ကြောက်မက်ဖွယ်ရာ ကသောင်းကနင်းဖြစ်ရပ်များ
Vol. 82 Ch. 1137
မန်ဟို၏မျက်လုံးများ လင်းလက်သွားသည်။ သူသည် လေဟုန်ခွင်းလောကရှိ သက်ရှိသတ္တဝါအားလုံး၏ စိတ်ဆန္ဒပါရှိနေသကဲ့သို့ မယုံနိုင်လောက်အောင် အန္တရာယ်များသည့် အရှိန်အဝါတစ်မျိုးကို မြေအိုးထံမှ ခံစားနေရ၏။
အဆုံးမဲ့အော်ဟစ်နေသံကဲ့သို့ အသံတစ်သံက သွေးများ၏အထဲမှ အရပ်လေးမျက်နှာသို့ လှိုင်းဖြာထွက်လာကာ မိုးကောင်းကင်ကို တပြက်ပြက်လက်သွားစေပြီး ကိုးပြည်ထောင်မှ ထိုးတက်နေသော အလင်းတန်းကိုးတန်းအား မဆိုစလောက် မှေးမှိန်သွားစေသည်။ ဝေဟင်ထက်ရှိ ဝဲကိုးခုပင်လျှင် လည်နေခြင်း ရပ်တန့်တော့မည့်အလား ဖြစ်ကုန်ကြသည်။
တဂျိန်းဂျိန်း ထစ်ချုန်းသံများ ကြားရနိုင်ပြီး ဧကရာဇ်က အရူးကြီးသဖွယ် အော်ရယ်နေသည်။ မြေအိုးမှာ ပစ်ပေါက်ခံရပြီးနောက် ကွဲသွားခဲ့ရာ အတွင်းရှိ ဆူပွက်နေသော သွေးများကား အရပ်မျက်နှာတစ်ခွင်သို့ လွင့်စင်ပြန့်ကြဲသွားလေပြီ။ မသဲကွဲသော ဟိန်းဟောက်အော်သံကြီးက ပို၍ကျယ်လောင်လာရင်း အရာအားလုံးကို လွှမ်းခြုံစိုးမိုးသွားသော လှိုင်းဂယက်များအဖြစ် ဖြာထွက်သွားကာ လေဟုန်ခွင်းလောကတစ်ခုလုံးကို ဖုံးလွှမ်း၍ တွန့်လိမ်ရှုံ့တွလာစေသည်။
မန်ဟိုမှာ အသက်ပြင်းပြင်းရှုနေရသည်။ ကြောက်ခမန်းလိလိ ကသောင်းကနင်းဖြစ်ရပ်များက လေဟုန်ခွင်းလောကကို ကိုင်လှုပ်နေပြီး သူ့မှာ စိတ်ကို ပြင်ဆင်ထားခဲ့ပြီးဖြစ်သော်လည်း မျက်စိဖြင့် တိုက်ရိုက်မြင်တွေ့ရသည့်အခါ အမှန်တကယ် ချောက်ချားဖွယ်အရာကြီးဖြစ်နေသေးသည်။
တောင်ပင်လယ်လောကမှ ကျန်ကျင့်ကြံသူအားလုံးလည်း အင်မတန်မှ အံ့အားသင့်နေသော မျက်နှာအမူအရာများကို ဆင်မြန်းထားကြသည်။
မြေအိုးက ကွဲကြေ၍ သွေးများက အရပ်လေးမျက်နှာသို့ လွင့်စင်ထွက်သွားသည်။ ကိုးပြည်ထောင်၏ အညှာအတာမဲ့စစ်ပွဲကား မြေပြင်ကို သွေးရောင်ခြယ်မှုန်းခဲ့ပြီးဖြစ်သော်လည်း ဤထပ်လောင်းသွေးစီးကြောင်းသည် မြေကြီးထဲ စိမ့်ဝင်မသွားဘဲ ဖြာထွက်ပျံ့နှံ့လာရင်း ၎င်းနှင့် ထိတွေ့သမျှအရာတိုင်းကို ပို၍ပင် သွေးရောင်ရင့်သွားစေ၏။
"သက်ရှိတွေ၊ မိုးနှင့်မြေ၊ တောင်တွေ၊ မြစ်တွေ၊ တိမ်တိုက်တွေ ငါကိုယ်တော်ရဲ့ အာဏာနဲ့ မင်းတို့ကို ဆင့်ခေါ်တယ်" ဧကရာဇ်၏ စူးစူးဝါးဝါးဟစ်ကြွေးသံကြီး အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားစဉ် မြေအိုးထဲမှ သွေးများသည် အသက်၀င်လာသည့်အလား လူးလွန့်လှုပ်ရှားစပြုလာ၏။
