အခန်း(၆၁၇) အနိုင်ကျင့်ဖို့ မလွယ်ကူပါ
Vol. 44 Ch. 617
အခန်း(၆၁၇) အနိုင်ကျင့်ဖို့ မလွယ်ကူပါ
ကျိုးကွေ့လိုင် ဘွဲ့ရပြီးနောက် ကျိုးချင်းပိုင်က သူ့သားကို ပိုပိုပြီး ခိုင်းလာပါသည်။ တောင်ပိုင်းက လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ် ယန်ချန်းက ပင်လယ်စာခြောက်ဆိုင်ပဲဖြစ်ဖြစ် ကျိုးချင်းပိုင်က သူ့ကိုသာ ယူခိုင်းပါသည်။
ထိုနေရာသို့ တစ်ခေါက်သွားပြီးသွားသောအခါ နောက်တစ်ခေါက်က ဝန်ထမ်းများကို သူကိုယ်တိုင် ခေါ်သွားခြင်း ဖြစ်သည်။ ဖုန်းထဲက ဘော့စ်နဲ့ ငွေစာရင်း ကိစ္စတွေကိုလည်း သူ့လက်ထဲသာ အပ်ထားပါသည်။
ကျိုးကွေ့လိုင်က လှလှပပ ကိုင်တွယ်နိုင်ခဲ့သည်။
အခုသူက မိသားစု စီးပွားရေးကို တာဝန်ယူထားရပြီဖြစ်သည်။ ကိစ္စတော်တော်များများကို အပြီးသတ်ဖို့ မာချန်းမင်ကို သွားတွေ့ခဲ့သည်။ နောက်ထပ် ၆ လအတွင်း လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ ဘာမှစိတ်ပူဖို့ မလိုတော့ပါ။
ထို့ကြောင့် သူတို့ ဟိုင်းနန်သို့သွားချင်ပါက မိသားစုကိစ္စအားလုံးကို သားငယ်လက်ထဲသာ အပ်ခဲ့မည်ဖြစ်သည်။
ကျိုးကွေ့လိုင်က ဒီနှစ် ၂၀ ပြည့်ပြီဖြစ်ပြီး ချစ်ဖို့ကောင်းသည့်ပုံစံ လုပ်ချင်နေသေးသည်။ သို့သော်လည်း အသုံးမဝင်ပါ။ သူက ချစ်ဖိုကောင်းပြရမည့် အရွယ်လွန်သွားပါပြီ။ လင်းချင်းဟယ်တောင် ဒါမျိုးအတွက် လျှော့ပေါ့ပေးမှာ မဟုတ်သဖြင့် တင်းကြပ်သည့် သူ့အဖေ ကျိုးချင်းပိုင်ဆို ပြောဖို့ပင် မလိုတော့ပါ။
သူ့စည်းကမ်းတင်းကြပ်သည့် အဖေက သူ့အဖိုးတန်သမီးလေးနှင့် ပတ်သတ်လာသောအခါ ပျော့ပြောင်းသွားရသည်။ ဘာဂုဏ်သိက္ခာမှ မရှိတော့ပါ။
သူမကို သွားကြိုဖို့ ကားမောင်းသွားခဲ့သည်။ အမြွှာနှစ်ယောက်ကို ဝမ်ယွမ်၏ အထည်စက်ရုံသို့ လိုက်ပို့လိုက်ပြီး ဖန်ဖန်လေးအား စန်းနီတို့ ကုန်ခြောက်ဆိုင်သို့ လိုက်ပို့လိုက်ပါသည်။ ထိုအခါမှ သူ့သမီးလေးကို အိမ်ပြန်ခေါ်လာခဲ့ပါသည်။
"ဖေဖေ သမီး ဒီနေ့ လျှောစီးခဲ့တယ်။" မိမိလေးက သူမ၏ ချစ်စရာ ကျောပိုးအိတ်လေးကို သယ်ပြီး သူမအဖေ၏ လက်ပေါ်မှာ ထိုင်နေပါသည်။ ဒီနေ့ သူမ ကစားခဲ့သည့် အကြောင်းအရာများကို သူမ၏ အဖေအား ပြန်ပြောပြနေပါသည်။
