အခန်း(၆၂၅) အဖက်မလုပ်လို့မဖြစ်တော့
Vol. 45 Ch. 625
အခန်း(၆၂၅) အဖက်မလုပ်လို့မဖြစ်တော့
"နင့်အဖေကော" အိမ်ပြန်ရောက်လာတာနဲ့ ကျိုးရှောင်မိန်က အိမ်စာလုပ်နေသည့် အကြီးဆုံးသမီးကို မေးလိုက်ပါသည်။
"အဖေ နောက်ဖေးမှာ" စုယက ပြန်ဖြေလိုက်ပါသည်။
ကျိုးရှောင်မိန် လိုက်သွားလိုက်ပါသည်။ ထယ်ထိုးခြင်း ပြီးလုနီးပါး ဖြစ်နေပါပြီ။ သူတို့ ရက်ပိုင်းအတွင်း ကြက်သွန်မြိတ်များ စိုက်ပျိုးနိုင်ပါပြီ။
အဖေကျိုးနဲ့ အမေကျိုးတို့အိမ်မှာလည်း ဟင်းသီးဟင်းရွက်ခြံရှိပါသည်။ သူတို့အကုန်မစားနိုင်ဘဲ ဒီကိုပေးပါလိမ့်မည်။ ထို့ကြောင့် သူမ၏ နောက်ဖေးခြံက ဘန်းမုန့်အစာများအတွက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးဖို့ အသုံးပြုပါသည်။
သူ့မိန်းမပြန်လာတာကိုမြင်သောအခါ စုတာ့လင်းက ပြုံးကာ ပြောလိုက်ပါသည်။ "စား... စားပြီးပြီလား။"
"စားပြီးပြီ။ ဦးလေးနဲ့ ဒေါ်လေးတို့ ဘယ်တော့ ရောက်မလဲ။" ကျိုးရှောင်မိန််က မေးလိုက်ပါသည်။
"မ...မနက်ဖြန်" စုတာ့လင်းက ညှင်သာစွာ သက်ပြင်းချလိုက်ပါသည်။
သူ့ဝမ်းကွဲအစ်ကိုမိသားစုက အဆင်ပြေနေကြပါလျက် ဘာကြောင့် ဒီအဆင့်ထိ ရောက်သွားသလဲ နားမလည်နိုင်တော့ပါ။
သူတို့ဘဝ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ စီးပွားရေးကလည်း တည်ငြိမ်သည်။ ဆိုင်ကိုလည်း စုထားသည့် ငွေများဖြင့် ဝယ်နိုင်တော့မည်။ ဆိုင်လက်ထဲရောက်လာတော့မည်ကိုမြင်ပြီး နှစ်အနည်းငယ်လောက် အခြေကျအောင် လုပ်ပြီးပါက အိမ်တစ်လုံး ဝယ်နိုင်တော့မည်။ ထို့နောက် အိမ်ထောင်စုစာရင်းကို ပြောင်းလဲဖို့ အချိန်ကျပြီဖြစ်သည်။ ဘဝက ဒီ့ထက်ပိုပြီး မကောင်းနိုင်တော့ပါ။
သို့သော်လည်း ပြဿနာများစွာ ရှာခဲ့ကြပါသည်။
ကျိုးရှောင်မိန်က အချိန်ကိုသာ မေးလိုက်ပြီး တခြားဘာကိုမှ မမေးတော့ပါ။ ဦးလေးနဲ့ဒေါ်လေးတို့ကို ဒီမှာ နေခိုင်းဖို့ စီစဥ်ထားပြီး သားနှစ်ယောက်ကို အဘိုးအဘွားများနဲ့ သွားနေခိုင်းလိုက်မည်။
ကျိုးရှောင်မိန်က စုတာ့လင်း၏ ဦးလေးနဲ့ ဒေါ်လေးတို့ကို လေးစားပါသည်။
စုတာ့လင်းကို အစောပိုင်းနှစ်များတုန်းက စောင့်ရှောက်ခဲ့ရုံသာမကဘဲ သူမ လက်ထပ်ပြီးသောအခါမှာတောင် သူမကို လူကြီးနှစ်ယောက်က စောင့်ရှောက်ခဲ့ပါသည်။ အရင်ဖုန်းဆက်တုန်းက သူတို့ကို ဒီလာနေဖို့ ခေါ်ခဲ့သော်လည်း ပြဿနာဖြစ်မည်ဆိုးသဖြင့် သူတို့ မလာခဲ့ကြပေ။ ဒီကိစ္စကြောင့် ရောက်လာကြလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။
အရာရာ ပြောင်းလဲတတ်သည်။
