တတိယမြောက် စကြဝဠာတာအိုစည်းမျည်း နှင့် ကမ္ဘာဦး အာကာပြင်
Vol. 86 Ch. 1199
ဤအခိုက်အတန့်၌ သူ ရွှေလှေကားမှ ရရှိခဲ့သည်မှာ စကြဝဠာ တာအိုစည်းမျည်းတစ်ခု ဖြစ်နေမှန်း မိုဝူကျိက ပို၍သေချာသွားသည်။
မိုဝူကျိက ရုတ်တရက် ကံကြမ္မာဓားမှ ဓားစွမ်းအင်စိတ်ဝိညာဉ်၏ စကားများကို သွားသတိရမိသည်။ စကြဝဠာ တာအိုစည်းမျည်းမှာ ကိုးခု ရှိလေသည်။ စကြဝဠာအား အုပ်စိုးရန် လော့က ကံကြမ္မာဓားနှင့် သူ့ကိုယ်သူ ပေါင်းလိုက်ကာ စကြဝဠာ တာအိုစည်းမျည်းကိုးခုကိုပင် ထိန်းချုပ်ခဲ့သည်။ ယခု မိုဝူကျိက သူ့ဆီမှ စကြဝဠာ တာအိုစည်းမျည်းတစ်ခုကို လုယူလိုက်လေရာ လော့၏ စကြဝဠာအပေါ် လွှမ်းမိုးမှုမှာ ကိုးပုံတစ်ပုံစာ အားနည်းသွားသည်ဟု ဆိုလိုနေပေသည်။
“ယို့ကျဲ… ကျုပ် မင်းရဲ့အဖေကို တွေ့ဖူးတယ်။ သူ အာရုံခံမိတာ မှန်တယ်ဗျ။ အမှောင်ကမ္ဘာကို လာချင်နေတဲ့သူက စကြဝဠာ တာအိုစည်းမျည်းတစ်ခုရှိတဲ့ အရိုက်အရာခံ နတ်ဘုရားတစ်ယောက် ဖြစ်နေတာ အမှန်ပဲ။ ကျုပ် ရောက်သွားတော့ မင်းအဖေက သေသွားပြီ။ ပြီးတော့ သူ့ကို မြေမြုပ်ပေးခဲ့တာလည်း ကျုပ်ပဲ။ ဒါပေမဲ့ စကြဝဠာ တာအိုစည်းမျည်းကို ကျုပ် ဖျက်စီးနိုင်လိုက်တယ်။ အနည်းဆုံးတော့ အမှောင်ကမ္ဘာဆီ လာဖို့ အဲ့ဒီစကြဝဠာတာအို စည်းမျည်းကို သူတို့တွေ ထပ်သုံးနိုင်တော့မှာ မဟုတ်ဘူးလို့ ကျုပ် မင်းကို ကတိပေးနိုင်တယ်”
ကြည့်ရသည်မှာ လော့ရှုလို ဝိဇ္ဇာမျိုးတွေ အများကြီး ရှိပုံ ပေါ်သည်။
“အာ…”
ယို့ကျဲက ငေးကြောင်ကြောင် ဖြစ်သွားလျက် သူ့ဘာသာသူ တီးတိုးနေလေသည်။ သူ ဘာတွေပြောနေသနည်းအား မိုဝူကျိပင် မသိပေ။
တော်တော်လေးကြာပြီးမှ ယို့ကျဲက နောက်ဆုံးတွင် အသိပြန်ကပ်လာကာ မိုဝူကျိဆီသို့ ကျေးဇူးတင်စွာ ဦးညွှတ်လိုက်ရင်း
“ကျေးဇူးအများကြီးတင်ပါတယ်ဗျာ စီနီယာရယ်။ ကျွန်တော့်အဖေကို ဘယ်နားမှာ လှဲလျောင်းအိပ်စက်စေခဲ့သလဲဆိုတာလေး ဂျူနီယာ့ကို ပြောပြဖို့ စီနီယာ့ကို တောင်းဆိုပါတယ်”
မိုဝူကျိက ခေါင်းငြိမ့်ကာ
“ကျုပ် နောက်လိုက်ခဲ့ပါ”
“စီနီယာအစ်ကိုမို… ကျွန်မ အရင်သွားနှင့်တော့မယ်နော်”