"ပျော်ဖို့ ကောင်းလား။" ကျိုးချင်းပိုင်က မေးလိုက်သည်။
"ပျော်ဖို့ ကောင်းတယ်။ မနက်ဖြန်လည်း ထပ်ကစားဦးမယ်။" မိမိလေးက ပြန်ဖြေလိုက်ပါသည်။
"ဗိုက်ဆာနေပြီလား။" ကျိုးချင်းပိုင်က မေးလိုက်ပါသည်။
"နည်းနည်းဗိုက်ဆာတယ်။" မိမိလေးက ပြောလိုက်သည်။
သားအဖနှစ်ယောက်သား စကားပြောရင်း လှေကားပေါ်သို့ တက်လာခဲ့ပါသည်။ အိမ်ပြန်ရောက်တာနဲ့ ကျိုးချင်းပိုင်က သူ့သမီးလေးအတွက် ကြက်ဥကိတ်မုန့်တစ်ခုကို ယူပေးလိုက်ပါသည်။
မိမိလေးက သူမအမေကို အရင်ဆုံးပြေးဖက်လိုက်သည်။ ထို့နောက် လက်ထဲမှာ ကိတ်မုန့်တစ်ခုနဲ့ သူ့အစ်ကိုငယ် ချီတာ ခံလိုက်ရပါသည်။ "အစ်ကိုကြီး စားဦးမလား။"
"စားပါ" ကျိုးကွေ့လိုင်က ပြန်ဖြေလိုက်ပါသည်။
မိမိလေးက တစ်ပိုင်းဖဲ့ပေးလိုက်ပြီး သူ့ကို ပေးလိုက်သည်။ သူ့အဖေ၏ စူးရှသော အကြည့်အောက်တွင် ကျိုးကွေ့လိုင်က ကိတ်မုန့်ကို တွန့်ဆုတ်စွာ စားလိုက်ပြီး ပြောလိုက်ပါသည်။ "ကျေးဇူးပါပဲ မိမိလေး ကြက်ဥကိတ်က အရသာရှိတာပဲ။ အစ်ကိုကြီး အရမ်းကြိုက်ပါတယ်။”
မိမိလေး အလွန်ပျော်ရွှင်သွားပါသည်။ သူ့လက်ပေါ်က ဆင်းလိုက်ပြီး သူမ အဖေဆီသို့ သွားကာ တစ်ပိုင်းပေးလိုက်ပါသည်။ "ဖေဖေလည်း စားဦး။”
ကျိုးချင်းပိုင်က အားရပါးရ စားလိုက်ပြီး သူမကို ကျေးဇူးတင်လိုက်ပါသည်။ ထို့ကြောင့် မိမိလေး ပြုံးသွား၏။
လင်းချင်းဟယ်က ဘာသာပြန်နေသည်။ လင်းချင်းဟယ်က လှမ်းကြည့်လိုက်ပြီး မေးလိုက်ပါသည်။ "အမေ့ကိုကော ဘာလို့ ဘာမှ မပေးတာလဲ။"
"မေမေက အလုပ်လုပ်နေတယ်လေ။ ချန်ထားပေးမယ်" မိမိလေးက ပြန်ဖြေလိုက်သည်။ မိမိလေးက ကြက်ဥကိတ်မုန့်တစ်ပိုင်းဖဲ့လိုက်ပြီး စားပွဲပေါ်တင်ထားလိုက်ပါသည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "မေမေ့ဆီ ယူလာပေးလေ။"
မိမိလေးက ယူလာပေးလိုက်သည်။ သူမ အမေစားနေတာကို မျှော်လင့်တကြီးပြီးအောင် ကြည့်နေပါသည်။ လင်းချင်းဟယ်က နားလည်စွာဖြင့် ပြန်ပြောလိုက်ပါသည်။ "အင်း အရသာရှိတယ်။”
ထိုအခါမှ ကလေးမလေး ကျေနပ်သွားပြီး သူမ၏ ကြက်ဥကိတ်ကိုသွားစားသည်။ ထို့နောက် ခြေထောက်မျာ ခါလျက် တီဗီသွားကြည့်လေသည်။
