ရတနာကို အရယူခြင်း
Vol. 7 Ch. 91
လူပုက သူ့ကိုယ်သူ ကျေနပ်အားရ ဖြစ်နေစဉ် ဟန်လိက စိတ်ထဲကနေ ကြံစဉ်နေသည်။
ထိုစဉ် ချီးရွှမ်ဂိုဏ်းမှ နှစ်ယောက်သည် လျင်မြန်သွက်လက်စွာ ခုန်ထွက်လာ၏။ သူတို့သည် လူအုပ်ထဲမှ ခုန်ထွက်လာပြီးနောက် စကားတခွန်းမှ မဆိုဘဲ လူပုထံ လျှပ်စီးတန်းအလား လျင်မြန်စွာ ပြေးဝင်လာသည်။ ထိုနှစ်ယောက်မှာ ဝမ်ကြွယ်ချူး၏ နောက်ထပ်သိုင်းဦးလေးနှစ်ယောက်ပင်။
ထိုနှစ်ယောက်၏ အမူအရာသည် ယူကြုံးမရ ဖြစ်ဟန် ပေါက်နေသည်။ မုတ်ဆိတ်သိုင်းဦးလေး သေဆုံခဲ့ခြင်းက သူတို့ကို ဝမ်းနည်းသွားစေတာ ထင်ရှား၏။ ထို့ကြောင့် သူတို့သည် ဘုန်းကြီးလူပု၏ အရှိန်အဝါကို အရေးလုံးဝ မစိုက်ဘဲ လက်စားချေချင်စိတ်သာ ရှိ၏။ သူတို့က ရန်သူ့ကို အသည်းအသန် သတ်ဖြတ်ကာ သူတို့၏ ကျဆုံးသွားသော ဆိုးဖော်ကောင်းဘက်အတွက် လက်စားပြန်ချေမည်။
ဂိုဏ်းချုပ်ဝမ်သည် ထိုနှစ်ယောက်၏ အဆင်အခြင်မဲ့သော လုပ်ဆောင်မှုကို တားဆီးရန် ကြံလိုက်သေး၏။ သို့သော် ဆန်းကြယ်သောပညာရပ်များ ပိုင်ဆိုင်ထားသော ထိုလူပုနှင့် ရင်ဆိုင်ရမည့် ကိစ္စသည် သူတို့အတွက် အနှေးနှင့်အမြန် ကြုံရမည်သာ။ သူ၏ သိုင်းဦးလေးနှစ်ယောက်ကသာ ထိုလူပုကို ချိန်းခြောက်နိုင်စွမ်း ရှိသူများ ဖြစ်နေပြန်သည်။ ထို့အတွက်ကြောင့် ခုချိန်၌ သူတို့နှစ်ယောက်ကို တားဆီးခြင်းထက် သူ့သိုင်းဦးလေးနှစ်ယောက်၏ လက်စားချေချင်စိတ်အပြည့်ဖြင့် လူပုကို ချက်ခြင်း တိုက်ခိုက်သည်က ပို၍ ကောင်းပေလိမ့်မည်။
ထိုသို့တွေးကာ ဝမ်ကြွယ်ချူးက သူ လှမ်းတာမည့် စကားတို့ကို ပြန်မြိုချလိုက်သည်။
ဘုန်းကြီးလူပုသည် မကြာသေးခင်ကပင် သင်ခန်းစာ ရထားပြီး ဖြစ်၍ ထိုရန်သူတော်နှစ်ယောက်ကို အထင်မသေးဝံ့တော့ပေ။ သူက ထိုနှစ်ယောက်ထံ လက်ညွှန်လိုက်သည်။ မီးခိုးရောင်အလင်းတန်းသည် ချက်ခြင်းပင် အလင်းတန်းရှည်အဖြစ်သို့ ပြောင်းကာ တိုးဝင်လာသော နှစ်ယောက်ထံ တိုက်ရိုက် ပျံသန်းလာချေသည်။
ကျောင်းတော်သားအသွင် သိုင်းဦးလေးက ထိုဓားပျံမည်သော မီးခိုးရောင်အလင်းတန်းက သူတို့ထံ ပျံသန်းဝင်လာမည်ကို ခန့်မှန်းထားပြီးသား ဖြစ်၏။ သူက လက်ပင့်မြှောက်လိုက်ရာ သူ့အင်္ကျီလက်အိုးထဲမှ ခပ်ပါးပါး ငွေရောင်ကြိုးမျှင်တစ်ခု ဆက်ခနဲ ထိုးထွက်သွားသည်။ ၎င်းက မီးခိုးရောင်အလင်းတန်းနှင့် ထိပ်တိုက်တွေ့၏။ ထိုအလင်းတန်းသည် တစက္ကန့်လောက် ရပ်တန့်သွားသည်။ သို့သော် ချက်ခြင်းလိုလို ထိုအလင်းတန်းက ရှေ့သို့ တဟုန်ထိုး ဆက်တိုးလာသည်။ ကြည့်ရသည်မှာ ငွေရောင်ကြိုးမျှင်က ၎င်းအပေါ်၌ သက်ရောက်မှု မရှိပုံ ရသည်။