သိုက်နန်ကျန်းက မိုဝူကျိနောက်ကိုပဲ တစ်ချိန်လုံး လိုက်ဖို့ စိတ်ကူး မရှိချေ။ သူမတစ်သက်လုံး ကျင့်ကြံလျှင်ပင် ကူချိုက်အား မယှဉ်နိုင်သေးမှန်း သိသော်လည်း သူမက သူမအစ်ကိုအတွက် လက်တုံ့ပြန်ရန် စိတ်ပိုင်းဖြတ်ထားသည်။
“ကောင်းပါပြီ”
မိုဝူကျိက သိုက်နန်ကျန်းကို အရင်နှုတ်ဆက်ပြီးမှ ယို့ကျဲကို ရွှေလှေကားရှိသည့်နေရာသို့ ခေါ်သွားလိုက်၏။
ရွှေလှေကားမှာ မိုဝူကျိ၏ ဖျက်စီးခြင်းကို ခံထားပြီးပြီ ဖြစ်သည်။ ရွှေလှေကားဘေးတွင် အုတ်ဂူတစ်ခုက ထပ်တိုး နေရာယူထားလေသည်။
သိသာစွာပင် ယို့ကျဲမှာ သားလိမ္မာ တစ်ယောက်ဖြစ်သည်။ သူ့အဖေ၏ အုတ်ဂူမှန်း သိသွားသောအခါ သူက မထိန်းနိုင် မသိမ်းနိုင် စတင်ငိုကြွေးလေတော့သည်။
ခဏကြာပြီးနောက်တွင်မှ သူက သူ့အဖေ၏ အုတ်ဂူကို သူ၏ ကိုယ်ပိုင်ကမ္ဘာထဲသို့ ဂရုတစိုက် ပြောင်းရွေ့လိုက်သည်။ ထို့နောက် သူက မိုဝူကျိဘက်သို့ လှည့်ကာ ပြောလိုက်သည်မှာ
“ကျေးဇူးအများကြီးတင်ပါတယ်… စီနီယာ။ ဂျူနီယာလည်း သွားရပါတော့မယ်။ အဖေနဲ့အတူ ကျွန်တော် ကျင့်ကြံခဲ့တဲ့နေရာမှာလည်း စကြဝဠာတာအို စည်းမျည်းတစ်ခု ရှိတယ်ဗျ။ ဒါပေမဲ့ ကျွန်တော့်အဖေတောင်မှ အဲ့ဒီဟာကို မသိမ်းနိုင်ခဲ့ဘူး။ စကြဝဠာ တာအိုစည်းမျည်းက သိမ်းယူလို့ မရနိုင်ပေမဲ့ လျို့ဝှက်ပညာရပ်တွေအတွက် အသိဉာဏ်ပွင့်မှုရအောင် လုပ်ဖို့တော့ အသုံးဝင်ပါသေးတယ်။ အဲ့ဒီမှာ ကျင့်ကြံတာက တခြားနေရာတွေမှာ ကျင့်ကြံတာနဲ့ လုံးဝကို ယှဉ်လို့ မရဘူးဗျ”
ပြောနေရင်းဖြင့် ယို့ကျဲက ကျောက်စိမ်းပေလွှာတစ်ခု ထုတ်ယူလိုက်သည်။ သူက ထိုနေရာ၏ တည်နေရာကို ကျောက်စိမ်းပေလွှာပေါ်တွင် ရေးထွင်းလိုက်ပြီးမှ မိုဝူကျိအား ပေးလိုက်သည်။
မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ သူ၏ အဖေထက် ပိုမြင့်လောက်သော်လည်း ထိုစကြဝဠာ တာအိုစည်းမျည်းကို မိုဝူကျိ ယူသွားနိုင်လိမ့်မည်ဟု သူက မယုံကြည်ပေ။
“မင်းအဖေရဲ့ကျင့်ကြံဆင့်က ဘာလဲ”
မိုဝူကျိက ရုတ်တရက် ထမေးလိုက်သည်။
“အဖေက ဝိဇ္ဇာတစ်ပိုင်း အဆင့် ၇ မှာပါ”
ယို့ကျဲက တလေးတစား ပြန်ဖြေလိုက်သည်။
သူ့အဖေသည် အမှောင်ကမ္ဘာသို့ လာရန်ကြိုးစားနေသော ကျင့်ကြံသူအတွက် ပြိုင်ဖက် မဖြစ်နိုင်မှန်း သူက အစကတည်းက သိသည်။
