အခန်း(၆၁၄) ခင်ပွန်းလောင်းနဲ့ ဇနီးလောင်း
Vol. 44 Ch. 614
အခန်း(၆၁၄) ခင်ပွန်းလောင်းနဲ့ ဇနီးလောင်း
လင်းချင်းဟယ် ဘာကြောင့် ဒီကိစ္စကို ပြောပြရသလဲ အမေဝိန် နားလည်ပါသည်။ သူမသား မွေးရပ်မြေပြန်သွားသောအခါ သူ့ယောက္ခမလောင်းတို့ မိသားစုက စံနှုန်းမမှီဘူးဟု ထင်သွားမှာကို စိုးရိမ်နေသောကြောင့်ဖြစ်ပါသည်။
သို့သော်လည်း ဘာကြောင့် စံနှုန်းမမှီရမှာလဲ။ သူတို့က မိသားစု တစ်စုတည်းမဟုတ်ကြပေ။ ထို့အပြင် ခွဲနေကြတာလည်း တော်တော်ကြာနေပါပြီ။ ဒုတိယမိသားစုကိစ္စက ပထမမိသားစုနဲ့ ဘာဆိုင်လို့လဲ။
လင်းချင်းဟယ်က ပြုံးကာ ပြန်ပြောလိုက်သည်။ "ကျွန်မလည်း အကြီးဆုံးမရီးကို အဲ့လိုပဲ ပြောထားပါတယ်။”
"ဒါပေမယ့် နောက်နှစ် မင်္ဂလာဧည့်ခံပွဲကျင်းပရင် ခမည်းခမက်တို့ရဲ့ ကလေးတွေကို ခေါ်လာရမယ်နော်။" အမေဝိန်က ပြောလိုက်သည်။
"သေချာပေါက် လာကြမှာပါ" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ "ကော်လျန် ဒီနှစ် ပြန်မလာဘူးနော်။"
"ဟိုဘက်မှာ ကောင်မလေးရနေပြီလေ။ သူ့အိမ်အခြေအနေကလည်း မဆိုးပါဘူး။ အဲ့တာကြောင့် ဒီနှစ် နှစ်သစ်ကူးမှာ သူ့ကောင်မလေးအိမ်ကို သွားလည်လိမ့်မယ်။" အမေဝိန်က ဘာမှမဖြစ်သလို ပြန်ဖြေလိုက်ပါသည်။
သူတို့ လက်ထပ်ပြီးကြလျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြပါလိမ့်မည်။ အမေဝိန်က သားငယ်ကို စိတ်မပူပါ။ သားကြီးကိုသာ စိတ်ပူပါသည်။
သို့သော်လည်း အခု နောက်ဆုံးတော့ ကောင်မလေးရခဲ့ပါပြီ။ သူမ၏ ဆန္ဒများ ပြည့်ဝသွားပြီဟု ဆိုနိုင်ပါသည်။
လင်းချင်းဟယ်က သူမနဲ့ စကားနည်းနည်းလောက် ပြောပြီးမှ အိမ်ပြန်ခဲ့ပါသည်။
ကျိုးခိုင်က ဝိန်မေ့ကျားကို ခေါ်ပြီး မွန်းတည့်ချိန်တွင် နေ့လည်စာစားဖို့ အဖေကျိုးနဲ့ အမေကျိုးတို့ အိမ်သို့လာခဲ့ပါသည်။ အဘိုးဝမ်လည်း ရှိနေပါသည်။
သူတို့ နေ့လည်စာကို မြိန်ရည်ရှက်ရည် အတူတူ စားသောက်ခဲ့ကြပါသည်။
စားသောက်ပြီးနောက် ကျိုးခိုင်က ဝိန်မေ့ကျားကို ဝိန်မိသားစု အိမ်သို့ ပြန်ပို့ခဲ့ပါသည်။ အဖေကျိုးနဲ့ အမေကျိုးကတော့ စတင်ဆွေးနွေးကြ၏။
