ရွှေအလင်းအရံအတား
Vol. 7 Ch. ၈၈
ဘုန်းကြီးရွှေအလင်းသည် မော်ကြွားသော ဟန်ဖြင့် ရှိနေသည်။ သူက တိုက်ပွဲကွင်းအလယ်တွင် ရပ်နေပြီး သူ၏နောက်တွင် ဝံပုလွေရိုင်းဂိုဏ်းမှ လူများ ရှိနေကြသည်။
သူ ထိုသို့ ရှေ့ထွက်မရပ်ခင် ကျားထျန်လုံနှင့် သဘောတူညီချက် ရထားပြီး ဖြစ်သည်။ ဘုန်းကြီးလူပုသည် ချီးရွှမ်ဂိုဏ်းမှ စိန်ခေါ်သူအားလုံးကို ရင်ဆိုင်ပေးရမည် ဖြစ်၏။ သို့သော် ထိုအတွက် တန်ကြေးမှာ ကျားထျန်လုံက သူ့ကို အရင်ညှိနှိုင်းထားသော ရွှေစင်ငါးထောင်ကနေ ရွှေစင်ရှစ်ထောင်ထိ တိုး၍ ပေးရမည်။
ဘုန်းကြီးရွှေအလင်းက သည်တိုက်ပွဲပြီးနောက် သူရမည့် ရွှေစင်များအကြောင်းတွေးကာ စိတ်ထဲ၌ လောဘမီး တောက်လာသည်။ သူက သူ့ရှေ့ရှိ ချီးရွှမ်ဂိုဏ်းမှ လူများကို အထင်သေးဟန်ဖြင့် ကြည့်နေ၏။ သူက တကိုယ်တည်းဖြင့် ချီးရွှမ်ဂိုဏ်းမှ လူအားလုံးကို သတ်ပစ်နိုင်သည်ဟု ယုံကြည်ချက် ရှိထားသည်။
လီဖေးယွီနှင့်အတူ ရှိနေရမည့်အစား ဟန်လိက အုပ်စု၏ တခြားဘက်တွင် ရပ်နေ၏။
လီဖေးယွီနှင့် ကျန်းရွှယ်အာတို့က အတူတူ ရပ်ကာ နှစ်ကိုယ်ကြား စကားချိုချို ဆိုနေမှတော့ ဟန်လိသည် အလိုက်သိတတ်ရတော့မည် မဟုတ်လား။ သူက ဒီအချစ်ငှက်နှစ်ကောင်၏ ကိုယ်ပိုင်ကမ္ဘာတည်ဆောက်နေသည်ကို နှောက်ယှက်ဖို့ မသင့်ပေ။ သို့မဟုတ်ပါက သူ ရိုင်းရာကျလိမ့်မည်။
“တကယ်ပဲ။ သူက ခုလိုမျိုး ဂိုဏ်းရဲ့ သေရေးရှင်ရေး တိုက်ပွဲကို တိုက်ခိုက်ရတော့မယ့်အချိန်မှာ အချစ်အကြောင်း၊ ခံစားချက်အကြောင်းကို ပြောဖို့ တွေးနေတာလား…” ဟန်လိသည် စိတ်အချဉ်ပေါက်သလို ခံစားမိ၏။
ထို့နောက် သူက သူ့အတွေးကိုယ်သူ ပြန်ထိန်းချုပ်ကာ ကျန်သည့် ဂိုဏ်းဝင်များနည်းတူ တိုက်ပွဲကွင်းအတွင်း ရပ်နေသော လူပုထံ သတိထား၍ စိုက်ကြည့်လိုက်သည်။
“ဝံပုလွေရိုင်းဂိုဏ်းရဲ့ ပါဝင်တိုက်ခိုက်မယ့်သူတွေဟာ အနောက်မှာ ပုန်းနေတာပဲ။ ဒါတော့ များသွားပြီ။ သူတို့က ဒီညစ်တီးညစ်ပတ်ပုံ ပေါက်တဲ့ လူပုကိုပဲ တယောက်တည်း စတိုက်ခိုက်ခိုင်းမှာလား။ ဒီလူပုမှာ ထူးခြားလေးနက်တဲ့ သိုင်းပညာရပ်တခုခု ပိုင်ဆိုင်ထားတာများလား…” ဟန်လိသည် သူ့စိတ်ထဲကနေ စဉ်းစားနေမိ၏။ သူ့မျက်လုံးမှာလည်း အရောင်တလက်လက် ဖြစ်နေသည်။
ဂိုဏ်းခေါင်းဆောင်ဝမ်၏ အတွေးများမှာလည်း ဟန်လိနှင့် သိပ်မကွာပေ။ သူက တိုက်ပွဲကွင်းသို့ သူ့ဂိုဏ်းဝင်များကို အရှိန်အဟုန်နှင့် တိုးဝင်ခိုင်းမည့်အစား အနေအထားကို စမ်းသပ်ဖို့အတွက် ဆေဘာဓားကိုင်ထားသော ကာကွယ်သူတစ်ယောက်ကို ရွေးလိုက်၏။ သူက အင်တိုက်အားတိုက် မတိုက်ခိုက်ခင် ရန်သူ့၏ အခြေအနေကို အရင်ဆုံး ထောက်လှမ်းလိုပုံ ရ၏။ သို့မှသာ ဘေးဒုက္ခများ မတော်တဆ မဖြစ်လာနိုင်မှာ မဟုတ်လား။
