← Chapters

သိသာနေသော ငါးစာ

Vol. 82 Ch. 1138

သိသာနေသော ငါးစာ

Vol. 82 Ch. 1138

မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ ကပ်ဘေးကြီး‌ဖြစ်ပေါ်လာတော့မည့် အာရုံမှာ ပို၍ပင် ကြီးမားလာရာ သူ၏မျက်လုံးများ တောက်ပသွားပြီး သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် တဂျွတ်ဂျွတ်မြည်သံများ ထုတ်လွှတ်ရင်း ပုံမှန်အရွယ်အစားမှ ၉ မီတာ၊ ၂၁ မီတာ၊ မီတာ ၃၀၊ မီတာ ၆၀၊ မီတာ ၉၀ အထိ ကြီးထွားလာခဲ့လေပြီ။

သူကား ယခုတွင် မီတာ ၉၀ အမြင့် လူ့ဘီလူးကြီးသဖွယ် သူ့အပေါ် သက်ရောက်နေသည့် မမြင်ရသောဖိအားကို ပြန်တွန်းလှန်နေသဖြင့် ခန္ဓာကိုယ်မှ တဝုန်းဝုန်းမြည်သံများ ထွက်ပေါ်နေတော့သည်။ ထို့နောက် မြေကြီးကို ခြေဆောင့်နင်း၍ ဧကရာဇ်ထံသို့ ဥက္ခာခဲကြီးသဖွယ် ပြေး၀င်သွားလေပြီ။

ကျုံးဝူရက သူ့လမ်းကို တားရန် ရှေ့တက်လာရာ မန်ဟို့မျက်လုံးများ အရောင်လက်သွားပြီး သူက ညာလက်ဖြင့် နတ်ဘုရားသုတ်သင်ခြင်းလက်သီးကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းပင် သူတို့နှစ်ယောက် စတင်တိုက်ခိုက်ကြတော့၏။

တအုန်းအုန်း မြည်သံများ ပဲ့တင်ထပ်နေပြီး သူတို့နှစ်ယောက်ကား လက်သီးချက်ပေါင်း ရာနှင့်ချီ ဖလှယ်ပြီးသွားလေပြီ။ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါနေစဉ် ကျုံးဝူရ၏မျက်လုံးများမှာ ထူးဆန်းစွာ တောက်ပနေ၏။ မန်ဟိုက သူ့ကိုပင် ဒုက္ခရောက်စေနိုင်သည့် စွမ်းအားအဆင့်သို့ ယခုလေးတင် ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း သူ သိ‌လိုက်လေပြီ။

"ကျုံးဝူရ" မန်ဟိုက ဟိန်းဟောက်လိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းရင်း နတ်မီးတောက် အဆီအနှစ်အား ထုတ်လွှတ်လိုက်၏။ သို့‌သော် ကျုံးဝူရက ရုတ်တရက် နောက်ဆုတ်ကာ မန်ဟို့ကို မနှောင့်ယှက်တော့ပေ။

မန်ဟိုမှာ တအံ့တဩ ငေးကြည့်မိသွား၏။ သို့သော် သူ့မှာ ကျုံးဝူရနှင့် အစကတည်းက တိုက်ခိုက်လိုစိတ်မရှိသည့်အပြင် ကပ်ဘေးအန္တရာယ်အာရုံက ပို၍ပင် ပြင်းထန်လာနေလေပြီ။ သူက ညာလက်ကို ဝှေ့ရမ်းလိုက်ကာ နတ်မီးတောက်အား ဧကရာဇ်ကို လှမ်းဟပ်လိုက်စေသည်။

ဧကရာဇ်က ကျယ်လောင်စွာ ရယ်နေပြီး မန်ဟို့ကို ကြည့်ပင်မကြည့်သလို ရှောင်လည်းမရှောင်ဘဲ ချဉ်းကပ်လာခွင့် ပေးထားသည်။

အုန်းခနဲ ရိုက်ညောင်းသွားပြီး မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူ၏ နတ်မီးတောက်နှင့် သူ၏ လက်ဝါးချက်မှာ ဧကရာဇ်ထံမှ တစ်မီတာမျှသာ ဝေးကွာတော့သည့်အချိန် ဖောက်ထွက်၍မရသော အတားအဆီးတစ်ခုကို ရိုက်ခတ်သွား၏။