"လောင်တရဲ့ ကောင်မလေးလည်း ကောင်းပါတယ်။ လှလည်း လှတယ်။ ကြည့်လိုက်ရုံနဲ့ နူးညံ့တဲ့ပုံပေါ်တယ်။ ပြောရရင် အဲ့တာကြောင့်လည်း သူနာပြုဖြစ်နေတာပေါ့" အမေကျိုးက ချီးကျူးလိုက်သည်။
"လောင်တ အဲ့လောက် အမြင်တုံးပါ့မလား။" အဖေကျိုးကလည်း သူ့အကြီးဆုံးမြေးချွေးမကို သဘောကျပါသည်။
အဘိုးဝမ်က ထုတ်မပြောသော်လည်း ဝိန်မေ့ကျားကို ဘာအပြစ်မှ မမြင်ခဲ့ပါ။ သူမကိုသာ သဘောမကျရင် ဘာကို သဘောကျမည်နည်း။
"နှစ်ယောက်စလုံးက လစာနဲ့။ ဝင်ငွေနှစ်ဖက်ရှိတဲ့ မိသားစုဖြစ်လာမှာပဲ။ သူတို့အနာဂတ်အတွက် စိတ်ပူဖို့ မလိုတော့ဘူး။ အာမခံလည်းရှိတယ်။ သူတို့အသက်ကြီးတဲ့အခါကျရင် အငြိမ်းစားလစာ ရကြမှာ" ကျိုးရှောင်မိန်ကလည်း ဝင်ပြောလိုက်သည်။
ထိုအကြောင်းကြားသောအခါ အမေကျိုးက ပိုပျော်ရွှင်သွားပြီး ပြုံးလိုက်ပါသည်။ "ကော်တုန်းနဲ့ စစ်နီတို့ နောက်နှစ် လက်ထပ်မှာကြောင့်သာ မဟုတ်ရင် သူတို့ကို နောက်နှစ် လက်ထပ်စေချင်တာ"
စောစော လက်ထပ်နိုင်ကြလေလေ သူမ၏ မြစ်ကို စောပြီး ချီနိုင်လေဖြစ်ပါသည်။
"သူက အခုအသက်ဘယ်လောက်ရှိသေးလို့လဲ။ နှစ်သစ်အကုန်မှ ၂၂ နှစ်ပဲရှိသေးတယ်" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
"ဒါဆိုလည်း အသက် ၂၂ နှစ် မတိုင်ခင် လက်ထပ်ခိုင်းပေါ့။ ရှားရှားကော ဒီနှစ် လက်ထပ်ခဲ့တာပဲ မဟုတ်လား" အမေကျိုးက ပြန်ချေပလိုက်သည်။
ကျိုးရှောင်မိန် စိတ်ထဲမှ ရှားရှားက မိန်းမယူခဲ့တာမဟုတ်ကြောင်း ရေရွတ်လိုက်ပါသည်။ သေချာပေါက် ရှားရှားရဲ့ မိန်းမက အထက်စီးဆန်လွန်းသူဖြစ်သည်။ အခု ဘယ်လိုပြဿနာတွေ ရှာနေမလဲတောာင် မသိတော့ပါ။
ကျိုးရှောင်မိန်က သူ့စတုတ္ထယောက်မထံမှ အကြောင်းစုံသိပြီးသားဖြစ်ပါသည်။ သို့သော်လည်း ဒါတွေအားလုံးကို လျှို့ဝှက်ထားသည်။ ဘာပြောစရာလိုသေးသနည်း။ သူမ၏ မိဘများကို စိတ်ဖိအားမပေးတာ ပိုကောင်းပါသည်။
"အဝေးကြီး မဟုတ်ရင် ငါပြန်သွားကြည့်ပါတယ်" အမေကျိုးက ပျော်ရွှင်စွာဖြင့် သက်ပြင်းချလိုက်ပါသည်။