တခြားသူများသည် ငွေရောင်ကြိုးမျှင်၏ သဘောသဘာဝကို ရှင်းရှင်းလင်းလင်း မမြင်မသိ ကြပေ။ သို့သော် ဟန်လိကမူ ၎င်းကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထိုငွေရောင်ကြိုးမျှင်မှာ ငွေအပ်ဆယ်ချောင်းကို တပြိုင်တည်း တရစပ် ပစ်လွှတ်လိုက်တာသာ ဖြစ်သည်။ သို့ပေမည့် သူလည်း ကျောင်းတော်သားသိုင်းဦးလေး အသုံးပြုခဲ့သော ပညာရပ်ကိုမူ မသိနေပေ။ ငှက်မွှေးတမျှ ပေါ့ပါးသော ငွေရောင်အပ်ပါးများဖြင့် အပြင်းအထန် တိုက်ခိုက်နိုင်သော ထိုအစွမ်းထက်ပညာအပေါ် ဟန်လိသည် စိတ်ဝင်စားမိသည်။
ယင်းငွေရောင်အပ်များက သက်ရောက်မှု မရှိသည်ကို မြင်သော်လည်း ကျောင်းတော်သားသိုင်းဦးလေးက ထိတ်လန့်ပြာယာခတ်သွားခြင်း မရှိချေ။ ထိုအစား သူက သူ့ခန္ဓာကိုယ်ကို မွတ်နေအောင် လည်နေသော ဂျင်ကဲ့သို့ လှည့်ပတ်ပစ်သည်။ ယင်းနောက် သူ၏ လည်ပတ်မှု အရှိန်ဖြင့် အေးစက်စက် အလင်းတန်းများကို မရေမတွက်နိုင် ထွက်ပေါ်လာစေသည်။ ထိုအလင်းတန်းများမှာ အပိုင်းနှစ်ပိုင်း ကွဲထွက်သွားပြန်၏။ တပိုင်းမှာ ငွေရောင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းကာ လူပု၏ မီးခိုးရောင်အလင်းတန်းကို တိုက်ရိုက် ထိုးနှက်သည်။ ထိုအခါ ၎င်းတို့နှစ်ခု ထိတိုက်ခြင်းကြောင့် စူးရှရှအသံများပါ ထွက်ပေါ်သည်။ ကံမကောင်းစွာဖြင့် ငွေရောင်စီးကြောင်းက မီးခိုးရောင်အလင်းတန်းကို ဖျက်စီးပစ်နိုင်စွမ်း မရှိသေးပါ။ တခြားတပိုင်းကမူ လူပုထံ တန်းတန်းမတ်မတ် ပျံသန်းသွားပြီး လူပုပတ်လည်ရှိ ရွှေရောင်အလင်းကာအရံအတားနှင့် ထိပ်တိုက်တွေ့သည်။
မီးခိုးရောင်အလင်းတန်းက ငွေရောင်စင်းကြောင်းကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ လုံးဝကို ပျက်စီးသွားခြင်းပင်။ သို့သော် ရွှေရောင်အလင်းအကာကို တိုက်ခိုက်လာသော ဝတ္တုများကမူ မဆိုသလောက်သာ ထိခိုက်သွားသည်။ လုံးလုံးလျာလျာ ပျက်စီးသွားခြင်း မရှိပေ။ ထိုဝတ္ထုပစ္စည်းများသည် ငွေရောင်စင်းကြောင်းအဖြစ်သို့ ပြန်ဖွဲ့စည်းသွား၏။ ၎င်းစင်းကြောင်းမှာ ပေါက်ဓားအချို့၊ ပုတီးစေ့၊ သံကြာပွင့်စေ့များ၊ သတ္တုပြားများ၊ အမျိုးအမည်မသိသော လက်နက်များဖြင့် ဖွဲ့စည်းထားတာပင်။
