အခန်း(၆၁၁) ပိစိကွေးလေး
Vol. 44 Ch. 611
အခန်း(၆၁၁) ပိစိကွေးလေး
နှစ်ယောက်သား ဖက်ထုပ်တစ်ပန်းကန်စီ စားသောက်ပြီးနောက် ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့ ဗိုက်ပြည့်သွားကြပါသည်။
ရထားပေါ် ရက်ပေါင်းများစွာ ထိုင်ခဲ့ရသဖြင့် ရေသွားချိုးဖို့ လိုအပ်ပါသည်။
ကျိုးခိုင်က အထုပ်အပိုးကို ဒုတိယထပ်မှာ ထားခဲ့ပြီး သူနဲ့ ဝိန်မေ့ကျားတို့ လဲလှယ်ဖို့ အဝတ်အစား တချို့ကိုယူကာ ဖက်ထုပ်ဆိုင်မှ ရေချိုးအိမ်သို့ စက်ဘီးဖြင့် ထွက်လာခဲ့ကြပါသည်။
သူတို့တစ်ယောက်စီ ဇိမ်ရှိရှိ ရေချိုးခဲ့ကြပြီး တံခါးမှာ ပြန်ဆုံကြကာ အိမ်ပြန်သွားခဲ့ကြပါသည်။
သူတို့နှစ်ယောက် ဖက်ထုပ်ဆိုင်သို့ မသွားကြတော့ပါ။ သူတို့ တိုက်ခန်းသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့ပါသည်။
ကျိုးရွှမ်၊ ကျိုးချင်းပိုင်နဲ့ လင်းချင်းဟယ်တို့ အားလုံး အိမ်မှာရှိနေကြပါသည်။ ကျိုးရွှမ်က သူ့အဖေ အိပ်ထမတင်လုပ်ဖို့ ခြေထောက် ကိုင်ထားပေးရသည်။ လင်းချင်းဟယ်ကတော့ ဘာသာပြန်နေပါသည်။
ဘာသာပြန်ရတာ အကြောင်းအရာနဲ့ တည်ဆောက်ပုံများကို ချိတ်ဆက်ရတာကြောင့် မလွယ်ကူသော်လည်း သူမ လုပ်ပျော်ပါသည်။
အပြင်ဘက်မှ သားကြီး၏ အသံကို ကြားလိုက်ရသောအခါ လင်းချင်းဟယ်၏ မျက်နှာထား ပျော်ရွှင်သွားပြီး ဘာမှမပြောတော့ဘဲ မတ်တပ်ရပ်ကာ တံခါးကို သွားဖွင့်လိုက်ပါသည်။
"နင်တို့နှစ်ယောက် ပြန်ရောက်သင့်ပြီလို့ အခုပဲ ပြောနေတာ" လင်းချင်းဟယ်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
ကျိုချင်းပိုင်လည်း လေ့ကျင့်ခန်း ဆက်မလုပ်တော့ပေ။ သူ့သားပြန်လာတာက အရေးမကြီးပါ။ သို့သော် သူတို့ ချွေးမလောင်းလည်း ပါလာသောကြောင့် ဣန္ဒြေရှိရှိနေရပါမည်။
စောင်တစ်ထည်ပေါ်လှဲနေပြီး သားလတ်တက သူ့ခြေထောက်ကို ကိုင်ထားပေးတာက ချွေးမရှေ့မှာ မြင်ကောင်းပါ့မလား။
"ဒေါ်လေးလင်း အလှမပျက်သေးဘူးပဲ။" ဝိန်မေ့ကျားက ပျော်ရွှင်စွာ ချီးကျူးလိုက်ပါသည်။
"အသားငါးတွေအကုန်လုံးကို နင့်ဦးလေးကျိုးပဲ စားတာလေ။” လင်းချင်းဟယ်က ပြုံးလိုက်သည်။ "နင်တို့နှစ်ယောက် ဘယ်တုန်းက ပြန်ရောက်ကြတာလဲ။ အထုပ်အပိုးတွေကော။”
"လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်က ဖက်ထုပ်ဆိုင်ကို အရင်သွားခဲ့တာ။ ဖက်ထုပ်စားပြီး ရေသွားချိုးပြီးမှ ပြန်လာခဲ့တာပါ။” ကျိုးခိုင်က ပြန်ဖြေလိုက်ပါသည်။ သူ့ညီမလေးကို သွားကြည့်ဖို့ မစောင့်နိုင်တော့ပါ။ "အမေ ညီမလေး အထဲမှာ ရှိလား။"
"အေး" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။
"အဖေ ကျွန်တော် ရေချိုးပြီးမှ ပြန်လာတာပါ။ ကျွန်တော့် ညီမလေးကို သွားကြည့်လို့ ရပြီလား" ကျိုးခိုင်က ရွှင်ပျစွာ မေးလိုက်ပါသည်။ သို့သော်လည်း သူ့ခြေလှမ်းများက အခန်းဆီကို ရွေ့လျားနေပြီ ဖြစ်ပါသည်။
ကျိုးချင်းပိုင်က သူ့ကို ကြည့်သာ ကြည့်လိုက်သည်။
ကျိုးခိုင်က အထဲဝင်သွားပြီး ကုတင်ပေါ်က ပိစိကွေးလေးကို မြင်သွားပါသည်။ သူမလေးက အိပ်ပျော်နေဆဲ ဖြစ်၏။ ကျိုးခိုင် အိပ်ယာပေါ် မှီလိုက်ပြီး ကြည့်လိုက်သည်။ ဝိန်မေ့ကျားလည်း ဝင်လာကာ ကြည့်လိုက်ပါသည်။
"သူက ဒေါ်လေးလင်းနဲ့ တော်တော်တူတာာပဲ။” ဝိန်မေ့ကျားက သူမကို ငေးကြည့်နေသည်။ သူမ ရင်ထဲနူးညံ့သွား၏။ ဒီလိုကလေးမျိုးကို ဘယ်သူမှ တောင့်မခံနိုင်ပါ။
ကျိုးခိုင်ကိုတော့ ပြောနေစရာ မလိုတော့ပေ။ သူသာ အခု အိပ်မနေပါက သေချာပေါက် သူ့ညီမလေးကို ပွေ့ချီလိုက်မိမည်ဖြစ်သည်။
သူမကို ခဏလောက်ကြည့်ပြီးနောက် ပြန်ထွက်လာပြီး သူ့အမေကို ပြောလိုက်ပါသည်။ "အမေ ဒီနှစ်အစောပိုင်းလောက်ကမှ ကျွန်တော် ပြန်သွားတာ။ အဲ့တုန်းက အမေကိုယ်ဝန် မရှိသေးပါဘူး။ ကျွန်တော်ပြန်လာတော့ ညီမလေးက ၃ လတောင်ရှိနေပြီ။"
သူ့လေသံထဲ နောင်တ အနည်းငယ် ပါဝင်နေပါသည်။ ကိုယ်ဝန်ဆောင်စဥ်က သူ့အမေ ဘယ်လိုပုံစံမျိုးလဲ မမြင်ခဲ့ရပေ။
"လောင်စန်းနဲ့ ငါနဲ့ အဖေတို့ သုံးယောက်စလုံး အမေကိုယ်ဝန်ဆောင်တုန်းက ပုံတွေ ရိုက်ထားကြတယ်။ မင်းကြည့်ချင်ကြည့်လို့ရတယ်။ အယ်လ်ဘမ်တစ်ခု အပြည့်ပဲ။" ကျိုးရွှမ်က ပြုံးလိုက်ပါသည်။
သူက ဝိန်မေ့ကျားအတွက် လိမ္မော်သီးတစ်လုံး အခွံနွှာပေးလိုက်သည်။ "အစ်မမေ့ကျား လိမ္မော်သီး စားပါဦး။"
