အခန်း(၆၃၀) ဟိုင်းနန် ခရီးလမ်း
Vol. 45 Ch. 630
အခန်း(၆၃၀) ဟိုင်းနန် ခရီးလမ်း
ဟဲမြန်မြန် ဒီအိမ်မှာပဲ စားသောက်ခဲ့ပါသည်။
သူမ မချက်ပြုတ်တတ်ပေ။ အိမ်က ဒေါ်လေးက ချက်ပြုတ်ပေးပါသည်။ ကျိုးရွှမ်ကလည်း ချက်ပြုတ်တတ်ပါသည်။
ထို့ကြောင့် ဟဲမြန်မြန်တစ်ယောက် သူမ ကောင်လေး၏ နောက်ထပ် စွမ်းရည်တစ်ခုကို မြင်လိုက်ရပါသေးသည်။ သူမ၏ စိုပြည်လှပသော မျက်လုံးကျယ်ကျယ်မျာားက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေပါသည်။
ကြက်တစ်ကောင်လုံးကို ချက်ဖို့မလိုပေ။ တစ်ဝက်ကိုသာ ချက်ခဲ့သည်။ တစ်ဝက်ကို ကြော်လိုက်၏။ ကြက်သားကို အာလူးဖြင့် ကြော်သည်။ နောက်ဖေးခြံထဲမှာလည်း ဂေါ်ဖီနဲ့ ကြက်သွန်မြိတ်အနုများ ရှိပါသည်။ ကြက်ဥကို ကြက်သွန်မြိတ်နဲ့ ရောကြော်သည်။ အဆီကို ဂေါ်ဖီနဲ့ ကြော်လိုက်သည်။ ပဲနှစ်အချဥ်ရည်နဲ့ ငါးဟင်းတို့လည်း ပါပါသေးသည်။
နေ့လည်ခင်းအတွက် ပေါက်စီဖြူများကို အိုးထဲတွင် ပေါင်းထားသည်။
ထုတ်ယူလိုက်သောအခါ ဟင်းလျာတိုင်းက မွှေးပျံ့လှပါသည်။
ဒီဟင်းချက်စွမ်းရည်ကြောင့် ဟဲမြန်မြန် ကြက်သေ သေသွားရသည်။ ဒီဟင်းတွေကို စားပြီးသောအခါ မျက်လုံးနှစ်လုံးစလုံး နီရဲလာ၏။ အရသာက သူမမိသားစုက အိမ်ထိန်းနဲ့ ဒေါ်လေးတို့ချ က်ပြုတ်တာလောက်နီးပါး ကောင်းမွန်သည်။
"လောင်အာ့က အရမ်းတော်တာ။” အမေကျိုးက ပျော်ရွှင်နေပါသည်။
"ဟုတ်တယ်၊ ဟုတ်တယ်။" ဟဲမြန်မြန်ကလည်း စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်သည်။ အလွန်ကောင်းပါသည်။ သူ ချက်ပြုတ်တတ်တယ်ဆိုတာ သူမ အရင်က မသိခဲ့ပါ။
"သူတို့ညီအစ်ကိုတွေက အရသာရှိအောင် ချက်တတ်ပြုတ်တတ်ကြတယ်လေ။" အဖေကျိုးက ဝင်ပြောလိုက်ပါသည်။
"လောင်အာ့ရဲ့ အချက်အပြုတ်က အကောင်းဆုံးပဲပေါ့။" အဘိုးဝမ်က ခေါင်းငြိမ့်လိုက်ပါသည်။
ကျိုးရွှမ်က ပြုံးလိုက်၏။ "ဘယ်လောက်ကောင်းကောင်း အမေ့ကိုတော့ မမှီပါဘူးဗျာ။"
