← Chapters

ဓားပျံလား

Vol. 7 Ch. 90

ဓားပျံလား

Vol. 7 Ch. 90

တိုက်ပွဲကွင်းအခြေအနေအရ မုတ်ဆိတ်သိုင်းဦးလေးက လုံးဝ အသာစီး ရနေပုံ ပေါ်၏။ သို့သော် နှိုင်းယှဉ်မရအောင် စွမ်းပကားရှိသော သိုင်းဦးလေးမှာ အမှန်တကယ်တော့ သူကိုယ်တိုင်လည်း တန်ပြန်ဒဏ်ခံနေရကာ လောင်းကြေးထပ်နေရပေသည်။ ထိုအချက်ကို မည်သူကမျှ မသိကြပါ။

သူ့လက်သီးချက်က ရွှေရောင်အလင်းကာ၏ တစိတ်တပိုင်းကို တွန့်ကွေးသွားအောင် လုပ်နိုင်တိုင်း ယင်းအရံအတားထံမှ တန်ပြန်သက်ရောက်မှုကို အပြင်းအထန် ခံရလေ၏။ ထိုအရံအတားကို အလုံးစုံ မဖျက်စီးပစ်နိုင်ခင် ထိုသို့ ခံရလိမ့်မည်။

သူ့လက်သီးချက်များက ရွှေရောင်အလင်းနှင့် ထိမိတိုင်း ပြင်းရှသော တန်ပြန်အားက သူ အသုံးပြုလိုက်သော ခွန်အားအတိုင်း သူ့အပေါ် တန်ပြန်ခံနေရသည်။

ခုလက်ရှိ၌ သူ့ခြေလက်များမှာ အပြင်းအထန် ထိခိုက်ထားပြီး ဖြစ်၏။ သူ့အနေဖြင့် စွမ်းအင်ထုတ် တိုက်ခိုက်နေခြင်းကို ဖြေလျှော့လိုက်သည်နှင့် သူ့ခြေလက်များမှာ အပြင်းအထန် ရောင်ကိုင်းလာမည်ကို သိသည်။

ထို့အပြင် ရွှေရောင်အရံအတားက ပြန်ကောင်မွန်သည့်နှုန်းမှာ မြန်လှသည်။ သူ့တိုက်ခိုက်မှုများကြောင့် ကွေးချိုင့်သွားသော အစိတ်အပိုင်းများသည် သူတို့၏ မူလအသွင်အတိုင်း အချိန်တိုအတွင်း ပြန်ရောက်သွားနိုင်သည်။ ထိုမျှသာမက သူ့ပြီးခဲ့သော တိုက်ခိုက်မှုများက ဒီရွှေရောင်အရံအတား၏ အနားစွန်းများကိုသာ ပုံပျက်စေခဲ့တာ ဖြစ်၏။ တခြားအစိတ်အပိုင်းများ အပေါ် သက်ရောက်မှု မရှိပုံ ရသည်။

မုတ်ဆိတ်သိုင်းဦးလေးသည် ခုအတိုင်း ဆက်၍ တိုက်ခိုက်နေသော်လည်း ရွှေရောင်အရံအတားသည် အပြင်းအထန် တုန်ခါနေသည်သာ ရှိသည်။

အခုအခါ လူတိုင်းသည် ထိုသိုင်းဦးလေးဆိုသူမှာ ရွှေရောင်အရံအတားကို ချိုးဖျက်နိုင်စွမ်း ရှိမည် မဟုတ်ဟု သဘောပေါက်လာသည်။ သူ၏ ပြင်းထန်သော ခွန်အားဖြင့်ပင် အများဆုံးမှ ထိုအရံအတားပေါ်၌ ချိုင့်ဝင်မှုအချို့ကိုသာ ဖန်တီးနိုင်စွမ်း ရှိနေသည်။ ၎င်းကို လုံးဝ ဖျက်စီးပစ်နိုင်စွမ်း မရှိပေ။