သွေးထဲတွင် ဖုံးကွယ်ခံထားရသော တစ်စုံတစ်ခုသည် ယခုတွင် ဆင့်ခေါ်ခံနေရသည့်အလားဖြစ်ပြီး ဆင့်ခေါ်သံက ဤသွေးမြေတံခါးကို ဖွင့်ပေးလိုက်သော သော့တစ်ချောင်းပမာပင်။
ဗဟို၀တ်ပြုကျောင်း၀န်းကျင်ရှိ မြေကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ ထို့နောက် များစွာသော သွေးထုကြီးက ဆင့်ခေါ်လမ်းပြခံနေရသကဲ့သို့ မြေကြီးထဲမှ မြောက်တက်လာကြသည်။
ရက်စက်ခက်ထန်သောအသံများ ဟစ်ကြွေးနေသကဲ့သို ဆူညံသံကြီးတစ်သံအား ကြားလိုက်ရသည်။ ပို၍များပြားသော သွေးများက မြေကြီးထဲမှ စိမ့်ထွက်မြောက်တက်လာကြရင်း အရာအားလုံးကို သွေးလောကကြီးသဖွယ် ဖြစ်သွားစေသည်။
ဖန်တုံးအာအပါအဝင် တောင်ပင်လယ်လောကမှ ကျင့်ကြံသူအားလုံးမှာ လုံးလုံးလျားလျား အံ့အားသင့်နေကြပြီး ဘာတွေဖြစ်နေသလဲ မသိကြတော့ပေ။
"လေဟုန်ခွင်းသွေး၊ မိုးကောင်းကင်မျက်ရည်။ နိုးထလော့" ဧကရာဇ်က လျှာထိပ်ကို ကိုက်၍ သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။ သူ့ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး သူ့မှာ အရူးကြီးနှင့်တူနေ၏။
မြေကြီးသည် ပို၍ပင် အရှိန်အဟုန်ပြင်းစွာ တဝုန်းဝုန်း တုန်ခါလာသည်။ မန်ဟိုက တာအိုကောင်းကင်နောက် လိုက်နေခြင်းကို ရပ်၍ ဧကရာဇ်ထံ တန်းတန်းမတ်မတ် ဦးတည်လာသည်။ ဤအတိုင်းသာ ဆက်သွားနေပါက မဟာကပ်ဘေးကြီး ကျရောက်တော့မည်ဟု သူ ပြင်းပြင်းထန်ထန် ခံစားနေရလေသည်။
မန်ဟို ဧကရာဇ်ဆီ ပြေး၀င်တော့မည့်အခိုက်အတန့်တွင် ကျုံးဝူရက သက်ပြင်းချ၍ ရှေ့တက်ကာ သူ့လမ်းကို လက်ဖြင့် ကာတားလိုက်သည်။
"မန်ဟို မင်း ဒါကို တားလို့မရဘူး။ စောင့်သာကြည့်နေ"
မန်ဟိုက ကျုံးဝူရကို တွန်းထုတ်လိုက်ကာ လေပြင်းတစ်ချက်အား တိုက်ခတ်သွားစေသည်။ သို့သော် သူ့မှာ သွေးများ မြောက်တက်မသွားအောင် ဘာမှ မလုပ်နိုင်ပေ။
"ခင်ဗျားက ကျုပ်ကို တမင်အသက်ချမ်းသာပေးခဲ့တယ်။ ဘာကြောင့်လဲ" မန်ဟိုက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ မိုးပြာရောင်အလင်းအား သူ့ထံမှ ဖြာထွက်သွားစေသည်။ ချက်ချင်းပင် တောင်ဝါးမြိုမန္တန်၏ ရလဒ်အနေဖြင့် မရေမတွက်နိုင်သော တောင်များ ကျဆင်းလာသည်။ ဤသည်မှာ သာမန်တောင်တန်းများ မဟုတ်ဘဲ ကြောက်မက်ဖွယ်အင်အားဖြင့် ဖိနှိပ်လိုက်သော မိုးပြာရောင်တောင်တန်းများ၊ အင်မော်တယ်တောင်တန်းများ ဖြစ်လေသည်။
