အခန်း(၆၂၀) ၈၀,၀၀၀ စတုရန်းမီတာ
Vol. 45 Ch. 620
အခန်း(၆၂၀) ၈၀,၀၀၀ စတုရန်းမီတာ
လင်းချင်းဟယ်က ထိုစကားကြားသောအခါ ရယ်မောလိုက်ပါသည်။ "လုပ်ငန်းအိမ်အတွက်လည်း အလျှင်မလိုသေးပါဘူး။ နင်က မိန်းမ မရှိတဲ့ လူပျိုကြီးလေ။ ဘာလို့ အိမ်ဝယ်ဖို့ ဒီလောာက် စိတ်ဖိစီးနေတာလဲ။ ဖက်ထုပ်ဆိုင် ဒုတိယထပ်က နင်နေဖို့ မလုံလောက်ဘူးလား။ နေရာကောင်းကောင်းရှိရင် ဝယ်ထားရမှာပေါ့။ စီးပွားရေးမလုပ်ချင်ဘဲ လမ်းဘေးဆိုင်ပဲ ဖွင့်ချင်သေးတယ်ဆိုရင် ငှားစားလို့ရတာပဲ။”
ထိုစကားများကို ကြားသောအခါ ကန်းကျစ်လည်း ယုတ္တိရှိသည်ဟုခံစားလိုက်ရပါသည်။ ထို့ကြောင့် သူအစ်ကိုဘက်သို့လှည့်လိုက်သည်။ "တတိယအစ်ကို ဒေါ်လေးကို ငါ့အတွက် မျက်လုံးစွင့်ပေးထားဖို့ ပြောပေးပါလား။”
"ရတာပေါ့" ဟူကျစ်က ခေါင်းငြိမ့်လိုက်သည်။
"နင့်ဒေါ်လေးက နင့်အတွက် တစ်လုံးရှာတွေ့ရင် နင့်ဒေါ်လေးကို စာအိတ်ပေးရမယ်နော်။ နေရာကောင်းကောင်းရှာဖို့က မလွယ်ဘူး။” လင်းချင်းဟယ်က အကြံပေးလိုက်သည်။
"ဟုတ်တာပေါ့" ကန်းကျစ်က ပြုံးလိုက်ပါသည်။
ချန်းရှန်ရှန်က အမြန်ပြောလိုက်သည်။ "မလိုပါဘူး။ သမီးတို့က မိသားစုတွေပဲကို။ ဒါတွေ ပေးဖို့ မလိုပါဘူး။”
"မိသားစုက မိသားစုပဲ။ ဒီလိုလုပ်ဖို့ လိုတာပေါ့။ အစ်မကြီးဖန်းကို ကူညီပြီး ရှာခိုင်းလိုက်။ နေရာကောင်းကောင်းတစ်ခုတွေ့ရင် ဒီကလေးကို ပြောပြလိုက်။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ချန်းရှန်ရှန်၏ အမေ လီယုဖန်းက လင်းချင်းဟယ်ထက် အသက်ကြီးပါသည်။ ထို့ကြောင့် လင်းချင်းဟယ်က သူမကို အစ်မကြီးဟု ခေါ်ခြင်းဖြစ်သည်။
ထို့အပြင် လင်းချင်းဟယ်က ချန်းရှန်ရှန်၏ အမေကို အတော်လေး သဘောကျပါသည်။ အဘယ့်ကြောင့်ဆိုသော် သူမသမီးအတွက် မြေးဖြစ်သူကို ကူထိန်းပေးသောကြောင့်ဖြစ်ပါသည်။ သူမ၏ တူဖြစ်သူကို သူ့ယောက္ခမအား လတိုင်း လုပ်အားခတချို့ ပေးဖို့ အကြံပေးထားသည်။
ဘာပဲဖြစ်ဖြစ် သူ့ယောက္ခမက ရက်ရောသည်။ ထို့ကြောင့် သားမက်တစ်ယောက်အနေဖြင့် သူလည်း သိတတ်ရမည် မဟုတ်ပါလား။ အဘယ့်ကြောင့်ဆိုသော် တချို့ ယောက္ခမများက အလုပ်အားလပ်နေပါလျက်နဲ့ မြေးများကို ကူမထိန်းပေးချင်ကြသောကြောင့်ဖြစ်သည်။
