အခန်း(၆၂၈) သားလတ်ရဲ့ ကောင်မလေး
Vol. 45 Ch. 628
အခန်း(၆၂၈) သားလတ်ရဲ့ ကောင်မလေး
သားလတ်အခုဘာတွေလုပ်နေလဲ။
သားလတ်က သူ့ယောက္ခမလောင်း၏ စီစဥ်ပေးမှုအရ သက်ဆိုင်ရာဌာနတစ်ခုတွင် အတွင်းရေးမှူးတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေပါပြီ။ ဒီနှစ်မှ ထိုရာထူးကို ရရှိခဲ့ခြင်း ဖြစ်သည်။ အရာများစွာကို နားမလည်သေးဘဲ သူ့ယောက္ခမလောင်းထံမှ လမ်းညွှန်မှုကို လိုအပ်နေပါသေးသည်။
ကျိုးရွှမ်၏ မူလ ပန်းတိုင်မှာ ကျောင်းဆရာ တစ်ယောက်လုပ်ဖို့ ဖြစ်သည်။ သို့သော်လည်း ဘဝက ဒီလိုပင်။ အကြောင်းတိုက်ဆိုင်၍ ဖြစ်လာသော ပြောင်းလဲမှုများက မူရင်းဘဝကို လမ်းချော်သွားစေသည်။
ကျိုးရွှမ်၏ လမ်းကြောင်းမှာ မူလအစီအစဥ်နဲ့ လုံးဝ ခြားနားနေပါပြီ။
အစက ကျိုးရွှမ်မှာ အပြောကောင်းပြီး ထက်မြက်သူဖြစ်သည်။ လင်းချင်းဟယ်က သူ လမ်းလွဲသွားမှာကို အမြဲတမ်း စိုးရိမ်နေခဲ့ပါသည်။
အခုတော့ ဒီလိုနေရာကို သူရောက်သွားပြီ ဖြစ်သဖြင့် အင်္ကျီလက်ရှည်ဝတ်လျှင် ဆွဲဆောင်မှုရှိလာသော သူ့ပုံစံမှာ ပေါ်လွင်လာခဲ့ပါသည်။
လူတွေကို တမင်တကာ ခယကာ စိတ်ကျေနပ်အောင် လုပ်ပေးဖို့ မလိုပါ။ တာဝန်ပိကာ ကိုယ်ကျိုးအတွက် အလုပ်လုပ်ဖို့လည်း မလိုပါ။ သို့သော်လည်း အားလုံးက သူ့ကို သဘောကျကြသည်။
သူ့ယောက္ခမလောင်း၏ အကူအညီဖြင့် ခရီးလမ်းက ချောမွေ့နေပါသည်။ သို့သော်လည်း ကျွမ်းဝင်စရာများနဲ့ သင်ယူစရာများ အများကြီး ရှိပါသေးသည်။
ဒီနေ့က ပိတ်ရက်တစ်ရက်ဖြစ်သဖြင့် သူအိမ်ပြန်ချင်ခဲ့သည်။
ဒီနေရာမှာ အတော်လေးအသားကျနေပြီဖြစ်သော်လည်း ဒီလောက်အချိန်ကြာပြီးနောက် သေချာပေါက် အိမ်ကိုလွမ်းနေပါပြီ။
သူ့ကောင်မလေးနာမည်က ဟဲမြန်မြန် ဖြစ်သည်။ သူမနာမည်က မြန်မြန် ဖြစ်သော်လည်း အောက်ကျို့တတ်သူ မဟုတ်ပါ။ သူမက သန်မာသော စရိုက်ရှိသူ ဖြစ်သည်။
အမှန်ပင်။ အားနည်းသူကို အနိုင်ကျင့်ပြီး လူတွေကို အထင်သေးတတ်သူတော့မဟုတ်ပါ။ သို့သော်လည်း သူမ၏ စိတ်က အနည်းငယ် ဘဝင်မြင့်ပါသည်။
သို့သော် ကျိုးရွှမ်နဲ့ အတူရှိနေချိန်မှာတော့ နူးညံ့ပြီး သိမ်မွေ့သည်။
