တာအိုစည်းမျည်းအား အလစ်သုတ် သိမ်းယူသွားသော ဓားအလင်းတန်
Vol. 86 Ch. 1202
မိုဝူကျိနှင့် ဆက်သွယ်ရေးပုတီးစေ့ချင်း ဖလှယ်ပြီးသည့်နောက် မီကျိက မိုဝူကျိအား တစ်ချက်ပြုံးပြလိုက်သည်။ ထို့နောက် သူက လက်ကို မကာ အာကာပြင်ထဲတွင် အက်ကြောင်းလေး တစ်ခု ဖွင့်ဟလိုက်သည်။ ထိုအက်ကြောင်းထဲ သူက ခုန်ဝင်ပြီး လုံးဝပျောက်ကွယ်သွားလေ၏။
မိုဝူကျိလို လူမျိုးသည် ငြိမ်ငြိမ်လေး နေနေမည့်သူမျိုး မဟုတ်မှန်း သူက သေချာသည်။ အကယ်၍ ပိုကောင်းသောပစ္စည်းတွေ သို့မဟုတ် ပိုကောင်းသော ပစ္စည်းများ ရရှိနိုင်မည့် အခွင့်အရေးများသာ ရှိခဲ့ပါက မိုဝူကျိက သေချာပေါက် လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။ အမှန်ပင်… မီကျိသည် စကြဝဠာတာအိုစည်းမျည်းအပေါ် လက်လျော့လိမ့်ဦးမည် မဟုတ်မှန်း သိသိလျက်နှင့်ပင် မိုဝူကျိက မီကျိ၏ ဆက်သွယ်ရေးပုတီးစေ့ကို လက်ခံခဲ့သည်။
မီကျိက မိုဝူကျိ၏ ဤအတွေးကို သေချာသောကြောင့် သူက မိုဝူကျိဆီမှ စကြဝဠာ တာအိုစည်းမျည်းကို ပြန်လုနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိသည်။
မီကျိ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မိုဝူကျိက ဆိတ်ဆိတ်နေမြဲသာ နေလိုက်သည်။ ဤလူမှာ အင်မတန် ကိုင်တွယ်ရခက်သည့် လူတစ်ယောက် ဖြစ်၏။ မြေအောက်ကမ္ဘာဝိဇ္ဇာ၏ လုပ်ရပ်နှင့်စကားတို့မှ သူသည် ဤစကြဝဠာ တာအိုစည်းမျည်းအား အတော်လေး တန်ဖိုးထားကြောင်း မိုဝူကျိက ပြောနိုင်သည်။ ပြောရမည်ဆိုလျှင် မီကျိက ဤစည်းမျည်းအား သူ ပိုင်ဆိုင်ကို ပိုင်ဆိုင်ရမည့်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားကောင်း သတ်မှတ်ထားနိုင်သည်။
ဤကဲ့သို့အခြေအနေမျိုးတွင် မီကျိက ထိုစည်းမျည်းအတွက် မိုဝူကျိအား ဆက်လက် တိုက်ခိုက်ချင်သည့် သူ၏ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်သေးလေ၏။ ထိုအစား မီကျိက မိုဝူကျိအား ဝိဇ္ဇာတာအိုညီလာခံအကြောင်းကိုပင် ပြောပြလိုက်သေးသည်။ ဤသည်က မီကျိသည် ရေရှည်ကို စဉ်းစားစီမံနေသည်ကို ပြသနေကာ မီကျိအား ကိုင်တွယ်ဖြေရှင်းရန်မှာ မည်မျှ ခက်ခဲလိမ့်မည်ဖြစ်ကြောင်းကိုလည်း ပြသနေသည်။
တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သိနေသည့်တိုင် မိုဝူကျိက နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။ သူက လူသားတာအိုကို ကျင့်ကြံသည်မှာ မှန်သော်လည်း သူသည် နဂိုကတည်းက မာနအလွန်ကြီးသူ ဖြစ်သည်။ ဤစကြဝဠာတာအိုစည်းမျည်းကို ရရှိနိုင်လိုက်သည့်အတွက်ကြောင့်နှင့် သူ မိုဝူကျိက ဤမြေအောက်ကမ္ဘာဝိဇ္ဇာ မီကျိကို အမြဲတမ်း ရှောင်ရှားနေလိမ့်မည် မဟုတ်ပေ။
