← Chapters

စကြဝဠာဆိုင်ရာ ဝိဇ္ဇာတာအို ညီလာခံ

Vol. 86 Ch. 1201

စကြဝဠာဆိုင်ရာ ဝိဇ္ဇာတာအို ညီလာခံ

Vol. 86 Ch. 1201

 “ဝုန်း ဝုန်း ဝုန်း”

မိုဝူကျိက သူ၏ စွမ်းအားစက်ကွင်း ပြိုကွဲလာသည်ကို ခံစားမိသည်။ သူ၏ ပတ်ဝန်းကျင်မှ စည်းမျည်းများ ကွဲကြေသွားသံများကို သူကြားရသည်။

မရဏ စွမ်းအားတစ်ခုက လွှမ်းမိုးလာသည်။ ဤသည်က မျက်နှာနီနှင့်လူ၏ အပိုင်သတ် တိုက်ကွက်ဖြစ်၏။ မျက်နှာနီဘိုးတော်က နတ်ဘုရားအရိုက်အရာ မရလောက်သေးပေ။ သို့တိုင်အောင် သူက တော်တော်လေး အားကောင်းနေလေပြီ။

အကယ်၍ ဤဘိုးတော်သာ စကြဝဠာတာအိုစည်းမျည်းကို ရသွားခဲ့ပါက နောက်ထပ် လော့ရှုတစ်ယောက် ဖြစ်မလာနိုင်ပေဘူးလော…

သွေးမြစ်များက အာကာပြင်တစ်ခုလုံးကို အေးခဲပစ်တော့မည့်ဟန် ပေါ်နေသည်။ မိုဝူကျိက ခရမ်းရောင် တာအိုစည်းမျည်းနှင့် ဆယ်မီတာလောက်သာ ကွာသော်လည်း ထိုဆယ်မီတာမှာ ကောင်းကင်ချောက် တစ်ခုလို ဖြစ်နေသည်။ ဖြတ်ကျော်ဖို့ အင်မတန်ခက်ခဲနေ၏။

“ဖူး”

သွေးမြူတစ်ကွက် ပေါက်ကွဲသွားသည်။ မိုဝူကျိ၏ ဝိဇ္ဇာနောက်ပိုင်းအဆင့် ကိုယ်ထည်ပေါ်တွင် ချွန်းကြောင့် သွေးထွက်နေသော အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားသည်။

ပေါက်ကွဲနေသော သွေးမြစ်များက အောက်ဘက်သို့ ဆက်လက်တက်ချီလာသည်။ ကြည့်ရသည်မှာ နောက်တစ်ခဏ၌ပင် မိုဝူကျိအား ဝါးမြိုနှစ်မြုပ်ပစ်တော့မည့်ဟန် ပေါ်နေသည်။

မိုဝူကျိ၏ မျက်နှာမှာ ပုံမှန်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲတွင်တော့ သူ ဒုက္ခရောက်နေပြီမှန်း သိသည်။ အကယ်၍ ဤမျက်နှာနီဘိုးတော်အား ဆက်ပြီး လျစ်လျူရှုလိုက်ပါက မိုဝူကျိတစ်ယောက် ထိုစကြဝဠာ တာအိုစည်းမျည်းကို ယနေ့အဖို့ ရဖို့ မမြင်မိပေ။ အမှန်တကယ်၌ မျက်နှာနီဘိုးတော်သည် သူ့အား ဒဏ်ရာ အပြင်းအထန်ရအောင် သို့မဟုတ် သတ်ပစ်နိုင်လောက်အောင်ထိ အန္တရာယ်များလွန်းသည်။

သွေးမြစ်တာအို စည်းမျည်းများက ကြောက်မက်စရာ အာကာပြင်လှိုင်းများကို ဖြစ်ပေါ်စေကာ မိုဝူကျိဆီ အပြင်းအထန် တိုးဝင်လာသည်။ မျက်နှာနီနှင့်လူက သူ၏ သွေးမြစ်ချွန်းနှင့် တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားပြီ ဖြစ်သည်။ တကယ်တမ်းတွင် သူက သူ နှစ်ပေါင်းများစွာ အလေးထားမှီခိုခဲ့သော သူ၏ ယင်မြေအောက် ကမ္ဘာသွေးမြစ်ကိုပင် စတင်လောင်ကျွမ်းစေနေပြီ ဖြစ်သည်။ ဤအားစိုက်ထုတ်မှုအားလုံးဖြင့် ပုရွက်ဆိတ်ပမွှားတစ်ကောင်ကို တားဆီးရန် မလုံလောက်ဘူးဟု သူက မယုံကြည်ပေ။

