချင်းဟယ်က ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဟူကျစ်က ရည်းစားရှိသူဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်က ဒါကို စိတ်ထဲမထားသော်လည်း မရီးတစ်ယောက် ရောက်လာသောအခါ အခြေအနေများ ပြောင်းလဲသွားနိုင်ပါသည်။
ထို့ကြောင့် ငွေစာရင်းများကို သီးခြား တွက်ချက်ရမည်။ လင်းချင်းဟယ်က ကြိုတင်ပြီး သတိပေးလိုက်ခြင်း ဖြစ်ပါသည်။
"အစ်ကိုကြီး ဒီနေ့ ခွဲတွက်လိုက်ကြရအောင် ဟုတ်ပြီလား။" ကန်းကျစ်က သူ့အစ်ကိုဘက်ကိုလှည့်ကာ ပြောလိုက်ပါသည်။
"အေးပါ။" ဟူကျစ်က ခေါင်းငြိမ့်သည်။
လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ သွေးနီးသောကြောင့် ငွေရေးကြေးရေးကိစ္စကို ရှင်းရှင်းလင်းလင်း လုပ်ထားရပါမည်။
"ကျွန်တော် ဒီနေ့မနက်က လမ်းဟောင်းမှာ ဆိုင်ခင်းရင်း ရှန့်ချမ်းနဲ့ တွေ့ခဲ့သေးတယ်" ကန်းကျစ်က ဆက်ပြောသည်။
"ဘာဖြစ်လို့လဲ အဲ့အကြောင်း ပြောဖို့လိုသေးလို့လား။" ကျိုးကွေ့လိုင်က မျက်စောင်းရွယ်လိုက်ပါသည်။
"ငါမြင်သလောက်တော့ ဒီတစ်ခေါက် သူသင်ခန်းစာရသွားပြီထင်တယ်။ အရင်တုန်းကလိမျိုး သူ့ကိုယ်သူ ဧကရာဇ်လိုထင်နေတဲ့ အမူအကျင့်မျိုး မရှိတော့ဘူး။" ကန်းကျစ်က ပြောလိုက်ပါသည်။
"မင်းကလည််းကွာ ဒုတိယယောက်ဖက သူ့ကိုငွေကုန်ကြေးကျခံပြီး ထုတ်ပေးခဲ့တာ။ သူက ကျေးဇူးတင်စကားတောင် မပြောဘူး။ သူ့အမူအကျင့်ကို ပြောင်းလိုက်ပြီလို့ လာပြောနေတာလား။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။
"သူ တကယ်ပြောင်းလဲသွားရင် သူ့ဘဝသူ ကောင်းကောင်းဖြတ်သန်းပါစေပေါ့။ ကျေးဇူးလာတင်ဖို့လည်း မလိုဘူး။" ကျိုးရွှမ်က ပြောလိုက်သည်။
"မနက်ဖြန် အသားဆားနယ် လုပ်ချင်တယ်။ ရှင် ဝက်သားတွေ မှာထားပြီးပြီလား။" လင်းချင်းဟယ်က ထိုအကြောင်းအရာထဲ ဝင်မပြောဘဲ ကျိုးချင်းပိုင်ကိုသာ မေးလိုက်ပါသည်။
"မှာပြီးပါပြီ" ကျိုးချင်းပိုင်က အတည်ပြုလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ စားသောက်ပြီးနောက် စက်ဘီးတစ်စီးစီးရင်း လေညှင်းခံ ထွက်ခဲ့သည်။ သမီးငယ်လေးကိုလည်း နို့တိုက်ပြီးသွားပြီဖြစ်ပါသည်။ ထို့ကြောင့် သူမအတွက် ခဏလောက်တော့ စိတ်မပူပါ။ သူမ၏ အဖေနဲ့ အစ်ကိုနှစ်ယောက်တို့လည်း ရှိနေကြပါသည်။