သားလတ်က သားငယ်နဲ့ ခြားနားသည်။ သာားငယ်က သူမကို အကြီးဆုံးမရီးဟု ခေါ်သောအခါ မှားတော့မမှားပေ။ အဘယ့်ကြောင့်ဆိုသော် သူက အငယ်ဆုံးဖြစ်ပြီး အနည်းငယ် မျက်နှာပြောင်သောကြောင့်ဖြစ်သည်။
ကျိုးရွှမ်ကတော့ ဒီလိုမလုပ်ပါ။
ဝိန်မေ့ကျားက ရွှင်ပျစွာ လက်ခံလိုက်ပါသည်။ ကျိုးခိုင်ကလည်း ဓာတ်ပုံအယ်လ်ဘန်ကို ကြည့်နေသည်။ ဝိန်မေ့ကျားနဲ့ အတူတူ ကြည့်လိုက်သည်။ လင်းချင်းဟယ် ကိုယ်ဝန်ဆောင်စဥ်တုန်းက လှပသည့် ဓာတ်ပုံများကို လှန်ကြည့်ရင်း ပြောလိုက်မိပါသည်။ "ကျွန်တော်သာ ဒီဓာတ်ပုံတွေကို မမြင်ရင် ညီမလေးကို ကောက်လာတယ်လို့ပဲ ထင်မိမှာ အမှန်ပဲ။"
"ညီမလေးက ဒေါ်လေးလင်းနဲ့ ဒီလောက်တူတာ ဘယ်လိုလုပ်ကောက်လာတာဖြစ်မှာလဲ။” ဝိန်မေ့ကျားက ပြောလိုက်ပါသည်။ "ဒေါ်လေးလင်း ကိုယ်ဝန်ရှိနေတုန်းက လှတာပဲ။"
"ဘယ်လိုလုပ်လှမှာလဲ။ ငါ ဝလွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် မမှတ်မိတော့ဘူး" လင်းချင်းဟယ်က ရယ်မောလိုက်သည်။
"ဗိုက်ပဲနည်းနည်းကြီးလာတာ ကျန်တာ ဘာမှ မပြောင်းလဲဘူး" ဝိန်မေ့ကျားက ပြောလိုက်သည်။ "ကိုယ်ဝန်ဆောင်တုန်းက ကိုယ့်အလှကိုယ် ဂရုစိုက်တာ သိသာပါတယ်။"
သူမ ဒေါ်လေးလင်းက ကိုယ့်ခန္ဓာကိုယ်နဲ့ မျက်နှာ ထိန်းသိမ်းမှုကို ဝီရိယရှိရှိ အဆောင်ရွက်ဆုံးလူ ဖြစ်ပါသည်။ ရိုးရိုးသားသား ပြောရလျှင် သူမ တကယ်ပဲ ငယ်ရွယ်သည့်ပုံပေါက်ပါသည်။
"အဖေကတော့ တကယ် ဝိတ်တွေ အများကြီး တက်လာတာပဲ" ကျိုးခိုင်က သူ့အဖေကို ကြည့်လိုက်သည်။
ကျိုးချင်းပိုင်က သူ့ကို လျစ်လျူရှုကာ တီဗီသာကြည့်နေပါသည်။ ကျိုးရွှမ်က ရွှင်ပျစွာ ပြောလိုက်သည်။ "အဖေက အခု ဝိတ်ပြန်ချနေပါပြီ။ ဒီတစ်ခေါက် ဝိတ်နည်းနည်း ပြန်ကျသွားတယ်။ သူပြန်လာခါစတုန်းက ပုံစံကို မင်းမမြင်လိုက်ဘူး။ ကျင်း ၂၀၀ ကျော်လောက်ရှိမယ်။"
ကျိုးခိုင်က ရယ်မောလိုက်သည်။ ဝိန်မေ့ကျားလည်း ပြုံးသွားပါသည်။
"နင်တို့ နားကြဦးလေ။ ငါ ဝက်ကလီစာနဲ့ ကြက်သားချက်ပေးမယ်" လင်းချင်းဟယ်က မတ်တပ်ရပ်ကာ ပြောလိုက်ပါသည်။
"သမီး ဒေါ်လေးလင်းကို ကူညီပေးမယ်လေ" ဝိန်မေ့ကျားက ပြောလိုက်သည်။