ကျားထျန်လုံက အကူအညီပေးမည့် အင်အားကို စေလွှတ်ရန် တွေးချိန်၌ ဘုန်းကြီးလူပုမှာ သူ့ အစောပိုင်းက ကိုယ်နေဟန်ထားကို ပြန်ရလာ၏။

သို့သော် အစောပိုင်းတုန်းက အရှက်ရခဲ့သည့်အတွက်ကြောင့် သူသည် မုတ်ဆိတ်သိုင်းဦးလေးထံ မလိုမုန်းတီးစွာ စိုက်ကြည့်နေ၏။ သို့သော် သူသည် သူ့ရန်သူ၏ တိုက်ခိုက်မှုကို ခံစားခံရသည့်အတွက် သူ့ခန္ဓာကိုယ်မှာ မားမားမတ်မတ် မရပ်နိုင် ဖြစ်ကာ သူ အသုံးပြုလိုသော စွမ်းအားပညာရပ်များမှာ လိုရာမရောက် ဖြစ်နေသည်။ သို့ဖြစ်၍ သူက မန္တာန်စာသား ရွတ်ဆိုခြင်းကို ရပ်ကာ သူ့ရန်သူအား စူးစိုက်ကြည့်ပြီး အမည်မသိဘာသာစကားတစ်ခုကို တဖွဖွ ရေရွတ်တော့၏။

မုတ်ဆိတ်သိုင်းဦးလေးက မည်သည့် ပြောင်းလဲမှုကိုမျှ မခံစားမိသည့်အတွက်ကြောင့် သူက ရွှေရောင်အရံအတားကို အသည်းအသန် ဆက်တိုက် တိုက်ခိုက်သည်။ ထိုအခါ တိုက်ပွဲအပြင်မှ သူများက သည်လူသည် မကုန်မခမ်းနိုင်သော စွမ်းအင်များကို ပိုင်ဆိုင်ကာ လုံးဝ အနားယူဖို့ မလိုလေလောဟု ထင်ကုန်၏။

ကြမ်းလှသော မုတ်ဆိတ်သိုင်းဦးလေးသည် သူ့ခွန်အားပြည့်ကို သုံးကာ လက်သီးချက်နှစ်ချက်၊ ခြေကန်ချက်တစ်ချက်တို့ကို ထုတ်ဖော်တိုက်ခိုက်ပြီးနောက် နောက်ပြန်ဆုတ်သည်။

သူ့အပြုအမူက တိုက်ပွဲကို ကြည့်နေသော သူများအား တုန်လှုပ်သွားစေသည်။

ဘုန်းကြီးလူပုလည်း တုန်လှုပ်သွား၏။ သို့သော် သူသည် ဒေါသပုန်ထသွားသည်။ သူက အမြန်ထိုင်ကာ ခြေနှစ်ဖက်ကို တင်ပလွေခွေလိုက်သည်။ သူ့အနက်ရောင်သေတ္တာကို သူ့ပေါင်ပေါ်သို့ တင်ကာ မန္တာန်စာသားတစ်ခုကို ခပ်တိုးတိုး စရွတ်သည်။ သူ့လက်နှစ်ဖက်ကိုလည်း ရင်ဘက်ရှေ့ထိ ဆန့်ကာ ထူးဆန်းသော ကိုယ်ဟန်အတိုင်း ရှိစေ၏။ သူသည် ထိုအနေအထားအတိုင်း တဆက်ဆက် တုန်ယင်နေ၏။ အပြင်းအထန် တုန်တုန်ယင်ယင် ဖြစ်နေသော လူပု၏ ခန္ဓာကိုယ်ကို ကြည့်ကာ သည်နေရာရှိ လူတိုင်းသည် သူ့ဆန့်ထုတ်ထားသော လက်နှစ်ဖက်ပေါ်မှ လက်ချောင်းများမှာ ကီလိုငါးရာလောက် လေးလံနေသလားဟု တွေးမိကုန်သည်။