"အဖေ အစ်ကိုလတ်နဲ့ ကျွန်တော်တို့ ညနေဘက် စောစောပြန်ခဲ့မယ်။ အဖေ ဝိတ်ချမှဖြစ်တော့မယ်။ ဘယ်လောက်တောင် ဝနေသလဲကြည့်ပါဦး။ ကျင်း ၂၀၀ လောက်ရှိနေပြီ" သားငယ်က ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က သူ့ကိုစိုက်ကြည့်လိုက်သည်။ ကျိုးကွေ့လိုင် မပြောရဲတော့ပါ။
"မင်းတို့ အလုပ်ကို သေချာလုပ်ကြ" ကျိုးချင်းပိုင်က သူ့တူနှစ်ယောက်ဖြစ်သော ဟူကျစ်နဲ့ ကန်းကျစ်တို့ကို ကြည့်ကာ ပြောလိုက်ပါသည်။
"ဟုတ်ကဲ့ပါ" ဟူကျစ်နဲ့ ကန်းကျစ်တို့ နှစ်ယောက်စလုံး ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့ဦးလေး ဘာကိုဆိုလိုသလဲ နားလည်ကြပါသည်။
စက်ဘီးစီးသွားသည့် လင်းချင်းဟယ်က သူမမိသားစု ဆိုင်များကို သွားလည်ရင်း အားလုံးကို စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် ကျိုးစစ်နီနဲ့ ဝိန်ကော်တုန်းတို့ကို ဖျော်ရည်ဆိုင်မှာ တွေ့ခဲ့ပါသည်။
"နင်တို့တွေ ဘာလို့ ငါတို့အိမ်မှာလာမစားကြတာလဲလို့ တွေးနေတာ" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
ကျိုးစစ်နီက ရှက်သွေးဖြာကာ ဝိန်ကော်တုန်းကိုကြည့်လိုက်ပါသည်။ ဝိန်ကော်တုန်းကတော့ အလွန်တည်ငြိမ်နေသည်။ "ဒေါ်လေးလင်း ကျွန်တော်စစ်နီကို နေ့လည်စာစားဖို့ ခေါ်လာတာပါ။"
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "နောက်နှစ်အတွက် ဘာအစီအစဥ်ရှိလဲ။"
"ကျွန်တော် လက်ထပ်ဖို့ စီစဥ်ထားတယ်။" ဝိန်ကော်တုန်းက ပြောလိုက်သည်။
ကျိုးစစ်နီက ရှက်သွေးဖြာသွားသည်။ "အဲ့လောက်ကြီး ပြောမနေနဲ့။ ကျွန်မမိသားစုကို တွေ့ပြီးမှ အဲ့အကြောင်းပြောပါ"
ဝိန်ကော်တုန်းက ဘာမှမပြောတော့ပါ။ ကြည့်ရသလောက်တော့ သူ့ဆုံးဖြတ်ချက်က ခိုင်မာသည့်ပုံပင်။
"စစ်နီ လက်ထပ်ပြီးရင် အလုပ်သွားဦးမှာလား" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"ဒါပေါ့ သွားမှာပေါ့။ သမီးအလုပ်မသွားဘဲနေလို့ရမလား" ကျိုးစစ်နီက ဝိန်ကော်တုန်းကိုကြည့်ကာ ပြောလိုက်ပါသည်။
သူမ ဒီအလုပ်ကို သဘောကျသည်။ ပြီးတော့ အလုပ်တစ်ခုရှိနေပါက သူမ စိတ်အေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူမက သူမထက် အဆင့်အတန်းမြင့်သူနဲ့ လက်ထပ်ရခြင်းဖြစ်သောကြောင့် အလုပ်မရှိပါက ဘယ်လိုလုပ် နေနိုင်မည်နည်း။