မြေအောက်ကမ္ဘာ ဝိဇ္ဇာမီကျိမပြောနှင့် ဝိဇ္ဇာရှစ်ပါးစလုံး ဤနေရာတွင် စုစုံနေလျှင်ပင် မိုဝူကျိက ဤအတိုင်းသာ လုပ်ဦးမည် ဖြစ်သည်။ မိုဝူကျိသည် သူထွက်သွားရန် ရွေးချယ်ထားသည့် မည်သည့််နေရာကမဆို ထွက်သွားမည်သာတည်း။ သူ၏လူသားတာအိုသည်ကား လာခြိမ်းခြောက်၍ မရနိုင်သော အရာဖြစ်၏။
ထိုနားလေးတွင် ခဏမျှ ရပ်နေပြီးနောက် သူ၏စိတ်စွမ်းအားက ကူချိူက် ရောက်လာသည်ကို ရှာတွေ့လိုက်မိသည်။ မိုဝူကျိက ကူချိုက်အား မမြင်လိုပေ။ ထိုကြောင့် သူက အာကာပြင်ထဲသို့ ချက်ချင်းပဲ ဝင်သွားလိုက်သည်။
မိုဝူကျိ ထွက်သွားလိုက်သည့်အချိန်မှာပဲ ကူချိုက်က မိုဝူကျိနှင့် မီကျိတို့ တိုက်ခိုက်ခဲ့သည့်နေရာကို ရောက်ရှိလာသည်။ သူမက အနီးအနားမှ အာကာပြင် လှုပ်ခတ်မှုများကို လေ့လာရင်း တာအိုစည်းမျည်းများကြောင့် ပျက်စီးသွားသည့်အရာများထဲမှ တချို့ကို ထိကိုင်ကြည့်လိုက်သည်။ ချက်ချင်းပင် သူမမျက်နှာမှာ မယုံနိုင်မှုအပြည့်ဖြင့် ပြောင်းလဲသွားသည်။
ဤနေရာတွင် တိုက်ခိုက်ခဲ့သော လူနှစ်ယောက်စလုံး၏ မဟာတာအိုတို့သည် သူမထက် အင်မတန် ကျော်လွန်နေလေ၏။ ပြောရမည်ဆိုလျှင် သူတို့တိုက်နေစဉ် ရောက်သွားခဲ့ပါက သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ကပင် ကူချိုက်အား အသာလေး သတ်ပစ်နိုင်လေသည်။
ဤအချက်ကို နားလည်သွားသည့်နောက် အဘယ်ကြောင့် ကူချိုက်က ဆက်လိုက်ရဲပါတော့မည်နည်း။ သူမက အမြန်ပြန်ဆုတ်သွား၏။
………………………
“ဘန်း”
ချူယို့နှင့် စုယင်တို့က ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုကိုသာ ကြားလိုက်ရသည်။ ထို့နောက် ပုံရိပ်တစ်ခုက သူတို့တွေ ကျင့်ကြံနေသော ကမ္ဘာဦး အာကာပြင်ထဲသို့ ပြုတ်ကျလာလေ၏။
“ဘုန်း ဘုန်း ဘုန်း…”
ကမ္ဘာဦး အာကာပြင် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားပြီး လူတစ်ယောက် ပြုတ်ကျလာသည့်အခိုက် မိုးခြိမ်းသံများကို ကြားလိုက်ရသည်။ မိုးခြိမ်းသံများနောက်တွင် ချိန်စုယင်နှင့်ချူယို့တို့၏ ခေါင်းပေါ်သို့ ကျဆင်းလာသည့် မိုးကြိုးလျှပ်စီးတို့က ဆက်တိုက်လိုက်လာသည်။
“စုယင်… ဒီနေရာက အာကာပြင်ကို တစ်ယောက်ယောက်က ဖြဲပစ်လိုက်ပြီး အစ်မတို့ရဲ့ မိုးကြိုးစမ်းသပ်ချက်တွေကို အသက်သွင်းလိုက်ပြီ။ အဲ့ဒါကို မြန်မြန် ဖြတ်ကျော်ကြရအောင်”
ချူယို့က အလျင်စလို အော်ပြောလိုက်ရင်း သူမ၏မှော်ရတနာကို ထုတ်လိုက်သည်။