သူ့အဖေက သူ့အား တားဆီးရန် ကြိုးစားခဲ့မှန်းလည်း သူသိသည်။ အကယ်၍ သူ့အဖေသာ ထိုသို့မလုပ်ခဲ့ပါက သေခြင်းတရားက သူတို့သားအဖ၏ တစ်ခုတည်းသော အနာဂတ် ဖြစ်သွားပေလိမ့်မည်။
အမှောင်ကမ္ဘာသို့ လာရန် စကြဝဠာတာအိုစည်းမျည်းကို သုံးနိုင်သောလူသည်ကား အမှောင်ကမ္ဘာကို အလွယ်တကူ သန့်စင်နိုင်သည့်သူမျိုး ဖြစ်သည်။ ထိုလူအတွက် အမှောင်ကမ္ဘာထဲတွင် ကျန်နေခဲ့သည့် စကြဝဠာ တာအိုစည်းမျည်းကို အာရုံခံရန်မှာ ပို၍ပင် လွယ်ကူနေပေလိမ့်မည်။
ကြည့်ရသည်မှာ ယို့ကျဲ၏ အဖေကြောင့်သာ မဟုတ်ပါက ထိုငွေရောင်ဝတ်ရုံနှင့်လူအား တားဆီးရန် မိုဝူကျိပင်လျှင် အချိန်မှီရောက်မလာနိုင်လောက်ပေ။ ယို့ကျဲ၏ အဖေမှာ ဝိဇ္ဇာတစ်ပိုင်းအဆင့် ၇ တွင် ရှိနေလေရာ ထိုငွေရောင်ဝတ်ရုံနှင့်လူ၏ အချိန်တချို့ကို သုံးပစ်နိုင်ခဲ့မှာ သေချာသည်။ ဤအရာက ငွေရောင်ဝတ်ရုံနှင့်လူအား ဖယ်ရှားပစ်ရန်အတွက် အခွင့်အရေးကို မိုဝူကျိအား ပေးခဲ့သည်။
“စကြဝဠာတာအိုစည်းမျည်းတည်နေရာကို ကျုပ်ကို ပြောပြတဲ့အတွက် ကျေးဇူးပါပဲ။ အဲ့ဒီတာအိုစည်းမျည်းက ကျုပ်အတွက် အရမ်းကို အရေးပါတယ်။ ဒါကြောင့် ကျုပ်မင်းကို ဒါလေး လက်ဆောင်ပေးမယ်”
မိုဝူကျိက ဘုန်းကြီးဖတ်တီးဆီမှ ရထားသော စိတ်ဝိညာဉ်နယ်မြေ ပုတီးစေ့ကို ယို့ကျဲအား ပေးလိုက်သည်။ သူက ထိုအထဲတွင် ကျင့်ကြံခြင်းအရင်းအမြစ်တချို့ကိုပါ ထပ်ထည့်ပေးလိုက်သည်။
ယို့ကျဲ သူ့ကို နှုတ်ဆက်သည်ကို စောင့်မနေတော့ဘဲ မိုဝူကျိက ထွက်လာလိုက်သည်။ ဤစကြဝဠာ တာအိုစည်းမျည်းအား ဖြစ်နိုင်သမျှ မြန်မြန်သွားယူဖို့ လိုအပ်သည်။ သို့မဟုတ်ပါက တခြားတစ်ယောက်ယောက်က ထိုအရာအား ခြေရာခံနိုင်သွားလိမ့်မည်။
ယခုအချိန်ကား မည်သို့သော အချိန်ကာလမျိုးနည်း။
ကမ္ဘာပျက်ကပ်ကြီး မရောက်မှီ ကာလအပိုင်းအခြားတည်း။
ဤကာလအတွင်း မရေတွက်နိုင်သော အဆင့်မြင့် ကျင့်ကြံသူများက ဟောတစ်ယောက် ဟောတစ်ယောက် ထွက်ပေါ်နေကြသည်။ နတ်ဘုရားကမ္ဘာတွင် အရိုက်အရာခံနတ်ဘုရားများ အများကြီးရှိသည့်အပြင် ဝိဇ္ဇာတချို့ပင် ရှိနေသည်။ အမှောင်ကမ္ဘာတွင်လည်း မရှိဘူးဟု မည်သူကများ အာမခံနိုင်မည်နည်း။
