ရုတ်တရက် အပြောင်းအလဲ
Vol. 7 Ch. 86
သူ အမိန့်ပေးပြီးနောက် အရောင်တောက်တောက် ဝတ်ရုံများ ဝတ်ဆင်ထားသော တပည့်အယောက်သုံးဆယ်သည် ဂိုဏ်းခန်းမထဲမှ ပြေးထွက်လာကြသည်။
ထိုသူအားလုံးမှာ ဓားတစ်လက်ကိုပင် ဆွဲမထုတ်ကြပေ။ ခန်းမရှေ့၌ သူတို့က သစ်သားတုတ်ချွန်များနျင့် ကြိုးများကို သုံးကာ အသေအရှင်တိုက်ပွဲအတွက် နေရာကို ဖန်တီးကြသည်။ သူတို့၏လှုပ်ရှားပုံများအရ သိုင်းပညာကျွမ်းကျင်သူများ ဖြစ်တာ သိသာသည်။သူတို့သည် ချီးရွှမ်ဂိုဏ်း၏ တွေ့နေမြင်နေကြ အဆင့်နိမ့်တပည့််များနှင့် မတူကြချေ။
တိုက်ပွဲကွင်း တည်ဆောက်နေခြင်းကို တွေ့မြင်နေရရင်း လီဖေးယွီက ဟန်လိကို မေးလာသည်။ “ငါတို့ ဒီလိုပဲ တချိန်လုံး ပုန်းနေရလိမ့်မယ်လို့ ငါ့ကို မပြောနဲ့။ ငါတို့ ဘာမှ မလုပ်တော့ဘူးလား။ ဒီတိုက်ပွဲကို ဒီတိုင်းပဲ အကြောင်သား ထိုင်ကြည့်နေမှာမလး။ အဲ့လို မဖြစ်သင့်ဘူးလေ…”
“ဟုတ်တာပေါ့။ မင်းရဲ့ ငယ်ချစ်လေးက ခုလက်ရှိ အန္တရာယ် မရှိဘူး။ ဘေးကင်းနေတယ်။ ငါတို့ ဒီတိုက်ပွဲပြီးတဲ့အထိ စောင့်ကြတာပေါ့။ ဝံပုလွေရိုင်းဂိုဏ်းကို ဘေးကင်းရာနေရာ ရောက်သွားတာနဲ့ ငါတို့ ရှုပ်ထွေးနေမယ့် အခြေအနေကို အခွင့်ကောင်းယူပြီး မင်းကောင်မလေးရှိ ခြေသံလုံလုံနဲ့ သွားကြတာပေါ့။ ချီးရွှမ်ဂိုဏ်းက အသက်ရှင်ကျန်တဲ့သူတွေကတော့ မင်းကို အပြစ်တင်ကြမယ်ဆိုရင်တော့ မင်းတို့နှစ်ယောက် သူတို့ မရှာနိုင်တဲ့ နေရာထိ အဝေးကို ထွက်ပြေးကြပေါ့…”
ဟန်လိသည် မထူးခြားနားစွာ ပြောလိုက်၏။ ကြည့်ရသည်မှာ သူသည် ချီးရွှမ်ဂိုဏ်းအပေါ် တွယ်ငြိမှု သိပ်မရှိသည့်ပုံ ရသည်။
“ဟ ဒါက ခိုးပြေးသလို ဖြစ်မနေဘူးလား။ အဲ့လို လုပ်လို့ မရဘူး။ ရွှယ်အာက သဘောတူမှာ မဟုတ်ဘူး…”
လီဖေးယွီသည် အတင်းခေါင်းယမ်းကာ ပြန်ပြောသည်။
“ဪ သူ သဘောမတူလဲ သတိမေ့အောင် လုပ်ပြီး အတင်းအကြပ် ခေါ်သွားပေါ့ဟ။ သူမ နိုးလာတဲ့အခါ အရာအားလုံးကို ပြောင်းလဲဖို့ နောက်ကျသွားလိမ့်မယ်။ အဲ့လိုဆို မကောင်းဘူးလား…” ဟန်လိက အေးဆေး ပြန်ပြောလိုက်သည်။
“မင်း…” လီဖေးယွီသည် ဟန်လိကို ဒေါသတကြီး လှမ်းကြည့်သည်။ သူသည် နောက်ထပ် စကားဆိုနိုင်စွမ်း မရှိ ဖြစ်သွားသည်။
သူတို့နှစ်ယောက်သည် အပြန်အလှန် စကားတွတ်ထိုး နေကြစဉ် ဂိုဏ်းချုပ်ဝမ်က သွေးနီရောင်စာလိပ်နှစ်ခုကို လက်ခံသည်။ ယင်းတို့မှာ မရဏစာချုပ်များ ဖြစ်သည်။ တစ်ခုက သူ့အတွက်၊ ကျန်တစ်ခုက ကျားထျန်လုံအတွက်ပင်။