မိုဝူကျိ၏ ကိုယ်ပေါ်မှ အသားစိုင်တို့ စတင်စုတ်ပြဲလာသည့်အချိန်ရောက်မှ မျက်နှာနီနှင့်လူက သက်ပြင်းချနိုင်တော့သည်။

အမှန်တွင် ဤတိုက်ပွဲတစ်လျှောက်လုံး သူ့မှာ အင်မတန် အံ့သြခဲ့ရလေသည်။ သွေးမြစ်နှင့်ချွန်းတို့၏ စည်းမျည်းများထဲသို့ သူ၏ အားကောင်းသော တာအိုအရှိန်အဝါတို့ ထည့်ပေါင်းထားလေရာ ဤတိုက်ကွက်က အဘယ်ကြောင့် မိုဝူကျိ၏ ကိုယ်ထည်ကို မစုတ်ဖြဲနိုင်ဘဲ နေပါ့မည်နည်း။ တော်သေးသည်မှာ သူက မိုဝူကျိအား ရစ်ပတ်သိုင်းခြုံထားသော သူ၏ သွေးမြစ်တာအိုအငွေ့အသက်တို့ကို အပြီးအပိုင် ဆက်လက် လောင်ကျွမ်းစေလိုက်သည်။ ထိုသို့လုပ်လိုက်၍သာ သူ၏သွေးချွန်းက မိုဝူကျိ၏ ကိုယ်ထည်ကို စုတ်ဖြဲနိုင်သွားခဲ့ခြင်း ဖြစ်သည်။

မိုဝူကျိ၏ အရေပြားကို ဖြဲပစ်ပြီး မိုဝူကျိ၏သွေးကို မြင်နိုင်သရွေ့ ပြင်းထန်သောလှိုင်းများက မိုဝူကျိအား အစွမ်းကုန် ဝါးမြိုပစ်လိမ့်မည် ဖြစ်သည်။

ဝိဇ္ဇာတစ်ယောက်သည်ပင် ဤတိုက်ကွက်မှ သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။

အမှန်ပင်… သူ၏ ချွန်းက မိုဝူကျိ၏ အရေပြားအား ဖြဲပစ်ကာ သွေးကွက်တစ်ကွက် ဖြစ်ပေါ်သွားစေသည်။ ထိုအခိုက်အတန့်လေး၌ မိုဝူကျိက ရပ်တန့်လိုက်သည်ကို သူက သတိပြုမိသွားသည်။

မင်းဒဏ်ရာ ရသွားတုန်း ငါမင်းကို သတ်ပစ်မယ်…

မျက်နှာနီဘိုးတော်က ဆုံးဖြတ်ချက်ကို အစောကြီးကတည်းက ချထားပြီးသား ဖြစ်သည်။ အကယ်၍ သူအနေနှင့် အင်အားပြန်ကောင်းလာဖို့ နှစ်ပေါင်းများစွာ ပြန်ပြီး ဂူပိတ်ကျင့်ကြံရမည်ဆိုလျှင်ပင် သူက ယနေ့ မိုဝူကျိအား ရအောင်သတ်မည် ဖြစ်သည်။ သူ၏ အတွေ့အကြုံများအရ အဘယ်ကြောင့် သူက မိုဝူကျိအား တစ်ခေါက် ပြန်ထောင်လာခွင့် ပေးပါ့မည်နည်း။

မိုဝူကျိ ရပ်လိုက်သည့်အခိုက် သွေးမြစ်များက ပို၍အရှိန်အဟုန်ပြင်းစွာ ပေါက်ထွက်လာသည်။ သန်းပေါင်းထောင်ချီသော သွေးရောင်ချွန်းများက သွေးလှိုင်းများထဲမှ ပြေးထွက်လာကြသည်။ ဤအခိုက်အတန့်၌ ချွန်းများသွားရာ လမ်းတစ်လျှောက်ရှိ သက်ရှိအရာမှန်သမျှသည် အညှာအတာမရှိ သိမ်းကျုံးဝါးမြိုခြင်းကို ခံလိုက်ရလေသည်။

