← Chapters

သွေးလွှမ်းမည့် တိုက်ပွဲ၊ မရဏစာချုပ်

Vol. 7 Ch. 85

သွေးလွှမ်းမည့် တိုက်ပွဲ၊ မရဏစာချုပ်

Vol. 7 Ch. 85

“ကျုပ် တောင်းဆိုမယ့် အရာ နှစ်ခုပဲ ရှိတယ်။ အဲ့နှစ်ခုက ရိုးရှင်းပါတယ်…”

ဝမ်ကြွယ်ချူးသည် ဟန်မူရာကင်းမဲ့စွာ ပြောလိုက်သည်။

“ပထမတစ်ခု။ ခင်ဗျားရဲ့ လူတွေဟာ ကျုပ်ဂိုဏ်းရဲ့ လွှမ်းမိုးမှု ဧရိယာအပြင်ကို သွားရမယ်။ ပြီးတော့ ကျုပ်ဂိုဏ်းရဲ့ တပည့်တွေ ထိန်းချုပ်မှုအောက်မှာ အုပ်စုဖွဲ့ နေရမယ်…” ဂိုဏ်းချုပ်ဝမ်၏ လေသံက မာကြောနေသည်။

“ရတယ်…ပြဿနာ မရှိဘူး…” ကျားထျန်လုက တုန့်နှေးမနေဘဲ ပြန်ဖြေသည်။

သူ့ရန်သူက ခုလောက် လွယ်လင့်တကူ ပြန်ဖြေသည်ကို မြင်သည့်အခါ ဝမ်ကြွယ်ချူးသည် အေးတိအေးစက် ရယ်မောလိုက်ပြီး သူ့ ဒုတိယတောင်းဆိုမှုကို တိုက်ရိုက် ပြောချသည်။

“ဒုတိယတစ်ခုက ခင်ဗျားနဲ့ကျုပ် မရဏစာချုပ်မှာ လက်မှတ်ထိုးပြီး ခင်ဗျားတို့ တောင်အောက် မဆင်းခင် သေတဲ့အထိ တိုက်ခိုက်ရမယ်။

“မရဏစာချုပ်လား…”

“သူ ဒီလောက်ထိ အပြင်းအထန် ဖြစ်သွားတာလား…”

“သူ ရူးသွားတာလား…”

ဝမ်ကြွယ်ချူး၏ပါးစပ်မှ မရဏစာချုပ်ဟူသော အမည် ထွက်ပေါ်လာသည်နှင့် လူအုပ်ကြား အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ ထိုစကားကို ကြားလိုက်သော သူများ၏ မျက်နှာပေါ်၌ အမူအရာ အမျိုးမျိုး ဖြစ်ကုန်သည်။ တချို့က စိတ်လှုပ်ရှား၏။ တချို့က ဖြူဖပ်ဖြူရော ဖြစ်ကုန်သည်။ တချို့က မည်သို့သော ရလဒ်ထွက်ပေါ်လာမည်ကို သိချင်စိတ် ပြင်းပြကုန်၏။

ဂိုဏ်းချုပ်ဝမ်၏ တောင်းဆိုမှုကို ကြားရသည့်နောက် ကျားထျန်လုံ၏ အမူအရာသည် ဖြတ်ခနဲ လှုပ်ရှားမှု ဖြစ်ပေါ်သွား၏။ သို့သော် သူ့အမူအရာမှာ ချက်ခြင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ကျုပ် ကြားလိုက်ရတဲ့ ဒုတိယတောင်းဆိုချက်က မှားများနေလား။ ကျုပ်တို့နှစ်ယောက်လုံး မရဏစာချုပ်မှာ လက်မှတ်ထိုးပြီး တစ်ယောက်ပဲ သေတဲ့အထိ တိုက်ခိုက်ကြမယ် ဟုတ်လား…”

ကျားထျန်လုံက မထုံတထေး ပြန်မေးကာ ရယ်မောလိုက်၏။

“မမှားဘူး။ ခင်ဗျားနား ကောင်းပါတယ်။ ဒါက ဒုဂိုဏ်းချုပ်ဝူနဲ့ တခြားသူတွေ သေဆုံးခဲ့ရတဲ့အတွက် သွေးကြွေး ပြန်တောင်းဖို့ပဲ။ ဒါ့ကြောင့် ကျုပ်မှာ ရွေးချယ်စရာ မရှိဘဲ ဒီအချက်ကို တောင်းဆိုတာ။ ခင်ဗျားနဲ့ကျုပ်ကြားက မရဏစာချုပ်ကိုပေါ့…”