"မင်း ဘာဆုံးဖြတ်ချက် ချပြီးပြီလဲဆိုတာ ငါသိထားပြီးပြီ" ကျုံးဝူရက အသာအယာ ပြောသည်။ "မင်းလည်း ငါ့ရဲ့ ဆုံးဖြတ်ချက်ကို သိတယ်။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာကတော့ စောင့်ကြည့်ရုံပဲ ရှိတယ်။ အချိန်က မေးခွန်းအားလုံးကို ဖြေပေးလိမ့်မယ်" သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူ၏ မီးငြိမ်းဝိညာဉ်များသည် ပြန့်ကားလာပြီး မိုးပြာရောင်အင်မော်တယ်တောင်များကို ဆုံတွေ့ရန် ထွက်သွား၏။ အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီး ရိုက်ခတ်သွားပြီး သူ့မှာ တဆတ်ဆတ် တုန်ရီလျက် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
"ငါ ဘာကြောင့် မင်းကို အသက်ချမ်းသာပေးခဲ့သလိုဆိုတော့ ... အကယ်၍များ ငါမှားခဲ့ရင် မင်းက ငါ့ကို တစ်ခုခုလုပ်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတာကြောင့်ပဲ" သူ့မျက်လုံးများမှာ လွမ်းဆွေးမှုနှင့် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်သွားပြန်သည်။ သူက သက်ပြင်းချလိုက်ပြန်၏။
မန်ဟိုလည်း တန်ပြန်ရိုက်ခတ်မှုကြောင့် နောက်ဆုတ်လိုက်ရသည်။ သူက ကျုံးဝူရကို ကြည့်ပြီး ထိုလူ၏ မျက်လုံးများကို မြင်လျှင် တိတ်ဆိတ်သွား၏။
စီးထွက်လာသော သွေးများ ပိုမိုများပြားလာသည်။ မျက်စိတစ်မှိတ်အတွင်း အရာအားလုံးမှာ သွေးမြစ်ကြီးဖြင့် လွှမ်းခြုံခံလိုက်ရတော့သည်။ တဝေါဝေါ စီးဆင်းနေသံများ ကြားနေရ၍ မန်ဟို့မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်နေလေသည်။ ဘေးတွင် တာအိုကောင်းကင်မှာ အံ့အားသင့်နေပုံရသော်လည်း အခြေအနေကို အခွင့်ကောင်းယူ၍ ဆုတ်ခွာသွား၏။
"လာလေလော့ လေဟုန်ခွင်းသွေး" ဧကရာဇ်က ဟစ်ကြွေးသည်။ သူ့ညာလက်က ရုတ်တရက် မြောက်သွားပြီး သူ့လက်ချောင်းသည် သူ့မျက်လုံးတစ်လုံးကို ထိုးစိုက်ပစ်လိုက်၏။ လက်ချောင်း မျက်လုံးကို ဖောက်ဝင်သွားသောအခိုက်အတန့်တွင် မိုးကောင်းကင်တွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက်လက် မိုးထစ်ချုန်းသွားလေသည်။
မြေပြင်ကို ဖုံးလွှမ်းထားသော သွေးများမှာ ပွက်ပွက်ဆူလာပြီး မြေကြီး၏အနက်ပိုင်းထဲမှ ပလုံစီထလျက် စိမ့်ထွက်နေဆဲပင်။ ယခုတော့ သွေးမြစ်ကြီးကား သွေးပင်လယ်ဖြစ်လာခဲ့လေပြီ။
မျက်စိတစ်မှိတ်အတွင်း မြေပြင်အားလုံးမှာ အဆုံးမဲ့သောသွေးများဖြင့် ဖုံးလွှမ်းခံလိုက်ရတော့၏။ ပြည်ထောင်ကိုးခုကို ကိုယ်စားပြုသော စေတီကိုးဆူပင်လျှင် လွှမ်းမိုးခံရတော့မည့်အန္တရာယ်ထဲ ကျရောက်နေသည်။