အခုအချိန်၌ မုတ်ဆိတ်သိုင်းဦးလေးသည် ချီးရွှမ်ဂိုဏ်းဘက်သို့ ပြန်ဆုတ်လာသည်။ သူသည် လူအုပ်ထဲသို့ ပြန်ဆုတ်ချင်သည်ဟု ထင်ရ၏။ သို့သော် သူသည် နောက်ဘက်မှ ရုတ်တရက် ‘မြှောက်တက်စမ်း’ ဟူသော အသံကို ကျယ်လောင်စွာ ကြားလိုက်ရသည်။ သူက သူ့ရှေ့တည့်တည့်တွင် ရှိနေသော ဂိုဏ်းချုပ်ဝမ်နှင့် တခြားသူများက ဂရုစိုက် ဟူသော အော်ဟစ်သံကိုလည်း တပြိုင်တည်းလိုလို ကြားသည်။

ထိုအခါ မုတ်ဆိတ်သိုင်းဦးလေးသည် သူ့ဘယ်ဘက်သို့ အမြန်ရှောင်ကာ ဘေးစောင်းအနေထားဖြင့် လူပုထံ ဖြတ်ခနဲ လှမ်းကြည့်သည်။

ထိုအခါ သူ မူလရှိနေသော နေရာသို့ မီးခိုးရောင်အလင်းတန်းတစ်ခု ကျော်ဖြတ်သွားသည်ကို သူ မြင်လိုက်ရသည်။ သူက အမြန်ရှောင်လိုက်နိုင်၍ ထိုအလင်းတန်းနှင့် ကပ်သီးလေး လွတ်သွားခြင်းပင်။ သူ့ စိတ်နှလုံးမှာ တင်းကြပ်သွားသည်။ သို့သော် သူက ထိုလျှို့ဝှက်တိုက်ခိုက်သော လက်နက်ကို ရှောင်လိုက်နိုင်၍ စိတ်သက်သာသွားမိသည်။

သူက တခြား သိုင်းဦးလေးနှစ်ယောက်နှင့် ပြန်ပူးပေါင်းမိပါက အသက်ရှု ပိုချောင်တော့မည် မဟုတ်လား။

သို့သော် သူ့အတွေး မဆုံးခင်မှာပင် သူ့ညာလက်ထံမှ ပြင်းထန်သော နာကျင်မှုကို ခံစားမိလိုက်သည်။ သူက လှည့်ကြည့်သည့်အခါ တိုက်ပွဲကို ကြည့်နေသော သူများထံမှ နောက်ထပ် အာမေဋိတ်အသံဖြင့် အထိတ်တလန့် အော်သံများကို ကြားရသည်။ ထိုသို့သော ဆူညံပွက်လောရိုက်သည့်အထိ အော်ဟစ်သံများကြားထဲ၌ တခြားသိုင်းဦးလေးနှစ်ယောက်၏ စိုးရိမ်မှုအပြည့်ဖြင့် အော်သံများကိုပါ ကြားလိုက်ရသည်။

မုတ်ဆိတ်သိုင်းဦးလေးမှာ အနည်းငယ် မင်သက်သွားမိ၏။ သူက မည်သို့ ဖြစ်ပျက်သည်ကို သဘောမပေါက် ဖြစ်သွားသည့်အလား။ ထိုအခိုက်၌ သူသည် သူ့ဘေးဘက်ခြမ်းမှ နောက်ထပ် မီးခိုးရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး သူ့ရင်ဘက်ကို ထွင်းဖောက်သွားတာအား မြင်လိုက်ရသည်။ ထိုအလင်းတန်းလက်နက်၏ ပုံစံအရ အစောလေးက သူ ရှောင်နိုင်ခဲ့သော လက်နက်ပုန်းနှင့် ဆင်တူနေသည်။

မုတ်ဆိတ်သိုင်းဦးလေးသည် တုန်လှုပ်မိသလို၊ ဒေါသလည်းထွက်သွား၏။ သူက တခုခု ပြောရန် ဟန်ပြင်လိုက်သည်။ သို့ပေမည့် ဖူးခနဲ အသံနှင့်အတူ သူ့ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြိုလဲကျသွားသည်။ ထိုအခါကျမှ သူသည် သူ့ညာလက်မှာ သူပင် သတိမပြိုမိဘဲ ပျက်စီးသွားတာကို သိလိုက်သည်။ ဒဏ်ရာမှ လတ်လတ်ဆတ်ဆတ် သွေးများက အတောမသပ်စွာ စီးကျလာသည်။

