ဒုတိယမြောက် စကြဝဠာတာအိုစည်းမျဉ်း
Vol. 86 Ch. 1198
“အချိန်စက်ဝန်းပြားပေါ်မှာ အရှိန်နှေးနှေးလေးနဲ့ သွားနေရဲတဲ့အထိ မင်းက သတ္တိတွေ သိပ်ရှိနေတယ်ပေါ့လေ။ မင်းဘိုးအေဖက်တီး ငါ့ကိုတောင် ရပ်စောင့်နေရဲတယ်”
အသံကိုကြားပြီးသည့်နောက် အရပ်ရှည်ရှည်နှင့် ဖက်တီး ဘုန်းကြီးတစ်ပါးက အချိန်စက်ဝန်းပြား၏ ရှေ့၌ ပေါ်လာလေသည်။
မိုဝူကျိက အချိန်စက်ဝန်းပြားကို သိမ်းပင် မသိမ်းနေဘဲ ဤဘုန်းကြီးဖက်တီးကို ကြည့်ကာ
“သဟဇာတ နတ်ဘုရား အဆင့် ၇ တစ်ယောက်ကများ… မင်းကို တစ်ယောက်ယောက်က မကြာခင် အသားစင်းကောဖြစ်အောင် ပြောင်းပစ်လိမ့်မယ်ကွ”
“ဟားဟားဟား”
ဘုန်းကြီးဖက်တီးက အကျယ်ကြီး အော်ရယ်လိုက်ပြီး တုံ့ပြန်လိုက်သည်မှာ
“မင်းဘိုးအေ ဖက်တီး ငါ့ကို ဘယ်သူကများ အသားစင်းကောဖြစ်အောင် လုပ်နိုင်မလဲဆိုတာ မြင်ချင်စမ်းပါဘိကွာ”
“သူပြောတာမှန်တယ်။ ငါမင်းကို အသားစင်းကောဖြစ်အောင် တကယ်ပြောင်းပစ်နိုင်လို့ပဲ”
ဤအသံကို ကြားလိုက်ရပြီးသည့်နောက် သဘာဝ စွမ်းအင်လက်တစ်ခုက အပေါ်မှ ဆင်းသက်လာလေ၏။
ဘုန်းကြီးဖက်တီး၏ ပတ်ပတ်လည်ရှိ အာကာပြင်မှာ အေးခဲသွားသယောင် ခံစားလိုက်ရလေရာ ဘုန်းကြီးဖက်တီး၏ မျက်လုံးများထဲတွင် အကြောက်တရားတို့ ပေါ်လာလေသည်။
“ကျေးဇူးပြုပြီး ရပ်…”
ဘုန်းကြီးဖက်တီးက စကားနှစ်လုံးတည်းသာ ပြောနိုင်လိုက်သည်။ သဘာဝစွမ်းအားလက်က သူ့အား သွေးမြူတစ်ကွက်အဖြစ် ပြောင်းပစ်လိုက်လေသည်။ ပုတီးစေ့တစ်စေ့ ပြုတ်ကျလာကာ မိုဝူကျိက ထိုပုတီးစေ့ကို လှမ်းဖမ်းယူလိုက်သည်။
မိုဝူကျိက သူ၏ စိတ်စွမ်းအားကို သုံးလိုက်သောအခါ ဤပုတီးစေ့မှာ စိတ်ဝိညာဉ် နယ်မြေတစ်ခု ဖြစ်နေမှန်း အာရုံခံနိုင်လိုက်သည်။ သူ၏ စိတ်စွမ်းအား နည်းနည်းကို ထပ်တွန်းထည့်ကြည့်လိုက်သောအခါ နယ်မြေ၏ အတားအဆီးက ပွင့်သွားလေ၏။ ထို့နောက် နတ်ဘုရားအုပ်စိုးသူအဆင့်ရှိသော လူရွယ်တစ်ယောက်က နယ်မြေထဲမှ ထွက်ပေါ်လာသည်။