ဘုန်းကြီးလူပုသည် အတန်ငယ် အံ့အားသင့်မိသွား၏။ သို့ပေမည့် သူ့နှုတ်ခမ်းမှာ ချက်ခြင်း တွန့်ကွေးသွားသည်။ သူက ထိုသတ္တုလက်နက်ပေါင်းစုံက သူ့ရွှေရောင်အလင်းအကာ ရတနာကို အချိန်ကြာသည့်အထိ ရှောင်နိုင်လိမ့်မည် မဟုတ်ဟု ထင်၏။
ထိုစဉ် တိုက်ပွဲကွင်းအတွင်း လူအများ၏ အလန့်တကြား အော်သံများသည် မိုးကြိုးသံအလား ဟိန်းထွက်သွားသည်။
ယင်းအခိုက်၌ လူတိုင်းသည် ကျောင်းတော်သားသိုင်းဦးလေးနှင့်အတူ တိုက်ခိုက်လာသော မီးခိုးရောင်ဝတ်စုံနှင့်သိုင်းဦးလေးသည် လူပု၏ မီးခိုးရောင်အလင်းတန်းထံ ခြေလှမ်းသွားသည်။ သူ့လက်ထဲ၌ ကိုင်ဆွဲထားသော ဓားထိပ်ထံမှ နှစ်လက်မဝန်းကျင်အလင်း ဖြာထွက်နေသည်။ ထိုအလင်းက ဆန့်ထွက်လိုက်၊ကြုံ့လိုက် ဆက်တိုက် ဖြစ်နေကာ လေထုကို အေးစက်စက် ဖြစ်စေ၏။
“ဓားစက်…” မည်သူကစ၍ ထိုသို့ အော်လိုက်သည် မသိရပေ။ အနှိုင်းမဲ့ဓားစွမ်းရည်၏ အမည်နာမ ဖြစ်သော ‘ဓားစက်’ ဟူသည်မှာ ဓားသမားတိုင်းက သူတို့ အိပ်မက်ထဲ၌ပင် တောင့်တရသော စွမ်းရည် မည်သည်။
လူတစ်ယောက်သည် ဓားပျံများမှာ ဒဏ္ဌာရီထဲကဟု ဆိုပါက ဓားစက်ကမူ ကျန်းဟူလောက၏ ဓားသမားအားလုံး တောင့်တရသော ဒဏ္ဌာရီတစ်ခုပင်။
ခုလက်ရှိ၌ ဓားစက်နှင့် ဓားပျံများသည် ဆက်တိုက်ဆိုသလို ပေါ်လာရုံသာမက ယင်းပညာရပ်နှစ်ခုသည် ထိပ်တိုက်တွေ့နေလေပြီ။ ယင်းသို့သော မြင်ကွင်းမျိုးကို မမြင်ချင်သူ မည်သူ ရှိပါ့မည်နည်း။ ယင်းသို့သော မြင်ကွင်းသည် တသက်လုံး မမေ့ပစ်ဖို့ ထိုက်တန်သည်။
သို့သော် အခုအခါ၌ လူအုပ်ကြားထဲတွင် စိတ်မလှုပ်ရှားဘဲ ပူပန်ကာ ချွေးပြန်နေသည့်သူ တစ်ယောက် ရှိနေ၏။ ထိုသူမှာ ဝံပုလွေရိုင်း၏ ခေါင်းဆောင် ကျားထျန်လုံပင်။
သူသည် ချီးရွှမ်ဂိုဏ်း၌ ပုန်းကွယ်နေသော မဟာကျွမ်းကျင်သူ သုံးယောက် ရှိသည်ကို သိနှင့်ထားပြီး ဖြစ်၏။ သို့သော်လည်း ချီးရွမ်ဂိုဏ်း၏ ဓားသမားသိုင်းဦးလေးသည် ဓားစက်ကို အသုံးပြုနိုင်စွမ်း ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားမိခဲ့ပေ။ သူသာ ဘုန်းကြီးလူပုကို ပါဝင်တိုက်ခိုက်ပေးဖို့ အကူအညီတောင်းခဲ့ခြင်းသာ မရှိပါက ဓားစက်ကို အသုံးပြုနိုင်သော ထိုမီးခိုးရောင်ဝတ်ရုံနှင့်လူ တစ်ယောက်တည်းဖြင့်ပင် သူ့ဘက်မှ လူတိုင်းကို သတ်ပစ်နိုင်မှာ ကြောက်မိသည်။
ကျားထျန်လုံက ကြောက်လန့်သွားကာ ဖြူဖပ်ဖြူရော ဖြစ်သွားစဉ် မီးခိုးရောင်ဝတ်စုံနှင့် သိုင်းဦးလေးက မီးခိုးရောင်အလင်းတန်းအောက်ဘက်သို့ ရောက်နှင့်လာပြီပင်။