လေဟုန်ခွင်းလောက၏ စိတ်ဆန္ဒက ဧကရာဇ်ကို ရစ်သိုင်းလွှမ်းခြုံ၍ သူ့အား အနိုင်ယူ၍မရအောင် လုပ်ထားသည့်အလားပင်။

ထိုမျှသာမက တန်ပြန်အားက မန်ဟို့ကို ရိုက်ခတ်လိုက်ရာ သူ့အား မီတာ ၃၀၀ သို့ လွင့်ထွက်သွားစေသည်။

"ဘယ်သူမှ အင်ပါယာသခင်ရဲ့ အစီအစဉ်ကို ပြောင်းလဲလို့မရဘူး။ လေဟုန်ခွင်းလောကရဲ့ မျှော်လင့်ချက်တွေကို ဘယ်အရာကမှ မနှောင့်ယှက်နိုင်ဘူး။ အရာအားလုံးက အစစ်အမှန်တာအိုအတွက်၊ လွတ်လပ်ရေးအတွက်ပဲ" သူက မျက်လုံးဟောက်ပက်ကြီးဖြင့် ရပ်နေလျက် အရူးကြီးသဖွယ် ရယ်ရင်း လက်ကို လေပေါ် မြှောက်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ သိပ်မမြင့်မားသော်လည်း ကြောက်ခမန်းလိလိ စိတ်ဆန္ဒတစ်ခုက သူ့အပေါ်တွင် စုစည်းလာ၏။

"ငါပြောတာ နားထောင်ကြစမ်း အင်မော်တယ်လောကက အက်ရှလွန်ကျင့်ကြံသူတို့။ မင်းတို့လိုချင်တာက လေဟုန်ခွင်းလောကရဲ့ အနှစ်သာရတွေနဲ့ သဘာ၀နိယာမတွေအပြင် တခြားမဟုတ်ဘူး။ ငါ ဧကရာဇ် မင်းတို့ကို အခု အဲ့ဒါတွေ ပေးမယ်" ဧကရာဇ်က တဟားဟားရယ်ရင်း ကောင်းကင်ထံသို့ လက်ကို ဝှေ့ယမ်းလိုက်သည်။ မိုးကောင်းကင်မှာ တဂျိန်းဂျိန်း အော်မြည်သွားပြီး ကြေမွသွားပုံရသည်။ တအုန်းအုန်း မြည်သံများ ပဲ့တင်ထပ်နေစဉ် လေဟုန်ခွင်းလောကတွင် ရုတ်ခြည်းဆိုသလို မိုးကောင်းကင်မရှိတော့ပေ။

ကောင်းကင်၏နေရာတွင် အာကာသဟင်းလင်းပြင်ကြီး ရှိနေပြီး အသေအချာကြည့်ပါက ၎င်း၏အတွင်းတွင် တဝေါဝေါ လည်နေသော ဝဲတစ်ခုကို မြင်ရပေလိမ့်မည်။ ဝဲက လေဟုန်ခွင်းလောကတစ်ခုလုံးကို မရပ်မနား ဆွဲတင်ပေးနေသော ဖိအားကြီးတစ်ခုကို ထုတ်လွှတ်နေ၏။

တစ်ဆက်တည်းမှာပင် ခေါင်းအထက်တွင် ကောင်းကင်ကြီးမရှိတော့သည့်အတွက်‌ ယခင်က မမြင်ရခဲ့သော မရေမတွက်နိုင်သော သဘာ၀နိယာမများနှင့် အနှစ်သာရများသည် ပေါ်လွင်လာခဲ့လေပြီ။

သဘာဝနိယာမများ မြင်သာလာစဉ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော မှော်သင်္ကေတများက အရာအားလုံးကို လွှမ်းခြုံလိုက်သော ပိုက်ကွန်ကြီးတစ်ခုကို ဖော်ဆောင်လိုက်သည်။ ပိုက်ကွန်ကို ဖွဲ့စည်းထားသည့် အမျှင်များ စုဆုံနေသော နေရာများတွင် ရောင်စုံအလင်းမှုန်များအား မြင်ရနိုင်သည်။ တစ်ခါတရံ ၎င်းတို့ကို ဖောက်ထွင်းမြင်ရပြီး တစ်ခါတရံ လင်းလက်တောက်ပနေတတ်သည်။ ၎င်းတို့ကား ... အနှစ်သာရများဖြစ်၏။

သဘာဝနိယာများနှင့် မဟာတာအိုများ။ ပထမဆုံးအကြိမ် ... လူတိုင်း မျက်စိဖြင့် မြင်တွေ့ကြရလေပြီ။