ညီအစ်ကိုများ ဟင်းချက်တတ်လာသည့် အကြောင်းအရင်းမှာ သူတို့အမေ သင်ပေးထားသောကြောင့် ဖြစ်ပါသည်။ ညိအစ်ကိုများကို စိတ်ပိုင်းဆိုင်ရာအရကော ရုပ်ပိုင်းဆိုင်ရာအရကော ငယ်စဥ်ကတည်းက အလိုလိုက်ထားသည်။ သူတို့ ဘောလုံးလိုချင်သောအခါ ဘောလုံးတစ်လုံး ဝယ်ပေးသည်။ ကလေးစာအုပ် ဘာညာ လိုချင်လည်း ရစေရမည်။
သို့သော်လည်း သူတို့လုပ်ရမည့်အရာများနဲ့ ပတ်သတ်လာရင်တော့ သူတို့အမေက ဘယ်တော့မှ အလိုမလိုက်ပါ။ ထို့ကြောင့်လည်း ညီအစ်ကိုသုံးယောက်စလုံး ချက်တတ်ပြုတ်တတ်ကြခြင်း ဖြစ်ပါသည်။
သူတို့၏ အချက်အပြုတ်စွမ်းရည်များကလည်း ကောင်းမွန်လှသည်။
"မြန်မြန် များများစားပါဦး။ နောက်ပိုင်း လက်ထပ်ပြီးသွားရင် သူ့ကိုစားချင်တာ ချက်ခိုင်းချေ။ စဥ်းစားကြည့်မှ ရှေ့ရေးကိုကြိုမြင်ပြီး သူတို့အားလုံးကို ချွေးမတွေအတွက် သူတို့အမေက ကြိုတင်လေ့ကျင့်ပေးခဲ့တာပဲ။" အမေကျိုးက ရယ်မောလိုက်ပါသည်။ လောင်တ၏ ကောင်မလေးလည်း မချက်ပြုတ်တတ်ပါ။ လောင်အာ့၏ ကောင်မလေးကတော့ သူဌေးမလေးပုံစံ ဖြစ်သည်။ လက်ကလေးများက နူးညံ့နေ၏။ ပြောစရာမလိုအောင် မချက်ပြုတ်တတ်လောက်ပါ။ သူမ ပျော်ပျော်ရွှင်ရွှင်ကြီး စားသောက်နေတာကို မြင်သောအခါ ပြောနိုင်ပါသည်။
ထိုသို့ပြောခါမှ အမေကျိုးသည် စတုတ္ထချွေးမက တကယ်ပဲ အမြော်အမြင်ရှိကြောင်း ဝန်ခံရတော့မည်။
သူ့မြေးတွေကို ငယ်စဥ်ကတည်းက ဟင်းသီးဟင်းရွက်များ လှီးတတ်အောင် အိုးတိုက်တတ်အောင် သင်ပေးခဲ့သည်။ ထိုအချိန်တုန်းက သူမ မြေးများအတွက် စိတ်မကောင်းဖြစ်သဖြင့် တားပင်တားမြစ်ခဲ့ပါသေးသည်။
ထို့အပြင် ယောက်ျားလေးများ ဒီအလုပ်မျိုး လုပ်နေတာ ယုတ္တိ မရှိပါ။
သို့သော်လည်း စတုတ္ထချွေးမက ဘာမှမဖြစ်ဘူးဟု ပြောခဲ့ပါသည်။ အိုးခွက်ပန်းကန်ဆေးခြင်း၊ ဟင်းသီးဟင်းရွက်များ လှီးခြင်းသာ မကဘဲ၊ ထမင်းနှင့် ဟင်းသီးဟင်းရွက်များ ချက်ပြုတ်တတ်ဖို့ပါ သင်ပေးပါသည်။
ထိုအချိန်တုန်းက သူတို့ ဘာလို့ ဒါတွေသင်နေရတာလဲဟု သူမ မေးခွန်းထုတ်ခဲ့သည်။
စတုတ္ထချွေးမက ဒါတွေသင်ယူပြီးနောက် မိန်းမရဖို့လွယ်သည်ဟု ပြောခဲ့ပါသည်။
ကြည့်ပါဦး။ အခုတော့ မှန်သွားပြီ မဟုတ်ပါလား။
လောင်တ၏ ကောင်မလေးကော လောင်အာ့၏ ကောင်မလေးကို အချက်အပြုတ် မတော်ကြပါ။ သို့သော်လည်း ညီအစ်ကိုနှစ်ယောက် ချက်ပြုတ်နိုင်ရင် လုံလောက်ပါပြီ။