ကမ္ဘာဦးအာကာပြင်အား ခွဲပစ်နိုင်သည့်သူမှာ သာမန်လူ မဖြစ်နိုင်ကြောင်း သူမက သေချာသည်။
သူမနှင့်စုယင်တို့သည် အပြင်ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ပြီး ဤနေရာတွင် ကျင့်ကြံနေခဲ့ကြသည်။ လက်ရှိ၌ သူမတို့က မိုးမြေစည်းမျည်းနှင့် ထိတွေ့မိသည့်အခိုက် သူမတို့၏ မိုးကြိုးစမ်းသပ်ချက်ကို ခေါ်ပြီးသားဖြစ်သွားလေသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် ပိုမိုအားကောင်းလာရန် စမ်းသပ်ချက်ကို ကျော်လွှားဖို့ကိုသာ ဦးစားပေးသင့်လေသည်။
ချူယို့၏ သတိပေးခြင်းမရှိဘဲနှင့်ပင် ချိန်စုယင်ကလည်း သူမ၏ မှော်ရတနာကို ဆွဲထုတ်လိုက်ကာ မိုးကြိုးစမ်းသပ်ချက်ကို စတင်ကျော်လွှားနေလေပြီ။ သူမတို့နှစ်ယောက်စလုံးသည် ကမ္ဘာဦးအာကာပြင်ကို ဖြဲကာ ပြုတ်ကျလာသောလူအား ဂရုမစိုက်အားသေးပေ။
ပြုတ်ကျလာသောလူက ဤနေရာတွင် ရှိနေသည့် သိပ်သည်းသော ကမ္ဘာဦးစွမ်းအားများကို မျက်လုံးအပြူးသားနှင့် ကြည့်နေလေ၏။ ခဏကြာပြီးနောက် သူက ခရမ်းရောင် စကြဝဠာတာအိုစည်းမျည်းကိုပါ သတိပြုမိသွားသည်။
သူ့ခမျာ သူ့ဘာသာသူပဲ တီးတိုးရေရွတ်နိုင်လိုက်သည်။
“ကမ္ဘာဦးအာကာပြင်… ကမ္ဘာဦးအာကာပြင်… ပြီးတော့ စကြဝဠာ တာအိုစည်းမျည်းရောပဲ။ ငါ ရူးများသွားတာလား… ဒါမှမဟုတ် ငါ ထင်ယောင်ထင်မှားတွေပဲ ဖြစ်နေတာလား…”
စက္ကန့်ဝက်မျှ ကြာပြီးနောက် သူက သူ မရူးမှန်းနှင့် ထင်ယောင်ထင်မှားဖြစ်နေသည် မဟုတ်မှန်း သိသွားသည်။ သူက တကယ်ကို ကမ္ဘာဦး အာကာပြင်တစ်ခုဆီသို့ ရောက်ရှိလာပြီး စကြဝဠာတာအိုစည်းမျည်းတစ်ခုအား တကယ် ကြည့်နေခြင်းလည်း ဖြစ်သည်။
ချက်ချင်းပင် သူက စကြဝဠာ တာအိုစည်းမျည်းအား ဆုပ်ယူချင်မိလေသည်။ သို့သော် ခပ်မြန်မြန်ပင် သတိပြန်ကပ်လာ၏။ သူက သူ၏ ပြိုင်ဖက်ကို သတ်ခဲ့ကာ သူတို့၏ တိုက်ပွဲက အာကာပြင်ထဲတွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်စေခဲ့ပြီး သူက ဤနေရာသို့ ရောက်လာခဲ့ရသည်။ သို့သော် သူ၏ ဝိညာဉ်လမ်းကြောင်းများမှာ ကျိုးပဲ့ပျက်စီးကုန်ပြီဖြစ်ကာ သူ၏အသိစိတ်ပင်လယ်မှာလည်း စုတ်ပြဲနေပြီ ဖြစ်သည်။
ကမ္ဘာဦးအာကာပြင်မှာ ကောင်းသော်လည်း သူက သူ၏ ဝိညာဉ်လမ်းကြောင်းကိုကော အသိစိတ်ပင်လယ်ကိုပါ ပြန်ကောင်းမလာနိုင်စေပေ။
သိပ်မကြာပေ… သူ၏ မျက်လုံးများက ချိန်စုယင်နှင့်ချူယို့တို့ပေါ်ဆီ ရောက်သွားလေသည်။ ကိုယ်ဝင် ပူးကပ်ပိုင်ဆိုင်ခြင်း… သူတို့နှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို သူ ပိုင်ဆိုင်မှ ရမည်။