ကျားထျန်လုံက ထိုစာလိပ်ကို လက်ခံပြီးနောက် သူ့အမူအရာက တည်ကြည်လေးနက်လာသည်။ သူက စာလိပ်ကို ဂရုတစိုက် ဖွင့်ကာ သတိထား၍ ဖတ်ရှုကြည့်သည်။ သူက မည်သည့်ပြဿနာမျှ မရှိသည်ကို သေချာစေပြီးမှ ခေါင်းညိတ်ကာ စာလိပ်ကို ပြန်ပိတ်၏။ ထို့နောက် သူသည် အသေအကြေတိုက်ပွဲအတွက် တိုက်ခိုက်မည့်သူများကို စရွေးချယ်လေသည်။
သူက ဝံပုလွေရိုင်းဂိုဏ်းမှ ကျွမ်းကျင်သောသိုင်းသမားဆယ့်သုံးယောက်ကို ရွေးချယ်သည်။ထို့အပြင် သူသည် တခြားဂိုဏ်းငယ်များမှ လက်သင့်ခံနိုင်သော အရည်အချင်းရှိသည့် သိုင်းသမားဆယ်ယောက်ကိုလည်း ရွေးချယ်သည်။ သူ ထိုသို့ ရွေးချယ်ခြင်းမှာ သူ့အတွက် ဆုံးရှုုံးမှုနည်းအောင်ပင်။
မည်သို့ပင်ဖြစ်စေ သူတို့၏ အမည်များကို မရဏစာချုပ်ထဲ၌ ရေးထိုးပြီးပါက ထိုသိုင်းပညာရှင်များသည် သူတို့၏ သာမညောင်ည အသက်များကို ကာကွယ်ဖို့အတွက် သူတို့ ဆန္ဒရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ခွန်အားရှိသမျှ တိုက်ခိုက်ရတော့မည် ဖြစ်သည်။
ကျန်သည့် ပါဝင်မည့်သူများကိုမူ ကျားထျန်လုံက သူ့သံသက်တော်စောင့်များထဲမှ တချို့ကို ရွေးချယ်သည်။ သူက ဘုန်းကြီးပုရွှေအလင်းးကိုလည်း ရွေးချယ်မှာကတော့ ပြောနေဖို့ပင် မလိုပေ။
ကျားထျန်လုံက အလုပ်ရှုပ်နေသဖြင့် ဝမ်ကြွယ်ချူး ကျောက်ခန်းမထဲ ပြန်ဝင်သွားသည်ကို သတိမပြုမိလိုက်ပေ။ အခုအချိန်ထိ ကျားထျန်လုံသည် ဂိုဏ်းချုပ်ဝမ် ပြန်ရောက်လာသည်ကို မတွေ့ရသေးပေ။ ကြည့်ရသည်မှာ ဂိုဏ်းချုပ်ဝမ်သည် အသေအကြေတိုက်ပွဲအတွက် ပါဝင်ရမည့်သူများကို ဆုံးဖြတ်နေတာ ဖြစ်မည်ဟု သူ တွေးမိသည်။
ပြိုင်ပွဲစင်ကို တည်ဆောက်၍ အပြီးသပ်သွားချိန်၌ ဂိုဏ်းချုပ်ဝမ်က သူ့လူ သုံးရာလေးရာကို ခေါ်ကာ ခန်းမထဲမှ ထွက်လာသည်။
ထိုလူအုပ်ထဲ၌ လူငယ်၊လူကြီး၊ ယောက်ျား၊ မိန်းမ အကုန်ရောထွေးနေ၏။ သို့ပေမည့် သူတို့တစ်ယောက်ချင်းစီ၏ မျက်လုံးများမှာ စိတ်အားတက်ကြွမှုကြောင့် အရောင်တောက်နေ၏။ သူတို့က ခိုင်မာသော ခြေလှမ်းများဖြင့် တလှမ်းချင်း လှမ်းလာသည်။ သူတို့သည် ချီးရွှမ်ဂိုဏ်း၏ ထိပ်ပိုင်းများ ဖြစ်တာ သိသာသည်။ ကျားထျန်လုံ သတိအထားဆုံး သူများမှာ ဝမ်ကြွယ်ချူးနောက်မှ ကပ်လျှောက်လာသော လူသုံးယောက်ကိုပင်။