"ရပါတယ်။ ဒီတိုင်းပဲထိုင်နေ။ ခရီးပန်းလာကြမှာပေါ့။ ငါ ဒီဟင်းချက်ရတာ ကျွမ်းပါတယ်။ အားအများကြီး စိုက်ထုတ်ဖို့ မလိုဘူး။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
သူမ အရင်ဆုံး ထွက်သွား၏။ သမီးလေးကတော့ သိပ်မကြာသေးခင်ကမှ အိပ်ပျော်သွားတာဖြစ်သဖြင့် နိုးဦးမှာ မဟုတ်သေးပေ။
သူမ ဖက်ထုပ်ဆိုင်သို့ လာခဲ့သည်။
ကျိုးကွေ့လိုင်က ရွှင်ပျစွာ ပြောလိုက်၏။ "အမေ ဝက်ကလီစာနဲ့ ကြက်သားချက်ဖို့ လာမှာ သိသားပဲ။"
"ရေခဲသေတ္တာထဲက ထုတ်တောင် ထုတ်ပြီးသွားပြီလား။" လင်းချင်းဟယ်က မြင်သောအခါ ပြုံးကာ ပြောလိုက်ပါသည်။
"ဟုတ်တယ်။ အစ်ကိုကြီး ပြန်လာရင် ဒီလို လုပ်ကိုလုပ်ရမှာပေါ့" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
ကြက်ကိုလည်း လွန်ခဲ့သော ၂ ရက်လောက်က ကြိုတင်သတ်ထားပြီးသား ဖြစ်သည်။ သတ်ပြီးနောက် ရေခဲရိုက်ထားသည်။ ထို့အပြင် ဒီရာသီဥတုကြောင့် လတ်ဆတ်ပြီး မပုပ်မသိုးခဲ့ပါ။
အခုတော့ ရေခဲ လုံးဝ အရည်ပျော်ပြီးသား ဖြစ်နေသဖြင့် ပိုလွယ်ကူသွားပါသည်။ လင်းချင်းဟယ်က ဓားကိုင်လိုက်ပြီး ဝက်ကလီစာ ကြက်သားချက်ဖို့အတွက် ကြက်သားများ စတင်ခုတ်ထစ်သည်။
"အစ်ကိုဟူကျစ်နဲ့ သူများတွေ နောက်နှစ်ကျရင် လက်ထပ်ကြတော့မယ်။ အစ်ကိုကြီးနဲ့ အစ်မမေ့ကျားတို့ကကော ဘယ်တော့ လက်ထပ်ကြမှာလဲ" ကျိုးကွေ့လိုင်က မေးလိုက်သည်။
"သူတို့နှစ်ယောက်အပေါ် မူတည်တာပေါ့" လင်းချင်းဟယ်က အလုပ်လုပ်ရင်း ပြန်ဖြေလိုက်ပါသည်။
သားကြီးနဲ့ မေ့ကျားတို့ အဆင်ပြေရင် ဘာပြဿနာမှမရှိပါ။ သို့သော်လည်း နောက်နှစ် ကော်တုန်းနဲ့ စစ်နီတို့ လက်ထပ်မည်ဖြစ်သည်။ မောင်နှမနှစ်ယောက် တစ်နှစ်တည်း လက်ထပ်တာ မကောင်းသဖြင့် နောက်ဆုတ်လိုက်ကြမည်ဖြစ်ပါသည်။
"အဘွားက အဲ့အကြောင်း ပြောနေတာ။ သူ အစ်မမေ့ကျားကို အခုထိ မတွေ့ဖူးသေးဘူး။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
"ဒါဆို ဒီနှစ် သားကြီးကို လိုက်ပို့ခိုင်းလိုက်ပေါ့။" လင်းချင်းဟယ်က ပြောလိုက်သည်။