တစ်ချိန်တည်းလိုလိုပင် မိုဝူကျိက လော့ရှု၏ အမှောင်ကမ္ဘာသို့ လာရသည့် ရည်ရွယ်ချက်ကို အနည်းငယ် သံသယဝင်လာမိသည်။ အမှောင်ကမ္ဘာကို သူ၏ လုပ်ငန်းများ စတင်ဖို့ ခြေကုပ်စခန်းအဖြစ် အသုံးချရန် သက်သက်ကြောင့်သာ မဟုတ်တန်ရာပေ။ ဤအမှောင်ကမ္ဘာထဲတွင် နောက်ထပ် စကြဝဠာ တာအိုစည်းမျည်းတစ်ခု ရှိနေသောကြောင့် လာချင်နေခြင်း ဖြစ်ရမည်။
………………………
“အစ်မယို့… ကျွန်မတို့ ဘယ်အချိန်ထိ ကျင့်ကြံနေကြမှာတုန်းဟင်။ ဒီနေရာကနေ ဘယ်အချိန်ကျမှ ထွက်သွားလို့ရမှာလဲ”
ကမ္ဘာဦး အာကာပြင်တစ်ခုဟု ထင်ရသောနေရာ၌ အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အရပ်ရှည်ရှည်နှင့် မိန်းမပျိုတစ်ယောက်က မေးလိုက်သည်။
ဤနေရာတွင် နှစ်တွေအများကြီး ကျင့်ကြံခဲ့ပြီးနောက် သူမက စိတ်မရှည်ဖြစ်ကာ မနေနိုင်မထိုင်နိုင်လည်း စဖြစ်လာလေသည်။
ထိုဝတ်ရုံစိမ်းနှင့်မိန်းမပျိုမှ ဆယ်ပေအကွာလောက်တွင် နောက်ထပ် မိန်းမပျိုလေးတစ်ယောက် ရှိနေသည်။ ဤမိန်းမပျိုက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ ဝတ်ရုံစိမ်းမိန်းမပျို၏ မေးခွန်းကို ကြားသောအခါ သူမက ကျင့်ကြံခြင်းကို ရပ်ကာ
“စုယင်… အစ်မ မှန်းရင် မမှားဘူး။ ဒီနေရာက ခရမ်းရောင် တာအိုစည်းမျည်းဟာ စကြဝဠာ တာအိုစည်းမျည်းတွေထဲက တစ်ခု ဖြစ်ကို ဖြစ်လိမ့်မယ်။
ပိအန်းပန်းကြောင့် ဒီကမ္ဘာဦးအာကာပြင်ထဲကို အစ်မတို့ ရောက်လာကြတာ ကောင်းတဲ့ကိစ္စလို့ ပြောရမယ်။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ ကျင့်ကြံတာက တခြားနေရာတွေမှာ ကျင့်ကြံတာထက် ပိုကောင်းတဲ့အတွက်ကြောင့်ပဲ။ အစ်မတို့ ဒီနေရာက ထွက်သွားလိုက်တာနဲ့ ဒီတာအိုစည်းမျည်းရဲ့စွမ်းအင်နဲ့ ကမ္ဘာဦးစွမ်းအင်တို့က သေချာပေါက် ယိုစိမ့်လာလိမ့်မယ်။ အဲ့ဒီ့အချိန်ကျရင် အစ်မတို့တွေ သေလူတွေ ဖြစ်သွားမှာ သေချာတယ်”
နတ်ဘုရား ဂူသင်္ချိုင်းတောင်ကြား၏ ပိအန်းပန်းဖြင့် ဤနေရာသို့ ရောက်လာသော ဤလူနှစ်ယောက်မှာ ချိန်စုယင်နှင့် ချူယို့တို့ ဖြစ်နေလေသည်။ သူတို့နှစ်ယောက်သည် ဤနေရာသို့ ရောက်ပြီးသည့်နောက် ချူယို့က ချိန်စုယင်အား သူတို့တွေ ဤနေရာမှ ထွက်မသွားသင့်ကြောင်း ပြောပြခဲ့သည်။