ကျိုးရှောင်မိန်က အခန်းထဲဝင်သွားပြီး လယ်ဂျာစာအုပ်သွားယူလိုက်သည်။ ငွေစာရင်းများကို စစ်ကြည့်ရမည်။ ယခု သူမနဲ့ တာ့လင်းတို့နှစ်ယောက်စလုံး မိသားစု၏ ဝင်ငွေကို သေချာမှတ်သားထားပါပြီ။
ကျိုးရှောင်မိန်က လက်ဖက်ရည်ဆိုင်မှ ရသော ၂၂၀ ယွမ် ဝင်ငွေကို အလွန်ကျေနပ်ပါသည်။
သူမ၏ စတုတ္ထယောက်မ ကြည့်ရှုစောင့်ရှောက်မှုကြောင့် သူမတို့မိသားစု တစ်လကို ယွမ် ၂၀၀ ဝန်းကျင် အပိုဝင်ငွေ ရနိုင်ပါသည်။ တစ်ခါတစ်လေ အနည်းနဲ့အများကွာခြားပါသည်။ ဘာပဲဖြစ်ဖြစ် ယွမ် ၂၀၀ ဝန်းကျင် ဆိုတာတော့ သေချာပါသည်။
အရင်က အရင်းလည်း ပြန်ရခဲ့ပြီ။ ယခု ရတာက အမြတ်သက်သက်ဖြစ်ပါသည်။
သူမ ဘာမှလုပ်စရာမလိုဘဲ လတိုင်း အစုပေါ်အမြတ် ရနိုင်သည်။ ပြောစရာမလိုအောင် ကျိုးရှောင်မိန်တစ်ယောက် ပျော်ရွှင်နေပါသည်။
ဘန်းမုန့်ဆိုင်လုပ်ငန်းကလည်း ယခုအခါ မဆိုးရွားလှပါ။ အဆင်ပြေသည်ဆိုရင်တောင် အတိုင်းအတာတော့ ရှိပါသည်။ ယွမ် ၈၀၀ - ၉၀၀ ဝင်ငွေက တော်တော်လေး ကောင်းမွန်ပါသည်။
သို့သော် ယခု ကလေးများက အရွယ်ရောက်လာကြပြီဖြစ်သဖြင့် ကျောင်းလခ၊ ကျောင်းစရိတ်များ၊ နေထိုင်စရိတ်များ စသည့် ဖိအားများက မသေးငယ်လှပါ။
လစဥ် အပိုဝင်ငွေတစ်ခုက ဖိအားတချို့ကို လျော့သွားစေပြီး သူတို့လည်း ငွေပိုစုနိုင်ပါသည်။
သူမ ငွေစာရင်း စစ်ပြီးနောက် အဖေနဲ့ အမေတို့ဘက်သို့ ထွက်လာခဲ့ပါသည်။
အဖေကျိုးနဲ့ အဘိုးဝမ်တို့က စစ်တုရင်ကစားနေသည်။ အမေကျိုးက ပေကျင်းအော်ပရာကို သင်ယူနေ၏။ ဒါက ထိုအဘွားအိုများ၏ လတ်တလော ဖျော်ဖြေရေးအသစ်တစ်ခု ဖြစ်ပါသည်။ ပန်းခြံထဲက အဘွားအိုများစွာလည်း ပါဝင်နေကြသဖြင့် သူမ နောက်ကျကျန်ခဲ့လို့ မဖြစ်ပါ။
လွန်ခဲ့သော ၂ နှစ်အတွင်း အဖေကျိုး၊ အဘိုးဝမ်၊ အမေကျိုးတို့အားလုံး အများကြီး အသက်ရလာပါသည်။ လွန်ခဲ့သည့် ၂ နှစ်ကစပြီး အဘိုးဝမ်က ဒီအိမ်မှာပဲ အဖေကျိုး အမေကျိုးတို့နဲ့အတူ လာနေပါသည်။
ဒီမှာက ကျယ်ဝန်းသည်။ သူနေဖို့ အခန်း လုံလောက်ပါသည်။ ထို့အပြင် လူသုံးယောက်ရှိသဖြင့် ချက်ပြုတ်ရတာ ပိုကောင်းပါသည်။
ကျန်တာ ဘာမှ အဆင်မပြေတာ မရှိပေ။
ကျိုးရှောင်မိန်က သူမ ဦးလေးနဲ့ဒေါ်လေး လာမည့်ကိစ္စကို ပြောလိုက်ပါသည်။
အမေကျိုးက ဒီအကြောင်းကို သူမသမီးထံမှ ကြားပြီးသားဖြစ်ပြီး ပြောလိုက်သည်။ "ချန်းချန်းနဲ့ ရွှမ်ရွှမ်တို့ကို ဒီမှာလာနေခိုင်းလိုက်။ သူ့ဦးလေးနဲ့ ဒေါ်လေးတို့ကို အဲ့မှာ နေခိုင်းလိုက်ပါ။"
ကျိုးရှောင်မိန်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "သမီးလည်း အဲ့လိုပဲစဥ်းစားထားတာပါ။"
"ဒါ ဘာမဟုတ်တာနဲ့ ပြဿနာရှာပြီး ကောင်းကောင်း မနေချင်ကြတာပဲ။ ပျားရည်ကို စိတ်ကြိုက်စားပြီးမှ ပျားအုံကို တုတ်နဲ့ ထိုးလိုက်သလိုပဲ။" အမေကျိုးက ပြောလိုက်ပါသည်။
