← Chapters

အခန်း(၆၂၄) အစုပေါ်အမြတ်

Vol. 45 Ch. 624

အခန်း(၆၂၄) အစုပေါ်အမြတ်

Vol. 45 Ch. 624

အခန်း(၆၂၄) အစုပေါ်အမြတ်

ချိန်းထားသည့်နေ့သို့ရောက်သောအခါ လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ကားဖြင့် သွားခေါ်ခဲ့ပါသည်။ ထို့နောက် ကျိုးအာ့နီကို သွားခေါ်၏။ နောက်ဆုံးတော့ အမေဝိန်ဆီသို့ လာခဲ့ကြသည်။ သူမတို့လေးယောက် ရေပူစမ်းသို့ အတူတူလာခဲ့ကြပါသည်။

ရေပူစမ်းစိမ်နေစဥ် အမေဝိန်က မယားငယ်များအကြောင်း ပြောလာပါသည်။ "အဲ့ဒီကောင်မလေးတွေ ဘာဖြစ်နေလဲ နားကိုမလည်နိုင်ဘူး။ နာမည်ကြီး တက္ကသိုလ်တွေက ဘွဲ့ရပြီး အနာဂတ်ကောင်းကောင်း မလိုချင်ကြဘူး။ ဗိုက်ပူနားကား အဘိုးကြီးတွေရဲ့ မယားငယ်ပဲ လုပ်ချင်နေကြတယ်။ ဘာတွေ ရည်ရွယ်နေကြတာလဲ။"

သူမ ဘာကြောင့် ရုတ်တရက်ကြီး ဒီအကြောင်း ပြောလာရတာလဲ။ အဘယ့်ကြောင့်ဆိုသော် သူမတို့ ရပ်ကွက်၌ မယားငယ်တစ်ယောက် ထားသည့် လူတစ်ယောက်ရှိသောကြောင့် ဖြစ်ပါသည်။ မယားငယ်က သူမ အထည်ဆိုင်သို့ပင် လာပြီး အထည်ဝယ်ခဲ့သေးသည်။

လူက အနည်းငယ် ရိုင်းသော်လည်း မယားငယ်၏ အခြေအနေက အတော်လေး ကောင်းမွန်ပါသည်။ ဒါတောင် ဘာကြောင့် ဘီယာဗိုက်လူတစ်ယောက်ရဲ့ မယားငယ်လုပ်ပြီး တခြားမိသားစုတွေကို ဖျက်ဆီးချင်ရတာလဲ။

ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။ "ရှင်းရှင်းလေးပါ။ တဖက်လူက ပိုက်ဆံရှိလို့မဟုတ်ဘူးလား။ တဖက်လူရဲ့ ပိုက်ဆံကိုအသုံးချချင်လို့ပေါ့။"

မဟုတ်ပါက ထိုကောင်မလေးက အလကားနေရင်း ဒီလိုလူမျိုးကို မျက်စိကျပါ့မလား။ စိတ္တဇဖြစ်နေတာလည်း မဟုတ်ပေ။

"ငပျင်းမပဲ။ ဒီတိုင်းအလကားထိုင်ပြီး အကျိုးခံစားခွင့်ရချင်တာ။ ငယ်သေးတာနဲ့ပဲ ဖြတ်လမ်းကို လိုက်ချင်တယ်။ ဒီလိုလူမျိုးတွေက အနာဂတ်မှာ ဇာတ်သိမ်းမလှတတ်ဘူး။" ကျိုးရှောင်မိန်က ဆက်ပြောလိုက်ပါသည်။

"နင့်ကြည့်ရတာ တော်တော်အားပါတယ်နော်။" လင်းချင်းဟယ်က သူမကိုကြည့်လိုက်သည်။

"နင့်ကိုမပြောရသေးဘူး စတုတ္ထယောက်မ။ တာ့လင်းရဲ့ ဝမ်းကွဲအစ်ကိုက အပြင်မိန်းမတစ်ယောက်နဲ့ မရှင်းမရှင်း ဆက်ဆံရေးရှိနေတယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