ဒီသူဌေးမလေးက သူမ၏ အားနည်းချက်ကို ရှာတွေ့သွားခဲ့သည်။ ပုံမှန်ဆို သူမက တစ်ယောက်တည်း ဆီတိုင်ကီတစ်လုံးကို မနိုင်သူ ဖြစ်၏။ သို့သော် ကျိုးရွှမ်၏ ဘေးမှာရှိနေချိန်မှာတော့ ရေခဲမုန့်လို အရည်ပျော်သွားတတ်ပါသည်။
အမှန်ပင် ဒါက ချဲ့ကားပြောဆိုခြင်းဖြစ်သည်။ သို့သော်လည်း အဓိပ္ပာယ်ကတော့ အတူတူပင်။
သူတို့နှစ်ယောက်တွင် ဟဲမြန်မြန်က လိုက်လံပိုးပမ်းသူ ဖြစ်သည်။ ဟဲမြန်မြန်က လှပပြီး မိသားစု နောက်ခံလည်း အားကောင်းသည်။ သားလတ်ကို ဆက်ဆံသည့် ပုံစံမှာလည်း အပြစ်ဆိုစရာမရှိပါ။ သားလတ်နဲ့အတူ အိမ်ကိုရောက်လာတော့လည်း လူကြီးနှစ်ယောက်ဖြစ်သည့် ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ကို ရိုသေပါသည်။
တကယ်တော့ တိုက်ခန်းက နေထိုင်မှုအခြေအနေများက သာမန်သာ ဖြစ်သည်။ သို့သော်လည်း သူမ ကျိုးရွှမ်နဲ့ လိုက်လာသောအခါ အထင်မသေးခဲ့ပါ။
အဓိက အကြောင်းအရင်းကတော့ သူမ၏ မျက်လုံးများက ဂနာမငြိမ် လျှောက်မကြည့်တတ်သောကြောင့်ပင်။
ထို့အပြင် ကျိုးရွှမ်က သူမကို သဘောကျပါသည်။ သဘောမကျပါက သူမကိုအိမ်ခေါ်လာမှာ မဟုတ်ပေ။ ထို့ကြောင့် မိသားစုကလည်း ငြင်းစရာမရှိပါ။
"ဒီနေ့ပြန်တော့မှာလား။" ဟဲမြန်မြန်က မနက်စောစော သူ့ကိုလာတွေ့ပါသည်။
ကျိုးရွှမ်က မိသားစုကို ကိုယ်ထင်လာတာဖြစ်သော်လည်း မစေ့စပ်ရသေးပါ။ ဒီနှစ် သူ့အစ်ကိုအကြီးဆုံး လက်ထပ်ပြီးသည့်အထိ စောင့်ရပါဦးမည်။ ထို့နောက် သူ စေ့စပ်မည်။ ထို့နောက် နောက်နှစ် သို့မဟုတ် နောက်တစ်နှစ်ကျော်တွင် လက်ထပ်ပါမည်။
ထို့ကြောင့် လောလောဆယ် အပြင်ဘက်မှာ သူတစ်ယောက်တည်းသာ နေသည်။ နေရာချထားပေးသည့် အိမ်တစ်လုံး ရှိသည်။ သူ ထိုနေရာမှာ နေထိုင်ပါသည်။ အိမ်က အတော်လေး ကျယ်ပါသည်။
"ကို မပြန်တာ တော်တော်ကြာပြီ။ အိမ်ပြန်ပြီး အခြေအနေတွေ သွားကြည့်ဖို့ အချိန်တန်ပြီလေ။" ကျိုးရွှမ်က ပြန်ပြောလိုက်ပါသည်။
"ဒါဆို ကျွန်မနဲ့ ရုပ်ရှင်သွားမကြည့်ချင်ဘူးပေါ့။ နေ့တိုင်း အလုပ်ရှုပ်နေတာပဲ။ ကျွန်မကလည်း မနှောင့်ယှက်ပါဘူး။ အခုဆို အားလပ်ရက်က မရှိသလောက်ဖြစ်နေပြီ။" ဟဲမြန်မြန်က သူ့ကိုကြည့်လိုက်ပါသည်။