“ဘာဖြစ်သွားတာလဲ…” မုတ်ဆိတ်သိုင်းဦးလေးသည် လက်မခံနိုင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့အပြည့်ဖြင့် ဝမ်းခေါင်းသံနှင့် မေးမိသည်။ သို့သော် တအောင့်အကြာ၌ သူ့အမြင်သည် မှောင်မိုက်ကာ သူ့အသိစိတ်လည်း လွတ်သွားတော့သည်။ သူသည် သေခါနီးအချိန်ထိ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားခြင်း မရှိခဲ့ပေ။

သို့သော် ဝံပုလွေရိုင်းဂိုဏ်းနှင့် ချီးရွှမ်ဂိုဏ်းမှ သူများကမူ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို ရှင်းလင်းစွာ မြင်ခဲ့သည်။

သူတို့က ဘုန်းကြီးလူပုသည် သူ့မန္တာန်ရွတ်ဆိုခြင်း ပြီးသည့်အခါ မြှောက်တက်စမ်း ဟု အော်ခဲ့သည့်နောက် မီးခိုးရောင်အလင်းတစ်ခုက သူ့အနက်ရောင်သေတ္တာကနေ ထိုးထွက်ကာ လူပု၏ ခေါင်းထဲ၌ ဝေ့ပတ်သည်။ ထို့နောက် ၎င်းအလင်းတန်းက သူ လက်ညွှန်သည့်အတိုင်း မုတ်ဆိတ်သိုင်းဦးလေးထံ ပျံသန်းဝင်လာခဲ့တာပင်။

မုတ်ဆိတ်သိုင်းဦးလေက သူ့ရင်ဘက်တည့်တည့်ထံ တိုးဝင်ခဲ့သော တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့သော်လည်း သူ့ညာလက်နောက်မှ လှည့်ပတ်ပြန်ဝင်လာသော တိုက်ခိုက်မှုကိုမူ ရှောင်ဖို့ နည်းလမ်း မရှိခဲ့ခြင်း ဖြစ်၏။ ထိုမီးခိုးရောင်အလင်းတန်းက ထက်ရှလွန်းပုံ ရ၏။ ၎င်းက မုတ်ဆိတ်သိုင်းဦးလေး၏ လက်ကို ဖြတ်ပိုင်းပြီးခဲ့သော်လည်း ခံလိုက်ရသူမှာ မည်သို့ဖြစ်ပျက်ခဲ့သည်ကို သဘောမပေါက်ဘဲ ရှိနေခဲ့ရသည်။

ထိုအခါ လူအုပ်က ကြွပ်ကြွယ်ညံအောင် အလန့်တကြား အော်မိကုန်တာ ဖြစ်၏။ ထို့နောက် မီးခိုးရောင်အလင်းတန်းသည် လူပု၏ လက်ညွှန်မှုအတိုင်း အကာအကွယ်မဲ့သွားသော‌ မုတ်ဆိတ်သိုင်းဦးလေး၏ ရင်ဘက်တည့်တည့်ထံ လမ်းကြောင်းပြောင်းကာ တိုးဝင်လာပြီး သူ့အသက်ကို အလွယ်တကူ ယူသွားခဲ့တာ ဖြစ်သည်။

လူတိုင်းသည် မင်သက်ကာ ငြိမ်သက်ကုန်၏။ သူတို့၏အကြည့်က မုတ်ဆိတ်လူကို သတ်ပြီးနောက် လူပုထံ လှည့်ပြန်လာသော မီးခိုးရောင်အလင်းတန်းပေါ်သို့သာ ကျရောက်နေသည်။ အခုအခါ၌ ၎င်းအလင်းတန်းက လူပု၏ ဦးခေါင်းထက်တွင် ဝဲပတ်နေ၏။