ထိုအခိုက်တွင် ကျောင်းတော်သားသိုင်းဦးလေးက သူ့ခန္ဓာကိုယ် လှည့်ပတ်နေခြင်းကို ရုတ်ချည်း ရပ်တန့်လိုက်သည်။ ထိုအခါ မီးခိုးရောင်အလင်းကို ဆန့်ကျင်တိုက်ခိုက်နေသော ငွေရောင်စင်းကြောင်း မရှိတော့သည့်အတွက် ၎င်းမီးခိုးရောင်အလင်းသည် မီးခိုးရောင်ဝတ်စုံသိုင်းဦးလေး၏ ဦးခေါင်းပေါ် တန်းတန်းမတ်မတ် ကျဆင်းလာသည်။
မီးခိုးရောင်ဝတ်စုံသိုင်းဦးလေးက သူ့လက်နှစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်ပြီး အကြောက်အလန့် ကင်းမဲ့စွာ လေထဲသို့ အမြင့်ကြီး ခုန်တက်လိုက်သည်။ သူက သူ၏ ဓားစက်ကို ဝေ့ယမ်းကာ ထိုမီးခိုးရောင်အလင်းအား ထိုးစိုက်သည်။
“ထန်…” လက်နက်ချင်း ထိသံမျိုး ရှင်းကနဲ ဟိန်းထွက်သွားသည်။ မီးခိုးရောင်ဝတ်စုံနှင့်လူသည် လေထဲကနေ မြေပြင်ထက်သို့ ကျဆင်းကာ နောက်သို့ ခြေလှမ်းအတော်အတန် တရွတ်တိုက် ဆုတ်လိုက်ရသည်။ ထို့နောက် သူသည် သွေးအန်လိုက်ရ၏။ သူ့အမူအရာမှာ အားနည်းသွားချေသည်။ သူ့လက်ထဲရှိ ဓားရှည်၏ ထိပ်ပိုင်းသုံးလက်မလောက်မှာ တွန့်လိမ်ခေါက်သွားသည်။
မီးခိုးရောင်အလင်းတန်းမှာလည်း ကျန်းဟူ၏ စံထိုက်လှသော ဓားစက်ပညာရပ်ဖြင့် တိုက်ခိုက်ခံရသည့်အတွက် ၎င်းအလင်းတန်းသည် ကောင်းကင်ထက်ကနေ ကျဆင်းသွားသည်။ ၎င်းသည် မြေပြင်ဖုန်တောထဲ ကျသွား၏။ သို့သော် အနှီအလင်း၏ တောက်ပမှုက လျော့သွားခြင်း မရှိပေ။
ထိုမီးခိုးရောင်အလင်းတန်း အောက်သို့ ကျရောက်သွားသည်ကို မြင်သည့်အခါ ဘက်နှစ်ဖက်လုံးမှ သူများသည် အံ့ဩတကြီး ထအော်၏။ သို့သော် ချီးရွှမ်ဂိုဏ်းမှ သူများကမူ ပျော်မြူး၍ အော်ဟစ်တာ ဖြစ်ပြီး ကျားထျန်လုံတို့ဘက်ကတော့ စိုးရိမ်ပူပန်၍ အော်ဟစ်ကုန်တာ ဖြစ်သည်။
ကျောင်းတော်သားသိုင်းဦးလေးလည်း ကျေနပ်သွားပေသည်။ သူက ပင်ပန်းသွားသော မီးခိုးရောင်ဝတ်စုံသိုင်းဦးလေးနှင့် လူပု၏မျက်လုံးတို့ကို လှမ်းကြည့်ပြီး တအောင့်ကြာ တုံ့ဆိုင်းဆိုင်း ဖြစ်နေသေးသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူက လူပုထံ ပျံသန်းဝင်လာ၏။ သူက သူ့ရန်သူကို အပြတ်ဖြုတ်ရန် ပြင်ဆင်ခြင်းပင်။
ထိုကျောင်းတော်သားသိုင်းဦးလေးက ခြေလှမ်းအနည်းငယ် ခုန်ထွက်လှမ်းမည်ကို စောင့်မနေဘဲ သူ့နောက်မှ မီးခိုးရောင်ဝတ်စုံသိုင်းဦးလေးသည် ရုတ်တရက် အသည်းအသန် လှမ်းအော်သည်။ “မြန်မြန်…ရှောင်လိုက်…”