"ကို ပြန်သွားပြီး နေ့လည်ကျ ပြန်လာမယ်လေ။ ညနေကျ သွားကြည့်ကြတာပေါ့။" ကျိုးရွှမ်က ပြောလိုက်သည်။
ဟဲမြန်မြန်က ရှော့ပင်းထွက်တာ ဘာညာလည်း လုပ်ချင်သေးသည်။ သို့သော်လည်း သူ အိမ်ပြန်ချင်နေတာ သိသာပါသဖြင့် သူမ ပြောလိုက်သည်။ "ဒါဆို ကျွန်မလည်း လိုက်ခဲ့မယ်။"
ထို့နောက် အတူတူပြန်လာကြမည်။ ဟဲမြန်မြန်က သူမမိသားစု၏ ကားကို ထုတ်လာခဲ့သည်။ ကျိုးရွှမ်က ပြောလိုက်ပါသည်၊။ "အစ်ကိုကြီးကား မလိုဘူးလား။"
"အစ်ကိုကြီးကို ပြောပြီးပြီ။ တစ်ရက် ငှားပေးမယ်တဲ့။" ဟဲမြန်မြန််က သွားဖြီး ပြုံးလိုက်ပါသည်။
ကျိုးရွှမ်က ဘာမှမပြောတော့ဘဲ ကားမောင်းကာ သူတို့နှစ်ယောက်ပြန်လာခဲ့ကြပါသည်။
ပြန်ရောက်လာခါမှ သူ့မိဘများ အငယ်ဆုံးညီမလေးကိုခေါ်ပြီး ခရီးထွက်သွားကြောင်း သိလိုက်ရပါသည်။
"ဒါဆို ဦးလေးနဲ့ ဒေါ်လေးတို့နဲ့ လွဲသွားတာပေါ့။" ဟဲမြန်မြန်က ပြောလိုက်သည်။
"ညီငယ်ကော ဘယ်မှာလဲ။" ကျိုးရွှမ်က မေးလိုက်၏။
"အငယ်ကောင်က ရှန်ဟိုင်းမြို့ကိုသွားတယ်။ အဲ့က လက်ဖက်ရည်လုပ်ငန်းကို စီမံရဦးမယ်လေ။ သူဆိုင်ဖွင့်ပြီး ဝန်ထမ်းတွေကို လေ့ကျင့်ပေးရမယ်။" မာချန်းမင်က ပြန်ပြောလိုက်သည်။
"ဦးလေးက ဘာလို့ လိုက်မသွားတာလဲ။" ကျိုးရွှမ်က မေးလိုက်၏။
"အငယ်ကောင်က ငါ့ကို လိုက်ဖို့ မလိုဘူးတဲ့။ သူတစ်ယောက်တည်း ကိုင်တွယ်နိုင်တယ်လို့ ပြောပြီး ငါ့ကို ဒီမှာပဲ စောင့်ကြည့်ခိုင်းထားတာလေ။" မာချန်းမင်က ရှင်းပြလိုက်ပါသည်။
"သူ့ကိုလေ့ကျင့်ခိုင်းလိုက်တာ ပိုကောင်းပါတယ်။" ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။
သူ့အဖေနဲ့ သူ့အမေက ခရီးထွက်သွားကြသည်။ ညီငယ်က ရှန်ဟိုင်းမြို့ကို သွား၏။ အစ်ကိုကြီးက အိမ်ပြန်မလာသေး။ နောက်ဆုံးတော့ ကျိုးရွှမ် သူ့အဘိုးအဘွားနဲ့ ခေါင်းကိုင်အဘိုးတို့၏ အိမ်ကိုသာ သွားလိုက်ရပါသည်။
အမေကျိုးက ဟဲမြန်မြန်ကို မတွေ့ဖူးကြသေးပေ။ သူမ မနှစ်က ဒီကိုမလာခဲ့သဖြင့် သူ့ကောင်မလေးအကြောင်း မသိကြသေးပါ။