ဝမ်ကြွယ်ချူးသည် အေးတိအေးစက် ပြောကာ သူ့ဓားပေါ်တွင် လက်တင်လျက် ကျားထျန်လုံကို စိုက်ကြည့်သည်။

ကျားထျန်လုံက ရယ်မောလိုက်သော်လည်း သူက ချက်ခြင်း ပြန်မဖြေပေ။ သူ စဉ်းစားနေ၏။ သူ့မျက်လုံးက အရောင်တောက်နေသည်။

လူအုပ်ကြား၌လည်း ဆွေးနွေးသံများ ထွက်ပေါ်လာသည်။ ဟန်လိသည် မရဏစာချုပ်အကြောင်း မသိထား၍ သူ့အဖို့ ဘေးတွင် ရပ်နေသော လီဖေးယွီကို မေးရန်သာ ရှိတော့သည်။

“မရဏစာချုပ်က ဘာလဲ။ ကြည့်ရတာ တခုခု ထူးခြာတဲ့အရာ ဖြစ်ပုံ ရတယ်…”

“ဘာကြီး။ မင်း မရဏစာချုပ်အကြောင်း မသိဘူးပေါ့။ ဒါတော့ များသွားပြီ။ ကျန်းဟူမှာ ရန်ငြှိုးတွေကို ဖြေရှင်းတဲ့ နည်းလမ်းအများကြီး ရှိတယ်။ အဲ့ထဲမှာ အကျော်ကြားဆုံးနဲ့ သွေးထွက်သံယိုအဖြစ်ဆုံးက မရဏစာချုပ်ပဲ…”

အံအားတသင့်ဖြင့် လီဖေးယွီသည် ဟန်လိကို ပြန်ရှင်းပြသည်။

“ငါက နတ်ဘုရားလက်တောင်ကြားထဲမှာ ရှိတဲ့ အရာတွေကိုပဲ သိထားတာ။ ကျန်းဟူရဲ့ ကိစ္စရပ်တွေကို ငါ စိတ်မဝင်စားဘူးဆိုတာ မင်း သိပါတယ်။အဲ့တော့ ဒီစာချုပ်အကြောင်း ငါ မသိတာ တအားများ ထူးဆန်းသွားလို့လား…” ဟန်လိက လေသံတိုးတိုးဖြင့် မကျေမချမ်း ခွန်းတုန့်ပြန်လိုက်၏။

“အို…ဟုတ်သားပဲ။ ဟုတ်တာပေါ့…ငါ မေ့သွားတာပါကွ…” လီဖေးယွီက ခေါင်းကုတ်ကာ ပြန်ပြောသည်။

“မရဏစာချုပ်ကို အမုန်းတရား ကြီးမားတဲ့သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ငြှိုးဖြေရှင်းဖို့အတွက် မကြာဆိုသလို အသုံးပြုတယ်။ သူတို့ မတိုက်ခင် သူတို့ဟာ သေခြင်းရှင်ခြင်းစာချုပ်ကို လက်မှတ်ထိုးရတယ်။ သူတို့ တိုက်ပွဲထဲ ဝင်လိုက်ပြီဆိုတာနဲ့ တယောက်မှ မကျန်တဲ့အထိ တိုက်ခိုက်ကြမှာ ဖြစ်တယ်။ တယောက်ယောက်က တိုက်ပွဲကနေ တဝက်မှာ ထွက်သွားခဲ့ရင် အဲ့လူရဲ့ ဂုဏ်သိက္ခာဟာ နှစ်ပြားမတန် ဖြစ်သွားပြီး လူတကာရဲ့ အထင်အမြင်သေးခံရမယ့်အပြင် ကျန်းဟူထဲမှာ ရှိတဲ့သူတိုင်းက အဲ့လူကို သတ်ပိုင်ခွင့် ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းဟူရဲ့ လူတိုင်းက မရဏစာချုပ်ကို အလေးအမြတ် ထားကြလို့ပဲ။ ဒီစာချုပ်ကို ချိုးဖောက်တဲ့သူဟာ တခြားသူတွေကို သတိပေးတဲ့အနေနဲ့ အပြတ်ရှင်းခံရလိမ့်မယ်…”