ဘဝက အခု အလွန်ချောမွေ့နေလေပြီ။ ဒီလောက် အဆင်ပြေနေပါပြီ။ စတုတ္ထမိသားစုက ကားနှစ်စီး ပိုင်ဆိုင်ထားသည်။ အကြီးဆုံးမြေးကလည်း မိန်းမယူတော့မည်။ သတင်းကောင်းများက ထပ်နေပြီး ရွာက အဘွားအိုများကို ပြန်သွားကြွားဖို့ အခွင့်အရေး မရှိခဲ့ပါ။ နှမြောဖို့ ကောင်းလှပါသည်။
"အမေ လျှောက်ပြောမနေပါနဲ့။ အသွားအပြန် ဒီလောက်ခရီးရှည်တာ။ အရင်တုန်းက အသက်ငယ်သေးတယ်။ အဲ့တုန်က လာရင်တောင် အမေ့ကို ဝိုင်းသယ်ရတာ။ အခုပြန်သွားရင် ခံနိုင်ရည်ရှိပါ့မလား" ကျိုးရှောင်မိန်က စိတ်တိုင်းမကျစွာ ပြောလိုက်ပါသည်။
"စကားအဖြစ်ပြောတာပါအေ" အမေကျိုးက ပြောလိုက်သည်။
"အဝေးပြေးလမ်းမကြီးကို ပြန်ပြင်ပြီးသွားပြီလို့ ကြားတယ်။ နောက်ပိုင်းကျရင် ယာဥ်အသွားအလာတွေက အများကြီး ပိုကောင်းလာတော့မှာ။ ပြန်သွားဖို့ အခွင့်အရေးရှိလာမှာပါ" ဝမ်ယွမ်က ပြောလိုက်သည်။
"အဝေးပြေးလမ်းမဆိုတာ ဘာလဲ" အမေကျိုးးက ဇဝေဇဝါဖြစ်စွာ မေးလိုက်ပါသည်။
"မြို့တော်က လမ်းမနဲ့ တူတယ်။ အရမ်းချောမွေ့ပြီး ကားမောင်းရတာ လွယ်ကူတယ်။" ဝမ်ယွမ်က ပြောလိုက်ပါသည်။
"ဒါဆိုလည်း အဲ့ဒီအချိန်အထိ ငါစောင့်နိုင်ပါ့မလားမသိဘူး။" အမေကျိုးက ထိုအကြောင်းကြားကာ ပြောလိုက်ပါသည်။
"နှစ်သစ်ကူးနေ့ကို မဟုတ်တာတွေ တွေးမနေနဲ့။" အဖေကျိုးက စိတ်တိုင်းမကျစွာ ပြောလိုက်ပါသည်။
အမေကျိုးးက ရွှင်လန်းစွာ ပြန်ပြောလိုက်၏။ "ကျွန်မက စကားအဖြစ်ပြောတာပါ။ ကျွန်မ နောက်ထပ် နှစ် ၃၀ လောက် နေနိုင်ဦးမယ် ထင်တယ်။"
အခု ဒီဘဝက အလွန်ကောင်းမွန်နေပြီဖြစ်သဖြင့် သူမ အစောကြီး မထွက်ခွာသွားနိုင်ပါ။ အငတ်ဘေး ကျရောက်စဥ်တုန်းက ဒီလိုဘဝမျိုးကို စိတ်ကူးပင် မယဥ်ရဲခဲ့ပေ။
အကြီးမားဆုံးဆန္ဒက ဗိုက်ဝအောင် စားနိုင်ဖို့ ဖြစ်ပါသည်။ ဒါကအကြီးစား ဆန္ဒတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အားလုံးက ရေသောက်ဗိုက်မှောက်ရင်း နေခဲ့ကြရသောကြောင့်ဖြစ်သည်။
အခုခေတ်မှာတော့ စားသောက်တိုင်း ဝဝလင်လင် စားနိုင်သည်။ လယ်ထဲ ဆင်းဖို့ မလိုအပ်တော့ပေ။ အသားကို နေ့တိုင်း စားနိုင်နေလေပြီ။ ဘယ်သူက ဒီလိုထင်ထားမည်နည်း။
ဘာပဲဖြစ်ဖြစ် အမေကျိုးက အရင်တုန်းက စိတ်ကူးမယဥ်ရဲခဲ့ပေ။ နတ်ဘုရားများ၏ ဘဝကလည်း ဒီလိုနီးပါး ဖြစ်ပါသည်။