ကျိုးချင်းပိုင်က ကလေးမလေးအတွက် နွားနို့တစ်ခွက် ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။ "နွားနို့ နည်းနည်းသောက်ဦး။”
"နွားနို့ မသောက်ချင်ဘူး။"ကလေးမလေးက ဒီလို နွားနို့စစ်စစ်သောက်ရတာ မကြိုက်ပါ။
"နှစ်ငုံတည်းပါ" ကျိုးချင်းပိုင်က တိုက်တွန်းလိုက်သည်။
ကျိုးကွေ့လိုင်က သူ့အဖေကို သမီးအတွက် ကျေးကျွန်တစ်ယောက်လို ဖြစ်နေတာကို မကြည့်ချင်တော့ဘဲ ပြောလိုက်ပါသည်။ "အဖေ ဖက်ထုပ်ဆိုင်ဖွင့်ဖို့ အချိန်ကျပြီနော်။"
"သမီးလည်း လိုက်မယ်။" မိမိလေးက ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူမကို နွားနို့ တိုက်လိုက်သည်။ သူမ ကြက်ဥကိတ်မုန့်စားပြီးသောအခါ သူမကို ဖက်ထုပ်ဆိုင်သို့ ခေါ်သွားပါသည်။
"အမေ ကျွန်တော်တို့ ငယ်ငယ်တုန်းက အဖေ ဒီလိုပဲလား။" ကျိုးကွေ့လိုင်က မေးလိုက်သည်။
"မဟုတ်ဘူး။" လင်းချင်းဟယ်က ပြတ်ပြတ်သားသား ပြန်ဖြေလိုက်ပါသည်။
"ထင်သားပဲ။ ရှိခဲ့ရင် ကျွန်တော်တို့ မှတ်မိနေမှာပေါ့။ ကျွန်တော် သည်းမခံနိုင်တော့ဘူး။" ကျိုးကွေ့လိုင်က မကျေနပ်စွာ ပြောလိုက်ပါသည်။
"နင်က နင်မရနိုင်တာကို မနာလိုဖြစ်နေတာပဲ။" လင်းချင်းဟယ်က ပြောလိုက်သည်။
"မနာလိုဖြစ်တယ်ဟုတ်လား။ မဖြစ်နိုင်တာဗျာ။ ကျွန်တော့်အဖေ ညှာတာစိတ်ရှိတဲ့အတွက် ကျေးဇူးတင်ရမှာပါ" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။ သူ့အဖေသာ သူ့ကို ဒီအတိုင်း ပျိုးထောင်ခဲ့ပါက အနည်းငယ် ပျော့တိပျော့ဖတ်ကောင်လေး ဖြစ်လာလောက်သည်။
သူ့အဖေက အတိုင်းအတာမရှိအောင် အလိုလိုက်နေသည်။ သူက သူ့ညီမလေးကို အလိုလိုက်သော်လည်း ဆုံးမတာကိုလည်း သေချာ ဂရုစိုက်ပါသည်။
ဥပမာအားဖြင့် မျှဝေပေးခြင်း ဖြစ်သည်။ သူ့ညီမလေးက သူ့ကို တစ်ခုခု ကျွေးသည့်အခါ မငြင်းပယ်ပါ။ ကြီးကြီးမားမား ကိစ္စမဟုတ်သော်လည်း သင်ကြားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။