သို့သော်လည်း တစ်ခါတစ်လေ တကယ်ရယ်ဖို့ ကောင်းပါသည်။ တချို့ အဘွားအိုများက သားများထံမှ မြေးများကို မထိန်းချင်ကြပါ။ သို့သော် သမီးများထံက မြေးမလေးများကို ချစ်မြတ်နိုးကြပါသည်။ သမီးဘက်က မြေးများက အဖိုးတန်သည့် ကလေးများဖြစ်ပြီး သားဘက်က မြေးများကတော့ ကောက်ရထားသလိုပင်။ ဘယ်လို စိတ်မျိုးလဲတော့ မသိပါ။
ဘာပဲဖြစ်ဖြစ် နေရာကောင်းကောင်း ဆိုင်များက ရှာဖို့ မလွယ်ကူပါ။ ဖြည်းဖြည်းချင်းသာ ဆောင်ရွက်နိုင်ပါသည်။
လင်းချင်းဟယ်က ရှားရှားပါးပါး အချိန်အားလပ်နေသည်။ ထို့ကြောင့် အကြီးဆုံးမရီးကို ဖုန်းဆက်လိုက်ပါသည်။
ပြောရမည်ဆိုလျှင် သူတို့ ရှန်ဟိုင်းမြို့တော်မှာ ရှိနေတုန်း သားလတ်နဲ့ သားငယ်ကို ဒီဖုန်းဆင်ခိုင်းလိုက်တာ မှန်ပါသည်။
သူမ၏ ယခင် အတန်းဖော်ဟောင်း ဝမ်လီကို ဖုန်းဆက်ဖို့ပဲဖြစ်ဖြစ် သူတို့ မွေးရပ်မြေကို ဖုန်းဆက်ဖို့ပဲဖြစ်ဖြစ် စီးပွားရေးအတွက် ဖုန်းခေါ်ဖို့ပဲဖြစ်ဖြစ် ဒီဖုန်းရှိထားတော့ အများကြီး ပိုချောမွေ့ပါသည်။
မနှစ်က ဝမ်လီတစ်ယောက် သူမ သားနှစ်ယောက်နဲ့အတူ မြို့တော်သို့ လာလည်ခဲ့ပါသည်။ လင်းချင်းဟယ်က သူတို့အတွက် လမ်းညွှန်တစ်ယောက် လုပ်ပေးလိုက်သည်။
သူမ အကြီးဆုံးမရီးကို ဖုန်းမဆက်တာ ကြာပါပြီ။ ထို့ကြောင့် အခုဖုန်းဆက်လိုက်သည်။ ခဏလောက်ကြာသောအခါ သူမ ထပ်ခေါ်လိုက်သည်။ အကြီးဆုံးမရီးက ဖုန်းလာကိုင်ပါသည်။
"နင်ဖုန်းမဆက်တာကြာပြီ။ သိပ်မကြာခင်တော့ ဖုန်းဆက်နိုင်လိမ့်မယ်လို့ တွေးနေတာ" အကြီးဆုံးမရီးက ရွှင်ပျစွာ ပြောလိုက်ပါသည်။
"ယန်ယန်က ဒီနှစ်လက်ထပ်တော့မှာကိုး။ ဖုန်းဆက်ပြီး သတင်းမေးရမှာပေါ့။ မဟုတ်ဘူးလား။” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
ကျိုးယန် ဘွဲ့ရပြီးတာ ကြာပါပြီ. အခု သူက ကောင်တီမြို့မှာ စာသင်နေပါသည်။ ပြည်နယ်မြို့ဘက်မှာ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးသည်။ နောက်တော့ သူတို့ လမ်းခွဲခဲ့ကြပါသည်။ ကောင်တီမြို့တွင် ဆရာမတစ်ယောက်နဲ့ ထပ်တွဲခဲ့သည်။ နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် သင့်တော်သည်ဟု ထင်ပြီး ဒီနှစ် လက်ထပ်ကြတော့မည်ဖြစ်သည်။
