မြေအောက်ကမ္ဘာဝိဇ္ဇာ
Vol. 86 Ch. 1200
မိုဝူကျိက မပီမပြင် ဝေဝေဝါးဝါး ခရမ်းရောင် တာအိုစည်းမျဉ်းတစ်ခုကို တအံ့တသြ ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ အဘယ်ကြောင့် ယို့ကျဲက သူနှင့်သူ့အဖေတို့ ဤတာအိုစည်းမျဉ်းကို မယူသွားနိုင်ခဲ့ဘူးဟု ပြောခဲ့မှန်း မိုဝူကျိက နားလည်သွားသည်။ တစ်ချိန်တည်းမှာပင် ဤခရမ်းရောင် တာအိုစည်းမျဉ်းသည် သူ ရွှေလှေကားမှရခဲ့သော တစ်ခုနှင့် အတူတူ ဖြစ်နေမှန်း မိုဝူကျိက သေချာသွားသည်။
ဤသည်မှာကား စကြဝဠာ တာအိုစည်းမျဉ်းဖြစ်သည်မှာ မေးနေစရာပင် မလိုချေ။ မိုဝူကျိက အသက်ပြင်းပြင်း ရှုလိုက်သည်။ ထို့နောက် သူက အနီးကပ် ကြည့်ကြည့်ရန်အတွက် ရှေ့သို့ တိုးတော့မည့်ဆဲဆဲတွင် ရုတ်ချည်း ရပ်တန့်သွားကာ အေးစက်စွာ အော်ပြောလိုက်သည်။
“ဘယ်သူလဲ”
ခပ်ရေးရေး အရိပ်တစ်ခုက တဖြည်းဖြည်းချင်း သိသာလာသည်။ သိသာလာသည်ဆိုသော်လည်း မိုဝူကျိက ထိုလူ၏ ပုံပန်းသဏ္ဍာန်အား မမြင်နိုင်သေးပေ။ သူမြင်ရသည်မှာ အနီရင့်ရင့် အရောင်တစ်ခုသာ ဖြစ်သည်။ တစ်ပြိုင်နက်တည်းပင် မိုဝူကျိက ဤလူ့ဆီမှ ယင်စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။ ထိုစွမ်းအားက ထိုသူအား ငရဲကြီး ၁၉ ထပ်မှ တက်လာသည့် လူလိုမျိုး ခံစားရစေသည်။
မိုဝူကျိသည် ဤလူ့ကို ယခင်က မမြင်ဖူးသော်လည်း ရင်းနှီးနေသည့် ခံစားမှုတစ်ခုကို ခံစားမိလိုက်သည်။ ထိုမျှသာ မကပေ။ ဤလူ၏ ကျင့်ကြံဆင့်မှာ သူ့အောက် မလျော့မှန်းလည်း မိုဝူကျိက ခံစားမိသည်။
မိုဝူကျိက ဝိဇ္ဇာတစ်ပိုင်းအဆင့် ၉ တွင် ရှိနေပြီ ဖြစ်သည်။ သူ့အထက်တွင် ရှိသည့်လူဆို၍ ဝိဇ္ဇာတစ်ယောက်သာ ဖြစ်နိုင်တော့သည်။ သူ့လို လူသားတာအို ကျင့်ကြံသည့်သူဟူ၍ မည်သူမှ မရှိပေ။ ထို့ကြောင့် အဆင့် ၁၀၊ ၁၁ နှင့် ၁၂ တို့လည်း မရှိပေ။
“မင်းလို ပုရွက်ဆိတ်တစ်ကောင်က တော်တော်လည်း ကံကောင်းပါ့လား။ ဒီနေရာကို ငါ့ထက် အရင် စောရောက်နေတယ်ပေါ့လေ။ ဒါပေမဲ့ နှမြောစရာပဲ”
အနီရောင် ဝေဝါးဝါးပုံရိပ်က ခပ်တိုးတိုး ပြောလိုက်သည်။ သိသာစွာပင် သူက မိုဝူကျိအား ပုရွက်ဆိတ်တစ်ကောင်အဖြစ် သတ်မှတ်ထားလေသည်။
“ခင်ဗျားက ဝိဇ္ဇာတစ်ယောက်လား”