ကျောင်းတော်သားသည် မင်သက်သွားသည်။ သို့သော် သူက ချက်ခြင်း စတင် လှုပ်ရှားသည်။ သို့ပေမည့် သူသည် သူ့လည်တိုင်မှ အေးစက်စက်ခံစားမှုကို ရလိုက်ပြီးနောက် မီးခိုးရောင်အလင်းတန်းက သူ့ကို ဖြတ်၍ ပျံသန်းထွက်သွားသည်ကို မြင်လိုက်ရဿည်။ သူသည် သူ့ဦးခေါင်းမဲ့ခန္ဓာကိုယ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မြေပြင်ထက်သို့ လဲကျသွားသည်ကို ကိုယ်တိုင်တွေ့လိုက်ရချေ၏။ သူ့အသိစိတ်မှာ မြန်ဆန်စွာ ကွယ်ပျောက်သွားတော့သည်။
ဘုန်းကြီးလူပုသည် ယခုအခါတွင် အလွန်အမင်း မောက်မာနေပေပြီ။ သူက မြေပြင်ထက်သို့ ကျဆင်းသွားသော မီးခိုးရောင်အလင်းတန်းကို ထပ်မံ၍ အမိန့်ပေးသည်။ ထိုအလင်းတန်းသည် မီးခိုးရောင်ဝတ်စုံသိုင်းဦးလေးထံ တိုက်ရိုက် ပျံသန်းလာ၏။ ထိုသူမှာ သိုင်းဦးလေးသုံးယောက်အနက် အသက်ရှင်လျက် ကျန်နေသေးသော တစ်ဦးတည်းသောသူပင်။
ဘုန်းကြီးလူပုက ထိုသူ့ကို သတ်ပြီးပါက သူသည် ချီးရွှမ်ဂိုဏ်းဝင်များကို သတ်ပစ်မည်ဟု ကြံစည်ထားစဉ် ရုတ်တရက် လူအုပ်ထဲမှ အသံတစ်သံကို ကြားလိုက်ရပေသည်။ “ခင်ဗျားရဲ့ ပျံသန်းနိုင်တဲ့အရာကို ကျုပ် သဘောကျတယ်။ ဒါ ကျုပ်ကို လက်ဆောင်အဖြစ် ပေးလိုက်ပါလား။ ကျုပ် ဒါကို စမ်းသပ်ကြည့်ချင်တယ်…”
ထိုစကားကို ကြားပြီးပြီးချင်း ဘုန်းကြီးလူပုသည် သူ့မီးခိုးရောင်အလင်းတန်းထံ အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားတစ်ခု ချဉ်းကပ်ကာ သူနှင့် ၎င်းအလင်းတန်းကြား ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်နေသည်ဟု ခံစားမိသည်။
မူလတုန်းက မီးခိုးရောင်ဝတ်စုံသိုင်းဦးလေးထံ ပျံသန်းဝင်လာနေသော သိုင်းဦးလေးသည် လေထဲ၌ တန့်ကာ လူအုပ်ဘက်သို့ လှည့်၍ ပျံသန်းလာချေသည်။
ထိုအခါ လူအုပ်သည် ကြောက်လန့်တကြား အသည်းအသန် ရှောင်ကြ၏။ အသက်ဆယ့်ခုနစ်လောက်သာ ရှိမည့် သာမန်လူငယ်လေးတစ်ယောက်ကသာ မူလနေရာအတိုင်း မလှုပ်မယှက် ရပ်နေသည်။ ထိုလူငယ်က ဘုန်းကြီးလူပုထံ ပြုံးပြုသည်။ ထိုအခါ သူ့အသားအရေနှင့်ပင်မလိုက်၊ သူ့သွားဖြူဖြူတို့ လှစ်ဟပေါ်သွားသည်။ ထို့နောက်တွင် သူသည် မီးခိုးရောင်အလင်းတန်းကို လက်ညွှန်၏။ ၎င်းအလင်းတန်းသည် သူ့လက်ထဲသို့ နာခံစွာ ကျဆင်းသွားချေသည်။
“အင်မောတယ်ကျင့်ကြံသူ…” လူပု၏စိတ်နှလုံးမှာ တုန်ယင်သွား၏။ သူ့အသားအရေပင် ဖြူဖပ်ဖြူရော ဖြစ်သွား၏။