သူမကို အိမ်မှာပဲ အမြဲတမ်း နေစေချင်တာလား။ သူမက အားအားလပ်လပ်နေတတ်သူ မဟုတ်ပေ။
ဝိန်ကော်တုန်းက ပြောလိုက်သည်။
"မင်း ဟင်းချက်ရမယ်လေ။"
"တစ်ရက်ကို သုံးနပ် ချက်ပေးထာားမယ်။ ကျွန်မကတော့ အလုပ်သွားရမှာပဲ" ကျိုးစစ်နီက ခေါင်းမာနေသည်။
ဝမ်နးကော်တုန်းက သူမကို "အင်း" တစ်လုံးတည်းနဲ့ အသိအမှတ်ပြုလိုက်ပါသည်။ ထို့ကြောင့် ကျိုးစစ်နီ စိတ်အေးစွာ သက်ပြင်းချမိသွားသည်။ ထို့နောက် တစ်ခုခုကို နားလည်သွားသည့်ဟန်ဖြင့် မျက်နှာနီရဲသွားပါသည်။
သူမ မော့ကြည့်လိုက်သောအခါ သူမ၏ စတုတ္ထဒေါ်လေးလည်း ပြုံးနေတာကို မြင်လိုက်ရပါသည်။ "ကြည့်ရတာ လက်ထပ်ပြီးနောက်ပိုင်း အစီအစဥ်တွေလည်း ချပြီးသွားပြီထင်တယ်။ ဒါဆိုင်လည်း နင်တို့ကို ဒီတိုင်းလွှတ်ထားလိုက်မယ်နော်။ ကော်တုန်း အားလပ်ရက်ရတာနဲ့ သူ့ကို မွေးရပ်မြေဆီ ပြန်ခေါ်သွားတော့။"
အစ်မဝိန် အလျှင်လိုနေတာ သူမ သိပါသည်။ ထို့ကြောင့် သူမတို့ဘက်က ဝိန်ကော်တုန်းနဲ့ ကျိုးစစ်နီတို့ကို တွန်းအားမပေးခဲ့ပါ။ သူမ စီးကရက်ဆိုင်သို့သွားပြီး စစ်ကြည့်လိုက်ပါသည်။
ထို့နောက် အလုပ်ရုံငယ်သို့ ရောက်လာခဲ့သည်။
လင်းချင်းဟယ်က တစ်ချိန်တုန်းက အထည်စက်ရုံက ကတိမတည်သဖြင့် ဒီအလုပ်ရုံကိုဖွင့်ပြီး အထည်များကို ကိုယ်တိုင်ထုတ်လုပ်ခဲ့ရခြင်းဖြစ်ပါသည်။ သို့သော်လည်း အလုပ်ရုံငယ်လေးတစ်ခုသာဖြစ်ပါသည်။ နှစ်ချိန်ဆင်းစနစ်နဲ့ဆိုရင်တောာင် ဝင်ငွေက အလွန်နည်းပါးလွန်း၏။ ထို့အပြင် အလုပ်သမား လစာကိုလည်း ထည့်တွက်ရဦးမည်။
ထို့ကြောင့် လင်းချင်းဟယ်က ဒီနှစ်အဆုံးသတ်ပြီး ဆက်မလုပ်ဖို့ စီစဥ်ထားပါသည်။
လင်းချင်းဟယ်က ဒီဂိုထောင်ကြီးကို ပင်လယ်စာပစ္စည်းများနဲ့ လက်ဖက်ခြောက်များ သိုလှောင်ဖို့ ထားလိုက်မည်။ ပြန်လည်ပြုပြင်ပြီး နှစ်ခန်းအဖြစ်ခွဲဖို့ စီစဥ်ထားပါသည်။
ပင်လယ်စာခြောက်များက အနံ့ရှိသည်။ ထို့ကြောင့် နောက်နှစ်အတွက် လက်ဖက်ရည်လုပ်ငန်းဖြင့် အတူတူတွဲထားလို့မရပါ။
"ဒီနှစ်ထဲကျွန်မတို့ ဒီဇင်ဘာလ ၁၀ ရက်နေမှာ အားလပ်ရက်ပေးဖို့ လုံးဝ အဆုံးသတ်လိုက်မယ်။ အဲ့ဒီအချိန်ကျရင် အားလုံးကို လစာတစ်ဝက် အပိုပေးပါ့မယ်။ အဲ့ဒီအချိန်ကစပြီး အလုပ်ရုံငယ်ကို ဖွင့်မှာ မဟုတ်တော့ပါဘူး" လင်းချင်းဟယ်ရောက်လာသောအခါ တန်းပြီး ကြေညာခဲ့ပါသည်။