မိန်းမကိုယ် ဖြစ်နေတော့ကော ဘာဖြစ်လဲ…
သူတို့ကိုယ်ကို အပိုင်ဝင်ပူးနိုင်ပြီး စကြဝဠာတာအိုစည်းမျည်းကို ရပြီးသွားပါက သူသည် သေချာပေါက် ကျင့်ကြံခြင်းတွင် စကြဝဠာ၏ အထွတ်အထိပ်သို့ ရောက်သွားနိုင်ပေလိမ့်သည်။
သူက အနည်းငယ် တုန်ယင်နေသည်။ ကြောက်စိတ်ကြောင့်တော့ မဟုတ်ပေ။ စိတ်လှုပ်ရှားလွန်း၍ ဖြစ်သည်။
နတ်ဘုရားဘုရင်လေး ၂ ယောက်သည် သူတို့၏ မိုးကြိုးစမ်းသပ်ချက်ကို ကျော်လွှားနိုင်ပါမှ သဟဇာတနတ်ဘုရားများ ဖြစ်လာလိမ့်မည် ဖြစ်သည်။ သူ သူမတို့ထဲမှ တစ်ယောက်ယောက်ကို ပိုင်ဆိုင်နိုင်မှ ဖြစ်မည်။ သဟဇာတ နတ်ဘုရားလောက်က သူ့အား မတားဆီးနိုင်ပေ။
ဝေဝါးဝါး ကမ္ဘာဦးဝိညာဉ်တစ်ခုက သူ၏ ယိုယွင်းနေသောကိုယ်ထဲမှ ဖြည်းဖြည်းချင်း မျောလွင့်လာသည်။ ဤကမ္ဘာဦး ဝိညာဉ်က ချူယို့အား စူးစူးစိုက်စိုက် စိုက်ကြည့်နေသည်။ အမှန်ပင်… သူက ချိန်စုယင်အား မရွေးဘဲ ချူယို့အား ရွေးချယ်လိုက်သည်။ ချူယို့တွင် ဤနေရာရှိ ကမ္ဘာဦးအာကာပြင်နှင့် ကိုက်ညီသည့် ကိုယ်ထည်ရှိသည်ဟု သူက ခံစားမိသည်။ မိန်းမဖြစ်နေသည့်အချက်မှလွဲလျှင် ဤကိုယ်ထည်မှာ သူ့အတွက် အသင့်တော်ဆုံး ကိုယ်ထည် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ဤနတ်ဘုရားဘုရင် ပုရွက်ဆိတ်များသည် သူတို့၏ မိုးကြိုးစမ်းသပ်ချက်များ ကျော်လွှားနေဆဲ ဖြစ်သည်။ ထိုမိုးကြိုးချက်များသည် သူ့အတွက် ဘာမှမဟုတ်သော်လည်း သူ၏ကမ္ဘာဦး ဝိညာဉ်အခြေအနေနှင့်တော့ တိုးမဝင်သွားရဲပေ။
မိုးကြိုးချက်များက နောက်ဆုံးတွင်တော့ ငြိမ်ကျသွားသည်။ ချူယို့က သူ၏ ကျင့်ကြံဆင့်အား ဝမ်းသာအံ့သြသွားရသည်။ ယခင် သူမက နတ်ဘုရားဘုရင် နောက်ပိုင်းအဆင့်တွင် တစ်နေသည်။ အကြောင်းမှာ သူမ ဆက်မတိုးတက်နိုင်တော့၍ မဟုတ်ဘဲ သူမက ကမ္ဘာဦး အာကာပြင်ထဲတွင် ရောက်နေသောကြောင့် ဖြစ်သည်။ ကမ္ဘာဦးအာကာပြင်ထဲတွင် မိုးကြိုးစမ်းသပ်ချက် ခံယူဖို့ရာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမက ဆက်လက် မတိုးတက်နိုင်ခဲ့ပေ။ ဤနေရာထဲ၌ နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံခဲ့ပြီးနောက် သူမနှင့်ချိန်စုယင်တို့၏ ကျင့်ကြံဆင့်များမှာ အဆုံးစွန်ထိတိုင် သိပ်သည်းနေပြီးသား ဖြစ်သည်။
မိုးကြိုးစမ်းသပ်ချက်က ပြီးသွားလေပြီ။ သူမက သဟဇာတနတ်ဘုရား အဆင့် ၃ ထဲသို့ပင် ရောက်သွားလေပြီ။
ဤသို့သောကိစ္စမှာ ချူယို့ တစ်ယောက်တည်း ဖြစ်သည် မဟုတ်ပေ။ ချိန်စုယင်ပင်လျှင် သဟဇာတနတ်ဘုရားအဆင့် ၂ ကို ထိုးဖောက်နိုင်ကာ အဆင့် ၃ ထိ တက်လှမ်းနိုင်ခဲ့လေသည်။