မိုဝူကျိက အံ့သြသွားသည်။ ဝိဇ္ဇာလော့ရှု အမှောင်ကမ္ဘာသို့ လာရန် ရည်ရွယ်ထားသော ရွှေလှေကားမှ စကြဝဠာတာအိုစည်းမျဉ်းကို သူ ဆွဲနုတ်ခဲ့ပြီးလေပြီ။ သို့ဖြစ်ရာ ဤဘိုးတော်က ဘယ်က ပေါ်လာရသနည်း။
“ဟားဟား”
အနီရောင်လူသားက ရယ်လိုက်ပြီး သူ၏ မဟာတာအိုက အာကာပြင်တစ်ခုလုံးကို ရုတ်တရက်ကြီး လွှမ်းခြုံသွားသည်။ မိုဝူကျိအား ထိုထဲတွင် ဖမ်းချုပ်ထားတော့မည့်ဟန် ပေါ်နေသည်။
မိုဝူကျိက မလှုပ်ရှားပေ။ အကြောင်းမှာ ဤအနီရောင်လူသား၏ ကျင့်ကြံဆင့်က သူအောက် မနိမ့်လျှင်ပင် သူက မမှုသောကြောင့် ဖြစ်သည်။ ပြီးပြည့်စုံနေပြီဖြစ်သော သူ၏ လူသားတာအိုနှင့် သူက မည်သည့်ဝိဇ္ဇာကိုများ ကြောက်နေရမည်နည်း။ ဝိဇ္ဇာတွေက မိုးမြေစည်းမျဉ်းကို သုံးပြီး သူ့အား ထိန်းချုပ်လို့ ရနိုင်လိမ့်မည် မဟုတ်ပေ။ မိုဝူကျိက တစ်ဖက်လူ၏ အာကာပြင်စည်းမျဉ်းကို ခံစားမိသည့်အချိန်တွင် သူက တစ်ခုသောအရာကို ပြန်စဉ်းစားမိသွားသည်။ တစ်ဖက်လူ၏ စွမ်းအားကို သူ ယခင်က အမှန်တကယ် ခံစားဖူးသည်။ ဟိုယခင် မဟာကင်းမဲ့ပင်လယ်နယ်မြေ၌ သူက ဘုန်းကြီးတာ့နဉ်၊ ကျိူးပျက်ကမ္ဘာ တတိယအလွှာ၏ ကူယောင်ရှောင်တို့နှင့် ပူးပေါင်းပြီး ယင်မြေအောက်ကမ္ဘာမှလာသည့် ယွမ်ကျဲဟု ခေါ်သော ငတိတစ်ကောင်အား ရင်ဆိုင်တိုက်ခိုက်ခဲ့စဉ်က ထိုစွမ်းအားမျိုးကို ခံစားဖူးသည်။
မိုဝူကျိက ကူယောင်ရှောင်ကို ကျိုးပျက်ကမ္ဘာ တတိယအလွှာပေါ်မှ ရုပ်တုဆီကနေ ကယ်တင်ပေးလိုက်ပြီးနောက် ယွမ်ကျဲ၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရကာ မဟာကင်းမဲ့ ပင်လယ်နယ်မြေဆီအထိ ထွက်ပြေးခဲ့ရသည်။ ထိုစဉ်က မိုဝူကျိနှင့် ဘုန်းကြီးတာ့နဉ်တို့သည် သတ္တကမ္ဘာ ကျောက်တုံးထဲသို့ ဝင်တော့မည်ဟု စီစဉ်နေကြစဉ် ဖြစ်သည်။ ဝင်တော့မည့်ဆဲဆဲတွင် သူတို့က ကူယောင်ရှောင်နှင့် တွေ့ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့က ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြ၏။