"မတတ်နိုင်ဘူးလေ။ သူ မိန်းမကောင်းရဖို့ မအောင်မြင်ခဲ့ဘူးမလား။" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
ဒီကိစ္စတွင် သူမ တာ့လင်းဝမ်းကွဲအစ်ကိုဘက်တွင်ရှိပါသည်။ သူက တကယ်ပဲ ဒီလိုလူ မဟုတ်ပါ။ တာဝန်သိစိတ်ရှိသူ ဖြစ်သည်။ သို့သော် ရိုးရိုးသားသားပြောရလျှင် သူတို့မိသားစုထဲက မိန်းမက သူနဲ့ မတန်ပါ။ သူက အရမ်းခါးသီးလွန်း၏။ ဒီကိစ္စတွင် သူ့ကို ဘာမျက်နှာသာမှမပေးခဲ့ပါ။
အိမ်နီးချင်းအားလုံးကို လိုက်အသိပေးသည်။ လုံးဝ မျက်နှာပြစရာမရှိအောင် လုပ်ခဲ့ပါသည်။
"သူ့မိန်းမဘက်က မိသားစု တစ်ယောက်မှ မလာကြဘူးလား။" အမေကျိုးက မေးလိုက်ပါသည်။
"လာကြမှာပေါ့။" ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်ပါသည်။
"ကွာရှင်းမှာ သေချာနေပြီပေါ့။" အမေကျိုးက ပြောလိုက်ပါသည်။ ကွာရှင်းမည်ဟူသည့် စကားလုံးကို လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းကသာ ပြောရမည်ဆိုလျှင် ရှက်စရာဟု အမေကျိုး ထင်မိပါမည်။ သူမ ပြောတောင်ပြောရဲမည်မဟုတ်ပါ။
သို့သော် ဒီခေတ်က ပြောင်းလဲသွားပါပြီ။ ပန်းခြံထဲက အဘွားအိုတစ်စုက ဘာမှလုပ်စရာမရှိဘဲ အတင်းအဖျင်းများသာ ပြောတတ်ကြသည်။ ထို့ကြောင့် အမေကျိုးလည်း ခံနိုင်ရည်ရှိလာပါပြီ။ အမြင်ကျယ်သည့် အဘွားအိုတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
"ဒီလိုတောင် ဖြစ်လာမှတော့ ကွာရှင်းကြရတော့မှာပေါ့။ အောက်က သားသုံးယောက်ကတော့ ဘာလုပ်ရမှန်းမသိဘူး။ သူတို့ လာပြီး ဆွေးနွေးကြပါစေ။" ကျိုးရှောင်မိန်က ပြောလိုက်သည်။
"တာ့လင်းရဲ့ ဝမ်းကွဲအစ်ကိုက နည်းနည်း ရိုးသားပြီး အားကောင်းတဲ့ မိန်းမတစ်ယောက် ရထားတာ ကောင်းတယ်လို့ တွေးဖူးတယ်။ နင့်စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောက်မလိုပေါ့။ သူတို့ ဒီလိုအဆုံးသတ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး" အမေကျိုးက ခေါင်းခါလိုက်ပါသည်။
"အမေကလည်း သူ့ပုံစံနဲ့ သမီးစတုတ္ထယောက်မနဲ့ ယှဥ်လို့ရပါ့မလား။ သမီးစတုတ္ထယောက်မနဲ့ ဘယ်လောက်တောင် ကွာသလဲ စဥ်းစားကြည့်လို့တောင် မရဘူး။" ကျိုးရှောင်မိန်က အထင်သေးသော မျက်နှာမျိုးဖြင့် ပြောလိုက်ပါသည်။
သူမ စတုတ္ထယောက်မ၏ အရည်အချင်းရှိမှုက အတုအယောင် မဟုတ်ပါ။ သူမ အကြံကောင်းများ ထုတ်တတ်သည်ဆိုတာလည်း အလိမ်အညာ မဟုတ်ပါ။ သို့သော်လည်း သူမ စတုတ္ထယောက်မက မိသားစုကို ဘယ်လို စောင့်ရှောက်ခဲ့သလဲ။