မိုဝူကျိက ပေါက်ကွဲနေသော သွေးမြစ်များကိုလည်း မကြည့်သလို သန်းထောင်ချီသော ချွန်းများကိုလည်း မမှုမထားချေ။ လောလောဆယ်၌ တာအိုစည်းမျည်းများက သူ၏ ပတ်ပတ်လည်တွင် လှည့်ပတ်ဝန်းရံနေကြသည်။ ရှင်းလင်းပြီးပြည့်စုံသော လူသား တာအိုစည်းမျည်းများက အကောင်အထည်ပေါ်လာပြီး လင်းလက်နေသည့် တာအိုအလင်းတန်းများကို ဖြစ်ပေါ်စေနေသည်။ မိုဝူကျိက ဤတာအို အလင်းတန်းများအလယ်တွင် သူ၏မျက်လုံးများကို ပိတ်လျက် သူ၏ လက်များကို စတင်လှုပ်ယမ်းလိုက်သည်။

ဤသည်မှာ သူတစ်ခါမှ ထုတ်မသုံးဖူးသေးသည့် တစ်ခုတည်းသော လျို့ဝှက်ပညာရပ် ဖြစ်သည်။

အချိန်လမ်းကြောင်း လျို့ဝှက်ပညာရပ် အချိန်တိုးခြင်း တိုက်ကွက်…

ပြောရမည်ဆိုလျှင် သူလုံးဝ ထုတ်မသုံးရသေးသည်တော့ မဟုတ်ချေ။ ယခင်က သူ အချိန်လမ်းကြောင်း လျို့ဝှက်ပညာရပ်ကို သုံးခဲ့ဖူးသည်။ သို့သော် ထိုတုန်းက သူ၏ အာကာပြင် ချုပ်နှောင်မှုတိုက်ကွက်အပေါ်တွင် အချိန်စည်းမျည်း တချို့ ထပ်ထည့်ရန်အတွက်သာ သုံးခဲ့ခြင်းဖြစ်သည်။

ယခု သူက ဝိဇ္ဇာတစ်ပိုင်းအဆင့် ၉ ထဲတွင် ရောက်နေပြီဖြစ်ကာ သူ၏ လူသားကမ္ဘာထဲရှိ စည်းမျည်းများကို ပြီးပြည့်စုံအောင် လုပ်ပြီးသွားပြီလည်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ သူက အချိန်လမ်းကြောင်းလျို့ဝှက်ပညာရပ်ကို ထုတ်သုံးနိုင်ခဲ့လေပြီ။

အချိန်များ ရပ်တန့်သွားကာ အာကာပြင်က ခဲလာလေသည်…

ဤအခိုက်အတန့်၌ အရာအားလုံးက ရပ်တန့်နေသည်။ ဤအခိုက်အတန့်၌ စကြဝဠာထဲရှိ အချိန်စည်းမျည်းများ အားလုံးက ခဲသွားလေသည်။ အချိန်စည်းမျည်း လက်အောက်ရှိ သန်းထောင်ချီသော တာအိုစည်းမျည်းများမှာ ရပ်တန့်နေ၏။

ထိုထဲတွင် ပေါက်ကွဲနေသော သွေးမြစ်များနှင့် သန်းထောင်ချီသောသွေးချွန်းများလည်း အပါအဝင် ဖြစ်သည်။

ထိုအခိုက်အတန့်၌ တစ်စက္ကန့်လေးကပင် ထာဝရအဖြစ် ပြောင်းလဲသွားလေ၏။

လှုပ်ရှား၍ ရနေသေးသည့် အာကာပြင်ဆို၍ မိုဝူကျိနားက အာကာပြင်သာ ရှိပေလိမ့်မည်။ အရာအားလုံး ရပ်တန့်သွားပြီးနောက် မိုဝူကျိက ခရမ်းရောင် တာအိုစည်းမျည်းဘေးသို့ ရောက်သွားကာ ထိုအရာကို ဖမ်းဆုပ်ယူလိုက်သည်။

သူက ပါးစပ်အပြည့်စာ သွေးတစ်ကွက် အန်လိုက်ကာ သူ၏လက်မှာ တုန်ယင်နေသည်။ သူ၏ ပတ်ပတ်လည်မှ အာကာပြင်သည် နဂိုအခြေအနေကို ပြန်ရစပြုလာသည်။ ထိုအခါမှ ထာဝရက ပျောက်ကွယ်သွားလေ၏။