“ဘယ်သူများလဲလို့… ကြည့်ရတာ ခင်ဗျားက မြေအောက်ကမ္ဘာနန်းတော် ၇ ဆောင်ကလူ ဖြစ်မယ်။ ဟိုအရင် ယွမ်ကျဲဆိုတဲ့ ငတိတစ်ကောင်ကို ကျုပ် သတ်ဖူးတယ်။ သူကလည်း မြေအောက်ကမ္ဘာနန်းတော်ရဲ့ ဘုရင် ၇ ပါးထဲက တစ်ယောက်ဆိုလား။ ဘာတဲ့… သူ့ရဲ့ဘွဲ့က ချုပ်နှောင်ဝိညာဉ်ဘုရင်ဆို… ခင်ဗျားကကော ဘုရင် ၇ ပါးထဲက တစ်ယောက်ပဲလား”
မိုဝူကျိက အသာ မေးလိုက်သည်။
ထိုစဉ်တုန်းက ယွမ်ကျဲကို သတ်ရန် မိုဝူကျိက ဘုန်းကြီးတာ့နဉ်တို့၏ အကူအညီကို လိုအပ်ခဲ့သည်။ အကြောင်းမှာ သူတို့က ယွမ်ကျဲ အသတ်ခံလိုက်ရသည့်သတင်းကို ကြားပြီး သူတို့နောက် လိုက်လံတိုက်ခိုက်ကြမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
လက်ရှိတွင် မိုဝူကျိက ဝိဇ္ဇာတစ်ပိုင်း ပြီးပြည့်စုံခြင်း အဆင့် ၉ ၌ ရောက်နေပြီဖြစ်ကာ ဝိဇ္ဇာတစ်ပိုင်း အဆင့် ၁၀ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ အဘယ်ကြောင့်များ သူက မြေအောက်ကမ္ဘာနန်းတော်၏ ဘုရင် ၇ ပါးထဲမှ တစ်ယောက်ကို ကြောက်နေရမည်နည်း။
သူ ယွမ်ကျဲကို သတ်ခဲ့စဉ်တုန်းက ယွမ်ကျဲသည် အင်မော်တယ် ဧကရာဇ် ထိပ်ဆုံးအဆင့်၌သာ ရှိလောက်သည်။ ဤဘိုးတော်က ယွမ်ကျဲထက် အဆ ၁၀၀ ပိုအားကောင်းနေလျှင်ပင် မိုဝူကျိအတွက် သိပ်စိုးရိမ်စရာလိုမည် မဟုတ်ပေ။
“သြော် ကောင်းသားပဲ… ဒီတော့ ယင်မြေအောက်ကမ္ဘာထဲမှာ ငါ ထားခဲ့တဲ့ ချုပ်နှောင်ဝိညာဉ်ဘုရင်ကို သတ်သွားတာ မင်းကိုး။ ဒီနေ့ ဒီဝိဇ္ဇာက မင်းဘယ်လောက်ထိ ခံနိုင်မလဲကို ကြည့်ရသေးတာပေါ့…”
မိုဝူကျိ၏ စကားကို ကြားပြီးနောက် အနီရောင်လူသား၏ သတ်ဖြတ်ငွေ့တို့က နေရာတစ်ခုလုံးကို ပြည့်နှက်သွားသည်။ အာကာပြင်က သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားကာ ချက်ချင်းပင် သူ့ သတ်ဖြတ်ငွေ့ လွှမ်းမိုးမှုအောက် ကျရောက်သွားသည်။
မည်းမှောင်ကာ ရက်စက်ကြမ်းကြုတ်ပုံပေါ်သည့် အညိုရင့်ရင့် လက်တစ်ခုက မိုဝူကျိဆီသို့ တရှိန်ထိုးပြေးဝင်လာသည်။ ယင်စွမ်းအားက အာကာပြင်တစ်ခုလုံးကို လွှမ်းမိုးသွားကာ ထိုစွမ်းအားက လူတစ်ယောက်၏ ဝိညာဉ်ကို မြေအောက်ကမ္ဘာ သလင်းကျောက် တစ်လုံးအဖြစ်သို့ အလွန်လျင်မြန်စွာ ပြောင်းပစ်နိုင်စွမ်းလည်း ရှိနေလေသည်။
