← Chapters

ပေါ်လွင်သော စွမ်းရည်

Vol. 7 Ch. 87

ပေါ်လွင်သော စွမ်းရည်

Vol. 7 Ch. 87

“သူမက ဘယ်မှာလဲ…” ဟန်လိက မင်သက်နေရာကနေ သတိပြန်ဝင်ကာ မေးလိုက်သည်။

“ဟိုမှာ…”

ဟန်လိ လီဖေးယွီ ကြည့်နေသော နေရာသို့ လိုက်ကြည့်လိုက်ရာ လူအုပ်ထောင့်ရှိ ဖြူဖပ်ဖြူရောမျက်နှာဖြင့် ကျန်းရွှယ်အာကို လှမ်းမြင်ရသည်။ ထိုအခိုက်တွင် သူမသည် အသေအကြေပြိုင်ပွဲတွင် ပါဝင်မည့် တခြားမိန်းကလေးနှစ်ယောက်နှင့်အတူ ရပ်နေ၏။ သူမက အဖြူရောင်ဝတ်ရုံ ပါးပါးကို ဝတ်ဆင်ထားပြီး အောက်နှုတ်ခမ်းကို မသိမသာ ကိုက်ထား၏။ သူမ၏ အသွင်ပုံစံမှာ နှစ်သက်ဖွယ်ကောင်းသော၊ ထိရှလွယ်သော ပန်းကလေးတစ်ပွင့်နှယ် ဖြစ်နေသည်။

“မိန်းကလေးကျန်းလိုမျိုး အားနည်းတဲ့သူက ဘယ်လိုလုပ် ဒီလို ရက်စက်တဲ့ တိုက်ပွဲမှာ ပါဝင်လာရတာလဲ…။ ဝမ်ဆိုတဲ့သူက အမှားတစ်ခုခုများ လုပ်ခဲ့တာလား…” ဟန်လိက သူ့မျက်လုံးကိုယ်သူ မယုံနိုင်ဖြစ်ကာ ထပ်မေးပြန်၏။

“ရွှယ်အာလည်း ချီးရွှမ်ဂိုဏ်းခွဲရဲ့ အတွင်းစည်းတပည့်တစ်ယောက်ပဲ။ အရင်က ငါ မင်းကို မပြောခဲ့ဖူးတာလား..” လီဖေးယွီက ခါးသီးစွာ ပြန်ဖြေ၏။ သူက ဟန်လိ မမျှော်လင့်ထားမိသည့် ထိုအကြောင်းကို ပြောပြလိုက်၏။ ဟန်လိသည် ငြိမ်သက် စွံ့အသွားမိ၏။

သို့ဖြစ်၍ ချီးရွှမ်ဂိုဏ်း၌ ကျွမ်းကျင်သူ လူအနည်းငယ်သာ ရှိနေတာ ထင်ရှားနေသည်။ ဂိုဏ်းချုပ်ဝမ်က နတ်သမီးလေးတပါးလို နူးညံ့သော ကျန်းရွှယ်အာကိုပင် ခုလို တိုက်ပွဲ၌ ဝင်ပါခိုင်းနေသည် မဟုတ်လား။ အခုလို အသက်တမျှ အရေးကြီးသော အခြေအနေ၌ သူသည် ကျန်းရွှယ်အာကဲ့သို့ မိန်းကလေးမျိုးကိုပင် စေလွှတ်ခဲ့လေပြီ။ သူက တချိတည်းနှင့် အားလုံး သိမ်းပိုက်ပစ်ရန် စီစဉ်ထားသည့်အလား။

“ညီအစ်ကို။ ငါတော့ သွားတော့မယ်။ ငါ ရွှယ်အာနဲ့ အတူ ရှိပေးချင်တယ်။ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…” လီဖေးယွီက ဟန်လိ၏ ပုခုံးကို ပုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ ထို့နောက် သူက တိုက်ပွဲကွင်းနေရာထံ လျှောက်လှမ်းသွားချေ၏။

သူ ခြေနှစ်လှမ်း မလျှောက်ရသေးခင်မှာပင် သူ့နောက်မှ သက်ပြင်းချသံ ကြားလိုက်ရသည်။ သူ့နောက်မှ လေထုသည် အနည်းငယ် လှုပ်ခတ်သွားပြီး ချက်ခြင်းပင် သူ့ဘေး၌ လူတစ်ယောက် ပေါ်လာ၏။ ထိုသူမှာ ဟန်လိပင်။