လူရွယ်ကို ကြည့်ရသည်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပုံ ပေါ်သည်။ ထိုနယ်မြေမှ ထွက်လာပြီးသည့်အချိန်၌ သူက မည်သူ့ကိုမျှ ကျေးဇူးမတင်အားသေးဘဲ သူ့ကိုယ်သူ ကုသရန် အရင် ထိုင်ချလိုက်လေသည်။ မိုဝူကျိက စိတ်ထဲ မထားပေ။ ဤလူရွယ်သည် အရေးပေါ်ကုသမှုကို လိုအပ်နေမှန်း မိုဝူကျိက သိသောကြောင့် ဖြစ်သည်။ သို့မဟုတ်ပါက လူရွယ်၏ အသိစိတ်ပင်လယ်မှာ ဆက်လက် စုတ်ဖြဲခံနေရနိုင်ပြီး နောက်ဆုံးတွင် အသက်ပါ ပါသွားနိုင်လေသည်။
ဘုန်းကြီးဖက်တီးအား သွေးကွက်အဖြစ် ပြောင်းပစ်လိုက်သောသူမှာ ပိန်ပိန်ရှည်ရှည်နှင့် လူတစ်ယောက် ဖြစ်သည်။ သူက မိုဝူကျိအား အေးတိအေးစက် စိုက်ကြည့်ရင်း
“အဲ့ဒီ့ဘုန်းကြီးဖက်တီး ပြောသွားတာ တစ်ခွန်းတော့မှန်တယ်။ မင်းက တကယ့်ကို သတ္တိရှိတာပဲ”
မိုဝူကျိက ဘာမှမပြောပေ။ အမှန်တကယ်တွင် သူက အနည်းငယ် စိတ်အေးသွားသည်။ ကူချိုက်က မိတ်ဆွေထက် မဟာတာအိုကို ရွေးချယ်လိုက်ပြီးကတည်းက မလှုပ်ရှားသေးဘဲ ယခုအချိန်အထိ သူမဆန္ဒကို ထိန်းချုပ်ထားနိုင်သည်မှာ တော်တော်လေး လေးစားစရာ ကောင်းနေလေပြီ။
မိုဝူကျိက စကားမပြောချေ။ ထို့အတူ ဤပိန်ပိန်ရှည်ရှည် ဝိဇ္ဇာတစ်ပိုင်း အဆင့် ၄ ကျင့်ကြံသူကလည်း မိုဝူကျိအား အန္တရာယ်တစ်ခုဟု မမြင်ပေ။ သိုက်နန်ကျန်း၏ လက်ချက်ဖြင့် လက်ပြတ်သွားသော လူမှာလည်း နောက်မှ လိုက်ပါလာနေသောကြောင့် သူက စောင့်နေခြင်း ဖြစ်သည်။ ထိုသူက နည်းနည်း နောက်ကျကျန်နေခြင်းသာ ဖြစ်သည်။
စက္ကန့်အနည်းငယ်အတွင်း ကူရှဲ့က ပိန်ပိန်ရှည်ရှည်နှင့်လူ၏ ဘေးတွင် ဆင်းသက်လိုက်သည်။
မိုဝူကျိအား အံ့သြသွားစေသည်မှာ ဤကူရှဲ့ကို ကြည့်ရသည်မှာ ကိုယ်ရောင်ထွက်ပြချင်ပုံ မပေါ်သောကြောင့် ဖြစ်သည်။ သူက ဤပိန်ပိန်ရှည်ရှည်နှင့် လူအား စောင့်ကြည့်ဖို့ ရည်ရွယ်ချက်ဖြင့် လိုက်လာခြင်း ဖြစ်မည်ဟု မိုဝူကျိက တွေးလိုက်သည်။
“အဲ့ဒီ့ဟာမလေးက ငါ့ကို စောင့်ကြည့်ဖို့နဲ့ ပြီးရင် သူမကို အကုန်လုံး ပြန်ပြောပြဖို့ မင်းကို လွှတ်လိုက်တာလား”
ပိန်ပိန်ရှည်ရှည်နှင့်လူက ကူရှဲ့အား မေးလိုက်သည်။
ကူရှဲ့က ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်ခင်ဗျ… အကြီးအကဲမှူး။ တပည့် နည်းနည်းတော့ မရှင်းဘူး ဖြစ်နေပါတယ်”
ကူရှဲ့က အကြီးအကဲမှူးဟု ခေါ်လိုက်သောလူက တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။