မြေအောက်ကမ္ဘာ နန်းတော်၏ ဘုရင် ၇ ပါးစလုံးမှာ အစားထိုး၍ မရနိုင်ပေ။ မည်သည့် အင်မော်တယ်ဧကရာဇ်မဆို ဘုရင် ၇ ပါးဘွဲ့နှင့် သင့်တော်ကိုက်ညီနိုင်သည် မဟုတ်ပေ။ ချုပ်နှောင် ဝိညာဉ်ဘုရင် သေသွားခဲ့သဖြင့် သူ၏ အင်အားက နှစ်ပေါင်းများစွာ မတိုးတက်ဘဲ ရပ်တန့်နေခဲ့ရသည်။ ယခု မိုဝူကျိက ချုပ်နှောင် ဝိညာဉ်ဘုရင်အား သတ်ခဲ့သူပါဟု ကိုယ်တိုင်ဝန်ခံနေလေရာ သူဘယ်လိုလုပ် မိုဝူကျိအား အလွတ်ပေးနိုင်ပါ့မည်နည်း။
အနီရောင်လူသားက လှုပ်ရှားလိုက်သည့်အချိန်တွင်မှ မိုဝူကျိသည် ဤလူ့အား မှားတွက်မိမှန်း သိလိုက်ရသည်။ ဤလူက ချုပ်နှောင်ဝိညာဉ်ဘုရင်ထက် အဆပေါင်း ရာထောင်ချီကျော် ပို၍အားကောင်းသည်မှာ ကြိမ်းသေသည်။
ဤဘိုးတော်သည်ကား တကယ့် ဝိဇ္ဇာတစ်ယောက် ဖြစ်နေသည်။ စကြဝဠာ တာအိုစည်းမျဉ်း၏ ထောက်ပံ့မှုကို ယူထားသော ငွေရောင်ဝတ်ရုံနှင့်လူကို တိုက်ခိုက်ခဲ့ပြီးလေရာ ဤဝိဇ္ဇာသည် ထိုလူ့အောက် အားနည်းလိမ့်မည် မဟုတ်မှန်း မိုဝူကျိက သိလိုက်သည်။
အကယ်၍ ယခင်ကလိုသာ ဆိုပါက မိုဝူကျိမှာ ရွေးစရာမရှိဘဲ နောက်ဆုတ်လိုက်ရမည် ဖြစ်သည်။ သို့သော် ယခုအချိန်၌ မိုဝူကျိက မကြောက်တော့ပေ။
ငွေရောင်ဝတ်ရုံလူကြီးနှင့် တိုက်ခိုက်ခဲ့စဉ်က မိုဝူကျိသည် ဝိဇ္ဇာတစ်ပိုင်းအဆင့် ၅ တွင်သာ ရှိသေးသည်။ ယခု သူက အဆင့် ၉ ရောက်နေလေပြီ။ ယခင်ကထက်စာလျှင် သေချာပေါက် အဆပေါင်းများစွာ ပိုအားကောင်းနေလေပြီ။
ထိုလက်က မိုဝူကျိဆီသို့ လာနေစဉ် မိုဝူကျိကလည်း လက်ချောင်းတစ်ချောင်းကို ပစ်ခွင်းလိုက်သည်။
အနီရောင်လူသား၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော အာကာပြင်သည် ချက်ချင်းပင် မိုဝူကျိ၏ မိုးမြေတိုက်ကွက်အဖြစ် ပြောင်းလဲသွားသည်။ ဤမိုးမြေထဲတွင် မိုဝူကျိသည်သာ အာဏာရှင် ဖြစ်သည်။
ထိုလူ၏ အာကာပြင်စည်းမျဉ်းတို့က မိုဝူကျိအား မထိန်းပင် မထိန်းချုပ်နိုင်ခဲ့ပေ။ ထိုအညိုရင့်ရင့် လက်ပင်လျှင် သူ၏ မိုးမြေတိုက်ကွက်ထဲတွင် အစအနမကျန် ပျောက်ကွယ်သွားလေ၏။
မိုဝူကျိ မိုးမြေလက်ချောင်း တိုက်ကွက်ကို ထုတ်သုံးလိုက်သည့်အချိန်တွင် အနီရောင်လူသား၏ ကိုယ်ထည်က သိသာထင်ရှားလာလေသည်။ သူ၏ မျက်နှာမှာကား အနီရောင်ဖြစ်နေဆဲဖြစ်သည်။ သို့သော် သူ၏ မျက်လုံးထဲတွင် အံ့သြသွားသည့် အရိပ်အယောင်များ ရှိနေသည်။