“ဒါ့အပြင် အဲ့လို စာချုပ် ချုပ်ဆိုပြီး တိုက်တဲ့ တိုက်ပွဲတွေမှာ ပါဝင်တဲ့ သူတွေဟာ အသေအကြေ တိုက်ခိုက်ကြပြီး ပုံမှန်ထက် သွေးလွှမ်းတယ်။ ရက်စက်ပြင်းထန်တယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒီနည်းလမ်းနဲ့ သူတို့ရဲ့ ရန်ငြှိုးတွေကို ဖြေရှင်းတဲ့သူတွေဟာ လျော့ပါးလာခဲ့တယ်…”

လီဖေးယွီသည် ဖြည်းဖြည်းချင်း ရှင်းပြသည်။

သူ့ရှင်းပြချက်ကို ကြားပြီးနောက် ဟန်လိသည် မျက်ခုံးနှစ်ခု စုကြုံ့သွား၏။ သူက သည်မရဏစာချုပ်၏ အဓိပ္ပာယ်အမှန်ကို နားလည်သွားသည်။ ဂိုဏ်းချုပ်ဝမ်က ကျားထျန်လုံနှင့် မရဏစာချုပ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာကို သဘောမကျပေ။ သူ့အမြင်အရ ဤသို့သော တိုက်ပွဲမှာ တစ်ယောက်က‌ သေပြီး အခြားတစ်ယောက်က ဒဏ်ရာအပြင်းအထန် ရခြင်းနှင့် အဆုံးသပ်ရလိမ့်မည်။

“ကောင်းပြီ…ကျုပ် သဘောတူတယ်။ ဒီတော့ မရဏစာချုပ် ချုပ်ကြတာပေါ့…”

ကျားထျန်လုံ ဘုန်းကြီးလူပုရွှေအလင်းကြောင့် ထိုသို့ သဘောတူလာခဲ့တာ ဖြစ်သည်။

ကျားထျန်လုံက သူ၏ ရန်သူဖြစ်သူသည် သူ့ကို ထိုသို့သော ပုံစံမျိုးဖြင့် အသေသတ်ဖို့ ရမယ် ရမှတော့ သူ့အတွက် ချီးရွှမ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ဖယ်ရှားဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာသည် မဟုတ်ပါလား။

ကျားထျန်လုံသည် ဝမ်ကြွယ်ချူး၏ အတွေးကို သေချာသိသွားသည်။ သူက ပုန်းကွယ်နေသော သူ့သိုင်းဦးလေးသုံးယောက်၏ အကူအညီကို လိုချင်နေတာ သိသာသည်။ သို့သော် သနားစရာ ကောင်းသည်မှာ သူသည် သူ၏ သူလျှို့များကနေ ထိုသုံးယောက်၏ တည်ရှိမှုကို သိထားပြီး ဖြစ်သည်။ ထိုသူတို့ကို ရင်ဆိုင်ဖို့လည်း ကြိုပြင်ဆင်ထားခဲ့ပြီး မဟုတ်လား။

သူ့ဘက်တွင် ဓားပျံပညာရပ်ကို တတ်ကျွမ်းထားသော အင်မောတယ်ကျင့်ကြံသူတစ်ယောက် ရှိနေ၍ သည်တိုက်ပွဲ၌ သူ့အဖို့ အနိုင်ရမည့် အခွင့်အရေးမှာ ကိုးဆယ်ရာခိုင်နှုန်းကျော် ရှိနေပေသည်။

ဝမ်ကြယ်ချူးနှင့် ချီးရွှမ်ဂိုဏ်းမှ ကျန်သည့် ကျွမ်းကျင်သူများကို သူ သတ်နိုင်ပါက သူ့အတွက် တန်နေပြီ မဟုတ်လား။ သူ့တိုက်ခိုက်မှုက သည်တကြိမ်၌ ကျရှုံးခဲ့လျှင်ပင် ပူပန်နေစရာ အကြောင်းမရှိတော့ပေ။ အကြောင်းမှာ နောက်တကြိမ် သူ တိုက်ခိုက်ပါက ချီးရွှမ်ဂိုဏ်းသည် ခုခံဖို့ ခွန်အား မဲ့သွားတော့မည် ဖြစ်သောကြောင့်ပင်။ တကယ်တော့ ကျွမ်းကျင်သူတစ်ယောက် အင်အားပြည့်တင်းဖို့မှာ တစ်နှစ်တည်း လုပ်၍ ရသောအရာ မဟုတ်ပါ။

ထိုသို့သော အကြောင်းရင်းများကြောင့် ကျားထျန်လုံက စွန့်စားကြည့်ဖို့ ရွေးချယ်ကာ မရဏစာချုပ်ကို သဘောတူခဲ့တာ ဖြစ်၏။