သူတို့ မချက်ပြုတ်တတ်ပါက လက်လွှတ်လိုက်ရမည်မဟုတ်လား။ လောင်အာ့၏ ကောင်မလေးကော လောင်တ၏ ကောင်မလေးကော အချက်အပြုတ်မှအပ ကျန်ကဏ္ဍအားလုံးတွင် ကောင်းမွန်ကြပါသည်။
ဟဲမြန်မြန်က အလွန်ဗိုက်ပြည့်သွားပြီး ကျေနပ်သွားသည်။ အမေကျိုးက ပြုံးကာ ပြောလိုက်သည်။ "ကြက်စွပ်ပြုတ် နောက်တစ်ပန်းကန် သောက်ဦးမလား။"
"ကျေးဇူးပါ အဘွား။ ဒါပေမယ့် သမီး မသောက်နိုင်တော့ဘူး။ အဘွားပဲ သောက်ပါ။" ဟဲမြန်မြန်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
အမေကျိုးက ပြုံးကာ ပြောလိုက်သည်။ "အခုဆို အဘွား ကိုယ်တိုင်မချက်တော့ဘူး။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက သူတို့အမေက အဘွားတို့အတွက် အိမ်ထိန်းတစ်ယောက်ငှားပေးမယ်လို့ ပြောတယ်။ တစ်ရက်ကို သုံးနပ် ချက်ပေးဖို့ တစ်ခုတည်းအတွက်နဲ့လေ။ အဘွားက လက်မခံချင်ဘူး။ ဒီနှစ် အဘွား မလှုပ်ချင်တော့လို့ သူတို့အမေကို တစ်ယောက်ရှာခိုင်းထားတယ်။”
"အဘွား အပြင်လူတွေနဲ့ ဓာတ်မတည့်တာကြောင့်သာမဟုတ်ရင် ဟိုးအရင်ကတည်းက စီစဥ်ထားပြီးသားပါဗျာ။" ကျိုးရွှမ်က ပြောလိုက်ပါသည်။
အမေကျိုးက ရွှင်ပျစွာပြောလိုက်ပါသည်။ "ဒီနှစ် တစ်ယောက်ငှားကြတာပေါ့"
တကယ် စိတ်ညစ်ဖို့ကောင်းပါသည်။ ထမင်းတစ်နပ်အတွက် သူများ တည်ခင်းပေးတာကိုပင် စားရတော့မည်။ အိမ်ကြီးရှင်အိမ်က အဘွားအိုတစ်ယောက်လို ဖြစ်လာခဲ့ပါပြီ။
စားသောက်ပြီးနောက် ကျိုးရွှမ်က အိုးများ ပန်းကန်များကို ဆေးကြောပြီး ဟဲမြန်မြန်ကိုခေါ်ကာ တခြားလူများ၏ အိမ်သို့ သွားလည်ခဲ့ပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ ဘက်တွင်။
လောလောဆယ် သူတို့ တောင်ပိုင်းသို့သွားသည့် ရထားပေါ်တွင်ရှိနေဆဲဖြစ်သည်။
နေရာလွက်ထဲတွင် ပစ္စည်းများစွာရှိသဖြင့် ရထားဘူတာမှာ ဘာမှဝယ်စရာမလိုပါ။ သို့သော်လည်း ကျိုးချင်းပိုင်က ရထားပေါ်က နေ့လည်စာ ကြက်ပေါင်ကို စားခဲ့ပါသည်။
လင်းချင်းဟယ်နှင့် မိမိလေးတို့က သူမကိုယ်တိုင် ပြင်ဆင်ထားတာကိုသာ စားသောက်ပါသည်။