ရွှင်မြူးသော နှလုံးသားကြောင့် အကြီးဆုံးမရီးလည်း သဘောတူခဲ့ပါသည်။
အကြီးဆုံးသမီးနဲ့ အကြီးဆုံးသားမက်တို့ကလည်း အခု ဘဲများမွေးမြူပြီး အဆင်ပြေနေကြပါပြီ။ ဒုတိယသမီးနဲ့ ဒုတိယသားမက်တို့ကိုလည်း ပြောစရာမလိုပါ။ တတိယသမီးကလည်း အိမ်ထောင်ရေး သာယာပါသည်။ သူမ ဒီနှစ်ထဲ ကိုယ်ဝန်ရခဲ့သည်။
အခု အကြီးဆုံးသား လက်ထပ်ဖို့ အလှည့်ရောက်ပါပြီ။ သားငယ်က ပညာသင်နေဆဲဖြစ်သည်။
အကြီးဆုံးမရီး ဘာမှနောင်တရစရာမရှိခဲ့ဘူးဟု ဆိုနိုင်သည်။
ကလေးများအားလုံး ပျော်ရွှင်နေရခြင်းက ဘဝမှာ ကျေနပ်ဖို့ အကောင်းဆုံးပဲ မဟုတ်ဘူးလား။
လင်းချင်းဟယ်က ဖုန်းထဲက အကြီးဆုံးမရီး၏ လေသံထဲတွင် ပျော်ရွှင်မှုများကို ကြားနိုင်ပြီး ရွှင်ပျစွာဖြင့် ပြောလိုက်သည်။ "အကြီးဆုံးမရီး ယောက်မတွေထဲမှာ ရှင်တစ်ယောက်ပဲ အခု အပူအပင်ကင်းတယ်နော်။ ထုတိုလေးပဲ ကျန်တော့တယ်။”
အကြီးဆုံးမရီးက ပျော်ရွှင်စွာ ရယ်မောလိုက်ပါသည်။ "လောင်တနဲ့ ကောင်လေးတွေကလည်း အလားအလာကောင်းကြတာပဲ။ ယှဥ်လို့တောင် မရပါဘူး။” ထို့နောက် စစ်နီ၏ ကိုယ်ဝန်အကြောင်း သူမ မေးလိုက်ပါသည်။
"ကျန်တာ ဘာမှမဖြစ်ဘူး။ မနက်ပိုင်း နေလို့မကောင်းတာပဲရှိတယ်။ တစ်ချိန်တုန်းက ကျွန်မနဲ့ တူတာပေါ့။" လင်းချင်းဟယ်က ပြောလိုက်သည်။
"ဒီကောင်မလေးကတော့ သူ့ရဲ့ အစ်မနှစ်ယောက်စလုံး ဒီလိုမျိုး မဖြစ်ခဲ့ပါဘူး။ အခု သူ့အလှည့်ကျမှ ဒီလိုဖြစ်ရတယ်လို့။” အကြီးဆုံးမရီးက စိတ်ပျက်လက်ပျက်ပြောလိုက်ပါသည်။
"လူတစ်ယောက်ရဲ့ တည်ဆောက်ပုံခြင်း မတူလို့ပါ။ ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပါဘူး။” လင်းချင်းဟယ်က ပြောလိုက်သည်။
အကြီးဆုံးမရီးက ရွာက ကိစ္စတချို့ အကြောင်း ပြောပြလိုက်ပါသည်။ အခု အခြေအနေများက ကောင်းမွန်နေပြီဖြစ်သဖြင့် ဖုန်းဘေလ် ယွမ်နည်းနည်းလောက်ကို မမှုတော့ပါ။ ထို့ကြောင့် စကားများများပြောလို့ အဆင်ပြေပါသည်။
"ရှားရှားမိန်းမကကော မမွေးသေးဘူးလား" လင်းချင်းဟယ်က မေးလိုက်သည်။"
"နည်းနည်းတော့ ကြာဦးမယ်ထင်တယ်" အကြီးဆုံးမရီးက ပြန်ပြောလိုက်သည်။
ကျိုးရှားမိန်းမ မာမြောင်မြောင်က အရင်တစ်ခေါက် ကိုယ်ဝန်ပျက်ကျပြီးကတည်းက ကလေးမရခဲ့ပါ။ မနှစ်ကမှ ကိုယ်ဝန်ရခဲ့ခြင်းဖြစ်သည်။ အခုဆို ကိုယ်ဝန်က ၅ လလောက် ရှိနေပါပြီ။ မွေးဖွားဖို့ လအနည်းငယ်လောက် ကျန်သေးသည်။