အစကတော့ အာားလုံး ပထမတစ်ဝက်ကို ကြားလိုက်တာ အလွန်ဝမ်းသာပါသည်။ သို့သော် ရုတ်တရက်ကြီး မဖွင့်ဘဲနေတော့မည်ဟု မထင်ထားခဲ့ပါ။ အားလုံး ခဏလောက် လက်မခံနိုင်ကြပေ။
"ဆရာမလင်း ဘာလို့ ရုတ်တရက်ကြီး မဖွင့်ဘဲ နေချင်တာလဲ။ အားလုံး ကောင်းကောင်းကြိုးစားနေကြပါတယ်" ချန်းရှန်ရှန်၏ အဘွား၊ အဘွားရှုက ပြောလိုက်သည်။
"အခု စက်ရုံကြီးတွေ အရမ်းများလာတော့ ကျွန်မတို့ အလုပ်ရုံငယ်လေးက မယှဥ်နိုင်တော့ဘူး။ အဲ့တာကြောင့် မဖွင့်ဖို့ စီစဥ်လိုက်တာာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အားလုံး အလုပ်ကြိုးစားကြပြီး လက်ထဲက အလုပ်ကို ပြီးအောင် လုပ်နိုင်ခဲ့ကြပါတယ်။ အချိန်ကျရင် အားလုံးကို လစာတစ်ဝက် ပိုပေးမှာပါ" လင်းချင်းဟယ်က ရှင်းပြလိုက်ပါသည်။
ဖြစ်သင့်သော ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် အားလုံးက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အသက်အများကြီး ပိုကြီးလာကြပြီဖြစ်သည်။ ထို့ကြောင့် လစာက မနိမ့်ပါ။ တစ်ဘဝလုံး အလုပ်လုပ်နေလို့ မဖြစ်ကြပေ။
သူမ ပြောတာကို ကြားသောအခါ ပြောင်းလဲလို့မရတော့မှန်း အားလုံးနားလည်သွားကာ စိတ်ဓာတ်ကျသွားပါသည်။
တချို့အဘွားအိုများက မေးကြ၏။ "ဆရာမလင်း ဆက်မဖွင့်တော့ဘူးဆိုတော့ ဒီအပ်ချုပ်စက်တွေကို ဘာလုပ်မှာလဲ။"
"အပ်ချုပ်စက် တစ်လုံးကို ယွမ် ၅၀ ပါ။ ဝယ်ချင်တဲ့လူတိုင်း ဝယ်လို့ရပါတယ်" လင်းချင်းဟယ်က ပြန်ဖြေလိုက်ပါသည်။
အပ်ချုပ်စက်များကို အရင်တုန်းက တောင်ပိုင်းသို့သွားစဥ်က သူမ ဝယ်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းလည်း ထပ်ပြီး ဖြည့်သွင်းခဲ့သေး၏။ အားလုံး စုစုပေါင်း အပ်ချုပ်စက် အလုံး ၂၀ ရှိပါသည်။
ဝယ်ယူခဲ့တုန်းက စျေးမပေါပါ။ အခု တစ်လုံးကို ယွမ် ၅၀ ဖြင့်ရောင်းချခြင်းက အလွန်သက်သာပါသည်။
လူအများစု မျက်လုံးများ ဝိုင်းစက်သွားကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့အလုပ်က ဒါပဲဖြစ်သည်။ သူတို့ ဝင်ငွေရဖို့ အပ်ချုပ်စက်များကို လိုအပ်သည်။
နောက်ထပ် တစ်အုပ်စုလည်းရှိသေးသဖြင့် လင်းချင်းဟယ်က မဲနှိုက်ဖို့ ဆုံးဖြတ်ထားပါသည်။ သို့သော်လည်း ထိုကိစ္စများကို ၁၀ ရက်နေ့မှလုပ်ဖို့ ဆိုင်းငံ့ထားသည်။