“ဒါက ဘယ်လောက်များ ကြီးကျယ်နေလို့လဲ။ အသေအရှင် စာချုပ်တိုက်ပွဲ တစ်ခုပဲ မဟုတ်လား။ ဒီလို သေးငယ်တဲ့အခြေအနေက ငါ့ကို တားဆီးကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်။ ငါတို့က သူငယ်ချင်းတွေ ဖြစ်နေမှတော့ ဒီလို သေးငယ်တဲ့ ကိစ္စလောက်တော့ ငါ ကူညီပေးနိုင်တယ်…” ဟန်လိက ပြုံး၍ ဆိုသည်။

ထိုစကားကို ကြားသည့်အခါ လီဖေးယွီက စကားထပ်မဆို၊ သူက ဟန်လိရင်ဘက်ကို လှမ်းပုတ်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ “ကောင်းပြီ…ညီကို…ကျေးဇူးအများကြီး တင်ပါတယ်…”

ဟန်လိသည် ပြုံးနေဆဲပင်။ သူက နောက်ထပ် စကားထပ်မဆိုတော့ပေ။ သူ ထိုသို့ ပြောခဲ့သည့် အကြောင်းရင်းမှာ သူနှင့် လီဖေးယွီတို့ တစ်ယောက်နှင့်တစ်ယောက် သိနေကြတာ ကြာခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် သူတို့ကြား ပတ်သတ်မှုက ရင်းနှီးမှု ရှိလှ၏။ ထို့အတွက် ဟန်လိသည် လီဖေးယွီ အကူအညီမဲ့နေသည်ကို သည်အတိုင်း ကြည့်မနေနိုင်တော့ပေ။ တဖက်၌ ဟန်လိသည် မြင့်မားသောစွမ်းရည်နှင့် ရဲတင်းမှုလည်း ရှိသူ ဖြစ်၏။ သူက ဝံပုလွေရိုင်းဂိုဏ်း၏ ကျွမ်းကျင်သူ ဆိုသူများမှာ သူ့အတွက် ချိန်းခြောက်မှု များများစားစား ဖြစ်နိုင်လိမ့်မည်ဟု မယုံပေ။ သူက မီးလုံးနှင့် နန်းတွင်းပျံသန်းခြင်း ပညာရပ်တို့ကို ကျွမ်းကျင်ထားပြီး မဟုတ်လား။ သို့ဖြစ်၍ သူသည် သူ့ကိုယ်ပိုင်ခွန်အားကိုလည်း စမ်းကြည့်ဖို့ အနည်းငယ် စိတ်အားထက်သန်မှုလည်း ရှိနေသည်။

သူတို့နှစ်ယောက်က လူအုပ်ကြားထဲကနေ ရှေ့သို့ ထိုးထွက်လာပြီး ဝမ်ကြွယ်ချူးတို့ဘက်သို့ တန်းဝင်လာသည်။ လမ်းတဝက်၌ သူတို့က ရေလှိုင်းဂိုဏ်း၏ ဝတ်စုံကို ချွတ်ခဲ့သဖြင့် ချီးရွှမ်ဂိုဏ်း၏ ဝတ်ရုံနှင့် ပြန်ဖြစ်သွားသည်။

ဟန်လိနှင့်လီဖေးယွီတို့ ရုတ်ချည်း ပေါ်လာခြင်း၊ သူတို့ နောက်ခံအမှန်ကို ပြောင်းလဲလိုက်ခြင်းက နှစ်ဘက်သောအင်အားစုများကို စိုက်ကြည့်လာစေ၏။ မည်သူကမျှ သူတို့၏ လှုပ်ရှားမှုကို တားဆီးဖို့ မကြိုးစားကြဘဲ သူတို့ကို ဝမ်ကြွယ်ချူးရှေ့ ရောက်လာသည့်အထိ ခွင့်ပြုလိုက်သည်။

“ဂိုဏ်းခွဲခေါင်းဆောင်လီ…”

“သမားတော်ဟန်…”

လီဖေးယွီကို မြင်သည့်အခါ ကျန်းရွှယ်အာသည် မမျှော်လင့်ထားမိသဖြင့် ကျေနပ်သွားမိ၏။ သူမ၏မျက်နှာထက်တွင် အံ့အားသင့်ဟန်လည်း ဖြစ်ပေါ်သည်။ ဤနေရာတွင် လူတွေအများကြီးသာ ရှိမနေပါက သူမသည် သူမချစ်သူကို ပြေးဖက်မိလိမ့်မည်။