ဤသည်မှာ တိုက်ခိုက်ရင်း သေဆုံးသွားခဲ့သော တပ်သားပေါင်းများစွာ၏ သွေးဖြစ်သည်။
“လေဟုန်ခွင်းစိတ်ဝိညာဉ်၊ နှစ်ပေါင်းမရေမတွက်နိုင်အောင် ချုပ်တည်းခဲ့ရတဲ့ အငြိုးအာဃာတကို ထုတ်လွှတ်လိုက်လော့။ သင့်ရဲ့သူရဲကောင်းတွေအဖြစ် ဖန်ဆင်းလိုက်လော့....” ဧကရာဇ်က လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်ရင်း ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် လက်များအား မြေကြီးထံသို့ အားအင်အပြည့်ဖြင့် ရိုက်ချလိုက်သည်။
အငြိုးအာဃာတက မြေပြင်များကို တဝုန်းဝုန်း တုန်ခါလာစေသည်။ သွေးပင်လယ်က ဝေါခနဲဝေါခနဲ မြည်နေပြီးနောက် ရုတ်တရက် လူရိပ်တစ်ခုပြီးတစ်ခုအဖြစ် ခဲလာသည်။ မျက်စိတစ်မှိတ်အတွင်း ရေတွက်၍ပင်မရတော့ပေ။ အရိပ်များက ပေါ်လာပြီးနောက် စူးစူးဝါးဝါး ဟစ်ကြွေးပြီး တာအိုကောင်းကင်၊ မန်ဟိုနှင့် တောင်ပင်လယ်လောကမှ အံ့အားသင့်နေသော ကျန်ကျင့်ကြံသူအားလုံးကို သွေးရောင်မျက်လုံးကြီးများဖြင့် စိန်းစိန်းဝါးဝါး စိုက်ကြည့်ကြသည်။
၎င်းကား နှစ်ပေါင်းအလွန့်အလွန်ကြာမြင့်စွာ ချုပ်တည်းထားခဲ့ရသော မုန်တီးမှု၊ အရိုးထဲအထိ၊ သွေးထဲအထိ နစ်ဝင်အမြစ်တွယ်နေခဲ့သော အမုန်းတရားဖြစ်သည်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ချုပ်တည်းထားခဲ့ရပြီးနောက်တွင်တော့ မုန်တိုင်းကြီးဖြစ်လာခဲ့လေပြီ။
“ကိုးသွေးအစီအရင်ကို အသက်သွင်းကြလော့” ဧကရာဇ်က အသံဩဩကြီးဖြင့် အမိန့်ပေးသည်။ သူက ညာခြေကို မြှောက်၍ သွေးပင်လယ်ထံသို့ မာန်ပါပါ ဆောင့်နင်းလိုက်သည်။ ဘန်းခနဲ မြည်သွားပြီး သွေးများမှ စုခဲလာသော အရိပ်များသည် လမ်းတစ်လျှောက်လုံး ဟိန်းဟောက်ရင်း စေတီကိုးဆူထံသို့ တဟုန်ထိုး ထွက်သွားကြတော့၏။
လူတိုင်း စောင့်ကြည့်နေစဉ် သွေးအရိပ်များသည် စေတီများကို ဝင်တိုက်ပြီးနောက် ပျောက်ကွယ်သွားကြလေပြီ။ စေတီများက သွေးအရိပ်များကို စုပ်ယူကာ သွေးရောင်ပြောင်းလာသည်။
မြေကြီးပေါ် ကျန်ရှိသော သွေးများက အံ့အားသင့်ဖွယ်ဆွဲအားကို ပိုင်ဆိုင်ထားပုံရသော စေတီများဆီသို့ ဆက်လက်စီးဆင်းသွားသည်။ သွေးအားလုံး ခမ်းခြောက်သွားရန် အချိန်အနည်းငယ်သာ ကြာလိုက်လေသည်။
သွေးပင်လယ်နှင့် သွေးအရိပ်များကို စုပ်ယူပြီးနောက်တွင် စေတီကိုးဆူသည် ရဲရဲတောက်လျက် နီစွေးနေတော့၏။ ဤအခိုက်အတန့်တွင် သွေးအလင်းတန်းကိုးတန်းက ရုတ်တရက် စေတီကိုးဆူမှ ထိုးတက်လာသည်။