ပထမတစ်ယောက်က ပညာရှိ တစ်ယောက်၏ အပေါ်ထပ် ဝတ်ရုံကို လွှားဝတ်ထားကာ သူ့မျက်နှာ၌ ဉာဏ်ရည်ကြွယ်ဝမှုတို့ ပေါ်ထွက်နေသည်။ ဒုတိယတစ်ယောက်က ပါးသိုင်းမွှေးများနှင့် အရပ်ရှည်ရှည်၊ တောင့်တောင့်တင်းတင်း အသွင်ဟန်ပန် ရှိ၏။ နောက်ဆုံးတစ်ယောက်က မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ့နောက်ကျောတွင် ဓားရှည်တလက် လွယ်ထားကာ သူ၏ အမူအသွင်က အေးစက်စက်နိုင်၏။
အမှတ်မထင် ကြည့်မိပါက ထိုသုံးယောက်သည် သက်လတ်ပိုင်းအရွယ်သာ ရှိအုံးမည့်ပုံ ပေါ်၏။ သို့သော် သေချာကြည့်ပါက သူတို့ထံမှ အသက်ခုနစ်ဆယ်၊ရှစ်ဆယ်အရွယ်ရှိသော အကြီးအကဲတစ်ယောက်၏ အရှိန်အဝါမျိုး ပေးစွမ်းနေသည်ကို မြင်ရမည်။
ကျားထျန်လုံ၏ စိတ်မှာ ကြည်လင်နေ၏။ ထိုသုံးယောက်မှာ ဝမ်ကြွယ်ချူး၏ သိုင်းဦးလေးသုံးယောက်ပင် ဖြစ်ရမည်။ ကြည့်ရသည်မှာ ချီးရွှမ်ဂိုဏ်းသည် သူတို့အင်အားကို မထိန်ချန်ထားတော့သည့် ပုံရ၏။
ထိုသို့တွေးကာ ကျားထျန်လုံသည် ဝမ်ကြွယ်ချူး၏ စီနီယာသိုင်းဦးလေးသုံးယောက်ထံ လက်ညှိုးထိုးကာ အနီးအနားရှိ ဘုန်းကြီးလူပုရွှေအလင်းကို ပြောပြသည်။ သူက မေးလိုက်၏။ “ဘုန်းကြီး…ဒီသုံးယောက်နဲ့ ပတ်သတ်လို့ အသင် ဘယ်လို ခံစားမိလဲတော့ ကျုပ် မသိဘူး။ ဒါပေမဲ့ အသင် သူတို့ကို အနိုင်ယူနိုင်မလား…”
“သူတို့က သာမန်ပါပဲ။ ငါ့ဓားပျံတွေ တချက်ဝေ့လိုက်တာနဲ့ သူတို့အသက် အဆုံးသပ်သွားလိမ့်မယ်။ ဘာ ပူပန်နေစရာ လိုလဲ။ မင်း ငါ့ကို မယုံတာလား…”
ဘုန်းကြီးလူပုက အလိုမကျသည့် လေသံဖြင့် ပြောကာ ကျားထျန်လုံကို မကျေမနပ် လှမ်းကြည့်သည်။
“ကျုပ် မဝံ့ရဲပါဘူး။ ကျုပ် မဝံ့ရဲပါဘူး။ ကျုပ်က ဒီတိုင်း မေးကြည့်မိတာပါ။ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ အရှင်ဘုန်းကြီး…”
ကျားထျန်လုံသည် ပြုံး၍ အလျင်စလို တုန့်ပြန်သည်။ သူသည် ခုလက်ရှိ၌ ထိုဘုန်းကြီးကို မှီခိုနေရသဖြင့် ထိုဘုန်းကြီးအား စိတ်ဆိုးသွားအောင် လုပ်မိမှာ ကြောက်မိပေသည်။
“ဟက်…” ဘုန်းကြီးလူပုက သည်စကားများကို ကြားလိုက်ရမှ သူ့ ဒေါသသည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
ထိုအခါမှ ကျားထျန်လုံ၏ စိတ်နှလုံးသည် တည်ငြိမ်လာတော့သည်။
သူသည် ခါးသီးစွာ ပြုံးမိသည်။ ထို့နောက် တဖက်သို့ လှည့်ကာ ကျယ်လောင်စွာ အော်ဟောက်လိုက်၏။ “မင်းတို့ အဆင်သင့် ဖြစ်ပြီမလား။ ဒါဆိုလည်း မရဏစာချုပ်ကို လက်မှတ်စထိုးကြရအောင်…”