အစောပိုင်းနေ့ရက်များတုန်းက အိမ်မှာ ပိုက်ဆံမရှိသောအခါ သူ့ယောက်ျားနဲ့ ကလေးများကိုပါ စောင့်ရှောက်ရသည်။
တာ့လင်းရဲ့ ဝမ်းကွဲမရီးကကော။ သူက အကျင့်သီလမကောင်းတဲ့ မိန်းမပဲမဟုတ်လား။ လွန်ခဲ့သည့် နှစ်များအတွင်း ငွေရလာသဖြင့် မာကျောက်ကစားနည်းကို တစ်နေရာရာမှ သင်လာပြီး နေ့တိုင်း ကစားသည်။ မိသားစုအတွက် အချိန်ပေးခဲ့လို့လား။
ထို့အပြင် အိမ်ပြန်ရောက်လာတာနဲ့ ဟိုဟာမကြိုက် ဒီဟာမကြိုက် လုပ်တတ်သည်။ ထို့နောက် ရန်ဖြစ်တတ်၏။ ဒီလိုဘဝမျိုးနဲ့ နေရမှာလား။
"နင့်စတုတ္ထယောက်မလိုလူမျိုးက ရှားပါတယ်။" အမေဝိန်က ပြောလိုက်ပါသည်။
သူတို့ အသက်ကြီးလာလေလေ စတုတ္ထချွေးမလို ချွေးမမျိုးက ရှာဖို့ခက်သည်ဟု ပိုပြီးခံစားရလေလေ ဖြစ်သည်။ လူကြီးနှစ်ယောက်ကို လေးစားပြီး သားများကိုလည်း ပါရမီရှင်များ ဖြစ်လာအောင် ပျိုးထောင်ပေးခဲ့သည်။
သူတို့ရွာထဲမှာရှိစဥ်တုန်းက သူမ သည်းခံခဲ့သည်။ သူမ၏ သားများ အသားစားသောအခါ သူမက သခွားသီးများ ခရမ်းချဥ်သမီးများ စားသည်။
အိမ်ပြန်ရောက်လာသည့် လင်းချင်းဟယ်ကတော့ သူမ ယောက္ခမနဲ့ ယောက်မတို့ သူမကို ချီးကျူးနေကြကြောင်း မသိခဲ့ပါ။ လောလောဆယ် ပန်းသီးများကို လှီးပြီး လေးစိပ်ခွဲနေပါသည်။
မိမိလေးအတွက် စားရလွယ်အောင် ဖြစ်ပါသည်။
တစ်စိတ်ယူလိုက်ပြီး မိန်းကလေးပီသစွာ စားလိုက်ပါသည်။ လင်းချင်းဟယ်က ကျိုးချင်းပိုင်အတွက် တစ်လုံး ဆေးလိုက်ပြီး တခြား တစ်စိတ်ကိုတော့ သူမပဲ စားလိုက်ပါသည်။
"မေမေ စားပြီးပြီလား" မိမိလေးက ပါးစပ်ထဲမှာ ဝါးရင်း အမေဖြစ်သူကိုကြည့်လိုက်ပါသည်။
"အင်း သမီးစားပြီးလို့ ထပ်စားချင်သေးရင် မေမေ လှီးပေးမယ်။" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
မိမိလေးက ခေါင်းငြိမ့်လိုက်သည်။ သူမ စားပြီးသွားသောအခါ ထပ်မစားချင်တော့ပါ။ အရုပ်မတစ်ရုပ်ကိုယူပြီး ခေါင်းဖြီးပေးလိုက်ပါသည်။
ကျိုးချင်းပိုင်၏ မျက်နှာထားက နူးညံ့နေပါသည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "ရှင် တာ့လင်းတို့ ဝမ်းကွဲအစ်ကိုကိစ္စကို သိပြီးပြီလား။"
"မနေ့က ဖက်ထုပ်သွားပို့တုန်း အဖေတို့ အမေတို့ ပြောလို့ သိပြီးပြီ။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်ပါသည်။ အနည်းငယ် အလှမ်းဝေးသဖြင့် အိမ်ကို ပြန်မပြောခဲ့ခြင်း ဖြစ်သည်။
"ဘယ်လိုထင်လဲ။" လင်းချင်းဟယ်က သူ့ကိုကြည့်လိုက်သည်။
ကျိုးချင်းပိုင်က အတည်ပေါက် မယူပါ။ သို့သော် ထိုစကားကို ကြားသောအခါ မိန်းမဘက်ကို လှည့်လိုက်ပြီး အသည်းအသန် ပြောလိုက်ပါသည်။ "ကိုယ်နဲ့ ဘာမှမဆိုင်ဘူးနော်။”
သူ အဖက်မလုပ်ဘဲ နေလို့မရတော့ပေ။