သူအဘယ်ကြောင့် သွေးအန်ရသနည်းအား မိုဝူကျိက သေချာသိသည်။ သူ သွေးအန်သွားရသည်မှာ သူက အချိန်စည်းမျည်းများကို မထိန်းချုပ်နိုင်သေး၍ ဖြစ်ကာ ဤစကြဝဠာ တာအိုစည်းမျည်းကြောင့် မဟုတ်ပေ။

သူ၏ အချိန်စည်းမျည်းမှာ အပေါ်ယံလောက်သာ ရသည်။ အချိန်ကို ဆတိုးမြန်အောင် အတင်းပြုလုပ်ခြင်းနှင့် အချိန်ကို ရပ်တန့်ခြင်းက သူ၏လုပ်နိုင်စွမ်း ကန့်သတ်ချက်ကို ကျော်လွန်နေသည်။

“အချိန်စည်းမျည်းပဲ…”

မျက်နှာနီနှင့်လူက အထိတ်ထိတ် အပျာပျာ ထအော်လိုက်သည်။ အော်မြည်နေသော သွေးမြစ်များက ဆင်းသက်လာသည်။ သန်းထောင်ချီသောချွန်းများမှာ ပျောက်ကွယ်သွားသော်လည်း သွေးမြစ်များက မိုဝူကျိဆီသို့ ပြေးဝင်နေဆဲဖြစ်သည်။

ဆင်းသက်လာသော သွေးမြစ်များအား မိုဝူကျိက အလေးမထားပေ။ သူက လက်ကို လှုပ်ရှားလိုက်သည်။ ထို့နောက် အဆုံးမရှိသော တာအိုစည်းမျည်းစွမ်းအားကို ခံစားလိုက်ရသည်။ ခရမ်းရောင် တာအိုစည်းမျည်းအား သူ၏ လူသားကမ္ဘာထဲသို့ တန်းထည့်လိုက်သည်။

သူက ဤခရမ်းရောင် တာအိုစည်းမျည်းအပေါ် မည်သည့် အချုပ်အနှောင်မျှပင် မပြုလိုက်နိုင်ခဲ့ပေ။ အကယ်၍ သူသာ အချိန်ထပ်ဖြုန်းနေပါက ခရမ်းရောင် တာအိုစည်းမျည်းသည် သူနှင့် မျက်နှာနီဘိုးတော်ကြားမှ တိုက်ပွဲထဲသို့ တစ်ခေါက်ထပ် ပြန်ဆွဲထည့်ခံရလိမ့်မည်မှန်း မိုဝူကျိက သေချာသည်။

မိုဝူကျိက တာအိုစည်းမျည်းကို သိမ်းလိုက်သည့်နှင့် သွေးမြစ်များက တစ်ခါ ထပ်မံ ရပ်တန့်သွားပြန်သည်။ ဤတစ်ကြိမ်မှာ မိုဝူကျိ၏ အချိန်စည်းမျည်း လျို့ဝှက်ပညာရပ်ကြောင့် ရပ်ရခြင်း မဟုတ်ပေ။ အကယ်၍ ဤနေရာမှ စကြဝဠာ တာအိုစည်းမျည်းကို တကယ်လိုချင်ပါက မိုဝူကျိနှင့်သူနှင့် သူသေကိုယ်သေ တိုက်မှရမည်မှန်း မျက်နှာနီနှင့်လူက သိသွားသောကြောင့် ဖြစ်သည်။ ဤမျှအကြာကြီး တိုက်ပြီးပြီဖြစ်လေရာ မိုဝူကျိက သူ့အား မကြောက်မှန်း အဘယ်ကြောင့် သူက မသိဘဲနေပါ့မည်နည်း။

အနီရောင်ပုံရိပ် တစ်ခုက မိုဝူကျိ၏ရှေ့တည့်တည့်တွင် ပေါ်လာသည်။

 မျက်နှာနီ၊ ဆံပင်နီ နှင့် အသားနီနီ…

“တကယ်ပဲ မင်းက ဘယ်သူများလဲ”

မျက်နှာနီနှင့်လူက သူ၏ ချွန်းကို လက်ထဲတွင် တင်းတင်းဆုပ်ထားရင်း မိုဝူကျိအား အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူ၏ကိုယ်မှာ သတ်ဖြတ်ငွေ့တို့ဖြင့် ပြည့်လျှံနေသည်။