သည်မြင်ကွင်းကို တွေ့သော လူအများအပြား၏ စိတ်ထဲ၌ ‘ဓားပျံ’ ဟူသော စကားလုံး အလိုလို ပေါ်လာ၏။ သည်လူများက အင်မောတယ်ကျင့်ကြံသူများ၏ တည်ရှိမှုနှင့် ပတ်သတ်၍ မသိကြသော်လည်း သူတို့သည် ဓားပျံများနှင့် ပတ်သတ်သည့် ဒဏ္ဌာရီအမျိုးမျိုး၊ အံ့ဖွယ်ဇာတ်လမ်းအဖုံဖုံတို့ကို ကြားဖူးကြ၏။

ဒီမီးခိုးရောင်အလင်းတန်းသည် ပါးစပ်ရာဇဝင်အားဖြင့် ကြားသိဖူးသော ဒဏ္ဌာရီလာ အင်မောတယ်များ အသုံးပြုသော ဓားပျံများနှင့် အတော့်ကို ဆင်တူနေပေသည်။

ဒီရုပ်စိုးစိုး လူပုက ဓားအင်မောတယ်တွေထဲက တစ်ယောက်များ ဖြစ်နေတာလား။ လူအများစုသည် လူပုကို ကြည့်နေကြ၏။ သူတို့၏အကြည့်ထဲ၌ လေးစားမှု ပြည့်နှက်နေသည်။ ‘ဓားအင်မောတယ်’ ဟူသော အမည်နာမက သေမျိုးအများစုကို အကြောက်တရား ပြည့်နှက်သွားစေဖို့ လုံလောက်သည်။

ဘုန်းကြီးလူပုက အခုအခါ၌ ရင်ကော့ခေါင်းမော့ကာ သူ့ကိုယ်သူ ဒီလောက၌ ပြိုင်ဘက်ကင်းသဖွယ် မှတ်ယူနေပုံ ရ၏။ သူ့ဦးခေါင်းထက်မှ မီးခိုးရောင်အလင်းတန်းသည် အရိုင်းဆန်ဆန် ကခုန်နေကာ မီးခိုးရောင်မြွေဟောက်ကြီးး တစ်ကောင်နှယ် ထင်မှတ်ရလေသည်။ ဝံပုလွေရိုင်းဂိုဏ်းဝင်များထံမှ အလန့်တကြား အာမေဋိတ်သံများ ဆူညံသွား၏။ ချီးရွှမ်ဂိုဏ်းဝင်များမှာမူ ဆွံ့အနေမိသည်။ သူတို့၏ စိတ်ထဲ၌လည်း အညံ့ခံလိုစိတ်တို့ပါ ပေါ်လာသည်။

သည်ကျားထျန်လုံက ဓားအင်မောတယ်တစ်ယောက်၏ အကူအညီရအောင် လုပ်ဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။ လူအုပ်ထဲ၌ ကြိတ်၍ ရွှင်မြူးနေသူဟူ၍ တစ်ယောက်သာ ရှိ၏။ ထိုသူမှာ ဟန်လိကလွဲ၍ တခြားသူ မဟုတ်ပေ။

ဟန်လိက ထိုဘုန်းကြီးလူပု၏ ဓားပျံပညာရပ်က သူ ကိုယ်တိုင် သင်ယူထားသော ရွှေ့ပြောင်းခြင်းပညာရပ်နှင့် အလွန်ဆင်တူသည်ဟု သဘောပေါက်မိသည်။ သူက မီးခိုးရောင်အလင်းတန်းသည် အမှန်တကယ် ဓားတစ်လက် ဖြစ်မဖြစ်ကို မသိသော်လည်း ရွှေ့ပြောင်းခြင်းပညာရပ်ကမူ အရာဝတ္ထုများကို ထိန်းချုပ်နိုင်တာကိုတော့ သူ သိ၏။

အခုအခါ ဟန်လိ၏ စိတ်ထဲ၌ တိုက်ခိုက်လိုစိတ် ပြည့်နေသည်။ ထိုလူပု(ဝါ) အင်မောတယ်ကျင့်ကြံသူအပေါ် သူ့စိတ်ဝင်စားမှုက ပိုတိုးလာ၏။

All Chapters