သည်တိုက်ပွဲပုံစံသည် အသေအကြေ တိုက်ပွဲ ဖြစ်သော်လည်း တဘက်က လူတစ်ယောက်ကိုသာ စေလွှတ်သဖြင့် တယောက်ချင်း တိုက်ခိုက်မှု ဖြစ်လာခဲ့သည်။ ဂိုဏ်းချုပ်ဝမ်က ထိုသို့ တွေးကာ ယင်းသို့ ဦးဆုံး စမ်းသပ်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။
ဘုန်းကြီးလူပုရွှေအလင်းက သူ့ထံ လူတစ်ယောက် ချည်းကပ်လာသည်ကို မြင်သည့်အခါ သူ့ရန်သူ၏ အတွေးကို သိလိုက်သည်။
“ဟားဟား…” သူ့လည်ချောင်းထဲမှ ထူးခြားသော ရယ်သံတစ်သံ ထွက်ပေါ်လာ၏။ သူ၏ ရယ်သံသည် ဗုံများကိုပါ ဖျက်စီးပစ်နိုင်လောက်၏။ ကြားရသူတိုင်းကို မထိန်းချုပ်နိုင်အောင် တုန်ခါသွားစေလောက်သည်။
ဝမ်ကြွယ်ချူး စေလွှတ်လိုက်သော ကာကွယ်သူသိုင်းပညာရှင်မှာ အသက်သုံးဆယ်ကျော် အရွယ်ရှိပြီး စိတ်ဓာတ်တတ်ကြွဟန် အထင်းသား ပေါ်သည်။ အမှန်လည်း သူက အားကောင်းသူ တစ်ယောက်ပင်။ ဆေဘာဓားကို တင်းတင်းဆုပ်ကိုင်ထားပုံအရ ယင်းဓားပညာ၌လည်း အထူးကျွမ်းမှန်း သိသာသည်။ ဘုန်းကြီးရွှေအလင်း၏ ထူးခြားသော ရယ်သံကို ကြားရပြီးနောက်မှာလည်း သူ့စိတ်ကို မတုန်လှုပ်ဘဲ ဆက်ရှိစေသည်။ ဤသည်က သူ၏ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲဖူးသော အတွေ့အကြုံများခြင်းကို ပြသနေသည်။
ဘုန်းကြီးရွှေအလင်းက သူ့ထံချည်းကပ်လာသူကို မြင်သည့်အခါ သူက ရယ်မောခြင်းကို ရပ်ပြီး သူ့ဝတ်ရုံထဲမှ အဝါရောင်စာရွက်ပိုင်းတစ်ခုကို ထုတ်ယူသည်။ ထိုစာရွက်ပေါ်တွင် ရွှေအလင်းရှိသော စာလုံးများ၊ပုံစံကွက်များကို ရေးသားထား၏။ ဟန်လိသည် တချက်ကြည့်ရုံဖြင့် ၎င်းပစ္စည်းသည် အဖိုးတန် ဖြစ်မည်ကို ပြောနိုင်သည်။
ဘုန်းကြီးလူပုက သူ့ထံ တိုးဝင်လာနေသောသူကို လစ်လျူရှုထား၏။ သူက ရှေ့မတိုးသေးဘဲ လက်တဖက်တွင် အဝါရောင်စာရွက်ကို ကိုင်ကာ မန္တာန်စာသား စရွတ်သည်။
ချီးရွှမ်ဂိုဏ်းမှ သန်မာသောကာကွယ်သူသိုင်းသမားမှာ သူ့ရန်သူသည် မည်သို့သော လှည့်ကွက် သုံးနေသည့်အပေါ် မရေမရာ ဖြစ်သွားသော်လည်း အတွေ့အကြုံများသူပီပီ လူပု မန္တာန်ရွတ်တာ မပြီးခင် စတိုက်ခိုက်တာ အကောင်းဆုံး ဖြစ်မည်ကို နားလည်၏။