သူတို့လုပ်ဖို့ လိုအပ်သည်မှာ နတ်ဘုရားအာရုံတချို့ ဖြန့်ကျက်လိုက်ရုံသာ ဖြစ်ပြီး သဘာဝနိယာမများကို ကိုယ်စားပြုသော မှော်သင်္ကေတပိုက်ကွန်ကြီးကို မြင်ရလိမ့်မည်။ ထိုမျှသာမက သူတို့ နတ်ဘုရားအာရုံဖြင့် ရောင်စုံအလင်းမှုန်များကို ထိတွေ့လိုက်လျှင် အနှစ်သာရ၏တည်ရှိမှုကို ခံစားနိုင်မည်။

“သဘာဝနိယာမတွေ၊ မဟာတာအိုတွေ၊ အဲဒီမှာ မင်းတို့ ရှေ့တည့်တည့်မှာ ရှိနေပြီ” ဧကရာဇ်က တဟားဟား ရယ်ရင်း ပြောသည်။ “အင်မော်တယ်လောကက အက်ရှလွန်ကျင့်ကြံသူတွေ စိတ်တိုင်းကျသာ ဆင်ခြင်သုံးသပ်ပေတော့။ ဒါပေမဲ့ မင်းတို့ ဘယ်လောက်များများ ရမလဲဆိုတာကတော့ မင်းတို့ကံတရားအပေါ် မူတည်တယ်” ထိုလူ့ရယ်သံတွင် ပြက်ရယ်ပြုနေမှု၊ အထင်သေးမှုနှင့် ရွံရှာမှုတို့ အများဆုံးပါဝင်နေသည်။

တာအိုကောင်းကင်က ထွက်သွားရန် ပြင်နေခဲ့သော်လည်း ရုတ်တရက် တစ်ကိုယ်လုံး တုန်ရီသွားပြီး အပေါ်ရှိ ဧရာမပိုက်ကွန်ကြီးကို မော့ကြည့်လိုက်သည်။ သူသည် ရောင်စုံအလင်းမှုန်များကို ကြည့်ရင်း အသက်ရှူမှားသွားတော့၏။ ထို့နောက် သူ၏နတ်ဘုရားအာရုံကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ကာ စတင်ဆင်ခြင်သုံးသပ်တော့သည်။

တစ်ချိန်တည်းမှာပင် လေဟုန်ခွင်းလောကရှိ ကျန်အက်ရှလွန်ကျင့်ကြံသူများလည်း လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။ သူတို့သည် ခေါင်းအထက်၌ ဖြစ်ပေါ်နေသော မြင်ကွင်းကို မြင်လျှင် တခဏ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ဗဟိုဝတ်ပြုကျောင်းဒေသသို့ ပျံသန်းလာကြသည်။

လင်းချုံက ပထမဆုံး ရောက်လာပြီး ရောက်လျှင်ချင်း ဉာဏ်အလင်းစရှာသည်။

ထို့နောက် ဟန်ချင်းလဲ့၊ ယွီဝမ်ကျန်း။ နောက်ဆုံး တာအိုကောင်းကင်ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့၍ ထွက်ပြေးသွားခဲ့သော ပြည်ထောင်ငါးမှ ဝဖိုင့်ဖိုင့်အက်ရှလွန်စာရင်းဝင်။ သူသည် ဗဟိုဝတ်ပြုကျောင်းဧရိယာ၏ ထောင့်တစ်ခုသို့ ပျံသန်းသွားပြီး တစ်ကိုယ်လုံး တုန်ရီနေလျက် စတင်ဆင်ခြင်သုံးသပ်တော့၏။

အက်ရှလွန်ကျင့်ကြံသူများအားလုံး ဗဟိုဝတ်ပြုကျောင်းဒေသတွင် လျင်လျင်မြန်မြန် စုဝေးလာကြပြီး လေဟုန်ခွင်းလောက၏ သဘာဝနိယာများနှင့်အနှစ်သာရများကို ဉာဏ်အလင်းစရှာကြတော့သည်။ မန်ဟိုတစ်ယောက်တည်းသာလျှင် သဘာဝနိယာမများနှင့် အနှစ်သာရများကို မြင်တွေ့နေရသည့်တိုင် ပြင်းထန်လာနေသော အန္တရာယ်အာရုံကို ဆက်လက်ခံစားနေရသေးလေသည်။ သူ ဧကရာဇ်ထံသို့ နောက်တစ်လှမ်းလှမ်းတော့မည့်အချိန် ရုတ်တရက် မျက်လုံးဟောက်ပက်နှင့်ထိုလူက မျက်ကန်းနေသည့်တိုင် သူ့ကို တည့်တည့်ကြီး လှည့်ကြည့်လိုက်သည်။ သွေးများစီးကျနေသော မျက်တွင်းပေါက်ကြီးများက မန်ဟို့ကို စူးစူးစိုက်စိုက် ကြည့်နေလေ၏။