“ငါမင်းကို ဘာကြောင့် ခေါ်ထုတ်လိုက်ရတာလဲဆိုပြီး မရှင်းဘူး ဖြစ်နေတာမလား”
“ဟုတ်ပါတယ်”
ကူရှဲ့က အမှန်တကယ်ကို သိချင်နေမိသည်။ ကူချိုက်က ကူမျိုးနွယ်၏ မျိုးဆက်ဖြစ်သော်လည်း ကူချိုက်နှင့် ဤအကြီးအကဲမှူးတို့သည် ရန်သူများ ဖြစ်နေသည်မှာလည်း အမှန်တရားတစ်ခု ဖြစ်နေပြန်သည်။ ကူချိုက်၏ ဘိုးဘေး ကူချူသည် ကူမျိုးနွယ်မှ ထွက်မသွားခင် အရမ်းကို ရက်စက်ယုတ်မာခဲ့သည်။ သူက သစ်နက်ကို ရယူဖို့ ကူမျိုးနွယ်၏ နာမည်ကို အသုံးချခဲ့ပြီး ထိုသစ်နက်နှင့်အတူ ထွက်ပြေးသွားခဲ့သည်။ ထိုမျှသာ မကသေးပေ။ သူက ကူမျိုးနွယ်၏ ပင်မမျိုးဆက် ၇ ယောက် ၈ ယောက်လောက်ကိုလည်း သတ်ခဲ့သေးသည်။
ကူရှဲ့၏ မျက်လုံးထဲတွင် အကြီးအကဲမှူး ကူယင်စန်းသည် ကူချိုက်၏ ပြိုင်ဖက် မဟုတ်သေးချေ။ ဤအခြေအနေ အချိန်အခါတွင် ကူချိုက်နှင့် ကူယင်စန်းတို့ကြား ခွဲခြားယဉ်ပြိုင်ခြင်းက အကောင်းဆုံးအကြံတော့ မဟုတ်ပေ။
ကူချိုက် ခေါ်ထုတ်ခဲ့သော ဤလူသည်ကား ကူမျိုးနွယ်၏တစ်ဦးတည်းသော အကြီးအကဲမှူးပင်တည်း။
သူက ကူမျိုးနွယ်၏ အားအကောင်းဆုံးသူလည်း ဖြစ်သည်။ သူသည်ကား ကူယင်စန်းပင် ဖြစ်၏။ ကူယင်စန်းကို လူအနည်းစုကသာ သိကြသည်။ ထျန်းကူမြို့သို့ ကူချိုက် ရောက်လာကတည်းက ကူမျိုးနွယ်ဝင်များက ကူယင်စန်းသည် ကူမျိုးနွယ်စု၏ အားအကောင်းဆုံး မဟုတ်တော့မှန်း သဘောပေါက်သွားကြသည်။
ကူမျိုးနွယ်၏ အားအကောင်းဆုံး တည်ရှိမှုမှာ ကူမျိုးနွယ်အား သစ္စာဖောက်ခဲ့သောလူ၏ မျိုးဆက် ဖြစ်နေလေသည်။ ထိုသူမှာ ကူချိုက်ဟု ခေါ်သော ဆံပင်အဝါရောင်နှင့် ကောင်မလေးတစ်ယောက် ဖြစ်လေသည်။
ကူယင်စန်း၏ မျက်လုံးတို့က မိုဝူကျိ၏ အချိန်စက်ဝန်းပြားပေါ်သို့ ရောက်ရှိသွားသည်။ ထိုအခါမှ သူက စိတ်လှုပ်ရှားသွားပုံပေါ်ကာ
“ကူရှဲ့… အချိန်စက်ဝန်းပြားရဲ့ မူလဇာစ်မြစ်ကို သိလား”
ကူရှဲ့က မသိသဖြင့် ခေါင်းခါပြလိုက်သည်။
“အချိန်စက်ဝန်းပြားက ငါတို့ကူမျိုးနွယ်ရဲ့ဘိုးဘေး ကူရှင်းရန်ရဲ့ရတနာလို့ ကြားဖူးတယ်။ ကောလာဟလတွေအရ ဘိုးဘေး ကူရှင်းရန်က ထိပ်တန်းအဆင့် နတ်ဘုရားအာဏာစက်ကိုတောင် ရရှိခဲ့သေးတယ်ဆိုပဲ။