အမှန်ပင်။ အစပိုင်းမှာတော့ သူက အမြဲတမ်း ငြင်းခဲ့သည်။ သူမ ပေးသည့် အခါတိုင်း လက်ခံခိုင်းတာ သူ့အမေ ဖြစ်ပါသည်။ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရင် အဆင်ပြေပါပြီ။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ ကျိုးချင်းပိုင် သူ့သားကို ဒီလိုပုံစံမျိုးနဲ့ ဆက်ဆံဖို့က မဖြစ်နိုင်ပါ။ သူတို့ ပြဿနာမရှာကြပါက အေးအေးချမ်းချမ်း ပြီးဆုံးသွားပါလိမ့်မည်။
သူ့နူးညံ့မှုက သူ့သမီးလေးအတွက်သာဖြစ်သည်။ သူ့သားများကတော့ အကြွေးပြန်တောင်းဖို့သာ ဖြစ်သည်။
သိပ်မကြာခင် ကျိုးအာ့နီ ရောက်လာ၏။
ဒီလကုန် ငွေစာရင်းကို ယူလာခဲ့သည်။ ဝမ်ယွမ်၏ အထည်စက်ရုံနဲ့ လုပ်ငန်းပူးပေါင်းမှုအား လတိုင်း စာရင်းရှင်းပါသည်။
အခု အမြွှာနှစ်ယောက်က အနည်းငယ် အရွယ်ရောက်လာပြီ ဖြစ်သဖြင့် ကျိုးအာ့နီ အားလပ်နိုင်ပါပြီ။ သူမက အထည်စက်ရုံ၏ စာရင်းကိုင်ချုပ် ဖြစ်သော်လည်း လင်းချင်းဟယ်တို့ ဘက်မှာလည်း ရာထူးတစ်ခု ရှိပါသည်။ သူမက မကြာခဏ လင်းချင်းဟယ်တို့ဘက်မှာနေပြီး လက်ဖက်ရည်ဆိုင်လုပ်ငန်းကို ကိုင်တွယ်ပေးသည်။
"သားငယ်နဲ့ ပြောလိုက်ချေ" လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးကွေ့လိုင်က သူ့အစ်မ အာ့နီထံမှ လကုန် ငွေစာရင်းကို ယူလိုက်ပြီး ဖတ်ကြည့်ကာ ပြောလိုက်ပါသည်။ "ဒုတိယယောက်ဖ စာရင်းကိုင် အသစ်နှစ်ယောက် ထပ်ခန့်ထားတယ်လို့ ကြားတယ်နော်။ နှစ်ယောက်စလုံးက အလုပ်လာလျှောက်တဲ့ ကောလိပ်ကျောင်းသူလေးတွေဆို။”
"ဟုတ်တယ်" ကျိုးအာ့နီက အတည်ပြုပေးလိုက်ပါသည်။
"အစ်မ အာ့နီ သတိထားနော်။” ကျိုးကွေ့လိုင်က ရွှင်မြူးစွာ အကြံပေးလိုက်ပါသည်။
သူက ပြုံးနေသော်လည်း သတိပေးနေတာ သိသာပါသည်။ ကျိုးအာ့နီက ပြုံးကာ ပြန်ပြောလိုက်သည်။ "သူတို့နှစ်ယောက်ကို ငါခန့်ထားတာပါ။ တစ်ယောက်က အိမ်ထောင်ရှိတယ်။ နောက်တစ်ယောက်က ရည်းစားနဲ့ပါ။”
"ဘာပဲဖြစ်ဖြစ် သတိထားရမှာပေါ့။" ကျိုးကွေ့လိုင်က ဆက်ပြောသည်။
"နင့်ရဲ့ ဒုတိယယောက်ဖကို သတိပေးပြီးပါပြီ။ သူသိပါတယ်။” ကျိုးအာ့နီက အာမခံလိုက်သည်။
လင်းချင်းဟယ်က ပြုံးကာ သူမကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ "သူ့ကို ဒီလောက်တောင် ယုံကြည်မှုတွေ ပေးထားတာ အဆင်ပြေရဲ့လား။”