ချိန်စုယင်သည်ပင် သူမ အဘယ်ကြောင့် အရမ်းကြီးတိုးတက်လာရသနည်းကို သဘောပေါက်သည်။ ခရမ်းရောင် တာအိုစည်းမျည်းနှင့် ကမ္ဘာဦး အာကာပြင်တို့ကြောင့်တည်း။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဤနေရာရှိ အာကာပြင်ကို မဖြိုခွဲခဲ့ဘဲနှင့် သူတို့တွေ အနာဂတ်ကျမှ အပြင်ထွက်မည်ဆိုလျှင် သူတို့သည် မိုးကြိုး စမ်းသပ်ချက်ပြီးသွားသည်နှင့် သဟဇာတနတ်ဘုရားနောက်ပိုင်းအဆင့်ထဲသို့ပင် တက်လှမ်းကောင်း တက်လှမ်းနိုင်လိမ့်မည်။
ချူယို့၏ စမ်းသပ်ချက် ပြီးသွားသည့်အခိုက်၌ ချူယို့အား စိုက်ကြည့်နေသော ကမ္ဘာဦး ဝိညာဉ်က ချူယို့ လှုပ်ရှားသည်ကိုပင် မစောင့်တော့ပေ။ သူက အပြေးဝင်လာပြီး သူမ၏ အသိစိတ်ပင်လယ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလေ၏။
ချူယို့က တစ်ခဏမျှ ကြောင်အန်းသွားသည်။ ဤနေရာသို့ ပြုတ်ကျလာသော ဤလူ့အား သတိထားနေသော်လည်း သူက သူမ၏ ကိုယ်ကို ပိုင်ဆိုင်ချင်လိမ့်မည်မှန်း မည်သူကများ တွေးမိပါလိမ့်မည်နည်း။
ထို့အပြင် သူမက ကိုယ်ဝင် ပူးပိုင်ဆိုင်ခြင်းကို မည်သို့ကာကွယ်ရမည်နည်းအား မသိလည်းမသိသလို မကြုံလည်း မကြုံဖူးချေ။ သူမ တတ်နိုင်လိုက်သည်မှာ တစ်ဖက်လူ၏ ကမ္ဘာဦး ဝိညာဉ်အား သူမ၏အသိစိတ်ပင်လယ်ထဲသို့ ပေးဝင်လိုက်ခြင်းသာ ဖြစ်သည်။
ပြောမပြနိုင်လောက်အောင် ထင်ရှားရှင်းလင်းသော တာအိုစည်းမျည်းများနှင့် မယုံနိုင်လောက်အောင် သန့်စင်သော တာအိုစွမ်းအားတို့ကို ခံစားလိုက်ရသည်။ အင်မတန်ကို မယုံနိုင်စရာကောင်းလွန်းသဖြင့် ကမ္ဘာဦးဝိညာဉ်က အော်ငိုမိတော့မလိုတောင် ဖြစ်သွားရသည်။ ဤသည်ကား ပထမတန်းစား အသိစိတ်ပင်လယ် ဖြစ်၏။
ဤမိန်းမတွင် မည်သို့သော ပါရမီများ ရှိနေသနည်း။
မဟုတ်သေးဘူး…
သူမ၏ အသိစိတ်ပင်လယ် မည်မျှသန့်စင်ပုံကို ကမ္ဘာဦးဝိညာဉ်က အံ့သြဝမ်းသာနေရင်း သူမ၏ ကမ္ဘာဦးဝိညာဉ်အား ဝါးမြိုစုပ်ယူရန်အတွက် လိုက်ရှာသည့်အချိန်တွင် သူက တစ်ခုခု မှားနေကြောင်း ခံစားလိုက်ရသည်။
ကမ္ဘာဦးစွမ်းအားတို့က ဖုံးလွှမ်းသွားကာ သူ၏ ကမ္ဘာဦးဝိညာဉ်ကိုပင် တာအိုစည်းမျည်းစွမ်းအားအဖြစ် ပြောင်းလဲရန် သန့်စင်တော့မည့်ဟန် လုပ်နေသည်။
ဤကြောက်ခမန်းလိလိ ကမ္ဘာဦးစွမ်းအားတွင် ခံညားထည်ဝါသောအလှတရား တစ်ခုပင် ရှိနေသေးသည်။
“မဖြစ်နိုင်တာ… ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်…”