ဘိုးဘေးဟာ ဝိဇ္ဇာဖြစ်ဖို့ နောက်ထပ်ခြေ တစ်လှမ်းတည်းပဲ လိုတော့တယ်။ အခု ပုရွက်ဆိတ် တစ်ကောင်က အချိန်စက်ဝန်းပြားကို ငါတို့ရှေ့မှာ အရှက်မရ လာသုံးပြနေတယ်… ငါ ဘယ်လိုလုပ် ဆက်ကြည့်နေနိုင်ပါ့မလဲ။ တကယ်လို့ အဲ့ဒီ့ကူချိုက်ဆိုတဲ့ ဟာမလေးသာ ဒီပစ္စည်းကို ရသွားရင် ငါဒီတစ်သက် သူမကို ဘယ်တော့မှ အမှီလိုက်နိုင်တော့မှာ မဟုတ်ဘူး”
ကူယင်စန်းက အသက်တစ်ရှိုက် ရှူသွင်းလိုက်သည်။ သူ့ကိုကြည့်ရသည်မှာ တကယ်ကို စိတ်လှုပ်ရှားနေဟန် ရှိသည်။
ကူရှဲ့က ချက်ချင်း တုံ့ပြန်လိုက်သည်။
“ကူချိုက်က ကူမျိုးနွယ်ရဲ့ အာဏာစက်နဲ့ မထိုက်တန်ဘူးလို့ အကြီးအကဲမှူးက ဆိုလိုချင်တာလား။ သူမက အဲ့ဒီနေရာအထိ ရောက်လာနိုင်တာ သူမရဲ့ဝိညာဉ်ကြောတွေကြောင့်ပဲဟာ။ တကယ်လို့ ကူမျိုးနွယ်အတွက် အလုပ်လုပ်ပေးဖို့ သူမကို အသုံးချချင်လို့သာ မဟုတ်ရင် အကြီးအကဲမှူးက သူမကို အစောကြီးကတည်းက အသေသတ်ပြီးလောက်ပြီနော့”
“မဟုတ်ဘူး။ သူမက အဲ့လောက် မရိုးရှင်းဘူး။ ဒါပေမဲ့ ဒီအကြောင်းကို ငါတို့ နောက်မှ ပြောကြတာပေါ့”
ကူယင်စန်း၏မျက်လုံးများက အချိန်စက်ဝန်းပြားဆီသို့ ပြန်ရောက်သွားသည်။
ကူယင်စန်းက ကူရှဲ့အား အနားတွင် လူတစ်ယောက်မှ မရှိသည့်ဟန်ဖြင့် ပြောဆိုနေသည်ကို ကြည့်ရုံဖြင့် ဤပိန်ပိန်ရှည်ရှည်နှင့် ကောင်က သူ့အား သောက်ဂရုမစိုက်မှန်း မိုဝူကျိက သိလိုက်သည်။ ထို့အပြင် သူတို့ပတ်ပတ်လည်မှ အာကာပြင်မှာ ဤလူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဤလူ၏ မျက်လုံးထဲတွင် သူနှင့်သိုက်နန်ကျန်းအတွက် ထွက်ပြေးရန်မှာ ခက်ခဲနေပေလိမ့်မည်။
မိုဝူကျိက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ အကယ်၍ မိုဝူကျိသာ ဤနေရာသို့ ရောက်မလာခဲ့ပါက ကူချိုက်မှာ ဘာမှန်းတောင်မသိလိုက်ဘဲ ကူမျိုးနွယ်ဝင်များ၏ လုပ်ကြံခြင်းကို ခံနေရလောက်လေပြီ။
ဤကူမျိုးနွယ်အပေါ်ရှိ မိုဝူကျိ၏ မုန်းတီးရွံရှာမှုတို့က မိနစ်နှင့်အမျှ တိုးပွားလာလေသည်။
“ငါ မင်းကို ဘာဖြစ်လို့ မတိုက်သေးတာလဲ သိလား”
ကူယင်စန်းက မိုဝူကျိအား စိုက်ကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲဆိုတော့ ဒီမိန်းမရဲ့မျက်လုံးထဲမှာ မင်းက ဘယ်လောက်ထိ အရေးပါသလဲ သိချင်လို့ပဲ။ ဟိုအရင် သိုက်ဖန်း ရတနာတွေကို ဘယ်နားကရှာတွေ့ခဲ့တာလဲ ငါ သိချင်တယ်”