ချူယို့က ရှေးဦးမူလနတ်ဘုရား အသွင်သဏ္ဍာန်ကို သိပ်သည်းထားလေရာ သူမက စကြဝဠာ တာအိုစည်းမျည်းနှင့် ကမ္ဘာဦးအာကာပြင်တို့နှင့် ပတ်သက်လျှင် အင်မတန် အာရုံခံကောင်းသည်။ သူမက ဤကဲ့သို့သော နေရာမျိုးမှာ ဝင်ဖို့ခက်ပြီး ထွက်ဖို့လွယ်မှန်းလည်း သိသည်။ ပိအန်းပန်း၏ အကူအညီဖြင့် ဝင်လာခဲ့သည်ဖြစ်သောကြောင့် ထွက်သွားပါက တာအိုစည်းမျည်း၏ စွမ်းအင်နှင့် ကမ္ဘာဦးစွမ်းအင်တို့ သေချာပေါက် ယိုစိမ့်သွားပေလိမ့်မည်။
ခဏလောက် ငြိမ်နေပြီးနောက် ချိန်စုယင်က တုံ့ပြန်လိုက်သည်။
“ဒါပေမဲ့ ကျွန်မတို့ ဒီနေရာမှာ ဘယ်လောက်ကြာတဲ့အထိ နေမလို့လဲ။ တကယ်လို့ ဒီလို မရပ်မနားဘဲ ကျင့်ကြံနေမယ်ဆိုရင် ကျွန်မ စိတ်က တကယ်ကို အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး”
“စုယင်… အစ်မတို့က နတ်ဘုရားဘုရင် နောက်ပိုင်းအဆင့်ကို ရောက်နေပြီ။ အစ်မတို့ ထွက်သွားတာနဲ့ သဟဇာတ နတ်ဘုရားအဆင့်အတွက် မိုးကြိုးစမ်းသပ်ချက်တွေ ခံယူရလိမ့်မယ်။ အဲ့ဒါတင် မကသေးဘူး… အစ်မတို့ အပြင်ကို ထွက်သွားပြီးရင်တောင်မှ အပြင်မှာလည်း ကျင့်ကြံနေကြရဦးမှာပဲလေ…”
ချူယို့က ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့လည်း ကျွန်မ သွားချင်…”
ချိန်စုယင်က ပြီးအောင် မပြောရသေးခင် ချူယို့က ဖြတ်ပြောလိုက်သည်။
“စုယင်… မင်းက မင်းရဲ့တာအိုလက်တွဲဖော်ကို ရှာချင်တာ အစ်မသိတယ်။ သူ နတ်ဘုရားကမ္ဘာကို ရောက်တာတွေ မရောက်တာတွေ မပြောသေးနဲ့ဦး။ သူ ရောက်လာရင်တောင်မှ အစ်မတို့တွေ အဲ့ဒီ့မှာရှိမယ်လို့ သူက တွေးပါဦးမလား။ ပြီးတော့ ပိအန်းပန်းကို သုံးထားတဲ့ ကူးပြောင်းမှုက ကမ္ဘာတွေကို အမြဲကျော်ကူးလေ့ ရှိတယ်”
ချူယို့က ထိပ်သီးဂိုဏ်းကြီးမှ လာခဲ့လေရာ ချိန်စုယင်ထက် ပိုပြီး ဗဟုသုတ များသည်။ နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ သူမသည် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကို ဖွဲ့စည်းထားသောကြောင့် ဖြစ်သည်။
ကျင့်ကြံနှုန်းမှာ အစွမ်းကုန် လျင်မြန်တိုးတက်လာသလို သူမ၏ မဟာတာအိုအပေါ် အသိဉာဏ်ပွင့်မှုမှာလည်း တိုးတက်လာသည်။ သူမက စကြဝဠာထဲမှ ရတနာတစ်ခုစီတိုင်း၏ သဘော သဘာဝတို့ကိုလည်း ရှာတွေ့နိုင်လေသည်။ ဤသည်က တခြားနတ်ဘုရား အသွင်သဏ္ဍာန်တို့ မယှဉ်နိုင်သည့် အရာတည်း။