၎င်းတို့သည် တိမ်တိုက်များကို ထိုးဖောက်ရင်း မိုးကောင်းကင်အထိ ထိုးတက်သွားပြီး ... သွေးဝဲကိုးခု ဖြစ်လာသည်။
အနီးကပ်ကြည့်ပါက အဆိုပါဝဲများအတွင်း၌ သွေးအရိပ်များ ပြေးနေကြသည်ကို မြင်ရနိုင်သည်။
စေတီကိုးဆူသည် တစ်ဆူနှင့်တစ်ဆူ သိပ်မလှမ်း၍ အလင်းတန်းကိုးတန်းလည်း သိပ်မကွာကြပေ။ ထိုမျှသာမက ခေါင်းအထက်ရှိ ဝဲကိုးခုသည်လည်း တစ်ခုနှင့်တစ်ခု အလွန်နီးကပ်စွာ ရှိနေကြ၏။ ၎င်းတို့က တစတစ ကြီးမားလာရင်း ဆက်သွားကာ ... ဧရာမဝဲကြီးတစ်ခုကို ဖော်ဆောင်လိုက်လေပြီ။
တောင်ပင်လယ်လောကမှ ကျင့်ကြံသူများမှာ ဤအခြင်းအရာအားလုံးကြောင့် ကြက်သေသေနေကြသည်။ တခဏကြာသော် အံ့မခန်းလိလိ သွေးဝဲကြီးသည် တဝေါဝေါမြည်သံများ ထုတ်လွှတ်လျက် ကောင်းကင်တစ်ခုလုံး အပြည့်စိုးမိုးသွားတော့သည်။
ပြည်ထောင်းကိုးခုမှ အလင်းတန်းများမှာ လေဟုန်ခွင်းလောက အပေါ်မတက်နိုင်အောင် ဟန့်တားခဲ့သော်လည်း သွေးဝဲ၏ပေါ်ပေါက်လာမှုက ချက်ချင်းပင် ၎င်းတို့ဖန်တီးထားသောအနေအထားကို ဖျက်စီးပစ်လိုက်သည်။ ၎င်း လည်နေသည်နှင့်အမျှ မူလက ရပ်တန့်နေခဲ့သော မြေထုကြီးကား တုန်ခါလာပြီးနောက် ... အပေါ်ပြန်တက်စပြုလာသည်။
အပြင်အာကာသထဲမှကြည့်လျှင် လေဟုန်ခွင်းလောကတစ်ခုလုံး ဟင်းလင်းပြင်ကို ဖြတ်၍ လျင်မြန်စွာ အပေါ်တက်နေကြောင်း မြင်ရနိုင်သည်။
“နိုင်ငံအရှိန်အဝါတောင်တွေကို ဖျက်စီးကြလော့” ဧကရာဇ်က ကျန်မျက်လုံးကို လက်ချောင်းများဖြင့် ထိုးစိုက်၍ သူ့ကိုယ်သူ မျက်စိကန်းသွားစေရင်း ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများမှာ ယခုတော့ သွေးများယိုစီးကျနေသော ဟောင်းလောင်းပေါက်ကြီးများသာ ဖြစ်နေချေပြီ။ တစ်ချိန်တည်းမှာပင် နားထဲစူးကျင့်သွားစေသည့် ရယ်သံများ ထွက်လာသည်။
လေဟုန်ခွင်းလောက၏ ကိုးပြည်ထောင်အတွင်းရှိ ဂိုဏ်းအားလုံးမှ ကျင့်ကြံသူများသည် အိပ်မက်မှ နိုးလာကြသကဲ့သို့ တုန်ရီလာကြလေ၏။ သူတို့၏အမူအရာများမှာ တစ်ဇောက်ထိုးဆန်သွားကြပြီး အကုန်လုံး အသံကျယ်ကြီးများဖြင့် ဟစ်ကြွေးကြတော့သည်။
“လွတ်လပ်ရေးအတွက်”
“လွတ်လပ်ရေးအတွက်”
“လွတ်လပ်ရေးအတွက်”
ပြည်ထောင်တစ်မှ ပြည်ထောင်နှစ်၊ ပြည်ထောင်နှစ်မှ ပြည်ထောင်သုံး ... ကိုးပြည်ထောင်စလုံး၊ ဂိုဏ်းအားလုံးတွင် တူညီသောစကားသံများ ပဲ့တင်ထပ်လာကြသည်။