"ကလေးရဲ့ ဒုတိယ ဒေါ်လေးက သူ့ရဲ့ ကျွန်ဖြစ်တော့မှာပဲ။” အကြီးဆုံးမရီးက ပြောလိုက်သည်။
ဒုတိယမရီးနဲ့ သူမဆက်ဆံရေးက မကောင်းသော်လည်း မာမြောင်မြောင်၏ လုပ်ရပ်ကို သည်းမခံနိုင်ပါ။ သူမ ဘာဖြစ်နေသလဲမသိပေ။ သူမယောက္ခမကို အထင်သေးသော်လည်း သူမ ယောက္ခမ၏ ဝန်ဆောင်မှုကိုတော့ သဘောကျသည်။
"အမြဲတမ်း တစ်ယောက်ကို တစ်ယောက် အနိုင်ယူနေကြတာပဲ။ တခြားတစ်ယောက်သာဆို ပြဿနာတက်လောက်တယ်" လင်းချင်းဟယ်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဒုတိယမရီးကို လေးစားမိသည်။ တကယ်ပါ။ အရင်ဘဝတုန်းကများ သူမချွေးမ၏ တစ်မိသားစုလုံးကို သတ်ခဲ့မိပြီး ဒီဘဝ အကြွေးပြန်ဆပ်နေရသလားဟုပင် ထင်မိသည်။ ဒီလို ခေါင်းမာပြီး ဆက်ဆံရခက်သည့် လူမျိုးက ချွေးမနဲ့ တွေ့ချိန်မှာတော့ ဘာမှမလုပ်နိုင်တော့ပါ။
တခြားတစ်ယောက်ယောက်သာ လက်ထပ်ပြီး ကိုယ်ဝန်မရသေးပါက ဘယ်လိုဖြစ်သွားမလဲ မသိပေ။ သေချာပေါက် တိုက်ပွဲဖြစ်ပါလိမ့်မည်။
သို့သော်လည်း သူမ၏ အကြီးဆုံးချွေးမကတော့ ခြားနားသည်။ နေ့တော်တော်များများတွင် ကျေးရွာဘက်သို့သွားပြီး ပစ္စည်းများသွားသယ်တတ်သည့် တတိယအစ်ကိုကို သူ့ခန္ဓာကိုယ်အာဟာရဖြစ်ဖို့အတွက် ကြက်တစ်ကောင် ယူသွားခိုင်းသည်။ ဒုတိယမရီးက တစ်ခွန်းတောင် အပြစ်မတင်ရဲပါ။
ကျိုးလျို့နီ တွန်းပစ်ခဲ့သည့် မတော်တဆမှု ရှိခဲ့သော်လည်း သူမ ကျေးကျွန်တစ်ယောက်လို ပြုမူနေဆဲ ဖြစ်သည်။
ယောက္ခမတစ်ယောက် ဒီအဆင့်ထိရောက်သွားသောအခါ ဘာမှပြောဖို့ မလိုတော့ပါ။ ရွာသားများက နောက်ကွယ်တွင် မာမြောင်မြောင်ကို အတင်းပြောကြသည်။ မြို့တော်မှာတော့ မာမြောင်မြောင် အိမ်ထောင်ရေးသာယာသည့်အတွက် ချီးကျူးကြသည်။
ဒုတိယမရီးက တတိယမောင်ကို ကြက်သားနဲ့ ကြက်ဥများ မကြာခဏ ပို့ခိုင်းသောကြောင့် ဖြစ်သည်။ ဒါ့အပြင် ကျေးရွာထွက် ပစ္စည်းများဖြစ်ကြသော ပဲပိစပ်များ၊ မြေပဲများ၊ နှမ်းများကိုလည်း မကြာခဏ ပို့ပေးတတ်ပါသည်။
ယောက္ခမတစ်ယောက်အနေနဲ့ ဒီလောက် ချစ်မြတ်နိုးတာ မလုံလောက်သေးဘူးလား။
အိမ်နီးချင်းများကို ဘေးဖယ်ထားလိုက်ပါ။ မာမြောင်မြောင်က၏ အမေကတောင် သူမကို ယောက္ခမအပေါ် ယဥ်ကျေးဖို့ ပြောထားပါသည်။