“စိတ်ပူနေစရာမလိုဘူး မန်ဟို။ ငါ မင်းကို အထင်သေးကောင်း သေးခဲ့မိပေမယ့် မပူနဲ့တော့။ တကယ်တော့ မင်း ပိုပြီး အစွမ်းထက်လာဖို့တောင် ငါ မျှော်လင့်နေတာ... ငါ မင်းကို ကူတောင်ကူညီပေးမလို့ပဲ” ဧကရာဇ်က ညာခြေကို မြှောက်၍ ခပ်ပြင်းပြင်း ဆောင့်နင်းလိုက်ရာ ဝတ်ပြုကျောင်းဒေသတစ်ဝန်း ဝုန်းခနဲ မြည်ဟည်းသွားစေသည်။

ဝတ်ပြုကျောင်းထဲတွင် တည်ရှိသင့်သော နောက်ဆုံးအနှစ်သာရ ၃၀၀ ၊ အစွမ်းထက်ဆုံးအက်ရှလွန်စာရင်းဝင်အတွက် နောက်ဆုံးဆုလာဘ်သည် ဧကရာဇ်ခြေထောက်၏ ပြင်းပြင်းထန်ထန် ဆောင့်နင်းမှုကြောင့် မိုးနှင့်မြေတစ်ခွင် ပျံ့လွင့်စပြုလာတော့သည်။

သဘာဝနိယာမ ၃၀၀၀၊ မဟာတာအို ၃၀၀၀။ ယင်းက ပကတိအရေအတွက်ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက် မည်မျှဉာဏ်အလင်းရနိုင်လဲ ဆိုသည်ကမူ သူ၏ကံတရားအပေါ်သာ မူတည်ပေမည်။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ဉာဏ်အလင်းဆင်ခြင်နေကြသူများကား အက်ရှလွန်ကျင့်ကြံသူများသာမဟုတ်။ ဖန်းတုံးအာနှင့် အခြားသူများလည်း တုန်လှုပ်နေကြသည်။ သူတို့သည် အဖိုးတန်သော သဘာဝနိယာမများနှင့် အနှစ်သာရများကို ဆင်ခြင်သုံးသပ်ရန် သူတို့၏နတ်ဘုရားအာရုံများအား ဖြန့်ကျက်လိုက်ကြ၏။

“မင်းတို့က အင်မော်တယ်လောကရဲ့ အက်ရှလွန်ကျင့်ကြံသူတွေဆိုပေမယ့် အင်မော်တယ်လောကက မင်းတို့ကို ရက်ရက်စက်စက် ဆက်ဆံကြတယ်။ ပုံမှန်အတိုင်းဆို ဒီသဘာဝနိယာမတွေနဲ့ အနှစ်သာရတွေကို ရယူဖို့က ရိုးရိုးလေးပဲ။ ဒါပေမဲ့ သူတို့က မင်းတို့ကို အချင်းချင်း လုခိုင်းတယ်

“ဒါပေမဲ့ ဧကရာဇ်အနေနဲ့ ငါ မင်းတို့ကို ရက်ရက်စက်စက် ဆက်ဆံမှာမဟုတ်ဘူး။ အခု သဘာဝနိယာမ ၃၀၀၀ နဲ့ အနှစ်သာရ ၃၀၀၀ ကို မင်းတို့အားလုံး ကြိုက်သလောက်သာ သုံးသပ်ဆင်ခြင်ကြပေတော့

“များလေ ကောင်းလေပဲ။ တစ်ခုရတိုင်း မင်းတို့ရဲ့ အနာဂတ်တာအိုလမ်းကြောင်းဟာ အများကြီးပိုပြီး လွယ်ကူလိမ့်မယ်

“မင်းတို့အတွက် လက်ဆောင်နောက်တစ်ခုလည်း ပြင်ထားသေးတယ်။ အဲဒါက အက်ရှလွန်ကျင့်ကြံသူတစ်ယောက်မှ မရရှိခဲ့ဖူးတဲ့ လက်ဆောင်တစ်ခုပဲ