ထို့ကြောင့် သူမမြေး ကောင်မလေးတစ်ယောက်ကို ခေါ်လာတာမြင်သောအခါ သူမ ဘယ်လောက်ပျော်သွားသလဲ မဖော်ပြနိုင်တော့ပါ။ သူမ ဟဲမြန်မြန်၏ လက်ကို ကိုင်လိုက်ပြီး ပြောလိုက်ပါသည်။ "လောင်အာ့ ဒီရက်ပိုင်းတွေထဲ ဘယ်ပျောက်နေတာလဲလို့ တွေးနေတာ။ ဖြစ်ချင်တော့ သမီးနဲ့ ရှိနေတာကိုး။ စိတ်အေးသွားပါပြီ။"
"လောင်... လောင်အာ့ဟုတ်လား။" ကြက်သေ သေကာ ဟဲမြန်မြန်က သူ့ကောင်လေးကို ကြည့်လိုက်ပါသည်။
"အဟမ်း အိမ်နာမည်ပါ။" ကျိုးရွှမ်က ချောင်းဟန့်လိုက်ပြီး ပြောလိုက်ပါသည်။
ဟဲမြန်မြန်ကို အမေကျိုးက အိမ်ထဲဆွဲခေါ်သွားသည်။ အမေကျိုးက သူမကို ချီးမွမ်းလိုက်၏။ "နာမည် ဘယ်လိုခေါ်လဲ။ လက်လေးတွေက ဖြူဖွေးပြီး နူးညံ့နေတာပဲ။"
"အဘွား သမီးနာမည်က မြန်မြန်ပါ။" ဟဲမြန်မြန်က ပြုံးလိုက်ပါသည်။
"တိုက်ခန်းက ပြန်လာကြတာမလား။ စဥ်းစားကြည့်မှ အဘွားတို့ ရိုင်းပျမိပြီ။ လောင်အာ့ရဲ့ မိဘတွေက သူတို့သမီးလေးကိုခေါ်ပြီးခရီးထွက်သွားကြတယ်လေ။ သူတို့က နှစ်တိုင်း ခရီးထွက်ကြတယ်။ အိမ်က စီးပွားရေးတွေ တော်တော်များများ ကြည့်မယ့်လူမရှိတော့ဘူး။ နောက်ပိုင်း လက်ထပ်ပြီးရင် ကူညီပေးရမယ်နော်။" အမေကျိုးက တတွတ်တွတ် ပြောနေပါသည်။
ဟဲမြန်မြန်က ကျိုးရွှမ်၏ ညီလေး ရှန်ဟိုင်းမြို့မှာ စီးပွားရေးလုပ်သည့်အကြောင်း ကြားပြီးပါပြီ။ ဒီတစ်ခေါက် အမေကျိုးပြောတာကိုကြားပြီး တွေးလိုက်မိပါသည်။ "လုပ်ငန်းတွေက အများကြီး ရှိလို့လား။"
"နင် မြန်မြန်ကို မပြောရသေးဘူးလား။" အမေကျိုးက သူ့မြေးကို အံ့အားသင့်စွာကြည့်လိုက်ပါသည်။
"ကျွန်တော်တို့မိသားစုက သူ့မိသားစုနဲ့ မယှဥ်နိုင်ပါဘူးဗျာ။" ကျိုးရွှမ်က ပြောလိုက်ပါသည်။
တကယ်ပဲ အိမ်က အခြေအနေများကို ဟဲမြန်မြန်အား မပြောရသေးပါ။ ဟဲမြန်မြန်ကလည်း အများကြီး မမေးမြန်းပေ။ အိမ်က အခြေအနေများက မရှုပ်ထွေးသဖြင့် တကူးတကကြီးပြောဖို့ လိုမည်ဟု မထင်ခဲ့သောကြောင့် ဖြစ်ပါသည်။
မိသားစုလုပ်ငန်းများကတော့ တကယ်ပဲ အများကြီး ရှိပါသည်။ သို့သော်လည်း ဘာမှပြောဖို့မလိုဟု ကျိုးရွှမ် ထင်မိပါသည်။
ထို့ကြောင့် ဟဲမြန်မြန်က အမြဲတမ်း သူမကောင်လေး၏ မိသားစုအခြေအနေက အဆင်ပြေသော်လည်း မချမ်းသာကြလောက်ပါဘူးဟု ထင်ခဲ့သည်။