လွန်ခဲ့သော ၂ နှစ်အတွင်း ဝမ်ယွမ်၏ ဖွံ့ဖြိုးတိုးတက်မှုကလည်း အတော်လေး လျှင်မြန်ခဲ့ပါသည်။ မူလ စက်ရုံက အခုဆို လူ ၁,၀၀၀ နီးပါးလောက် တိုးသွားပြီ ဖြစ်သည်။ ဒါကိုကြည့်လျှင် ပမာဏ ဘယ်လောက်တောင် ကြီးမားလာသလဲ ပြသနေပါသည်။
ထို့အပြင် ဝမ်ယွမ်၏ အသက်အရွယ်အရ ငယ်ရွယ်ပြီး အလားအလာရှိသူဟု သတ်မှတ်နိုင်သည်။ အခုခေတ်က ပိုမို ပွင့်လင်းလာပြီ ဖြစ်သောကြောင့် မြူဆွယ်တတ်ပြီး ဖျားယောင်းတတ်သည့် လူမျိုးများစွာ ရှိလာပါသည်။ ဆွဲဆောင်မှုများကလည်း အများကြီး တိုးမြင့်လာခဲ့သည်။
"သူ့ကိုယ်သူ ထိန်းရမှာပေါ့။ သမီးဝင်တားရမယ်ဆိုရင် တစ်ခါ နှစ်ခါပဲ တားနိုင်မယ်။ နောက်မှာ ဆက်ဖြစ်နေတာတွေကိုတော့ တားနိုင်ပါ့မလား။” ကျိုးအာ့နီက ပြောလိက်ပါသည်။
အရင်တုန်းကနဲ့ ယှဥ်ရင် ကျိုးအာ့နီက အများကြီး အရွယ်ရောက်လာပါပြီ။ ဝမ်ယွမ်ကို သူမ ယုံကြသည်။ သို့သော် သူတောင့်ခံရမည့် ဆွဲဆောင်မှုအားကလည်း ကြီးမားတာကို သိပါသည်။ ထို့ကြောင့် အမြွှာနှစ်ယောက်ကို သူ့လက်ထဲ ထည့်ပေးထားလိုက်သည်။ ဆွဲဆောင်မှုများကို မတောင့်ခံနိုင်တော့သည့်အခါ အမြွှာကလေးနှစ်ယောက်အကြောင်းကိုသာ ပြန်စဥ်းစားစေမည်။
သူမက ကိုယ်တိုင်တော့ အမြဲတမ်း ကြည့်နေဖို့ မဖြစ်နိုင်ပါ။ သူ မပင်ပန်းရင်တောင် သူမ ပင်ပန်းပါသည်။
ကျိုးအာ့နီက စဥ်းစားပြီးသွားပါပြီ။ ထိုကဲ့သို့ နေ့ရက်မျိုး ဖြစ်လာပါက သူမ ကလေးများကိုသာ အလိုရှိပြီး ကျန်တာ ဘာမှလိုချင်မှာ မဟုတ်ပါ။
လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်သည်။ "အဲ့လောက် ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ ဝမ်ယွမ်အကြောင်း ငါသိပါတယ်။လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တိုးတက်လာတာ မြန်တယ်ဆိုပေမယ့် သူ့မျက်လုံးတွေ အရောင်မပြောင်းဘူး။ သူ့နေရာကို သူကိုယ်တိုင်ဖျက်စီးမယ့် လူငယ်မျိုး မဟုတ်ဘူး။”
ကျိုးကွေ့လိုင်က သူတို့စကားဝိုင်းကို စောင့်ကြည့်နေပြီး ဝင်ပြောလိုက်ပါသည်။ "ကျွန်တော်တို့ ကျိုးမိသားစုက အနိုင်ကျင့်ဖို့ တကယ်မလွယ်ဘူးပဲ။”
၂ နှစ်တာ ဖွံ့ဖြိုးတိုးတက်မှုများ နောက်တွင် သူတို့ ကျိုးမိသားစုက ယခင် ကျိုးမိသားစု မဟုတ်တော့ပါ။