ဤအမှောင်ကမ္ဘာ သေးသေးလေးထဲ၌ သူ၏ အာကာပြင်စည်းမျဉ်းများကို အလွယ်တကူ ချိုးဖျက်နိုင်သည့်လူ ရှိနေသည်လား… တစ်ချိန်တည်းမှာပဲ ထိုသူက သူ၏ လက်အမှတ်အသားကိုလည်း ဖျက်စီးနိုင်သည်လား…
အံ့သြမှုက စက္ကန့်ပိုင်းပဲ ကြာလိုက်သည်။ ထို့နောက် အနီရောင်လူသားက သွေးရောင်ရဲနေသည့်ချွန်းတစ်ချောင်းကို ထုတ်ယူလိုက်သည်။ ချွန်းနှင့် သူက လှိုင်းလုံးပမာ သွေးမြစ်တစ်စင်းကို ရိုက်ထုတ်လိုက်သည်။
ဤသွေးမြစ်သည် လေဟုန်ဆန်မြစ်တိုက်ကွက်နှင့် ဆင်တူနေသည်။ သို့သော် မိုဝူူကျိက မတူမှန်း သိသည်။
သူ၏လေဟုန်ဆန်မြစ်တွင် ခမ်းနားထည်ဝါသောစွမ်းအင် ပါဝင်ကာ ဤသွေးမြစ်ထဲတွင် တမူထူးသော သတ်ဖြတ်စွမ်းအင်တစ်ခုတည်းသာ ပါဝင်လေသည်။ ဤသွေးမြစ်ထဲသို့ အသိမ်းယူခံလိုက်ရသော မည်သည့်အရာမဆို အဖျက်စီးခံရလိမ့်မည်။
မိုဝူကျိ၏ ဝဲကတော့စွမ်းအားစက်ကွင်းက တရှိန်ထိုး စတင်ကျယ်ပြန့်လာပြီးနောက် သူက သတ္တကမ္ဘာလက်ချောင်းမှ နောက်ထပ် ၂ ချောင်းကို ပို့လွှတ်လိုက်သည်။
တတိယလက်ချောင်း ကံကြမ္မာတိုက်ကွက် နှင့် စတုတ္ထလက်ချောင်း ယင်ယန်တိုက်ကွက်…
ယင်နှင့်ယန်ကို လောင်စာအဖြစ်… အရာအားလုံးကို ကြေးနီအဖြစ်…
လူသားတာအိုစွမ်းအားက တစ်ဖက်လူ၏ မြေအောက်ကမ္ဘာစွမ်းအားနှင့် ထိပ်တိုက်တွေ့သွားသည်။ လူသားတာအိုစည်းမျဉ်းများက မိုးမြေမီးပြင်းဖိုအဖြစ် ပြောင်းသွားကာ ဤသွေးမြစ်ကို မြိုချပစ်ရန် ကြိုးပမ်းလိုက်သည်။
ကံကြမ္မာလက်ချောင်းက ဤကြမ်းကြုတ်သောသွေးမြစ်ကို ဖျက်စီးရန်အတွက် အစွမ်းကုန်ကြိုးစားနေသည်။
“ဘုန်း ဘုန်း ဘုန်း”
အဆုံးမရှိသောပေါက်ကွဲသံများကို ကြားလိုက်ရကာ သွေးမြစ်မှာ သန်းထောင်ချီသောသွေးမြူများ ဖြစ်သွားလေသည်။ ဤသွေးမြူများက သွေးချွန်းတစ်ချောင်းအဖြစ် ပြန်ပြောင်းသွားကာ မိုဝူကျိ၏ မိုးမြေမီးပြင်းဖိုအား ဖြိုခွဲရန် ကြိုးစားလိုက်သည်။
မီးပြင်းဖို အဖျက်စီးခံလိုက်ရပြီးနောက် ယင်နှင့်ယန်က အလုပ်လုပ်လာလေသည်။
ထိုးဖောက်နေသောသွေးမြူများမှာ ချက်ချင်းပင် ယင်ယန်လက်ချောင်း၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။ အင်မတန် ဖျက်ဆီးအားကောင်းကာ မည်းမှောင်နေသော စွမ်းအားများမှာ လက်ချောင်း၏ သိမ်းယူဖယ်ရှားခြင်းကို ခံလိုက်ရလေသည်။ မရဏစွမ်းအားတစ်ခုက ဤအနီရင့်ရောင်လူသားအား လွှမ်းခြုံသွားသည်။