ဤဘိုးတော်က သူ့အား ထိန်းချုပ်ပြီး သိုက်နန်ကျန်းဆီမှ အဖြေကို အတင်းနှိုက်ထုတ်ချင်မှန်း မိုဝူကျိက ချက်ချင်း သိလိုက်သည်။ သိုက်နန်ကျန်းက သဟဇာတ နတ်ဘုရားအဆင့် ၄ တွင် ရှိနေလေရာ ဝိဇ္ဇာတစ်ပိုင်းအဆင့် ၅ ကျင့်ကြံသူပင်လျှင် သူမ၏ ဝိညာဉ်ကို ရှာဖို့ရာ ခက်ခဲပေလိမ့်မည်။
“ကူချိုက်က ခင်ဗျားကို ကျုပ် နောက်လိုက်လာဖို့ ပြောတယ်လား”
မိုဝူကျိက ကူယင်စန်း၏ စကားများကို ဂရုစိုက်မနေချေ။ သူက ကူချိုက်က ကူယင်စန်းအား သူ့နောက်လိုက်ဖို့ ပြောမပြောကိုသာ သိချင်သည်။ ဤသည်မှာ ကူချိုက်၏ အမိန့် ဖြစ်လောက်မည်မှန်း မိုဝူကျိက ခန့်မှန်းပြီးထားပါလျက်နှင့် သူက အတည်ပြုချင်သေးသည်။
“မင်းက ဉာဏ်ကောင်းသားပဲ။ သူမက မင်းကို ကိုယ်တိုင် မသတ်ချင်လို့ ငါ့ကို လွှတ်လိုက်တာ။ မင်းရဲ့ပစ္စည်းတွေကို သူမဆီ ပြန်ယူသွားပေးစရာလည်း ရှိတယ်။ ဒါပေမဲ့ မင်းကို ငါ သတ်မှာ မှန်ပေမဲ့ ပစ္စည်းတွေကိုတော့ သူမဆီ ပြန်ယူသွားမှာ မဟုတ်ဘူး…”
ကူယင်စန်းက ဤသို့ ပြောလိုက်ရင်း လက်ဝါးရာကြီးတစ်ခုကို မိုဝူကျိဆီသို့ တွန်းထုတ်လိုက်သည်။
သို့သော် ထိုလက်ဝါးရာ လမ်းတစ်ဝက် ရောက်သွားသည့်အချိန်၌ သူက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ အာကာပြင်စည်းမျဉ်းများမှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ သေချာပါလျက်နှင့် အဘယ်ကြောင့် သူ့လက်ဝါးရာကို ရိုက်ထုတ်ဖို့ အင်မတန်ခက်ခဲနေရသနည်း။
မိုဝူကျိကလည်း လက်ဝါးရာတစ်ခု ရိုက်ထုတ်လိုက်သည့်အချိန်တွင်ကား ကူယင်စန်းက အကြောင်းအရင်းကို နားလည်သွားလေသည်။ သူ၏ မျက်နှာမှာလည်း အလွန်တရာ ဖြူဖျော့သွားလေ၏။
ကူချိုက်အား ရင်ဆိုင်ရန် သူက နည်းလမ်းများစွာကို တွေးထားခဲ့သည်။ သို့သော် ဤသာမန်ဖြစ်ပုံပေါ်သည့် လူရွယ်လေးက အလွန် ကြောက်စရာကောင်းလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးဖူးခဲ့ချေ။