ဂိုဏ်းချုပ်ဝမ်က သူတို့နှစ်ယောက်ကို မည်သူမည်ဝါမှန်း သိသွားပြီး သူ့မျက်လုံးထံမှ အံ့အားသင့်ဟန် အရိပ်အမြွက် ဖြစ်ပေါ်၏။ သူက ဟန်လိနှင့်လီဖေးယွီတို့ ထွက်ပေါ်လာမည်ကို မမျှော်လင့်ထားမိခဲ့ပေ။

“ပြင်ပဓားသွားဂိုဏ်းခွဲခေါင်းဆောင် လီဖေးယွီက ဂိုဏ်းချုပ်ကို အရိုအသေ ပေးပါတယ်…”

လီဖေးယွီက ကျယ်လောင်စွာ ပြောလိုက်၏။

“ကျုပ်တို့နှစ်ယောက် မရဏစာချုပ်မှာ အမည်ရေးထိုးပြီး အသေအကြေတိုက်ပွဲမှာ ဝင်ပါချင်ပါတယ်..” သူက သူ့တောင်းဆိုမှုကို တိုက်ရိုက် ပြော၏။ တခြားသူများ သူတို့ ရုတ်ချည်းထွက်ပေါ်လာသည့်အပေါ် မေးခွန်းများ မေးနေမည်ကို စောင့်မ‌နေနိုင်တော့ပေ။

လီဖေးယွီ၏ စကားကို ကြားသည့်အခါ ဂိုဏ်းချုပ်ဝမ်က သူ မေးမည့်စကားလုံးများကို ပြန်မြိုချလိုက်သည်။ သူ့ အေးစက်စက် မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး သူက ပျူငှာသောလေသံဖြင့် ပြော၏။

“ကောင်းပါပြီ။ ကျုပ်တို့ ချီးရွှမ်ဂိုဏ်းရဲ့ သစ္စာရှိတပည့်တစ်ယောက် ပီသပါပေတယ်။ ဂိုဏ်းခွဲခေါင်းဆောင်လီ တိုက်ပွဲမှာ ဝင်ပါပေးမယ်ဆို ကျုပ်တို့အတွက် အနိုင်ရဖို့ အခွင့်အရေး ပိုများသွားတာပေါ့။ ဒါပေမဲ့ သမားတော်ဟန်ကတော့ မပါဝင်သင့်ဘူးလို့ ကျုပ်ထင်တယ်။ တကယ်တော့ သူ့ဆေးပညာက ကျုပ်တို့ ဂိုဏ်းအတွက် အရေးပါလှတယ်။ သူသာ ဒီတိုက်ပွဲမှာ တခုခု ဖြစ်သွားခဲ့ရင် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်…”

ထိုစကားများကို ကြားသည့်အခါ ဟန်လိက ပြုံးသည်။ လီဖေးယွီ၏ ရှင်းပြချက်ကိုပါ စောင့်မနေဘဲ သူက ဖြတ်ခနဲ ခြေလှမ်းကာ ဂိုဏ်းချုပ်ဝမ်၏ ရှေ့တည့်တည့်ကနေ ပျောက်ကွယ်သွားသည်။

ဂိုဏ်းချုပ်ဝမ်က အံ့အားသင့်သွား၏။ သူက ဘေးပတ်ပတ်လည်သို့ ကြည့်ရန် ဟန်ပြင်စဉ်မှာပင် သူ့နောက်ကနေ ဟန်လိ၏ ပျင်းတွဲတွဲအသံကို ကြားလိုက်ရသည်။

“ကျုပ်စွမ်းရည်က ဂိုဏ်းချုပ်ဝမ်ရဲ့ အာရုံစိုက်မှုက ရ၊မရတော့ မသိပေမဲ့ ဒီတိုက်ပွဲထဲ ဝင်ပြီဆိုမှတော့ ကျုပ်ကိုယ်ကျုပ် ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ပါတယ်…။ ဒါ့ကြောင့် ဂိုဏ်းချုပ်ဝမ်က ကျုပ်ရဲ့ ဂိုဏ်းအပေါ် သစ္စာရှိမှုကို လက်ခံပေးဖို့ မျှော်လင့်ပါတယ်…”

ဂိုဏ်းခေါင်းဆောင်မာ၏ စိတ်နှလုံးမှာ တုန်လှုပ်ခြင်း ကြီးစိုးသွား၏။ သူသည် ဆေးပညာရပ်၌ ကျွမ်းကျင်သော ဟန်လိက ခုလိုမျိုး ကြောက်မက်ဖွယ် သိုင်းစွမ်းရည် ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ မမျှော်လင့်စွာ ဟန်လိသည် ဝမ်ကြွယ်ချူး၏ အကာအကွယ်ကို အသံတိတ် ချိုးဖျက်ကာ သူ မသိအောင် နောက်ဘက်ကနေ ချဉ်းကပ်နိုင်ခဲ့သည် မဟုတ်လား။