“ဂိုဏ်းချုပ်ဝမ်။ မရဏစာချုပ်ရဲ့ စည်းမျဉ်းတွေအရ ခင်ဗျားဟာ တိုက်ခိုက်မယ့် အချိန်နဲ့ နေရာကို ရွေးရမယ်။ ကျုပ် ကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ တိုက်ခိုက်မယ့် နည်းလမ်းနဲ့ တိုက်ခိုက်မယ့်သူ အရေအတွက်ကိုတော့ ကျုုပ် ဆုံးဖြတ်ရမှာ။ ဟုတ်တယ်မလား…”

ကျားထျန်လုံ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။

“ဟက်…ခင်ဗျား ပြောတာ အမှန်ပဲ…” ဝမ်ကြွယ်ချူးက အလိုမကျဟန်ဖြင့် ပြန်ဖြေသည်။

“ကောင်းပြီ။ ဒါဆိုလည်း ကျူုပ်အနေနဲ့ တိုက်ပွဲဝင်မယ့်သူ အယောက်တစ်ရာ သတ်မှတ်တယ်။ တဘက်ကို အယောက်ငါးဆယ်စီပေါ့…”

သတိထားဟန် ပြမနေဘဲ ကျားထျန်လုံက သူ့တောင်းဆိုမှုကို ချက်ခြင်း ပြောသည်။

“လူငါးဆယ်လား။ သစ္စာရှိရှိ တိုက်ခိုက်ရမယ့် လူငါးဆယ်…” ဂိုဏ်းချုပ်ဝမ်၏ အေးစက်စက် မျက်နှာပေါ်၌ အံ့အားသင့်ဟန် ပေါ်လာသည်။

မရဏစာချုပ်တိုက်ပွဲများ၌ လူအများအပြား ပါဝင်နိုင်ဖို့ ခွင့်ပြုထားပေသည်။ သို့သော်လည်း လူနှစ်ဆယ်၊သုံးဆယ် ဆိုလျှင်ပင် များနေပြီ ဖြစ်၏။ အခု ကျားထျန်လုံက သစ္စာရှိ တိုက်ပွဲဝင်တစ်ရာကို တောင်းဆိုခြင်းသည် တခြား အလားတူ မရဏစာချုပ် တိုက်ပွဲများ၌ ဖြစ်ခဲလှသည်။

သို့သောလည်း ဝမ်ကြွယ်ချူးသည် မရဏစာချုပ်တိုက်ပွဲကို တောင်းဆိုခဲ့ပြီး ဖြစ်၍ သူ့စကားများ ပြန်ရုတ်သိမ်းလို့ရမည့် နည်းလမ်း မရှိတော့ပေ။ ထို့အပြင် သူသည် သူ့စီနီယာဦးလေးသုံးယောက်ကြောင့် ဒီတိုက်ပွဲ၌ အတော်လေး ယုံကြည်မှု ရှိနေသည်။

သည့်အပြင် သူသာ ကျားထျန်လုံကို သတ်နိုင်ပါက သူ ပေးရမည့် တန်ဖိုးက မည်မျှ ကြီးပါစေ ထိုက်တန်သည်။ ထိုကဲ့သို့ အကြံများလှသော ကျားထျန်လုံ သေသွားပါက သူ့လက်အောက်မှ ဂိုဏ်းသားများသည် နောင်တက်လာမည့် ဂိုဏ်းခေါင်းဆောင်ဖြစ်လာဖို့အတွက် ချက်ခြင်း တိုက်ခိုက်ကြမှာ သေချာသည်။ ထိုအခါကျလျှင် ဝံပုလွေရိုင်းဂိုဏ်းသည် အုပ်စုများစွာ ကွဲသွားကာ အာဏာကော၊အင်အားကော လျော့ကျသွားလိမ့်မည်။ ထိုသို့ဖြစ်လာပါက ဝံပုလွေရိုင်းဂိုဏ်းသည် ချီးရွှမ်ဂိုဏ်းအတွက် ချိန်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တော့ မဟုတ်ပေ။

ထိုသို့ တွေးကာ ဂိုဏ်းချုပ်ဝမ်က ခေါင်းညိတ်ကာ တဘက်လူ၏ တောင်းဆိုမှုကို သဘောတူ လိုက်၏။

“ငါ့ကောင်တွေ… တိုက်ခိုက်မယ့်နေရာနဲ့ မရဏစာချုပ်ကို သွားပြင်ဆင်ကြ…”

ဝမ်ကြွယ်ချူးက သူ့နောက်တွင် ရပ်နေသော သူများကို အမိန့်ပေးလိုက်၏။

All Chapters