ဤကမ္ဘာဦးဝိညာဉ်မှာ အံ့သြသွားပြီးနောက် စိုးရိမ်သွားသည်။ ဤအခြေအနေတွင်မှ ချူယို့ဆီမှာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန် ရှိနေမှန်း သူ မသိသေးလျှင် သူကိုယ်သူ သတ်သေသင့်နေလေပြီ။
ကိုယ်ဝင် ပူးပိုင်ဆိုင်၍ မရနိုင်သည့် တစ်ခုတည်းသော နတ်ဘုရား အသွင်သဏ္ဍာန်မှာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန် ဖြစ်သည်။ တစ်နည်းပြောရလျှင် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်နှင့် ကျင့်ကြံသူများကိုသာ ကိုယ်ဝင်ပူးပိုင်ဆိုင်၍ မရနိုင်ပေ။ ဤကဲ့သို့သော နတ်ဘုရားအသွင်သဏ္ဍာန်မှာ ကမ္ဘာဦးအစပိုင်း နေ့ရက်များအတွင်း မိုးမြေတာအိုစည်းမျည်းဆီမှ သိပ်သည်း ဖြစ်တည်လာသည့် အရာ ဖြစ်သည်။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်အား ၎င်းနှင့် အရင်ဦးဆုံး ပူးပေါင်းနိုင်သည့် မည်သူမဆိုက ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။ တခြားကမ္ဘာဦး ဝိညာဉ်များသည်ကား ရှေးဦးမူလနတ်ဘုရားအသွင်သဏ္ဍာန်၏ ဝါးမြိုခြင်းကို ခံရကာ တာအိုအငွေ့အသက်များအဖြစ် အပြောင်းခံရမည် ဖြစ်သည်။
သူ ဤကိုယ်ထဲမှ ယခုချက်ချင်း ထွက်သွားမှ ဖြစ်မည်။ အတွေ့အကြုံများသော အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူက ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်က မည်မျှကြောက်စရာကောင်းမှန်း မသိဘဲနေပါ့မည်လော။ ဤပစ္စည်းမှာ ကောင်းသော်လည်း တစ်ယောက်ယောက်ကသာ ၎င်းနှင့်ပူးပေါင်းပြီးသွားပါက ကိုယ်ဝင်ပူးပိုင်ဆိုင်ခြင်းကို လုံးဝခွင့်ပြုမည် မဟုတ်ပေ။ ဤထဲ၌နေနေခြင်းက သူကိုယ်တိုင် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်၏ ဝါးမြိုခြင်းကို ခံရကိန်းရှိလေသည်။
တော်သေးသည်မှာ သူ ဝင်ပူးစရာ နောက်တစ်ယောက် ရှိနေသေးသည်။
ချူယို့ တစ်ယောက် မည်မျှပင်တုံးပါစေ ဤမျှ အချိန်ကြာပြီးသည့်နောက်တွင် သူမက သတိမထားမိဘဲနေမည် မဟုတ်ပေ။
ကမ္ဘာဦးဝိညာဉ်က သူမအား မပိုင်ဆိုင်နိုင်သည့်အချိန်တွင် သူမက သူမ၏ ရှေးဦးမူလနတ်ဘုရား အသွင်သဏ္ဍာန်သည် ဝင်အပူးပိုင်ဆိုင်ခံရမည်ကို မကြောက်မှန်း သဘောပေါက်သွားသည်။ ဤအခြေအနေတွင် သူမက အဘယ်ကြောင့် ဤကမ္ဘာဦးဝိညာဉ်အား သူမ၏ အသိစိတ်ပင်လယ်ထဲမှ ထွက်ခွင့်ပေးပြီး ချိန်စုယင်အား ပစ်မှတ်အထားခံပါလိမ့်မည်နည်း။
တာအိုစည်းမျည်းလက်ရာတစ်ခုက သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ဖြစ်ပေါ်လာကာ ဤကမ္ဘာဦးဝိညာဉ်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။ ဤသည်မှာ သူမ၏ အသိစိတ်ပင်လယ် ဖြစ်သည်။ သူမက အသိစိတ်ပင်လယ်ကို ထိန်းချုပ်နိုင်သရွေ့ အရာအားလုံးမှာ သူမ၏ လက်ထဲတွင် ရှိသည်။
ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်၏ ခမ်းနားထည်ဝါလှသော စွမ်းအားများက လွှမ်းမိုးသွားသည်။ ကမ္ဘာဦးဝိညာဉ်က သွေးပျက်စွာ အော်ဟစ်လိုက်သည်။
“ရပ်လိုက်စမ်း… ငါက…”
နတ်ဘုရားဂူသင်္ချိုင်း တောင်ကြားထဲသို့ ဝင်အောင် အတင်းဖိအားအပေးခံပြီးသည့်နောက် ချူယို့သည် ထိုတွေဝေနေတတ်သည့် ဂိုဏ်းသားတစ်ယောက် မဟုတ်တော့ပေ။ ဤအခြေအနေမျိုးတွင် တစ်ဖက်လူက တကယ့် ဝိဇ္ဇာတစ်ယောက် ဖြစ်နေလျှင်ပင် သူမက သတ်ပစ်ရန် တွေဝေနေလိမ့်မည် မဟုတ်ချေ။
ကမ္ဘာဦးဝိညာဉ်မှာ ချူယို့၏ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကြောင့် တစ်ခဏအတွင်းပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားလေသည်။ အဆုံးအစမရှိ ကျယ်ပြောသော ကမ္ဘာတစ်လုံး၏ အဝင်ဝကို ချူယို့က အမိဖမ်းနိုင်လိုက်သည်။
ဤသည်မှာ သူမအား ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့သော ကမ္ဘာဦးဝိညာဉ်၏ ကိုယ်ပိုင်ကမ္ဘာလား… ထိုကမ္ဘာထဲမှ မရေတွက်နိုင်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို မြင်သောအခါ ချူယို့က စိတ်လှုပ်ရှားစွာ တုန်ယင်စပြုလာသည်။
သူမ ကျင့်ကြံခဲ့သည့် ကာလတစ်လျှောက်လုံး ဤမျှ ချမ်းသာသော ကမ္ဘာတစ်လုံးကို ယခင်က မမြင်ဖူးခဲ့ချေ။ သူမနှင့် ချိန်စုယင်တို့ ဤကမ္ဘာဦး အာကာပြင်ထဲသို့ ရောက်လာရသည်မှာလည်း ကံကောင်း၍သာ ဖြစ်သည်။ ကမ္ဘာဦးဝိညာဉ်က သူမအား ဝင်ပူးချင်သဖြင့် သူမ၏ အသိစိတ်ပင်လယ်ထဲသို့ လိုလိုလားလား ဝင်ရောက်လာသည့်အတွက်ကြောင့်သာ သူမက ဤကမ္ဘာကို ဖွင့်နိုင်ခြင်း ဖြစ်သည်။ အဆုံးတွင်တော့ သူက သူမ၏ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဍာန်ကြောင့် သေသွားရသည်။ ထိုသို့မဟုတ်ပါက သူမ သည့်ထက် အဆ ၁ဝ၀ ပိုအားကောင်းနေလျှင်ပင် ဤကမ္ဘာအား သူမ ဘယ်တော့မှ ဖွင့်နိုင်လိမ့်မည် မဟုတ်ချေ။
“ဟားဟားဟားဟား… နောက်ဆုံးတော့ ငါ တာအိုစည်းမျည်းတစ်ခုကို ရှာတွေ့ခဲ့ပြီကွ…”
ရယ်သံကျယ်ကြီးတစ်ခုကို ကြားလိုက်ရ၏။ တစ်ပြိုင်နက်တည်းလိုလို ချူယို့နှင့် ချိန်စုယင်တို့၏ ရင်ထဲ လေးသွားကြသည်။
ထို့နောက်တွင် ကြွေလာသည့် ကြယ်အလား ဓားအလင်းတန်းတစ်ခုက အရှိန်နှင့် ထိုးဆင်းလာသည်။ ခရမ်းရောင် တာအိုစည်းမျည်းမှာ ဤဓားအလင်းတန်း၏ သိမ်းယူခြင်းကို ခံလိုက်ရကာ အစအနမကျန် ပျောက်ကွယ်သွားလေ၏။
***