ထို့ကြောင့် သူသည် စဉ်းစားမနေဘဲ လေထဲသို့ ခုန်တက်ကာ ဘုန်းကြီးလူပုနား ခြေလှမ်းအနည်းငယ်ဖြင့် ရောက်သွားသည်။ သူက လက်ထဲရှိ ဆေဘာဓားကို ပင့်ကာ ဓားချက် ဝင်းလက်သွားပြီး ဘုန်းကြီးလူပု၏ ဦးခေါင်းထံ ခုတ်ပိုင်းလိုက်၏။ ထိုဓားချက်က လေးလံ၏။ လျင်မြန်၏။ ကြမ်း၏။ သူ၏ခွန်အားအပြည့်ကို ၎င်းဓားချက်ထဲ၌ ထည့်သွင်းထား၏။
သူက ဘုန်းကြီးလူပု၏ ဦးခေါင်းနား ဆေဘာဓားအစွန်း ကျရောက်သွားသည့်အခါ၌ မန္တာန်ရွတ်ခြင်းက ပြီးမြောက်သွားတာကို တွေ့မြင်သည်။ သူ၏ဆေဘာဓားက ဘုန်းကြီးလူပုနှင့် မထိခင်မှာပင် အဝါရောင်စာရွက်ကို ဘုန်းကြီးလူပုက သူ့ခန္ဓာကိုယ်ပေါ်သို့ ထိကပ်လိုက်သည်။ ထိုအခါ အဝါရောင်စာရွက်ထံမှ ရွှေရောင်အလင်းသည် ဝုန်းဒိုင်းကြဲ ပေါက်ကွဲထွက်လာချေသည်။
ယင်းအလင်းက ဆေဘာဓားသိုင်းသမား၏ အမြင်ကို ကျိန်းစပ်သွားစေသည်။ သို့သော် သူက တစက်လေးမျှ ထိတ်ပြာမသွား၊ သူ့ဓားကို အောက်သို့ ဆက်၍ ခုတ်ပိုင်း၏။
တန်…။ သတ္တုချင်းထိသံ တိုက်ပွဲကွင်းပြင်၌ မြည်ဟိန်းသွား၏။
ဆေဘာဓားသမားက သူ့လက်ညှိုးနှင့်လက်မကြားရှိ အရေပြားထံမှ အပူလှိုင်းကို ခံစားမိကာ သူ့လက်ထဲမှ ဓားပင် လွတ်ထွတ်မတတ် ဖြစ်သွား၏။ သူလည်း တုန်လှုပ်သွားသည်။ သူက မျက်စိကျိန်းသွားသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အခြေအနေက သူ့ဘက် မပါတော့သည်ကို သိ၏။ သို့အတွက် သူသည် တုန့်ခနဲ ရပ်ကာ နောက်ဘက်သို့ အတင်း ပြန်ဆုတ်သည်။ သူက လက်ထဲရှိ ဆေဘာဓားကို ဝေ့ယမ်းကာ ဟန်ချက် ပြန်ယူ၏။
ထိုအခိုက်၌ သူသည် တိုက်ပွဲကွင်းအတွင်းရှိ လူအုပ်ထံမှ အံ့အားတသင့် တုန်လှုပ်စွာ အော်ဟစ်သံများကိုပါ ကြားရသည်။
ထိုဓားသမားက လူအုပ်၏ တုန့်ပြန်မှုကို ကြားရသည့်နောက် စိုးရိမ်လာ၏။ သူသည် သူ့ဓားက လူပုနှင့် ထိမိချိန်၌ မည်သည့်အရာများ ဖြစ်သွားခဲ့တာကို သိချင်သည်။ ကံကောင်းစွာဖြင့် သူ့အမြင် ပြန်ကြည်လင်လာ၍ သူက ရှေ့ကို ခပ်မြန်မြန် လှမ်းကြည့်သည်။
ထိုလူပုက သူ့ရှေ့ ကျန်းအတော်အတန်အကွာတွင် ရပ်နေဆဲ ဖြစ်သည်ကို သူ တွေ့၏။ လူပု၏ ခန္ဓာကိုယ်ထံမှ ရွှေရောင်အလင်း ထွက်ပေါ်နေကာ သူ့အား ဝန်းရံပေးထားသည်ဟု ထင်ရသည်။ ထိုအလင်းသည် ချပ်ဝတ်ထူကဲ့သို့ ဖြစ်နေကာ လူပုကို အကာအကွယ် ပေးထားသည်။ ဆေဘာဓားသမားသည် ၎င်းရွှေအလင်းက သံမဏိကဲ့သို့ မာကြောနေသည်ကို နားမလည်နိုင် ဖြစ်မိ၏။ ၎င်းအလင်းက သူ၏ ဓားချက်ကို အချည်းနှီး ဖြစ်သွားအောင် အမှန်တကယ် လုပ်ဆောင်နိုင်နေ၏။
ဆေဘာဓားသမားသည် အတွေ့အကြုံများသော်လည်း သည်လို ထူးကဲသော အရာမျိုးကို မြင်ဖူးတာ အခု ပထမဆုံး ဖြစ်၍ သူ မင်သက်မိနေသည်။