မဟုတ်ပါက အမေကျိုး သူမ၏ မွေးရပ်မြေကို ပြန်ချင်ဦးမည်နည်း။ ဒီလိုဘဝကောင်းကောင်းမျိုးအကြောင်း သူမ၏ သူငယ်ချင်းဟောင်းများကို မပြောပြသင့်ဘူးလား။
သူတို့ တစ်ခါမှ မကြုံတွေ့ဖူးသဖြင့် လှပတဲ့ဘဝဆိုတာ ဘယ်လိုမျိုးလဲ သူတို့ကို သွားအသိပေးမည်ဖြစ်သည်။
ဥပမာအားဖြင့် ဒီတစ်ခေါက် သူမ၏ မြေးမ မွေးရပ်မြေပြန်သွားတော့ အမေကျိုးက ဘဲကင်များစွာ ပြင်ပေးလိုက်သည်။ ဓာတ်ပုံများစွာလည်း ရှိ၏။ အရင်တုန်းက မဟာတံတိုင်းကြီးနဲ့ တခြားနေရာများကို သွားတုန်းက ရိုက်ထားသောပုံများဖြစ်ကြသည်။ ထိုပုံများကို အထူးတလည်ယူသွားခိုင်းပြီး သူမ၏ မိတ်ဆွေဟောင်းများကို ပြခိုင်းခဲ့ပါသည်။
အမေကျိုးက နောက်ထပ် နှစ် ၃၀ လောက် နေဦးမည်ဟု ပြောလိုက်သောအခါ အားလုံး ရယ်မောလိုက်ကြပါသည်။
အခု ဒီဘဝအကြောင်း ပြောဖို့မလိုတော့ပါ။ အရင်တုန်းက ဘဝအခြေအနေကို ကြုံတွေ့ဖူးသူသာ ဒီဘဝ ဘယ်လောက်ကောင်းမှန်း သိပါလိမ့်မည်။
အမှန်ပင်။ ၁၉၈၀ နောက်ပိုင်းမှ မွေးလာသည့် လူငယ်များကတော့ ကံကောင်းသည်ဟု ဆိုနိုင်ပါသည်။
လင်းချင်းဟယ်က နေ့လည်ခင်းရောက်လာခဲ့ပြီး စေ့စပ်ပွဲအကြောင်း ပြောခဲ့ပါသည်။
"ကောင်းတာပေါ့။ စေ့စပ်သင့်တယ်။ ငါ့အမြင်မှာတော့ ဒီကောင်မလေးက တော်ပါတယ်။ သူ ရွာထဲမှာဆိုရင် အိမ်တံခါးဝမှာ ၁၀ မိုင်လောက်ရှည်လျားတဲ့ ရွာ ၈ ရွာက အောင်သွယ်တော်တွေနဲ့ ပြည့်နေမှာ အမှန်ပဲ။" အမေကျိုးက ပြောလိုက်သည်။
"ဒါဆို အမေ့ရဲ့မြေး ရွာထဲမှာနေရင်လည်း အတူတူပဲပေါ့။" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
အမေကျိုးက အပျော်လွန်သွားကာ ပြောလိုက်ပါသည်။ "နင့်အဖေနဲ့ ငါတို့က အမြဲတမ်း နင်တို့ ပိုက်ဆံအသုံးများပြီး လက်ထပ်ဖို့ အချိန်ရောက်ရင် ဘယ်လိုလုပ်ကြမလဲလို့ စိတ်ပူနေခဲ့တာ။ အခု လောင်တက ဒီလိုဖြစ်နေပြီ။ သူ့မှာ အလုပ်အကိုင်မရှိရင်တောင် လက်မထပ်ချင်တဲ့ မိန်းကလေးငယ်တွေရှိမှာ မဟုတ်ဘူး။"
"ချဲ့ကားပြီး ပြောနေပြန်ပါပြီ" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။ "ယောက်ျားတစ်ယောက်ကို အစားအသောက် အဝတ်အစားအတွက် လက်ထပ်တာလေ။ ဘာမှမပိုင်ဆိုင်ရင် ဘယ်မိန်းကလေးက လက်ထပ်ချင်မှာလဲ။"