လင်းချင်းဟယ် အံ့သြသွားပြီး ပြောလိုက်ပါသည်။"တာ့လင်းဝမ်းကွဲအစ်ကိုက အဲ့လိုလူမျိုးဖြစ်မယ့်ပုံစံ မဟုတ်ပါဘူး။"

စုတာ့လင်း၏ ဝမ်းကွဲအစ်ကိုက လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ပြန်လာခဲ့သည်။ သူ့မိန်းမနဲ့အတူ ဆိုင်တစ်ဆိုင် လာဖွင့်ခြင်း ဖြစ်ပါသည်။ ကလေးများလည်း ကြီးလာပြီ။ သူက သက်လတ်ပိုင်းယောက်ျားတစ်ယောက် ဖြစ်သည်။ လင်းချင်းဟယ်လည်း တွေ့ဖူးပါသည်။ ပွေရှုပ်တတ်သည့်လူမျိုးဖြစ်မည့်ပုံတော့ မပေါ်ပေ။

"အဲ့လိုပုံစံမပေါ်ပေမယ့် နောက်တော့ ပေါ်လာတာပဲ။ မနေ့တစ်နေ့ကတည်းက ပြဿနာဖြစ်နေတာ။ ငါ့ဝမ်းကွဲယောက်မကိုယ်တိုင် သူတခြား မိန်းမတစ်ယောက်နဲ့ ရှော့ပင်းထွက်နေတာကို မြင်ခဲ့တာတဲ့။" ကျိုးရှောင်မိန် သက်ပြင်းချလိုက်သည်။ "သူတို့ ပြဿနာတက်နေကြတုန်းပဲ။"

"အခြေအနေက ဘယ်လိုလဲ။" အမေဝိန်က ပြောလိုက်ပါသည်။

"ရှင်းပြဖို့ခက်တယ်။" ကျိုးရှောင်မိန်က ပြောလိုက်သည်။ "အပြစ်တင်ရမယ်ဆို တာ့လင်းဝမ်းကွဲအစ်ကိုရဲ့ အပြစ်ချည်းပဲတော့ မဟုတ်ဘူး။ သူ့ဝမ်းကွဲမရီးကလည်း တရားလွန်တာကိုး။ မာကျောက်ကစားနည်းကို ဘယ်က သင်လာတာလဲမသိဘူး။ နေ့တိုင်းအိမ်မှာ မရှိဘူး။ မာကျောက်ပဲ ကစားနေတယ်။ မိသားစုက ဆိုင်တစ်ဆိုင်ဖွင့်ထားတာတောင် အကုန်လုံး တာ့လင်း ဝမ်းကွဲအစ်ကိုရဲ့ တာဝန်ချည်းပဲ။ ရက်တော်တော်များများမှာ ကောင်းကောင်းလည်း မဆက်ဆံဘူး။ သူ့ကို အော်ဟစ်ပြီး ဆူငေါက်နေတာချည်းပဲ။ တာ့လင်းဝမ်းကွဲအစ်ကိုကိုယ်စား အသက်ရှူတောင်ကြပ်တယ်။"

"အဲ့တာ သူလမ်းလွဲမှုရဲ့ အကြောင်းပြချက်မှ မဟုတ်တာ။ သူ ဒီလိုဆက်မနေနိုင်ရင် ကွာရှင်းလိုက်လို့ ရတာပဲ။" လင်းချင်းဟယ်က ရိုးသားစွာ ပြောလိုက်ပါသည်။

ကျိုးရှောင်မိန်ထံမှ သူမ ဝမ်းကွဲမရီးမှာ ရိုင်းစိုင်းပြီး ရက်စက်သည်ဟု လင်းချင်းဟယ် ကြားဖူးတာ ကြာပါပြီ။ အရင်တုန်းက အဆင်ပြေသော်လည်း မြို့တော်ရောက်လာပြီး ငွေရလာတာနဲ့ စိတ်အခြေအနေက ပိုဆိုးလာပါသည်။

ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပါ။

တကယ်ပဲ ဒီလိုမိန်းမမျိုးနဲ့ တစ်မိုးအောက်တည်း နေရတာ မွန်းကြပ်ဖို့ကောင်းပါသည်။ သို့သော်လည်း လင်းချင်းဟယ်ပြောသလိုပင် အဆင်မပြေနိုင်ပါက ကွာရှင်းလိုက်လို့ရပါသည်။

ကွာရှင်းလိုက်လျှင် သူ လူပျိုပြန်ဖြစ်သွားလိမ့်မည်။ သူလုပ်ချင်တာလုပ်နိုင်သည်။ ဒါကမှ လွတ်လပ်မှု ဖြစ်ပါသည်။

သို့သော်လည်း မကွာရှင်းရသေးဘဲ ပွေရှုပ်ခြင်းက သနားဖို့ကောင်းရင်တောင် မှားယွင်းနေပါသည်။

"သူတို့ ရန်ဖြစ်နေကြတာ ကြာပြီလို့ တူလေးပြောတာ ကြားတယ်။ ကွာရှင်းဖို့ ပြောတယ်တဲ့။ ဒါပေမယ့် တာ့လင်းရဲ့ ဝမ်းကွဲမရီးက မကွာရှင်းပေးတာ။ ပြဿနာတွေ ကြီးလာမှ ငါသိလိုက်ရတာ။ ဆိုင်ကိုလည်း တူတွေ တူမတွေကပဲ ကြည့်ပေးထားရတယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

ဒီပြဿနာက သူမအတွက်လည်း သတိပေးချက်တစ်ခု ဖြစ်ပါသည်။ ကံကောင်းစွာဖြင့် သူမက တစ်ခါတစ်လေ ဆိုးတတ်သော်လည်း မိသားစုအပေါ် တာဝန်ကျေသူ ဖြစ်ပါသည်။ အလုပ်လည်း ကြိုးစား၏။ သူမယောက်ျား တာ့လင်းကလည်း တာဝန်သိတတ်သူဖြစ်ပြီး သေချာပေါက် ဝမ်းကွဲအစ်ကို ခြေရာနောက် လိုက်မှာ မဟုတ်ပေ။

တာ့လင်းသာ ထိုနည်းတူစွာ လုပ်သွားပါက သူမ ဘယ်လိုနေရမလဲ ကျိုးရှောင်မိန် စိတ်ကူးကြည့်လို့ပင် မရတော့ပါ။

လင်းချင်းဟယ်က ဘာမှ မဝေဖန်တော့ပေ။ သူတို့ အိမ်တွင်းရေးကိစ္စကို ရိုးရိုးသားသား ဝေဖန်ဖို့ ခက်ခဲပါသည်။

"ကလေးတွေ သနားဖို့ကောင်းလိုက်တာ။" အမေဝိန်က ပြောလိုက်သည်။

"ကလေးတွေ မဟုတ်ကြတော့ပါဘူး။ သူတို့အားလုံး အရွယ်ရောက်နေကြပြီ။ အကြီးဆုံးက အသက် ၂၂နှစ်လေ။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

စုစုပေါင်း ကလေး ၃ ယောက် ရှိပါသည်။ အကြီးဆုံးက အသက် ၂၂ နှစ်ဖြစ်ပြီး အငယ်ဆုံးက အသက် ၁၇ နှစ် ဖြစ်ပါသည်။ အားလုံး ကြီးနေကြပါပြီ။

"လူကြီးတွေကော သိကြလား။" အမေဝိန်က မေးလိုက်သည်။

"သိကြပါတယ်။ ဒီလောက်ကိစ္စကြီးကို မသိဘဲနေပါ့မလား။ သူ့ဝမ်းကွဲမရီးက ငိုပြီး အဲ့ဒီနေ့က ဖုန်းပြန်ဆက်ပြီးတော့ တိုင်တာ။ အခုဆို ဒီကို လာနေကြလောက်ပြီ။ ဒီနှစ်ရက်အတွင်း ရောက်လာကြလိမ့်မယ်။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"အခုတော့ ငိုရမှန်း သိပြီပေါ့။ ယောက်ျားတစ်ယောက်ကို ဒီလောက်ထိ လုပ်အောင် တွန်းအားပေးနိုင်တဲ့ အစွမ်းအစရှိနေတာပဲ။" အမေဝိန်က ငေါက်လိုက်ပါသည်။