“လောကတိုင်းမှာ မဟာတာအို ၃၀၀၀ ရှိတယ်။ အဲ့ဒါက ဘဝရဲ့ ဥပဒေ ၊ မိုးကောင်းကင်ရဲ့ ဥပဒေပဲ။ ဒါပေမဲ့ အဲဒါက ပကတိမဟုတ်သေးဘူး

“တကယ်တော့ ဘယ်လောကမှာမဆို ... ၃၀၀၁ ခုမြောက် အနှစ်သာရလည်း ပေါ်လာနိုင်တယ်။ အဲဒါက အနှစ်သာရတွေထဲမှာ ဥသျှောင်အနှစ်သာရ၊ အဆုံးမဲ့အခွင့်အလမ်းတွေ ပေးစွမ်းနိုင်တဲ့ အနှစ်သာရ၊ အမြင့်မြတ်ဆုံးအနှစ်သာရဖြစ်တယ်

“ဒါပေမဲ့ အဲဒီအနှစ်သာရကို ပေါ်လာစေဖို့က အင်မတန့်အင်မတန် ခက်လွန်းတယ်။ တကယ်တော့ အဲဒါက ကမ္ဘာတစ်ခု ပျက်စီးတော့ခါနီးဆဲဆဲမှ ပေါ်လာတတ်တာ။ အဲဒီအချိန်ကျမှ ပုံသဏ္ဌာန်ပေါ်လာတာ

“အဲ့ဒါက လေဟုန်ခွင်းလောက ခေတ်ပေါင်းများစွာ ဖော်ဆောင်နေခဲ့တဲ့ မဟာတာအိုအနှစ်သာရတစ်ခုပဲ

“အဲဒါက လေဟုန်ခွင်းလောကရဲ့ ဝိညာဉ်ရတနာ၊ ပြီးပြည်စုံတဲ့အနှစ်သာရတစ်ခု၊ တကယ်တော့ အဲဒါဟာ .... ကမ္ဘာတာအိုဖြစ်တယ်

“ကမ္ဘာတာအိုကို ရရှိတဲ့ ဘယ်သူမဆို အကြီးမြတ်ဆုံး ကမ္ဘာအနှစ်သာရကိုလည်း ရရှိလိမ့်မယ်။ အဲဒါနဲ့ မင်းတို့ တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်နိုင်တယ်၊ ဒါမှမဟုတ် မင်းတို့ကိုယ်ပိုင်ကမ္ဘာတောင် ဖန်ဆင်းနိုင်တယ်

“ဘယ်မှာလဲလို့ မင်းတို့ မေးချင်မှာပေါ့။ ဝတ်ပြုကျောင်းထဲမှာပဲ" ဧကရာဇ်က တဟားဟားရယ်ရင်း အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဥသျှောင်အရှိန်အဝါတစ်ခုသည် သဘာဝနိယာမများနှင့် အနှစ်သာရများကို ငွေသော်တာလမင်း၏ တောက်ပသော ရောင်ခြည်အောက်က ပိုးစုန်းကြူးများသဖွယ် မှေးမှိန်သွားစေရင်း ဝတ်ပြုကျောင်းထဲမှ ဖြာထွက်လာသည်။

မန်ဟိုအပါအဝင်ကျင့်ကြံသူအားလုံး ဥသျှောင်အရှိန်အဝါကို ခံစားလိုက်ကြရသည်။

“သဘာဝနိယာမ ၃၀၀၀ နဲ့ အနှစ်သာရ ၃၀၀၀ ကို ဉာဏ်အလင်းရရှိတဲ့ အက်ရှလွန်ကျင့်ကြံသူဟာ ဥသျှောင်ကမ္ဘာအနှစ်သာရကို လုခွင့်ရမယ်

“ငါ ဧကရာဇ် မင်းတို့ကို ကောင်းကောင်းမွန်မွန် ဆက်ခံပေးနေတာနော်။ ပြီးတော့ မင်းတို့သိလား ငါ မင်းတို့ကို ဉာဏ်အလင်းရှာဖို့ အနှစ်သာရတွေကို ပေးရုံတင်မကဘူး၊ မြန်မြန်ရအောင်လည်း ကူညီပေးမယ်။ လေဟုန်ခွင်းလောကရဲ့ ချီကြောကိုတောင်မှ ပေးဦးမှာ” အပေါ်မှ မရေမတွက်နိုင်သော အလင်းတန်းများ အက်ရှလွန်ကျင့်ကြံသူတစ်ယောက်စီသို့ ထိုးဆင်းနေကြစဉ် ဧကရာဇ်၏ပါးစပ်မှ ထူးဆန်းသောရယ်သံကြီး ထွက်လာသည်။