“အစ်မယို့… အစ်မမှာလည်း သဘောကျတဲ့သူ ရှိတယ် မဟုတ်ဘူးလား။ အစ်မရော နည်းနည်းလေးမှ အပြင်မထွက်ချင်ဘူးလားလို့။”
ချိန်စုယင်သည် ချူယို့ ပြောသည်မှာ မှန်မှန်းသိသည်။ သို့သော် သူမက မိုဝူကျိအား အရမ်းလွမ်းနေလေပြီ။
မိုဝူကျိ၏ သတင်းအများစုကို ကြားသိရပြီးပြီဖြစ်သော်လည်း သူ့ကို သူမ ကိုယ်တိုင် မတွေ့ရသေးသရွေ့ သူမမှာ ရင်မအေးနိုင်ပေ။ ဟိုယခင်တုန်းက သူမအား ကယ်တင်ရင်း မိုဝူကျိက စိတ်ဝိညာဉ် ဖွဲ့စည်းရေး ရေကန်ထဲသို့ ပြုတ်ကျသွားသည်ကို သူမက မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
ချူယို့ နှစ်သက်သောလူမှာ မိုဝူကျိ ဖြစ်နေမှန်းလည်း သူမ သိသည်။ သို့သော် သူမက ချူယို့အား သူမ၏ တာအိုလက်တွဲဖော်မှာ မိုဝူကျိဖြစ်သည့် အကြောင်းကို မပြောပြချင်ပေ။ သူမနှင့် ချူယို့တို့က အသက်ရှင်ရန် တစ်ဦးပေါ်တစ်ဦး အမှီသဟဲ ပြုနေရသည်။ အကယ်၍ သူမ၏ တာအိုလက်တွဲဖော်မှာ မိုဝူကျိဖြစ်နေမှန်း ချူယို့သာ သိသွားခဲ့ပါက ချူယို့က အရှက်ရကာ ထွက်သွားကောင်း ထွက်သွားပေလိမ့်မည်။
ချူယို့သည် သူမဘာသာ ရယ်လိုက်ရင်း
“အစ်မက ညီမနဲ့ မတူပါဘူးကွယ်။ သူရဲ့အောင်မြင်မှုတွေက အစ်မကိုတောင် ကျော်ရင် ကျော်သွားလောက်ပြီ။ နောက်ပြီးတော့ သူက အိမ်ထောင်ရှိပြီးသား လူတစ်ယောက်ပါ။ အစ်မဟာ သူ့ဘဝထဲက ဖြတ်သွားဖြတ်လာ တစ်ယောက်သာသာရယ်”
“သူက အစ်မကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကိုတောင် ပေးခဲ့သေးတယ်လေ”
ချိန်စုယင်က ဤစကားကို ပြောသည့်အချိန်တွင် သဝန်တိုစိတ် လုံးလုံးမရှိပေ။ ပြောရမည်ဆိုလျှင် သူမက ထိုလုပ်ရပ်မှာ မှန်ကန်သည်ဟု ခံစားမိသည်။ ချူယို့ကြောင့်သာ မဟုတ်ပါက မိုဝူကျိတစ်ယောက် ပျောက်ကွယ်သေကြေသွားသည်မှာ ကြာမြင့်နေလောက်လေပြီ။
ချူယို့က ထိုအတွေးတို့ကို စိတ်ထဲမှ ကြိုးစားမေ့ဖျောက်ပစ်လိုက်ကာ
“ညီမက သူ့ကိုမှ မမြင်ဖူးတာ… သူ ဘယ်လိုလူလဲဆိုတာ သိမှာမဟုတ်ဘူး။ ဒီစကြဝဠာတစ်ခုလုံးမှာ သူ့လိုလူမျိုး နောက်တစ်ယောက် ရှာတွေ့နိုင်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်လို့ အစ်မ သေချာပြောရဲတယ်။ အရိုးသားဆုံးပြောရရင် သူ အစ်မကို ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက် ပေးတုန်းက အစ်မ ရူးသွားလုနီးနီးပဲ။ ဒီနေ့အထိ အဲ့ဒါကို အစ်မ နောင်တရမိနေတုန်းရယ်…”