ဤသာမန်ဖြစ်ပေါ်ပုံသည့် လူရွယ်က သဟဇာတ နတ်ဘုရားအဆင့် ၄ တွင်ရှိနေသည့် သိုက်နန်ကျန်းကို အားကိုးနေသည်ဟု သူ ထင်ထားခဲ့သည်။ သို့သော် ဤလူရွယ်က သူ့အား ဆန့်ကျင်ခုခံရန် နတ်သဘာဝ လက်ဝါးတစ်ခုကို အသာလေး အသုံးပြုနိုင်လေသည်။ မည်မျှ အထင်ကြီးစရာ ကောင်းလိုက်သနည်း။ ကူချိုက်ပင်လျှင် လူရွယ်၏ ပြိုင်ဖက် မဖြစ်နိုင်ပေ။
ကူယင်စန်း၏ တစ်ခုတည်းသော အတွေးမှာ ဖြစ်နိုင်သမျှ မြန်မြန် ထွက်ပြေးနိုင်ရန် ဖြစ်သည်။ သူက သူ၏ အသက်ဓာတ်နှင့် သွေးအဆီအနှစ်များကို အရူးအမူး လောင်ကျွမ်းစေလိုက်သည်။ ကူယင်စန်း၏ အားပြင်းလွန်းသော နတ်သဘာဝစွမ်းအားတို့ ပေါက်ကွဲသွားသည့်အခိုက် မိုဝူကျိ၏ နတ်သဘာဝ စွမ်းအားလက်ဝါးမှာ ချက်ချင်း ပျက်စီးသွားလေ၏။
ကူယင်စန်းက မိုဝူကျိ၏ အာကာပြင်စည်းမျဉ်းများထဲမှ မရုန်းထွက်နိုင်သေးခင် ကြောက်မက်ဖွယ် အားပြင်းလှသော စိတ်စွမ်းအင် မြားတစ်စင်းက ကူယင်စန်း၏ အ သိစိတ်ပင်လယ်ထဲသို့ ထိုးခွင်း ဝင်ရောက်သွားလေသည်။ ကူယင်စန်း၏ရု န်းကန်မှုအားလုံး ရပ်တန့်သွားသည်။ နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အစအနမကျန် ပျောက်ကွယ်သွားလေ၏။ စောစောတုန်းက ကူယင်စန်း ဖျက်ဆီးလိုက်သည့် ဘုန်းကြီးဖက်တီး၏ အဖြစ်နှင့်ပင် တူနေလေတော့သည်။
“မင်း…”
အံ့သြသွားသော ကူရှဲ့က မိုဝူကျိ ကူယင်စန်းကို အလွန်တရာ လွယ်လွယ်ကူကူနှင့် သတ်နိုင်လိုက်ပုံအား ကြည့်နေမိသည်။ ထိုမြင်ကွင်းကို မြင်ကာ သူက အသက်ရှူပင် မှားလုနီးနီး ဖြစ်သွားသည်။
သိုက်နန်ကျန်းက မိုဝူကျိ အားကောင်းမှန်း သိသည်။ သို့တိုင် မိုဝူကျိ၏ အင်အားမှာ သူမထင်ထားသည်ထက် များစွာပိုကောင်းနေလေသည်။
ချက်ချင်းပင် သူမက အသိပြန်ဝင်လာပြီး ဓားရှည်ကို ဆွဲထုတ်ကာ ကူရှဲ့ဆီသို့ ပြေးဝင်သွားလိုက်သည်။
အစကတည်းက ကူရှဲ့သည် သိုက်နန်ကျန်းထက် အများကြီး အားနည်းသည်။ ထို့အပြင် သူ၏ လက်တစ်ဖက်မှာလည်း သိုက်နန်ကျန်း လက်ချက်ဖြင့် ပြတ်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူက လုံးဝကို ပြန်မခုခံနိုင်လိုက်ဘဲ အပိုင်းပိုင်းအတစ်တစ် အဖြတ်ခံလိုက်ရလေ၏။
“စီနီယာအစ်ကိုမို… ကျေးဇူးတင်ပါတယ်။ နောက်ဆုံးတော့ ကျွန်မ ကျွန်မအစ်ကိုအတွက် နည်းနည်းတော့ လက်တုံ့ပြန်နိုင်ခဲ့ပြီ”