“ကြောက်စရာ စွမ်းရည်ပဲ။ သူက ဘယ်သူများ ဖြစ်မလဲ။ ကျုပ်တို့ ဂိုဏ်းထဲမှာ ဘာရည်ရွယ်ချက်နဲ့ ပုန်းကွယ်နေထိုင်ခဲ့ရတာလဲ…”

ဝမ်ကြွယ်ချူး၏ စိတ်ထဲ၌ ထိတ်လန့်သော အတွေးများ တစ်ခုပြီး တစ်ခု ဝင်ရောက်လာ၏။

သူက နောက်လှည့်ကာ ဟန်လိကို လှမ်းကြည့်သည်။ ထို့နောက် ဂိုဏ်းချုပ်ဝမ်၏ အကြည့်သည် သိုင်းဦးလေးသုံးယောက်ထံသို့ အလိုလို ရောက်သွားမိသည်။

သူ့သိုင်းဦးလေး သုံးယောက်၏ အမူအရာများပင် အနည်းငယ် ပြောင်းလဲသွားသည်ကို သူ မြင်ရသည်။ သူတို့၏မျက်လုံးထဲ၌ ထိတ်လန့်ဟန် အရိပ်အယောင်ပါ ဖြစ်ပေါ်ခဲ့သည်။ ဒီသမားတော်ဟန်၏ စွမ်းရည်မှာ သူတို့ကိုပင် ကြေက်လန့်မိစေတာ ထင်ရှားသည်။

ဂိုဏ်းချုပ်ဝမ်၏ စိတ်ထဲ၌ အတွေးမျိုးစုံ ဖြစ်ပေါ်နေသည်။ သို့သော် နောက်ဆုံး၌ သူက ဆုံးဖြတ်ချက် ချသည်။

သူက အားပါးတရ ရယ်မောပြီးနောက် ပြောလိုက်၏။

“သမားတော်ဟန်ရဲ့ စိတ်နှလုံးသာဟာ ဂိုဏ်းအပေါ် တကယ်ပဲ နစ်မြုပ်ထားတာကို။ ဒီလိုဆိုမှတော့ ကျုပ်အနေနဲ့ ဘယ်လိုလုပ် ငြင်းပယ် နိုင်ပါတော့မလဲ…”

ထို့နောက် သူက အုပ်စုထဲတွင် အားအနည်းဆုံး တပည့်နှစ်ယောက်ထံ လက်ညှိုးလှမ်းထိုး၏။ ထိုနှစ်ယောက်သည် ဘေးသို့ ထွက်ပေးကာ ဟန်လိနှင့် လီဖေးယွီတို့ကို သူတို့နှင့် နေရာချင်း လဲပေးသည်။ ဂိုဏ်းချုပ်ဝမ်က ဟန်လိနှင့်လီဖေးယွီတို့ကို မရဏစာချုပ်ပေါ်၌ သူတို့အမည်များကို ရေးခွင့်ပြုလိုက်၏။

ချီးရွှမ်ဂိုဏ်း၏ ထိုအခြေအနေကို ကျားထျန်လုံသည် တွေ့မြင်သည်။ သူက ကျွမ်းကျင်သူနှစ်ယောက် ထပ်ရောက်လာမည်ဟု မမျှော်လင့်ထားသော်လည်း အရေးတော့ မထားပေ။ တကယ်တော့ သာမန်သေမျိုးများ၏ ခန္ဓာကိုယ်က ဘုန်းကြီးရွှေအလင်း၏ ဓားပျံပညာရပ်ကို ဟန့်တားနိုင်စွမ်း ရှိမည် မဟုတ်ဟု သူ ယုံကြည်ထားသည် မဟုတ်လား။

သို့ဖြစ်၍ နှစ်ဘက်လုံးသည် သူတို့၏ ဆိုင်ရာ မရဏစာချုပ်များပေါ်တွင် အမည်များရေးသွင်းပြီးနောက် တဘက်နှင့်တဘက် လဲလှည်မှု ပြုသည်။ အသေအကြေ တိုက်ပွဲ စတင်တော့ပေမည်။ ဘက်တဘက်ကသာ အသက်ရှင်လျက် ကျန်ရစ်နိုင်တော့မည် ဖြစ်၏။

All Chapters