သူတို့ သွားလည်သင့်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီနှစ် သူတို့နှစ်ယောက် လက်ကိုင်ထားတာ မြင်ခဲ့သည်။ သူတို့ ဆက်ဆံရေးက ခြေတစ်လှမ်း တိုးသွားပြီ ဖြစ်သည်။
ဒီနေ့ည ဘယ်လောက် တိုးတက်လာပြီလဲဆိုတဲ့အကြောင်း သူမသားနဲ့ စကားကောင်းကောင်း ပြောရမည်။ မင်္ဂလာကိစ္စကို လောလောလတ်လတ် လုပ်ဖို့ မစီစဥ်ထားပါက အရင် စေ့စပ်ထားလို့ရပါသည်။
ကောင်မလေးကို သူနဲ့ တရားဝင် လက်ကိုင်နိုင်ခွင့်ပေးရမည် မဟုတ်လား။
"ဒီလိုမျိုးပဲ ပြုတ်ထားလိုက်။ ၁ နာရီလောက် ပြုတ်ရတယ်။” လင်းချင်းဟယ်က သားငယ်ကို ညွှန်ကြားလိုက်ပါသည်။
"ကျွန်တော် နားလည်ပါတယ် အမေရဲ့။ စိတ်မပူပါနဲ့။ အမေ အကြိမ်ပေါင်း များစွာ ချက်ဖူးတာကို ကျွန်တော် မြင်ဖူးတာပဲ" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်သည်။ သူက ဖက်ထုပ်များ ချက်ရင်း အလုပ်များနေခဲ့သည်။ အခု အားလပ်ရက်အချိန်များဖြစ်သဖြင့် အိမ်က စီးပွားရေးကို စီမံပေးရပါသည်။
ထို့အပြင် အနာဂတ်မှာလည်း သူက ဖက်ထုပ်ဆိုင် လုပ်ငန်းတစ်ခုကို စတင်ပြီး ဖက်ထုပ်စက်ရုံတစ်ခု တည်ထောင်ချင်သည်။ ထို့ကြောင့် သူ့မိဘများကို သူ့ဆုံးဖြတ်ချက် ပြတ်သားမှုနဲ့ ခံနိုင်ရည်ရှိမှုတို့ကို ပြသရပါမည်။
လင်းချင်းဟယ်က သားငယ်ကို တာဝန်ပေးခဲ့လိုက်ပြီး သန့်ရှင်းရေးလုပ်ကာ အိမ်ပြန်သွားခဲ့ပါသည်။
ကျိုးရွှမ်က သူ့အစ်ကိုကြီးကို ရှန်ဟိုင်းမြို့တော်အကြောင်းနဲ့ သူတို့ ခေါင်းကောင်ဆွေမျိုးများအကြောင်း ပြောပြနေသည်။
လင်းချင်းဟယ်က အထဲဝင်လာပြီး ကြားသွားပါသည်။ သူမ ပြောလိုက်သည်။ "ရှောင်ကမ်းက ဒီကို နှစ်သစ်ကူး လာချင်နေတယ်။ သူ့အစ်ကိုကြီးကို တစ်ခါမှ မတွေ့ဖူးသေးဘူးတဲ့။"
"ဒါဆို ဘာလို့ မလာတာလဲ" ကျိုးခိုင်က ပြန်ပြောလိုက်ပါသည်။
"သူ့အမေက လာခွင့်မပေးဘူးလေ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။ "ဒါပေမယ့် နောက်နွေရာသီကျရင် သူလာလောက်တယ်။”
"မေ့ကျား အထဲဝင်နားချင်လား" လင်းချင်းဟယ်က သူမ၏ ချွေးမလောင်းကိုကြည့်လိုက်သည်။
"သမီး မပင်ပန်းပါဘူး။ ရထားပေါ်မှာ အိပ်လာတယ်။" ဝိန်မေ့ကျားက ပြုံးကာ ငြင်းလိုက်ပါသည်။