ဤတစ်ကြိမ်တွင် သူက မတိုက်ခိုက်ပေ။ မိုဝူကျိ၏ တိုက်ကွက်များကို မြင်ပြီးသည့်နောက် မိုဝူကျိသည် သူ့အောက် အားနည်းလိမ့်မည် မဟုတ်မှန်း သူက သဘောပေါက်သွားသည်။ မိုဝူကျိက မည်သည့် မှော်ရတနာကိုမျှ မထုတ်သုံးဘဲနှင့် သူ့ဆီမှ ခရမ်းရောင် တာအိုစည်းမျည်းကို လုယူသွားနိုင်ခဲ့သည်။ အကယ်၍ သူသာ ပိုပြီး တိတိကျကျ ပြောရမည်ဆိုလျှင် မိုဝူကျိက တကယ်တမ်းတွင် သူ့ထက် အနည်းငယ် ပို၍အားကောင်းလေသည်။

“ခင်ဗျားက တကယ်ပဲ ဝိဇ္ဇာတစ်ယောက်လား”

မိုဝူကျိက သူ၏တာအိုကို လှည့်ပတ်လိုက်သောအခါ သူ့ကိုယ်ပေါ်မှ ဒဏ်ရာများ ပျောက်သွားလေသည်။

ဤမျက်နှာနီနှင့်လူက သူ့အား လိမ်ညာနေခြင်း မဟုတ်ဘူးဟု မိုဝူကျိ ယုံကြည်သည်။ အနည်းဆုံးတော့ ဤလူလောက် အားကောင်းသည့် ဝိဇ္ဇာတစ်ပိုင်းအဆင့်နှင့်လူကို မိုဝူကျိက တစ်ခါမျှ မတွေ့ဖူးချေ။

မိုဝူကျိက အားအလွန်ကောင်းပါလျက်နှင့် သူ့အား မသိသည့်အတွက် မျက်နှာနီနှင့်လူက အနည်းငယ်တော့ သံသယဖြစ်မိသည်။ ဤကောင်လေးက အားကောင်းလွန်းသည့်အရိုက်အရာခံ နတ်ဘုရားတစ်ယောက်ယောက် ဝင်စားသည့်သူ မဟုတ်ဘူးလော…

“ကျုပ်က ဝိဇ္ဇာ မီကျိပါ။ ဒါပေမဲ့ ကျုပ်က မင်းသိထားတဲ့ ဝိဇ္ဇာတချို့နဲ့တော့ နည်းနည်းကွဲပြားတယ်။ ပြောရမယ်ဆို ကျုပ်က နတ်ဘုရားအာဏာစက် မရှိတဲ့ ဝိဇ္ဇာတစ်ယောက်ပဲ”

မျက်နှာနီနှင့်လူက နောက်ဆုံးတွင် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် လုပ်နိုင်လိုက်လေသည်။

ထိုသူက နတ်ဘုရားအာဏာစက် ရှိမရှိအား မိုဝူကျိက စိတ်မဝင်စားပေ။ သူက နတ်ဘုရားအာဏာစက်နှင့် အဆင့်မြင့်ကျင့်ကြံသူ တော်တော်များများကို မြင်ဖူးပြီးပြီ ဖြစ်ကာ သူတို့ထဲမှ အနည်းစုကသာ သူ့ထက် အားကောင်းလေသည်။

“ဒါဆို ခင်ဗျားက လော့ရှုကို သိတယ်ပေါ့။ ဝိဇ္ဇာရှစ်ပါးထဲမှာ ဘယ်နယောက်လောက် အသက်ရှင်နေသေးလဲဆိုတာ ခင်ဗျား ကျုပ်ကို ပြောပြနိုင်လား”

မိုဝူကျိက အသာမေးလိုက်သည်။

မီကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက မိုဝူကျိ၏ မေးခွန်းကို ဖြေရန် စိတ်ကူးမရှိပေ။ ထိုအစား သူက ပြောလိုက်သည်မှာ