"ရှိပါတယ်။ မိသားစုကို တောင့်ခံနိုင်တဲ့အထိ အားကိုးရပြီး အပြင်က ပန်းတွေ မြက်တွေနဲ့ မရှုပ်တတ်ရင် ရပြီ။ တကယ်တော့ မိန်းမတစ်ယောက်လည်း မိသားစုကို ထောက်ပံ့လို့ရတာပဲ။ အိမ်မှုကိစ္စနဲ့ ကလေးထိန်းဖို့ ယောက်ျားယူတာလည်း ကောင်းတာပဲ။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"စတုတ္ထယောက်မ ငါ့ စတုတ္ထအစ်ကိုကိုကော ဒီလိုပဲ ပျိုးထောင်ခဲ့တာလား" ကျိုးရှောင်မိန်က စလိုက်ပါသည်။
"ဟုတ်တယ်။ ဒါပေမယ့် နင့်စတုတ္ထအစ်ကိုကတော့ ဒီတာဝန်ကို လုံးလုံးမယူနိုင်ဘူး။ သူက သူ့ဖာသာသူ ဖက်ထုပ်ဆိုင်ဖွင့်ချင်နေတာလေ။” လင်းချင်းဟယ်က ပြုံးလိုက်သည်။
"ယောက်ျားတစ်ယောက် မိသားစုကို ထောက်ပံ့နိုင်တာ ပိုကောင်းပါတယ်။ မိန်းမတစ်ယောက်ကိုပဲ အားကိုးနေရင် ဘယ်လိုပုံစံဖြစ်သွားမလဲ" အမေကျိုးက ပြုံးကာ ပြောလိုက်သည်။
"ကျွန်မ ခေါင်းမာတဲ့အတွက် အပြစ်မတင်ရင် တော်ပါပြီ" လင်းချင်းဟယ်က ပြုံးလိုက်သည်။
ဒီလိုနဲ့ စေ့စပ်ဧည့်ခံပွဲအား ဆုံးဖြတ်လိုက်ကြပါသည်။ အချိန်ကျလှင် ဒီဘက်အိမ်ကိုလာပြီး စားသောက်ကြမည်။ လူကြီးများနဲ့ ဆွေမျိုးများကိုလည်း အသိပေးပါမည်။
စေ့စပ်ဧည့်ခံပွဲက ဒီဇင်ဘာလ ၂၈ ရက်နေ့ ဖြစ်ပါသည်။
လူတိုင်း လာနိုင်ပြီး မင်္ဂလာဝိုင်တစ်ခွက် သောက်ခဲ့ကြသည်။ မိမိလေးတောင် စေ့စပ်ဧည့်ခံပွဲဓာတ်ပုံထဲတွင် ပါနေပါသည်။ သူမ အစ်ကိုကြီးနဲ အကြီးဆုံးမရီးတို့၏ စေ့စပ်ဧည့်ခံပွဲသို့ တက်ရောက်သည်ဟု သတ်မှတ်လို့ရပါသည်။
ဒီလိုနဲ့ ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့ ခင်ပွန်းလောင်းနဲ့ ဇနီးလောင်းများ ဖြစ်လာကြသည်။
သို့သော်လည်း စေ့စပ် ဧည့်ခံပွဲပြီးသွားသောအခါ လင်းချင်းဟယ် အလုပ်များလာပါသည်။ အဘယ့်ကြောင့်ဆိုသော် ကုန်ခြောက်ဆိုင်က အတော်လေး ရောင်းရသောကြောင့်ဖြစ်ပါသည်။
သားငယ်၏ ဖက်ထုပ်ဆိုင်ကို ပိတ်လိုက်သည်။ မနက်အစောပိုင်းတွင် သူနဲ့ သူ့အစ်ကိုလတ်တို့ ကုန်ခြောက်များ ကူရောင်းဖို့ သွားခဲ့ပါသည်။