ကူရှဲ့ကို သတ်ပြီးသည့်နောက်တွင် သိုက်နန်ကျန်းက အနည်းငယ် ပို၍ စိတ်သက်သာသွားရသည်။
ဟိုယခင်က ကူရှဲ့၏ အဖေ၊ ကူဖန်းလန်သည် သိုက်ဖန်းအား ဝိုင်းတိုက်သောသူတွေထဲမှ တစ်ယောက်အပါအဝင် ဖြစ်ခဲ့၏။
မိုဝူကျိက သက်ပြင်း ကျိတ်ချလိုက်သည်။ အစောပိုင်းတွင် သူက သိုက်နန်ကျန်းအား တခြား ကျင့်ကြံရေးမြို့ တစ်မြို့ထဲသို့ ပို့ချင်ခဲ့သည်။ ယခုမူ ထိုကိစ္စက ဖြစ်နိုင်တော့မည် မထင်ပေ။
“နန်ကျန်း…အစတုန်းကတော့ ငါ မင်းကို အမှောင်ကမ္ဘာက နတ်ဘုရားမြို့ တစ်မြို့မြို့ဆီ ပို့ပေးချင်ခဲ့တာ။ ဒါပေမဲ့ ကြည့်ရတာ ကူချိုက်က မင်းကို အလွယ်တကူ လွှတ်ပေးမယ့်ပုံ မပေါ်ဘူး။ မင်း ငါ့နောက်ကိုပဲ လိုက်ခဲ့ပါ့လား”
မိုဝူကျိက တွေဝေမိသေးသော်လည်း သိုက်နန်ကျန်းကို နတ်ဘုရားကမ္ဘာမှ သူ၏ လူသားဂိုဏ်းဆီသို့ ပြန်ခေါ်သွားရန် ဆုံးဖြတ်လိုက်ဆဲ ဖြစ်သည်။
သိုက်နန်ကျန်းက မိုဝူကျိဘက်သို့ ဦးညွှတ်လိုက်ပြီး
“စီနီယာအစ်ကိုမို… အစ်ကို ကျွန်မကို ကူညီတာတွေ များနေပါပြီ။ ကျွန်မမှာ အစ်ကိုကို ပြန်ကူညီပေးနိုင်တာ ဘာမှလဲမရှိဘူး။ အဲ့ဒါကို ဘယ်လိုလုပ်ပြီး ကျွန်မ အစ်ကိုကို ဆက်ဒုက္ခပေးနိုင်ပါ့မလဲရှင်။
အစ်ကို့ရဲ့ အသက်ကယ်ပေးထားတဲ့ ကျေးဇူးကိုတောင် ပြန်မဆပ်ရသေးဘူး။ ကျွန်မအစ်ကိုက အမှောင်ကမ္ဘာမှာ သေသွားတာ။ ကျွန်မရဲ့ရန်သူတွေကလည်း အမှောင်ကမ္ဘာမှာပဲ ရှိနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဒီနေရာကနေ ဘယ်မှမသွားချင်ဘူး။ စီနီယာအစ်ကို… ကျွန်မ ဒီမှာပဲ နေခဲ့ပြီး ကျွန်မရဲ့မဟာတာအိုကို ဆက်ကျင့်ကြံချင်ပါတယ်။ ဖြည်းဖြည်းချင်းနဲ့ ကျွန်မရဲ့လက်တုံ့ပြန်မှုကို ပြီးအောင် လုပ်ချင်တယ်”
သိုက်နန်ကျန်း၏ စိတ်ပိုင်းဖြတ်ပြီးပုံကို ကြည့်ကာ မိုဝူကျိက သူမသဘောအတိုင်း လုပ်ခွင့်ပေးလိုက်ရလေတော့သည်။ လူတိုင်းမှာ သူတို့လုပ်ချင်သည့်အရာများ ရှိကြသည်သာ ဖြစ်သည်။ သူက သိုက်နန်ကျန်းကောင်းဖို့အတွက် စဉ်းစားပေးသော်လည်း အမှောင်ကမ္ဘာမှ ထွက်ခွာခြင်းသည် သူမ၏ မဟာတာအိုအတွက် အတားအဆီး အဖုအထစ်များ ရှိလာနိုင်ပြန်သည်။
ဤအခိုက်အတန့်၌ ဒဏ်ရာနှင့်လူရွယ်က နောက်ဆုံးတွင် အခြေအနေတည်ငြိမ်အောင် လုပ်ပြီးသွားလေသည်။ သူက ထရပ်ကာ မိုဝူကျိဘက်သို့ ဦးညွှတ်လိုက်ရင်း