“တာအိုရောင်းရင်း စောစောက သိမ်းလိုက်တဲ့ တာအိုစည်းမျည်းက ကျုပ်အတွက် ပိုအသုံးတည့်နေတယ်။ တာအိုရောင်းရင်းရဲ့ တာအိုက အရမ်းကို ခိုင်မာတယ်လေ။ ခင်ဗျားအတွက် ဒီလို အပြင်ကမ္ဘာရဲ့ တာအိုစည်းမျည်းကို မလိုအပ်ပါဘူး။ တာအိုရောင်းရင်းသာ အဲ့ဒီတာအိုစည်းမျည်းကို ကျုပ်ကို ပေးဖို့ ဆန္ဒရှိသရွေ့ ခင်ဗျား လိုချင်တဲ့အခြေအနေကို တောင်းဆိုနိုင်တယ်”

“စိတ်မဝင်စားဘူး”

မိုဝူကျိက စကားပြောရင်း ဘေးသို့လှမ်းလိုက်သည်။

မိုဝူကျိ ထွက်သွားတော့မည်ကို မြင်သောအခါ မီကျိက အလောတကြီး ခေါ်ပြောလိုက်သည်။

“တာအိုရောင်းရင်း… ခင်ဗျား စကြဝဠာဆိုင်ရာ ဝိဇ္ဇာတာအိုညီလာခံအကြောင်း ကြားဖူးလား မသိဘူး”

မိုဝူကျိက ရပ်လိုက်ကာ မီကျိအား ကြည့်ရင်း

“ဘာစကြဝဠာဆိုင်ရာ ဝိဇ္ဇာတာအိုညီလာခံလဲ”

“စကြဝဠာဆိုင်ရာ ဝိဇ္ဇာတာအိုညီလာခံက စကြဝဠာရဲ့ ထိပ်သီးအဆင့်ကျင့်ကြံသူတွေ အကုန်လုံး တာအိုအကြောင်း ဆွေးနွေးဖို့ အတူတူ လာစုံကြတဲ့နေရာပဲ။ တစ်ချိန်တည်းမှာပဲ သူတို့တွေက ထိပ်တန်းအဆင့် ပစ္စည်းတွေကို လဲလှယ်ကြမယ်။ ဝိဇ္ဇာတာအိုညီလာခံ ကာလအတွင်းမှာ မင်း မလိုချင်တဲ့ ပစ္စည်းပဲ ရှိမယ်… မင်း လိုချင်ပေမယ့် ရှာမတွေ့တဲ့ ပစ္စည်းဆိုလို့ အဲ့ဒီမှာ မရှိဘူး။ တကယ်လို့ တာအိုရောင်းရင်းသာ စိတ်ဝင်စားမယ်ဆိုရင် ညီလာခံဘယ်အချိန် ကျင်းပမလဲဆိုတာ ကျုပ်ပြောပြနိုင်တယ်။ အဲ့ဒီအချိန်ကျရင် ကျုပ်ဘာကိုဆိုလိုမှန်း ခင်ဗျားသိလိမ့်မယ်”

မီကျိ၏ မျက်နှာနီပေါ်တွင် ရုတ်တရက် အပြုံးရေးရေးတစ်ခု ပေါ်လာသည်။ ထိုမျက်နှာက တကယ့်ကို စိတ်ပျက်စရာကောင်းပြီး ရုပ်ဆိုးလှ၏။

ဤသို့ပြောပြီးနောက် မီကျိ ကြည့်ရသည်မှာ မိုဝူကျိ တွေဝေနေမည်ကို စိုးရိမ်နေပုံပေါ်ကာ သူက ထပ်ထည့်ပြောလိုက်သည်။

“တာအိုရောင်းရင်းက အချိန်စည်းမျည်း လျို့ဝှက်ပညာရပ်ကို ထုတ်သုံးလိုက်တာကို ကျုပ် မြင်ရတယ်။ တာအိုရောင်းရင်းရဲ့ အချိန်စည်းမျည်းအပေါ် နားလည်မှုက သာမန်ကာလျှံကာလောက်ပဲ ရှိနေသေးတာကိုလည်း ကျုပ် သတိထားမိတယ်။ ကျုပ် တာအိုညီလာခံမှာ စကြဝဠာအချိန်စည်းမျည်းရဲ့ တာအိုလမ်းစဉ် စာအုပ်မူရင်းကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်နဲ့ တွေ့ဖူးတယ်။ ဒါပေမဲ့ သူရဲ့ခေါ်ဈေးက ကျုပ်အတွက် အရမ်းမြင့်နေခဲ့တယ်လေ”