သူ့အသံ ပဲ့တင်ထပ်နေစဉ် တိုက်ပွဲ၌ ပါဝင်မည့် ဝံပုလွေရိုင်းဂိုဏ်းမှ သူများသည် မရဏစာချုပ်အပေါ် သူတို့၏အမည်များကို အလေးအနက် စတင် ရေးကြသည်။ သူတို့၏ အမည်များကို ရေးထိုးပြီးနောက် သူတို့၏ တိုက်ပွဲဝင်စိတ်သည် ရုန်းကြွလာသည်။
ဝမ်ကြွယ်ချူးကလည်း အေးစက်စက် အမိန့်ပေးလိုက်၏။ “မရဏစာချုပ်ထဲ လက်မှတ်ထိုးလိုက်ကြ…”
ချက်ခြင်းလိုလို ချီးရွှမ်ဂိုဏ်းမှ တိုက်ပွဲဝင်မည့် သိုင်းသမားဆယ်ယောက်သည် မရဏစာချုပ်၌ လက်မှတ်ထိုးရန် လှမ်းလျှောက်လာသည်။
ဟန်လိက ချီးရွှမ်ဂိုဏ်း၏ လူအုပ်ကို ဝေ့ကြည့်သည်။ သူက ဂိုဏ်းချုပ်ဝမ်၏ ဦးလေးသုံးယောက်ကိုလည်း မြင်သည်။ သို့သော် သူသည် ထိုသူတို့ကို စိတ်ထဲ ထားမနေပေ။ သူက လူအုပ်ကို ဝေ့ကြည့်နေရင်း သူ့အကြည့်က အပြာရောင်အပေါ်ထပ်ဝတ်စုံဖြင့် အကြီးအကဲတစ်ယောက်ထံ ကျရောက်သွားသည်။
ထိုအဘိုးအိုကို မြင်သည့်အခါ ဟန်လိသည် ‘အကြီးအကဲလီ’ ဟု ပြောမိသွားသည်။
ထိုသူမှာ ဟန်လိ အသက်ကယ်ပေးခဲ့သော မုယုံ၏ဆရာ ဖြစ်သူ အကြီးအကဲလီပင်။ သူက သည်အသေအကြေတိုက်ပွဲ၌ ပါဝင်သူ ဖြစ်လိမ့်မည်ဟု ဟန်လိ မမျှော်လင့်ထားမိပေ။ ဤသည်က သူ မျှော်လင့်ထားတာထက် ကျော်လွန်နေ၏။
ဟန်လိက သူ့အကြည့်ကို ပြန်ရုတ်ကာ လီဖေးယွီ၏ ပုခုံးကို ပုတ်၍ ပြောလိုက်သည်။ “မင်း တွေ့လား။ ဟိုမှာ အကြီးအကဲလီ။ သူလည်း မရဏစာချုပ်မှာ လက်မှတ်ထိုးချင်နေတယ်…”
လီဖေးယွီက နေရာတွင် မလှုပ်မယှက် အမူအရာကင်းမဲ့စွာ ရပ်နေပြီး အကွာအဝေးတစ်ခုထံသာ စိုက်ကြည့်နေသည်။
“ဟေး…မင်း ဘာဖြစ်နေတာလဲ…” ဟန်လိက အံ့အားတသင့် ဖြစ်မိသည်။
“အကြီးအကဲလီက မရဏစာချုပ်ကို လက်မှတ်ထိုးချင်ရင်တောင် အဲ့တာက သူ သွားသေမယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ ဟုတ်တယ်မလား…”
ဟန်လိက ထူးဆန်းဟန်ဖြင့် မေးမိ၏။
လီဖေးယွီသည် သူ့စကားကို ကြားသည့်အခါ သူ့အကြည့်ကို ပြန်ရုတ်လာ၏။ ထို့နောက် သူက ဟန်လိကို တချက်လှမ်းကြည့်ကာ စကားတခွန်းဆိုသည်။ ထိုစကားကြောင့် ဟန်လိပါ မင်သက်မိသွားသည်။
“ရွှယ်…ရွှယ်အာလည်း အဲ့မှာ ရှိနေတယ်။ သူမလည်း မရဏစာချုပ်မှာ ပါဝင်ချင်နေတယ်…”
ထိုသို့ ပြတ်တောင်းပြတ်တောင်း စကားများကို ပြောဆိုနေရင်း လီဖေးယွီ၏မျက်နှာသည် မြင်၍မကောင်းလောက်အောင် ရုပ်စိုးသွားတော့သည်။