ယောက်ျားက ဒီကိစ္စမှာ မှားပါသည်။ မကွာရှင်းရသေးဘဲ ပွေလီခြင်းက မှားသည်။ သို့သော် မိသားစုထဲက မိန်းမကလည်း ပို၍ပင် မှားပါသေးသည်။ ဇနီးတစ်ယောက်၊ အမေတစ်ယောက်တာဝန် ကျေပွန်ခဲ့လို့လား။

ကျိုးအာ့နီက သိပ်ပြီးဝင်မပြောပါ။

လင်းချင်းဟယ်က သူမဘက်ကိုလှည့်လာ၏။ "အထည်စက်ရုံကို မကြာခဏ လမ်းသွားလျှောက်ကြည့်နော်။"

သူမ ဝမ်ယွမ်ကို ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ပေးရမည် ဖြစ်သော်လည်း အိမ်ထောင်ရေးကို ကာကွယ်ရမှာက ဇနီးတစ်ယောက် လုပ်သင့်သည့်အရာ ဖြစ်ပါသည်။

တရားဝင်ဇနီးဆိုတာ အနိုင်ကျင့်ဖို့လွယ်သည့်လူ မဟုတ်မှန်း တဖက်လူ သိအောင် လုပ်ရမည်။

"ဝမ်ယွမ်က ဘာဖြစ်နေလို့လဲ။" ကျိုးရှောင်မိန်က ခေတ္တရပ်လိုက်ပြီး ကျိုးအာ့နီကို မေးလိုက်ပါသည်။

"ဘာဖြစ်လို့လဲ။ ဒီတိုင်း စာရင်းကိုင်အသစ် နှစ်ယောက်ကို ခန့်ထားရုံပါ။ တစ်ယောက်က နည်းနည်းလှနေတာပဲရှိတယ်။" ကျိုးအာ့နီက ရွှင်ပျစွာပြောလိုက်ပါသည်။

"အဲ့တာ ဘာမှမဟုတ်တာ မဟုတ်ဘူးလေ။" ကျိုးရှောင်မိန်က စူးရှစွာ ကြည့်လိုက်ပါသည်။ "ဝမ်ယွမ်ရဲ့ အဆင့်အတန်းကို ကြည့်ပါဦး။ သူက အခု ငယ်ရွယ်ပြီး ယောက်ျားပီသတုန်းပဲ။ ယောက်ျားပီသတဲ့အပြင် ချမ်းလည်း ချမ်းသာတယ်။ ဒီလိုယောက်ျားမျိုးဆိုတာ မိန်းမတွေအတွက် သဘောကျစရာပဲ။"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူ့ဒုတိယခဲအိုက ဒီလိုလူမျိုးမှမဟုတ်တာ။ ဝမ်မိသားစုဆိုတာ ဘယ်လို မိသားစုလဲ။ လမ်းဘေးပန်းတွေကို စိတ်ဝင်စားပါ့မလား။" အမေဝိန်က ဝင်ပြောလိုက်ပါသည်။

ကျိုးအာ့နီ ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ သူမ ဒေါ်လေးကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အငယ်ဆုံးဒေါ်လေး အရမ်းကြီး စိတ်မပူပါနဲ့။ ဝမ်ယွမ့်မှာ အဲ့လိုစိတ်တွေ မရှိပါဘူး။ သူ အခုတလော သမီးကိုကားမောင်းသင်ပေးနေတာလေ။”

"နင့်ကို ကားဝယ်ပေးတော့မှာလား။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။