ဘယ်လိုတောင် အားကောင်းတာလဲ…
ဤအနီရင့်ရောင်လူသား၏ရင်ထဲတွင် အံ့သြသွား၏။ သူစတင်ကျင့်ကြံခဲ့သည့်အချိန်မှစ၍ ယနေ့အထိ ဝိဇ္ဇာမဟုတ်ဘဲနှင့် ဤမျှအားကောင်းသည့်သူမျိုး တစ်ခါမှ မတွေ့ဖူးချေ။ ဤငတိကို ကြည့်ရသည်မှာ အားကောင်းသည့်ပုံစံ မပေါ်ပေ။ အဘယ်ကြောင့်များ သူက ဤမျှအားကောင်းနေရပါသနည်း။
အနီရောင်လူသားက လက်သင်္ကေတများစွာကို ပုံဖော်လိုက်သည်။ ထို့အပြင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ယခုအချိန်၌ ပိုမိုထင်ရှားပေါ်လွင်လာလေသည်။ အစဉ်လိုက်ဖြစ်သော သွေးမြစ် ၇ စင်းက ဆက်တိုက်စီးဆင်းလာကာ သွေးရောင်နဂါး ၇ ကောင်အဖြစ် ပြောင်းလဲသွား၏။
သူ၏ပထမဆုံးသောသွေးမြစ်မှာ မိုဝူကျိ၏ ယင်ယန်လက်ချောင်း၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။ ဆက်တိုက်ဖြစ်နေသော သွေးမြစ် ၇ စင်းအား မိုဝူကျိ ရင်ဆိုင်နိုင်လိမ့်ဦးမည်ဟု သူက မယုံကြည်ပေ။
ဟိုအဘိုးကြီးလော့ရှုက ဤနေရာတွင် ရှိနေခဲ့လျှင်ပင် သူက ထိုမြစ်များအား မလွဲသာဘဲ ရှောင်ယူရမည်သာ ဖြစ်သည်။ မိုဝူကျိ နောက်ဆုတ်ရှောင်လိုက်သည်နှင့် အနီရောင်လူသားက စကြဝဠာတာအိုစည်းမျဉ်းကို ဖမ်းပြီး ချက်ချင်း ထွက်ပြေးမည် ဖြစ်သည်။ မိုဝူကျိက သူ့လောက် အားမကောင်းလျှင်တောင်မှ သူကလည်း မိုဝူကျိအား ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း အနီရောင်ဘိုးတော်က သိသည်။
မိုဝူကျိက အေးစက်စွာ နှာတစ်ချက် ရှုံ့လိုက်သည်။ အကြောင်းမှာ သူက ဤကဲ့သို့အခြေအနေမျိုးကို ကောင်းကောင်းကြုံဖူးပြီးသားဖြစ်သည်။ ဤမျက်နှာနီနှင့်လူ ဘာတွေကြံနေမှန်း သူက မသိဘဲနေပါ့မည်လော…
မိုဝူကျိက နောက်ဆုတ်မရှောင်ရုံတင်မကဘဲ သွေးမြစ် ၇ စင်းထဲသို့ပင် တိုးဝင်သွားလိုက်၏။ သူက လက်ကိုမြောက်ကာ နောက်ထပ်လက်ချောင်းတစ်ချောင်း ထပ်ပစ်ခွင်းလိုက်သည်။
သတ္တကမ္ဘာလက်ချောင်း မုသားတိုက်ကွက်…
အကယ်၍ အမှောင်ကမ္ဘာကို သည်ထက်ပို၍ မပျက်ဆီးစေချင်လို့သာ မဟုတ်ပါက မိုဝူကျိက သူ၏ မဟာဖျက်စီးရေးပညာရပ်ကို သုံးပြီးနေလောက်လေပြီ။