မိုဝူကျိက မီကျိ၏ အကြံကို အဘယ်ကြောင့် နားမလည်ဘဲနေပါ့မည်နည်း။ မီကျိက မိုဝူကျိ စကြဝဠာတာအို စည်းမျည်းကို ယူပြီး ထွက်သွားမည်ကို ကြောက်နေသည်။ ထို့ကြောင့် သူက မိုဝူကျိနှင့် ဆက်သွယ်မှုတစ်ခုကို ထိန်းသိမ်းထားချင်သည်။ ထို့နောက်တွင်မှ သူက ထိုတာအိုစည်းမျည်းကို ပြန်ယူရန် နည်းလမ်းစဉ်းစားမည် ဖြစ်သည်။

မိုဝူကျိ၏ လက်ထဲရောက်သွားပြီးသား အရာကို ပြန်ယူနိုင်မည်ဟု သူတွေးနေခြင်းမှာ တကယ့်ကို မဖြစ်နိုင်သည့် အိမ်မက်တစ်ခုပင်။ သို့သော် မိုဝူကျိက ဤစကြဝဠာဝိဇ္ဇာ တာအိုညီလာခံအား နည်းနည်း စိတ်ဝင်စားမိသည်။ အဓိက အကြောင်းအရင်းမှာ သူ၏ သစ်နက်အတွက် သဘာဝအမြုတေတချို့ လိုအပ်နေသေးသောကြောင့် ဖြစ်သည်။ ထို့အပြင် သူက ဤအချိန်စည်းမျည်း တာအိုလမ်းစဉ် စာအုပ်မူရင်းကိုလည်း တစ်ချက်လောက် ကြည့်ကြည့်ရန် စိတ်ဝင်စားမိနေသည်။

မီကျိက ဉာဏ်များကာ အတွေ့အကြုံ ရှိသည်။ မိုဝူကျိ၏ မျက်နှာကို တစ်ချက်ကြည့်ရုံဖြင့် သူက မိုဝူကျိ တွေဝေနေပြီမှန်း အဘယ်ကြောင့် သူက မပြောနိုင်ဘဲ နေပါ့မည်နည်း။ သူက ချက်ချင်းပင် ဆက်သွယ်ရေး ပုတီးစေ့ကို ထုတ်ယူကာ မိုဝူကျိဆီ ပေးလိုက်သည်။

“တာအိုရောင်းရင်း… ကျုပ်တို့တွေ အချင်းချင်း ဆက်သွယ်ရေးပုတီးစေ့ ဖလှယ်ထားရအောင်ပါလား။ ဝိဇ္ဇာတာအိုညီလာခံ စတော့မယ့်အချိန်ရောက်ရင် ကျုပ် ခင်ဗျားကို ဆက်သွယ်လိုက်မယ်လေ”

“ကောင်းသားပဲ”

မိုဝူကျိက သူ၏ ဆက်သွယ်ရေးပုတီးစေ့ကို ထုတ်ယူကာ မီကျိနှင့် ပုတီးစေ့ချင်း ဖလှယ်လိုက်သည်။

မိုဝူကျိက လက်ရှိတွင် ဝိဇ္ဇာတစ်ပိုင်းအဆင့် ၉ ၌ ရောက်နေပြီ ဖြစ်ကာ ဤကိစ္စများ ဖြေရှင်းပြီးသွားလျှင် ဝိဇ္ဇာတစ်ပိုင်းအဆင့် ၁၀ သို့မဟုတ် ထို့ထက် မြင့်သည့်အဆင့်သို့ တရှိန်ထိုးတက်သွားမည် ဖြစ်သည်။ ထို့အပြင် သူက ကမ္ဘာဦး မိခင်သံမဏိကို မကြာသေးခင်ကမှ ရရှိခဲ့သည်။ ထိုအရာကို သုံးပြီး မှော်ရတနာတစ်ခု ပြုလုပ်ပြီးသွားပါက မည်သည့်ဝိဇ္ဇာနှင့်မဆို စကားပြောဆိုခွင့် ရှိသွားမည် ဖြစ်သည်။

သူ့ဆီတွင် အင်အားရှိသွားပြီ ဖြစ်သဖြင့် စကြဝဠာဆိုင်ရာ ဝိဇ္ဇာတာအိုညီလာခံသို့ သူ သွားလည်နိုင်သည်။ တစ်ချိန်တည်းမှာပင် သူက ကမ္ဘာပျက်ကပ်ကြီးအကြောင်း ပိုသိရရန် စုံစမ်းရပေဦးမည်။

***

All Chapters