"လိုင်စင်ရတာနဲ့ သမီးလာကြည့်ချင်တိုင်းကြည့်လို့ရအောင် တစ်စီးဝယ်ပေးမယ်လို့ပြောတယ်။" ကျိုးအာ့နီက ပြောလိုက်သည်။

အမေဝိန်က ပြောလိုက်သည်။ "သူ့ရဲ့ ဒုတိယခဲအို မျက်လုံးတွေက မတိမ်ဘူးလို့ကြားပါတယ်။ အမြွှာလေးတွေကလည်း ချစ်ဖို့ကောင်းတယ်။ သူ တခြားဟာတွေ ခေါင်းထဲဝင်လာရင်တောင် ဒီကလေးနှစ်ယောက်ကို ပြန်စဥ်းစားရမယ်။"

သူတို့မိန်းမသားများ ရေစိမ်ရင်း စကားပြောခဲ့ကြသည်။ ရေပူစမ်းစိမ်ပြီးနောက် မုန့်ပဲသရေစာ စားခဲ့ကြ၏။ ထို့နောက်မှ စိတ်ကျေနပ်စွာဖြင့် အိမ်ပြန်လာခဲ့ကြပါသည်။

အရင်ဆုံး အမေဝိန်ကို လိုက်ပို့သည်။ ထို့နောက် ကျိုးအာ့နီကို အထည်စက်ရုံသို့ လိုက်ပို့ခဲ့သည်။ နောက်ဆုံးမှ ကျိုးရှောင်မိန်ကို အိမ်ပြန်လိုက်ပို့လိုက်၏။

ကျိုးရှောင်မိန်နဲ့ စုတာ့လင်းတို့က အိမ်ပြောင်းသွားပြီး ၁၉၈၆ ခုနှစ်ကတည်းက ကိုယ့်အိမ်နဲ့ကိုယ် နေခဲ့ကြပါသည်။

သူမ အိမ်က အမေကျိုးနဲ့ အဖေကျိုးတို့အိမ်လောက် မကျယ်ဝန်းပါ။ သို့သော်လည်း လုံလောက်တာထက် ပိုပါသည်။

"ဒါက ဒီလရဲ့ အစုပေါ်အမြတ်လေ။ ငါမေ့တော့မလို့ပဲ။" လင်းချင်းဟယ်က သူမကို ငွေသား ယွမ် ၂၀၀ ပေးလိုက်ပြီး ပြောလိုက်ပါသည်။

ကျိုးရှောင်မိန်က သူမ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ရှယ်ယာဝင်ထားသည် လတိုင်း ကျိုးရှောင်မိန်နဲ့ ငွေစာရင်း ရှင်းရပါသည်။ အရင်တုန်းက သူမ ယွမ် ၃,၀၀၀ ရင်းနှီးမြှုပ်နှံခဲ့သည်။ အခုဆို အရင်းပြန်ရပြီး အမြတ်များ စဝင်နေပြီ ဖြစ်ပါသည်။

"ကျေးဇူးတင်ပါတယ် စတုတ္ထယောက်မ" ကျိုးရှောင်မိန်က ငွေကိုယူပြီးနောက် ရွှင်ပျစွာ ပြောလိုက်ပါသည်။

"အဖေနဲ့ အမေတို့ဘက်ကိုလည်း နည်းနည်း ကြည့်ဦးနော်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

"ငါနားလည်ပါတယ်။ စိတ်မပူပါနဲ့။" ကျိုးရှောင်မိန်က တာ့တာပြလိုက်ပါသည်။

လင်းချင်းဟယ် ကားမောင်းကာ ပြန်လာခဲ့သည်။ ကျိုးရှောင်မိန်က ပိုက်ဆံကို အိမ်ပြန်ယူလာခဲ့၏။ ထိုအချိန်တွင် စုတာ့လင်းလည်း အိမ်ပြန်ရောက်နေပြီး နောက်ဖေးက မြေကို ဆွနေပါသည်။ ဘန်းမုန့်ထဲအစာသွပ်ဖို့ ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးဖို့ စီစဥ်ထားသည်။

All Chapters