အမှန်ပင်။ နေရာကွက်ထဲမှ ထုတ်သည့်အခါ ကလေးမလေးကို အာရုံလွှဲထားရသည်။ ငယ်ရွယ်သေးသဖြင့် နားမလည်လောက်ဘူးဟု အထင်မသေးရဲပါ။
"ဖေဖေ လိမ္မော်သီးစားပါဦး။" မိမိလေးက ခရီးသွားရတာ အလွန်နှစ်သက်ပါသည်။ လုံးဝ ဂျီမကျပါ။ သူမ အိတ်ထဲက လိမ္မော်သီးတစ်လုံးကို ယူလိုက်ပြီး သူမအဖေကို အခွံနွှာခိုင်းလိုက်သည်။
ကျိုးချင်းပိုင်က သူမအတွက် အခွံနွှာပေးလိုက်သည်။ မိမိလေးက တစ်ယောက်တည်း မစားပါ။ သူမ အဖေကို အရင်ကျွေးသည်။ ထို့နောက် အမေကို ကျွေးသည်။ ထို့နောက်မှ ကျန်တာကို ကျေနပ်စွာဖြင့် စားလိုက်ပါသည်။ ပြတင်းပေါက်နားမှာနေပြီး ပြတင်းပေါက်ပြင်ပက ရှုခင်းများကို ကြည့်လိုက်ပါသည်။
"မြန်လိုက်တာ မြန်လိုက်တာ ပျောက်သွားပြီ။" မိမိလေးက ပြောလိုက်သည်။
"မိမိလေး စားပြီးရင် အိပ်လိုက်ဦး။" လင်းချင်းဟယ်က ပြောလိုက်သည်။
"မိမိလေး မအိပ်ချင်သေးဘူး။ မိမိလေး ခုမှ နိုးလာလို့ အိပ်မပျော်ဘူး။" မိမိလေးက ငြင်းလိုက်ပါသည်။
သူမ မအိပ်ချင်သေးဘူးဟု ဆိုသော်လည်း ခဏကြသောအခါ သူမ အဖေ၏ လက်ထဲတွင် အိပ်ပျော်သွားခဲ့ပါသည်။ သူမ ပြောသလိုမဟုတ်ဘဲ မအိပ်တာ နာရီနည်းနည်းလောက် ကြာနေပါပြီ။
"သူ့ကို အိပ်ယာခင်းပေါ်တင်လိုက်။ သူ့ကို အဲ့လိုချီထားရင် ရှင်လက်တွေ သက်တောင့်သက်သာမရှိဘဲ တောင့်တင်းလာလိမ့်မယ်။" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က ကလေးမလေးကို အိပ်ယာခင်းပေါ်တင်လိုက်ပြီး ပြောလိုက်ပါသည်။ "ပင်ပန်းနေပြီလား။"
"မပင်ပန်းပါဘူး။" လင်းချင်းဟယ်က တကယ်မပင်ပန်းပါ။ သူမ စာအုပ်တစ်အုပ်ကို ယူလိုက်ပြီး စဖတ်လိုက်သည်။ ကျိုးချင်းပိုင်ကတော့ သတင်းစာကို ယူပြီး ဖတ်နေလိုက်ပါသည်။ မကြာခဏ သူ့သမီးလေးကို စစ်ကြည့်သည်။
လင်မယာားနှစ်ယောက် ရထားပေါ်တွင် ရက်အနည်းငယ် ကုန်ဆုံးခဲ့ကာ ကွမ်တုန်းပြည်နယ်သို့ ရောက်လာခဲ့ပါသည်။ သူတို့ရောက်သွားသောအခါ ဟိုင်းနန်ကိုသွားဖို့ အလောတကြီး လှေမငှားခဲ့ပါ။ သူတို့ နှစ်ရက်လောက် အေးအေးဆေးဆေး နေကြပါသေးသည်။