“ဂျူနီယာယို့ကျဲ စီနီယာ့ရဲ့ အသက်ကယ်တင်ပေးတဲ့ ကြင်နာမှုကို ကျေးဇူးတင်ချင်ပါတယ်”
မိုဝူကျိက ခေါင်းငြိမ့်ကာ စိတ်ဝိညာဉ်နယ်မြေ ပုတီးစေ့ကို လူရွယ်အား ပြန်ပေးလိုက်သည်။
“ဒါ ဘာမှမဟုတ်ပါဘူး။ ဘုန်းကြီးဖက်တီးက သေသွားပြီဆိုတော့ မင်းအခု လွတ်လပ်သွားပါပြီ”
ယို့ကျဲက ထွက်မသွားဘဲ ထိုအစား ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ
“စီနီယာ…ကျေးဇူးပြုပြီး ကျွန်တော့်အဖေကိုလည်း ကယ်တင်ပေးပါခင်ဗျာ။ အဲ့ဒီတုန်းက တစ်စုံတစ်ယောက်က အမှောင်ကမ္ဘာကိုလာဖို့ စကြဝဠာတာအို စည်းမျဉ်းကို အသုံးချနေမှန်း အဖေက အာရုံခံမိခဲ့တယ်။ အဖေက အဲ့ဒီ့လူကို တားဆီးဖို့ သွားတာ။ ဒါပေမဲ့ စကြဝဠာတာအို စည်းမျဉ်းကို သုံးပြီး အမှောင်ကမ္ဘာကို လာဖို့ကြိုးစားနေတဲ့လူက ဘယ်သူပဲဖြစ်ဖြစ်၊ ကျွန်တော့်အဖေက အဲ့ဒီ့လူရဲ့ပြိုင်ဖက် လုံးဝမဖြစ်နိုင်ဘူးဆိုတာ ဂျူနီယာ သိတယ်”
မိုဝူကျိက အင်မတန် အံ့အားသင့်မှင်သက်သွားလေ၏။
တစ်စုံတစ်ယောက်က ဤကမ္ဘာကို လာဖို့ စကြဝဠာတာအိုစည်းမျဉ်းကို အသုံးပြုနေမှန်း သူက အာရုံခံနိုင်သည်လော…
မိုဝူကျိပင်လျှင် ထိုအဖြစ်အပျက်ကို အာရုံမခံနိုင်ပေ။ သို့ဖြစ်ရာ ယို့ကျဲ၏ အဖေမှာ ဘယ်လိုလူမျိုးများနည်း။ သူက မည်မျှတောင် အထင်ကြီးစရာကောင်းလိုက်လေသနည်း။ မိုဝူကျိက ရွှေလှေကားဘေးတွင် သေနေသောလူကို ရုတ်တရက် စဉ်းစားမိသွားသည်။ ထိုသူက ယို့ကျဲ၏ အဖေများလော…
“မင်းအဖေက တစ်ယောက်ယောက် ဒီကိုလာဖို့ စကြဝဠာတာအိုစည်းမျဉ်းကို အသုံးချနေမှန်း ဘယ်လိုလုပ် သိတာလဲ။ ပြီးတော့ မင်းအဖေက ဘယ်လို ပုံစံမျိုးလဲဆိုတာ ကျုပ်ကို ပြပါဦး”
မိုဝူကျိက မေးလိုက်သည်။
ယို့ကျဲက ပုံတစ်ပုံကို အလျင်အမြန် ရေးဆွဲပြကာ ပြောလိုက်သည်။
“ကျွန်တော်နဲ့ ကျွန်တော့်အဖေ ကျင့်ကြံတဲ့နေရာမှာလည်း စကြဝဠာ တာအိုစည်းမျဉ်းတစ်ခု ရှိတယ်ဗျ။ ဒါကြောင့်မို့ စကြဝဠာ တာအိုစည်းမျဉ်းကို အာရုံခံမိတာနဲ့ အဖေက ကျွန်တော့်ကို အဲ့ဒီ့နေရာကနေ ဘယ်မှမသွားဖို့ မှာခဲ့တယ်။ အဲ့ဒီ့နောက် သူ တစ်ယောက်တည်း ထွက်သွားခဲ့တယ်”
***