ဓားကို ကိုင်ထားလျက် သူ ပူပန်နေ၏။ သူ ရှေ့ဆက် တိုက်ခိုက်ရမည်လား၊ နောက်ဆုတ်ရမည်လားကိုပါ မသိတော့ပေ။
ထိုဆေဘာဓားသမားသာ မင်သက်နေရုံမဟုတ် လူအုပ်ကြီးမှာလည်း အံ့အားတသင့် အထိတ်တလန့် ဖြစ်နေ၏။
ကျန်းဟူအတွင်း၌ အင်မောတယ်ကျင့်ကြံသူများကို တွေ့ရခဲသည်ဟု သိထားကြ၏။ အထူးသဖြင့် ယွဲ့ဒေသကဲ့သို့ ခေါင်သောနေရာတွင်ပင်။ သို့ဖြစ်၍ အဝါရောင်စက္ကူစမှ ထုတ်လွှတ်ပေးသော ရွှေရောင်အလင်းသည် ချီးရွှမ်ဂိုဏ်းဝင်များအဖို့ အင်မတန် ဆန်းကြယ်ကာ ခန့်မှန်းမကြည့်တတ်အောင် ဖြစ်စေသည်။
ချီးရွှမ်ဂိုဏ်းဝင်များ ထိုသို့ ဖြစ်နေသော အမူအရာများကို မြင်သည့်အခါ ကျားထျန်လုံသည် ကြိတ်၍ ရွှင်မြူးနေသည်။ လူအုပ်နောက်တွင် ရပ်နေသော ဟန်လိက တခြားသူများထက် ပို၍ အံ့အားသင့်မိနေ၏။
သည်တောင်ပေါ်၌ လူပုက စွမ်းအားပညာရပ်များကို အသုံးပြုခဲ့မှန်း ဟန်လိထက် ပိုသိသည့်သူ မရှိပေ။ သည်လူပု အသုံးပြုသော မန္တာန်က ဝိညာဉ်ချပ်ပိတ်ခြင်းအဆောင်နှင့် ဆင်တူနေမှန်း သူ သိသည်။ သို့သော် ဟန်လိက ထိုပညာရပ်က ဝိညာဉ်ချပ်ပိတ်ခြင်းအဆောင်ထက် များစွာပိုအစွမ်းထက်သည်ဟု ခံစားမိသည်။
မည်သူမျှ မသိအောင် ဟန်လိက သူ့ ကောင်းကင်မျက်လုံး ပညာရပ်ကို ခပ်မြန်မြန် အသက်သွင်းလိုက်၏။ ထို့နောက် သူက ၎င်းပညာရပ်ကို သုံး၍ လူပုထံ လှမ်းကြည့်သည်။
ရွေရောင်အလင်းအော်ရာ အောက်၌ လူပု၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အလင်းတစ်ခု ရှိနေသည်ကို သူ တွေ့မြင်လိုက်ရသည်။ ရွှေရောင်အလင်းနှင့် ယှဉ်ပါက ထိုအဖြူရောင်အလင်းသည် မှိန်ဖျော့သည်။ လူအများသည် ၎င်းအလင်း၏ တည်ရှိမှုကို သတိမပြုမိဖို့ များသည်။
ထိုလူပုက မှော်စွမ်းအားများကို အသုံးပြုနိုင်သော ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဖြစ်နေချေသည်။ သို့သော် သူ ပိုင်ဆိုင်ထားသော စွမ်းအားက ဟန်လိထက် များစွာ လျော့နည်း၏။ ထို့ကြောင့် ဟန်လိသည် စိတ်ကျေနပ်မိသွားသလို တချိန်တည်းမှာ မချိတင်ကဲ ဖြစ်မိသည်။
သူ ကျေနပ်မိသွားခြင်းမှာ ကျင့်ကြံသူပေါက်စ တစ်ယောက်အနေဖြင့် သူ့စွမ်းအားက လူပုနှင့် ယှဉ်လျှင် များပြားနေသောကြောင့်ပင်။ ထိုလူပုသည် အင်မောတယ်လမ်းကြောင်းကို တို့ထိမိရုံမျှသာ ရှိသေးမှန်း သိသာသည်။ ဟန်လိ မချိတင်ကဲ ဖြစ်သွားခြင်းမှာ လူပု အသုံးပြုသော ပညာရပ်များကို သူ မသိနေသောကြောင့်ပင်။ ထို့အတွက် သူသည် ထိုလူပုကို ကိုင်တွယ်နိုင်လား၊ မကိုင်တွယ်နိုင်လားအပေါ် မသေမချာ ဖြစ်မိ၏။