အလင်းကောင်းချီးပေးခြင်းခံရပြီးနောက် တာအိုကောင်းကင်နှင့်အခြားသူများ တုန်ရီသွားကြသည်။ သူတို့အနေဖြင့် ငြင်းပယ်ချင်လျှင်တောင်မှ ငြင်းပယ်၍မရကြပေ။ အလင်းတန်းများက မန်ဟို ခံစားခဲ့ရသည့်အတိုင်း သူတို့ကို လေဟုန်ခွင်းလောကနှင့် တစ်သားဖြစ်သွားသလို ခံစားရစေသည်။

ခြားနားသည့်အရာမှာတော့ မန်ဟိုက အက်ရှလွန်နှလုံးသားကို ရရှိခဲ့၍ဖြစ်ပြီး သူတို့က ဧကရာဇ်၏အကူအညီကို ရနေလေသည်။ ရလဒ်က တူညီမည်ဟု ထင်ရသော်လည်း ဖြစ်စဉ်နှစ်ခုသည် တခြားစီပင်။

ထိုကဲ့သို့အခြေအနေတစ်ခုတွင် ဉာဏ်အလင်းရှာဖွေခြင်းသည် များစွာလွယ်ကူ၍ သူတို့အား အချိန်တိုလေးအတွင်း မဟာတာအို ၃၀၀၀ အား ဉာဏ်အလင်းရစေနိုင်သည်။

တစ်ယောက်ချင်းစီတိုင်း ဧကရာဇ်၏စကားလုံးများနှင့် အပြုအမူများမှာ ထောင်ချောက်ဖြစ်ကြောင်း ကောင်းကောင်းသိ၏။ သူကား ငါးစာချနေခြင်းပင်။ သို့သော် သူတို့မှာ ... ထိုငါးစာအား မစားဘဲ မနေနိုင်ပေ။

မန်ဟိုတစ်ယောက်တည်းသာ တခဏမျှမတုံ့ဆိုင်းဘဲ အလင်းကို ငြင်းဆန်လိုက်၍ အလင်းသည် မှိန်ကျသွားပြီး သူ့အပေါ် သက်ရောက်မှုအနည်းငယ်သာ ရှိတော့လေသည်။ သို့သော် သူသည် သူ လိုအပ်သော နောက်ဆုံးအနှစ်သာရ ၃၀၀ ၏ ဆွဲဆောင်မှုကိုတော့ မသည်းခံနိုင်သေးပေ။

သူက အသက်ပြင်းပြင်း ရှူသွင်းရင်း အေးစက်စက် လက်နေသော မျက်လုံးများဖြင့် ဧကရာဇ်ကို လှမ်းကြည့်သည်။

“ငါးစာတဲ့လား ဟမ်။ ကောင်းပြီ .... စားရတာပေါ့” သူက နောက်ဆုံးအနှစ်သာရ ၃၀၀ ဆီသို့ နတ်ဘုရားအာရုံပို့လွှတ်လိုက်ပြီး ချက်ချင်း ဉာဏ်အလင်းစရှာတော့သည်။ သူ့ကိုယ်ထဲတွင် နိဗ္ဗာနသစ်သီးရှိထားပြီးဖြစ်သည့်အတွက် ဤဖြစ်စဉ်က ၎င်းကို သူနှင့်ပို၍ တစ်သားတည်းဖြစ်သွားစေသည်။ အနှစ်သာရတစ်ခုစီ ဉာဏ်အလင်းရလိုက်တိုင်း ဖြစ်စဉ်သည် ပို၍ပြီးမြောက်လာ၏။

မဟာတာအို ၃၀၀၀ လုံး သူ့နှလုံးသားထဲ ဝင်ရောက်လာသောအခိုက်အတန့်တွင် သူ၏ ဒုတိယနိဗ္ဗာနသစ်သီးသည် သူ့နဖူးနှင့် ထာဝရ တစ်သားတည်းဖြစ်သွားလိမ့်မည်။ သူကား .... လောကပါလအင်မော်တယ်တစ်ဦး အမြဲဖြစ်လာပေလိမ့်မည်။

All Chapters