ဤမုသားတိုက်ကွက်အောက်တွင် အရာအားလုံးက ပျက်ဆီးသွားပေလိမ့်မည်။ ဖုန်မှုန့်က ဖုန်မှုန့်အဖြစ် ကျန်ရစ်မည်ဖြစ်ကာ မြေကြီးကလည်း မြေကြီးအဖြစ် ကျန်ရစ်ခဲ့မည်သာ။
“ဝုန်း ဘုန်း ဘုန်း”
လူသားတာအိုက မြေအောက်ကမ္ဘာတာအိုနှင့် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့သွား၏။ အင်မတန် အားပြင်းလှသော တာအိုစည်းမျဉ်းများက ဤနေရာအနှံ့ ပြည့်သွားကာ အရာအားလုံးမှာလည်း အစအနမကျန် ပျောက်ကွယ်သွားသည်။
တိတိကျကျ ပြောရလျှင် ခရမ်းရောင်တာအိုစည်းမျဉ်းမှလွဲ၍ တခြားအရာအားလုံး ပျောက်ကွယ်သွားလေ၏။
သွေးမြူများက ပေါက်ကွဲသွားကာ အမှောင်ကမ္ဘာတစ်ခြမ်းမှာ သွေးရောင်လွှမ်းသွားသည်။
မိုဝူကျိသည်လည်း ဤနီရဲမည်းမှောင်နေသောစွမ်းအင်၏ ရစ်ပတ်ခြင်းကို ခံထားရလေသည်။ သို့သော် သူ့ကိုကြည့်ရသည်မှာ ဘာမှဖြစ်သွားပုံမပေါ်ပေ။ သူက ခရမ်းရောင်တာအိုစည်းမျဉ်းအတွက် လက်ကို ဆန့်ထုတ်လိုက်၏။
မရဏစွမ်းအင်တို့ ယိုစိမ့်နေသော မြေအောက်ကမ္ဘာစွမ်းအားက မိုဝူကျိ၏စွမ်းအားစက်ကွင်းကို လာထိမိသည်နှင့် ချက်ချင်း မှေးမှိန်ပျောက်ကွယ်သွားသည်။
မိုဝူကျိက သူ၏သွေးမြစ်တာအိုကို လျစ်လျူရှုနိုင်သော်လည်း သူက မိုဝူကျိ၏ မုသားလက်ချောင်းကို လျစ်လျူမရှုနိုင်သောကြောင့် မျက်နှာနီနှင့်လူက စိုးရိမ်လာလေသည်။ မိုဝူကျိ၏ မုသားလက်ချောင်းတိုက်ကွက်ကို ဖြိုခွင်းရန် အသည်းအသန် နည်းလမ်းရှာ ကြိုးစားနေစဉ် မိုဝူကျိက ခရမ်းရောင်တာအိုစည်းမျဉ်းဆီသို့ လက်လှမ်းနေလေပြီ။ မိုဝူကျိ၏လက်ချောင်းတိုက်ကွက်အား ဖြိုခွဲနိုင်တော့ကော ဘာများထူးမည်နည်း။ သူ ဤနေရာသို့ ရောက်လာရခြင်းမှာ ထိုစကြဝဠာတာအိုစည်းမျဉ်းအတွက်ကြောင့် မဟုတ်ပါလော။
“ရပ်လိုက်…”
မိုဝူကျိက စကြဝဠာတာအိုစည်းမျဉ်းအား ဖမ်းယူတော့မည်ကို မြင်သောအခါ မျက်နှာနီနှင့်လူက တခြားဘာကိုမှ အမှုမထားတော့ဘဲ သွေးရူးသွေးတန်း လှမ်းအော်လိုက်သည်။ တစ်ပြိုင်နက်တည်းပင် သူ၏ကိုယ်ထည်က ထိုသွေးချွန်းနှင့် ပေါင်းသွားပြီးနောက် အဆုံးမရှိသောသွေးမြစ်များအဖြစ် ပြောင်းလဲသွားကာ မိုဝူကျိဆီ ပြေးဝင်သွား၏။
***