ဘာပဲဖြစ်ဖြစ် သူတို့ရထားပေါ်မှာ ရက်ပေါင်းများစွာ နေခဲ့ကြသည်မဟုတ်ပါလား။ လူကြီးများက အဆင်ပြေသော်လည်း မိမိလေး ခံနိုင်ရည် မရှိမှာ စိုးရိမ်မိပါသည်။
သူတို့ သမီးလေးကို ခေါ်ကာ လျှောက်လည်ပြီး အရသာရှိသော အစားအသောက်များစွာကို စားခဲ့ပါသည်။ မိမိလေး အလွန်ပျော်ရွှင်နေပါသည်။
အစကတော့ အေးအေးဆေးဆေး ၂ ရက်လောက်သာ နေဖို့ စီစဥ်ထားသော်လည်း သူ့သမီးလေးကို အလွန်ချစ်သည့် ကျိုးချင်းပိုင်က ၄ ရက်အထိ တိုးမြင့်လိုက်ပါသည်။
လင်းချင်းဟယ်ကလည်း မကန့်ကွက်ပါ။ ၄ ရက်ဆိုလည်း ၄ ရက်ပေါ့။ ၄ ရက်ကြာသောအခါ သူတို့ ဆိပ်ကမ်းမှ လှေစီးခဲ့ကြသည်။
ဒီခေတ်က ကွမ်တုန်းမှ ဟိုင်းနန်သို့ လှေစီးသွားဖို့ လိုအပ်ပါသည်။ လှေက မသေးငယ်ပါ။ သူတို့ရောက်သွားသောအခါ ထွက်ခါနီးသော လှေတစ်စီးနဲ့ တန်းကြုံခဲ့ပါသည်။
ထို့ကြောင့် လှေပေါ်သို့ တက်လိုက်ကြ၏။
"ရှင်တို့လှိုင်းမူးတတ်လား။" လင်းချင်းဟယ်က ကျိုးချင်းပိုင်နှင့် သမီးဖြစ်သူကိုကြည့်လိုက်သည်။
သူတို့လှိုင်းမူးတတ်ပါက အလွန်ခက်ခဲလိမ့်မည်။ သို့သော်လည်း ကံကောင်းစွာဖြင့် အဖေကော သမီးကော မမူးတတ်ပါ။ သူတို့ အလွန်အသားကျလွယ်ပါသည်။
အထူးသဖြင့် မိမိလေးက စိတ်အားတက်ကြွနေ၏။
"ဖေဖေ ရေတွေချည်းပဲ။"
"ဒါက ပင်လယ်လေ။"
"ဒါဆို သမီးတို့ ဘာစီးနေတာလဲ။ ကားကြီးလား။"
"ဒါကို သင်္ဘောလို့ခေါ်တယ်။ ပင်လယ်သင်္ဘောပေါ့။"
"ရေတွေအများကြီးပဲ။ ဘယ်လိုသောက်လို့ကုန်မှာလဲ။"
"ဒါက ပင်လယ်ရေလေ၊ ခါးပြီးငန်တယ်။ သောက်လို့မရဘူး။"
သားအဖနှစ်ယောက် အမေးအဖြေအစီအစဥ်လုပ်နေတုန်း လင်းချင်းဟယ်က ကင်မရာကို ထုတ်လိုက်သည်။ စျေးပေါပြီး အရည်အသွေး ကောင်းမွန်သော ကင်မရာ ဖြစ်ပါသည်။ သူတို့ကို သူမ ဓာတ်ပုံရိုက်လိုက်ပါသည်။
သူမ လမ်းတစ်လျှောက် ဓာတ်ပုံအများကြီး ရိုက်ယူခဲ့ပါသည်။ အထူးသဖြင့် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သမီးလေးက သူမအဖေပခုံးပေါ်တွင် ပျော်ရွှင်စွာဖြင့် တက်စီးနေခဲ့သည်။
ပင်လယ်ရနံ့က နေရာတိုင်းမှာ ရှိနေပါသည်။ ပြောရမည်ဆိုလျှင် အလွန် ဇိမ်ကျသော အတွေ့အကြုံပင်။