“အစ်မက ဘာကို နောင်တရနေတာလဲ။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို အစ်မ လက်ခံလိုက်တယ် မဟုတ်ဘူးလား”
ချိန်စုယင်က မေးလိုက်သည်။
သူမက ချူယို့၏ စကားများကို ထောက်ခံသည်။ စကြဝဠာထဲတွင် မိုဝူကျိကဲ့သို့လူမျိုး နောက်တစ်ယောက် ရှာတွေ့ဖို့ရန်မှာ တကယ်ကို မဖြစ်နိုင်ချေ။
ချူယို့က တုံ့ပြန်လိုက်သည်။
“ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို လက်ခံမိခဲ့တဲ့အတွက် အစ်မ နောင်တရတယ်။ တကယ်လို့ အချိန်တွေ နောက်ပြန်သွားပြီး ဒီလိုအခွင့်အရေး နောက်တစ်ခါ ထပ်ရမယ်ဆိုရင် အစ်မ မထိန်းနိုင်ဘဲ လက်ခံမိဦးမှာပဲဆိုတာလည်း အစ်မ သိတယ်။ ဒါပေမဲ့…”
“ဘာဖြစ်လို့လဲ”
ချိန်စုယင်က မေးလိုက်သည်။ သူမက နားမလည်နိုင်ဘူး ဖြစ်နေသည်။
ချူယို့က ခေါင်းခါပြီး ပြန်မဖြေပေ။ သူမ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို လက်ခံလိုက်သည့််အခိုက် မိုဝူကျိက သူမ၏ စိတ်ကို မြင်သွားမည်အား သူမက ကြောက်မိသည်။ မိုဝူကျိက သူမအား အထူးသီးသန့် တစ်ယောက်အနေနှင့် မသတ်မှတ်ခြင်းမှာ သူမက လောဘတက်ပြီး ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကျောက်ကို လက်ခံလိုက်သောကြောင့်များလားဟု သူမ အမြဲ စဉ်းစားမိသည်။
“ဘုန်း”
အားပြင်းသော ပေါက်ကွဲမှုကြီး တစ်ခုကို ကမ္ဘာဦးအာကာပြင်ဆီမှ ကြားလိုက်ရသည်။ ချိန်စုယင်ကော ချူယို့ပါ အလန့်တကြား မတ်တပ်ထရပ်လိုက်ကြသည်။ သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ရင်း ဘာတွေများဖြစ်ပျက်နေလေသနည်းဟု တွေးမိလိုက်ကြသည်။
နတ်ဘုရားဘုရင် နောက်ပိုင်းအဆင့်ထဲတွင် ရောက်နေပါလျက်နှင့် သူတို့သည် ထိုအဆင့်မြင့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်များသာ ဖြစ်နေသေးကြောင်း နှစ်ယောက်စလုံးက သိသည်။
စကြဝဠာ တာအိုစည်းမျည်းတစ်ခု ရှိနေသည့် ဤကမ္ဘာဦး အာကာပြင်အား တစ်စုံတစ်ယောက်က ရှာတွေ့သွားသည်နှင့် သူတို့နှစ်ယောက်မှာ အသက်ရှင်လျက် အပြင် ပြန်မထွက်သွားနိုင်ဖို့က များလေသည်။
***