တစ်ချိန်တည်းမှာပင် လေဟုန်ခွင်းလောကသားများသည် ရုတ်တရက် သူတို့၏ညာလက်ဖြင့် သူတို့ငယ်ထိပ်ကို သူတို့ ရိုက်ချလိုက်ကြ၏။ မိုးခြိမ်းသံကဲ့သို့ ပဲ့တင်သံများ ကြားလိုက်ရသည်။ သွေးများ သူတို့ပါးစပ်မှ ပန်းထွက်သွားကြပြီး သူတို့မှာ မျက်နှာဖြူဖပ်ဖြူလျော်နှင့် ဒယိမ်းဒယိုင် ဖြစ်သွားကြလေသည်။ ပွဲချင်းပြီး လဲကျသေဆုံးသွားသူများပင် ရှိသည်။
သူတို့ပါးစပ်မှ ရေပန်းသဖွယ် ပန်းထွက်လာသော သွေးများသည် လေပေါ် မြောက်တက်သွားပြီးနောက် အနီးဆုံးရှိ … နိုင်ငံအရှိန်အဝါတောင်အပျက်အစီးများဆီသို့ ပြေးဝင်သွားကြသည်။
ချက်ချင်း ပြိုကျထားသော နိုင်ငံအရှိန်အဝါတောင်များမှာ ၎င်းတို့ထံ အမြန်ဆုံးပြေးဝင်လာသော သွေးစီးကြောင်းများစွာအား ရင်ဆိုင်လိုက်ကြရ၏။
အလင်းတန်းများကို ဖျက်စီးဖို့ သွေးကို သုံးနေကြလေသည်။
မြေငလျင်များ လှုပ်ခတ်နေပြီး မိုးကောင်းကင်သည် သွေးရောင်သမ်းသွား၏။ တိမ်မည်းတိမ်စိုင်များ အလိပ်လိပ်ထလာကာ ပြည်ထောင်ကိုးခုမှ ထိုးတက်နေသော အလင်းတန်းများအနက် တစ်တန်းမှာ ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ထို့နောက် နှစ်တန်း၊ သုံးတန်း၊ လေးတန်း.....
အသက်ရှူချိန်အနည်းငယ်လေးအတွင်း အလင်းတန်းအားလုံး ပျောက်သွားလေပြီ။
ထိုသို့ဖြစ်ပျက်သောအခါ ၎င်းတို့ ဖန်တီးခဲ့သော ဝဲများလည်း ပြိုကွဲသွားကာ ကောင်းကင်တွင် တစ်ခုတည်းသောအရာကိုသာ ချန်ရစ်ခဲ့သည်.... ထိုအရာကား ဗဟိုဝတ်ပြုကျောင်းဒေသမှ ထိုးတက်လာနေသော သွေးရောင်ဝဲကြီးပင်။
ဂျလိန်း ဂျလိန်း။ လေဟုန်ခွင်းလောကကား အရှိန်မြှင့်လိုက်လေပြီ။ ဟင်းလင်းပြင်မှကြည့်လျှင် ၎င်း အလွန်လျင်မြန်စွာ မြင့်တက်နေကြောင်း မြင်ရနိုင်သည်။
မယုံကြည်နိုင်ဖွယ်အမြန်နှုန်းကြောင့် တောင်တန်းမြစ်ချောင်းများ ပျက်စီးသွားပြီး ပထဝီမြေကြီးမှာလည်း ကြမ်းကြမ်းတမ်းတမ်း လှုပ်ခတ်နေတော့သည်။ မြို့များ ပြိုကျကုန်ပြီး မန်ဟိုအပါအဝင် တောင်ပင်လယ်လောကမှ ကျင့်ကြံသူအားလုံးမှာ ဧရာမလက်ကြီးတစ်ဖက် သူ့ကို ဖိချနေသကဲ့သို့ ဧရာမဖိအားကြီးကို ခံစားလိုက်ကြရသည်။
ဖန်းတုံးအာနှင့်အခြားသူများ သွေးအန်လိုက်ကြရပြီး မယုံနိုင်သောအမူအရာများအား သူတို့မျက်နှာအပေါ်တွင် မြင်ရနိုင်သည်။
တာအိုကောင်းကင်ပင်လျှင် တုန်လှုပ်နေ၏။ သူက ထွက်မပြေးသော်လည်း နောက်ဆုတ်သွားသည်။ လေဟုန်ခွင်းလောက၏ ကြောက်ခမန်းလိလိ ကသောင်းကနင်းဖြစ်ရပ်များကား အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ကြောင်း သူ ခံစားနေရလေပြီ။