သို့သော်လည်း မာမြောင်မြောင်က စိတ်ထဲမထားပါ။ သူမ၏ ရွာသူ ယောက္ခမကို မျက်နှာသာတစ်စက်မှ မပေးချင်ပေ။ မဟုတ်ပါက အမြဲတမ်း ကိုယ့်ကိုယ်ကို အထင်ကြီးသွားရင် ဘယ်လို လုပ်မည်နည်း။ သူမ မြို့တော်မှာ နေချင်သည်ဟု ပြောလာလျှင် ဘယ်လိုလုပ်မည်နည်း။
သူမကို အထင်သေးလို့ မဆုံးပါ။ သူမ၏ ယောက္ခမက ခြေထောက်ပင် မဆေးတတ်ပေ။ နှစ်သစ်ကူး သူမယောက္ခမနဲ့အတူ နှစ်ရက်လောက် ပြန်နေသောအခါ သေလောက်အောင် အန်ခဲ့ရပါသည်။ အနံ့က နံ့စော်လွန်းပြီး တစ်အိမ်လုံး ခြေဖဝါးနံ့များ ပြည့်နှက်နေသည်။
လင်းချင်းဟယ်က အကြီးဆုံးမရီးကျိုးနဲ့ အကြာကြီး စကားပြောပြီးမှ ဖုန်းချခဲ့ပါသည်။
ကျိုးချင်းပိုင်က မေးလိုက်သည်။ "ကိုယ်တို့ ဘယ်တော့သွားကြမလဲ။”
လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။ "နောက်လထဲ သွားကြမယ်လေ။"
တကယ်တော့ သိပ်လောဖို့ မလိုပေ။ ဒီနှစ်က စပြီး နောက်သုံးနှစ် ၁၉၉၁ အထိ အလားအလာ ရှိသည့် နေရာများက အလွန်များပြားပါသည။ ၁၉၉၂ ခုနှစ်ကျမှ အဆမတန် တိုးတက်လာတာကို သူမ မှတ်မိပါသည်။
ဒီနှစ် လင်းချင်းဟယ်က လေ့လာဆန်းဆစ်ချက်တချို့ ပြုလုပ်ဖို့ စီစဥ်ထားသည်။ လွန်ခဲ့သည့် ၂ နှစ်အတွင်း သူမ ပိုက်ဆံအများကြီးကို အရန်အဖြစ် စုဆောင်းထားခဲ့သည်။
"ကိုယ် မြေတစ်နေရာတော့ မြင်ခဲ့တယ်။ ပိုက်ဆံ အများကြီး ကုန်မယ်ထင်တယ်။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"ဘယ်လောက်ကြီးလဲ။" လင်းချင်းဟယ်က မေးလိုက်သည်။
"မြေတစ်ကွက်လုံးက ၈၀,၀၀၀ စတုရန်းမီတာလောက် ကျယ်လိမ့်မယ်။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
"အဲ့လောက်တောင် ကြီးတာလား။” လင်းချင်းဟယ် ထိတ်လန့်သွားပါသည်။ ပိုက်ဆံများပြားလွန်းပါသည်။ သူမတို့ မိသားစုက အခုဆို ဝင်ငွေအလွန်ကောင်းနေပါပြီ။ လစဥ် ဝင်ငွေက ယွမ် ၁၅၀,၀၀၀ လောက်ရှိသည်။ လုံးဝ အမြင့်ဆုံးလစာတွေထဲက တစ်ခု ဖြစ်ပါသည်။
သို့သော်လည်း လွန်ခဲ့သော ၂ နှစ်နဲ့ အရင်တစ်နှစ်အတွင်း စုငွေများက သန်းပေါင်းများစွာ ရှိနေပါပြီ။ တခြားသူများသာ ဒီလိုမြေတစ်ကွက်မျိုး ဝယ်ချင်ပါက ကန့်သတ်ချက်များစွာ ရှိပါလိမ့်မည်။