ဟဲမြန်မြန်က သူမကောင်လေးကို မျက်စောင်းထိုးလိုက်ပါသည်။
"မင်းအစ်ကိုကြီးရဲ့အခြေအနေနဲ့ မယှဥ်နိုင်ပါဘူး။" ကျိုးရွှမ်က ရိုးသားစွာ ပြောလိုက်ပါသည်။
သူမ၏ အစ်ကိုကြီးက စက်ရုံတစ်ခု ဖွင့်ထားသည်။ စက်ကိရိယာ စက်ရုံဖြစ်ပါသည်။ တကယ်ပဲ ကြီးမားသည့် စက်ရုံ ဖြစ်သည်။
သူမ မိသားစု၏ လုပ်ငန်းအားလုံးကို လုပ်ငန်းအသေးစားများအဖြစ် သတ်မှတ်နိုင်သည်။ တကယ်ပဲ မယှဥ်နိုင်ပါ။
"မြန်မြန်ရဲ့မိသားစုက အဲ့လောက်တောင် ချမ်းသာကြတာလား။" အမေကျိုးက ဟဲမြန်မြန်ကို အံ့အားသင့်စွာ ပြောလိုက်ပါသည်။
"ကျွန်တော်တို့ထက် ပိုချမ်းသာသေးတယ်။" ကျိုးရွှမ်က ခေါင်းငြိမ့်လိုက်သည်။
ဟဲမြန်မြန်က ပြန်ပြောလိုက်သည်။ "သူ့ရဲ့ မဟုတ်တဲ့ စကားတွေကို ယုံမနေနဲ့ အဘွား။ သမီးတို့မိသားစုက သူပြောသလောက် မကြီးကျယ်နေပါဘူး။"
အမေကျိုးက ရယ်မောလိုက်ပါသည်။ "အဘွားတို့ အိမ်မှာ နေ့လည်စာစားသွားကြဦး။ သမီးအာဟာရရှိအောင် အဘွား ကြက်သားဟင်း ချက်ပေးမယ်။"
ဟဲမြန်မြန်က ကျိုးရွှမ်ကို ကြည့်လိုက်သည်။သူလည်း မကန့်ကွက်သဖြင့် သူမ ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဒါဆို အဘွားကို ဒုက္ခပေးရဦးမှာပေါ့။"
"ဘာဒုက္ခမှမရှိပါဘူးအေ။ အဘွားက လောင်အာ့နဲ့ အတူတူ လာစားတာကိုပဲ ဝမ်းသာလွန်းနေပါပြီ။" အမေကျိုးက ပြုံးလိုက်ပါသည်။
အကြီးဆုံးမြေးက ဘွဲ့ရသူနာပြုတစ်ယောက်ကို တွဲနေသည်။ လောင်အာ့က သူဌေးသမီးတစ်ယောက်ကို တွဲနေ၏။ အမေကျိုး ရင်ထဲ ပန်းပွင့်နေပါပြီ။
"နှစ်ယောက်သား ထိုင်နှင့်ကြဦး။ ငါဟင်းချက်ဖို့ စျေးသွားဝယ်လိုက်ဦးမယ်။" အမေကျိုးက မတ်တပ်ရပ်ကာ ပြောလိုက်သည်။
ပြောရင်းဆိုရင်း ဟင်းသီးဟင်းရွက်ခြင်းတစ်လုံးကို ယူကာ နောက်ဖေးသို့သွားကာ ကြက်တစ်ကောင်ယူလိုက်ပြီး တခြားတစ်ယောက်ကို ပြင်ခိုင်းလိုက်ပြီး အပြင်ထွက်သွားပါသည်။ သူမက ငါးလတ်လတ်ဆတ်ဆတ်များ ချက်ဖို့ သွားဝယ်ရမည်။
"ဘာလို့ ကျွန်မကို မပြောခဲ့တာလဲ။" ဟဲမြန်မြန်က ကျိုးရွှမ်ကို စိုက်ကြည့်ကာ မေးလိုက်ပါသည်။
"အိမ်မှာ ဒီလုပ်ငန်းလေးတွေပဲရှိတာပါ။ ကျန်တာ ဘာမှမရှိပါဘူး။" ကျိုးရွှမ်က ပြန်ပြောလိုက်ပါသည်။